ရေကူးကန်စည်းကမ်းများ
Vol. 9 Ch. 132
"မင်း ငါပြောတာ မကြားဘူးလားကွ "
ကျိုးကျွင်း၏လေသံသည် ရန်လိုခြင်းအဖြစ်ပြောင်းလဲသွားသည်။ကောင်းမင်သည် သူ့အားရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်နေပုံရသည်။
"ငါကြားခဲ့ရင်ရော ဘာဖြစ်မလဲ "
ကောင်းမင်က ဘောပင်ကို စားပွဲပေါ်ပြန်ချလိုက်သည်။
"မင်းလည်း ဒီနေရာမှာ ပိတ်မိနေတာ မဟုတ်ဘူးလား ၊ မင်းသာ ကာယဆရာကို သေတဲ့အထိ ထိုးနိုင်ရင် သူထွက်သွားပြီးမှ ဒီလိုစကားတွေ မင်းပြောစရာလိုပါ့ဦးမလား "
ကောင်းမင်၏စကားများသည် မီးလောင်ဗုံးများဖြစ်သော်လည်း ကျိုးကျွင်းက ထိုအရာကို မငြင်းနိုင်ပေ။
"ကောင်းမင် မင်းတော်တယ်ဆိုတာကို ငါသိပါတယ် ဒါပေမယ့် မင်း ဘာကိုရင်ဆိုင်နေရလဲဆိုတာ သိရဲ့လား ၊ ဝင့်ကြွားတာက မင်းကို ပျက်စီးစေလိမ့်မယ် "
ကျိုးကျွင်းက ထိုသို့ပြောလိုက်သည်နှင့် ဝမ်ကျားတစ်ယောက် ရှေ့ထွက်လာပြီး ဖောင်တွင် သူ့နာမည်ကို ဖြည့်လိုက်သည်။
"မြန်မြန်လုပ်ကြကွ ၊ ကာယဆရာပြန်ရောက်လာပြီး ဖောင်မဖြည့်ရသေးတာ မြင်တာနဲ့ သူတို့နာမည်ကို ဖြည့်မထားတဲ့ ကံမကောင်းတဲ့ငနဲလေးတွေကို လုံးချေပစ်လိုက်နိုင်တယ် "
ချင်ကျွင်းရန်လည်း ကျိုးကျွင်းကို မကြည်တော့ပေ။ထိုကောင်သည် သူ့ကျော်ကြားမှုများကို ခိုးယူနေသည်ဟု ခံစားရသည်။
ကျောင်းသားများက ဖောင်ဖြည့်လိုက်ကြသည်။ထိုသို့ဖြစ်သွားသောကြောင့် သူ့ပတ်ဝန်းကျင်ရှိ ကျောင်းသားများသည် တဖြည်းဖြည်း လူစုကွဲသွားသည်။ အပြင်ဘက်တွင် လေပြင်းများတိုက်ခတ်နေ၏။နေရာသည် အသက်ဝင်သလိုမခံစားပဲ လုံးဝသေဆုံးနေသလိုဖြစ်နေပေသည်။
ကာယဆရာပြန်ရောက်လာသော ဖောင်ကို တစ်ချက်ကြည့်လိုက်သည်။သူသည် သေချာဂရုစိုက်၍ အုပ်စုများခွဲပေးလေသည်။သူတို့၏ ခန္ဓာကိုယ်အနေအထားများကိုကြည့်၍ သူတို့အား ကာယလေ့ကျင့်ခန်းများလုပ်စေသည်။ကာယဆရာသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း အလွန်တော်သောဆရာတစ်ယောက်ဖြစ်သည်။သူ့လေ့ကျင့်ရေးကြောင့် လူအားလုံး တိုးတက်လာကြလေသည်။
"ငါတို့ကျောင်းတက်တုန်းကသာ ဒီလိုမျိုး ဆရာတစ်ယောက်ရှိခဲ့ရင်ကွာ "
စီဆန်းသည် ဘတ်စကတ်ဘောအသင်းတွင် ပါဝင်လာသောကြောင့် လွမ်းဆွတ်တမ်းတနေတော့သည်။
"မင်းမှန်တယ် "
ကောင်းမင်သည် ကာယဆရာကို စောင့်ကြည့်လျက်ရှိသည်။သရဲနီတိုင်းသည် သူတို့နှင့်ပတ်သက်၍ ထူးခြားသည့်တစ်စုံတစ်ရာရှိကြသည်။ကောင်းမင်မှာ ကာယဆရာ မည်သို့သရဲနီဖြစ်လာသည်ကို သိချင်နေလေသည်။
တတိယအတန်းချိန်သည် ကာယချိန်ဖြစ်သည်။စတုတ္ထအတန်းချိန်ရောက်သောအခါ မမျှော်လင့်ထားသည့် တစ်စုံတစ်ရာဖြစ်ပွားခဲ့သည်။ကာယဆရာသည် သူတို့အား ထွက်သွားခွင့်မပေးခဲ့ချေ။ဌာနယူနီဖောင်းဝတ်ထားသော ဆရာတစ်ယောက်သည် ကျောင်းသားများကိုရှာဖွေရန် အားကစားအဆောင်သို့ ရောက်လာလေသည်။သူက ကျောင်းသားများကို လိုချင်နေခြင်းဖြစ်သည်။ကျိုးကျွင်းသည် ထိုလူ့ထံ မျက်စတစ်ပစ်ပစ်ဖြစ်နေသော်လည်း ထိုလူသည် ကာယဆရာထံ သွား၍ အကြောင်းပြချက်တောင်းနေဆဲဖြစ်သည်။
ကာယဆရာသည် ထိုလူနှင့်အကျိုးအကြောင်းပြောမနေခဲ့ချေ။သူသည် ကြီးမားလှသောလက်ကြီးဖြင့် ထိုလူကို ဖက်လိုက်ပြီး အဝတ်လဲခန်းအတွင်း ဆွဲခေါ်သွားလေ၏။မိနစ်အနည်းငယ်ကြာသောအခါ ကာယဆရာတစ်ယောက်သာ ပြန်ထွက်လာချေသည်။
"စုံစမ်းစစ်ဆေးရေးဌာနမှာ ဆရာလုံလုံလောက်လောက်ရှိရဲ့လား "
စီဆန်းသည် ကျိုးကျွင်းအတွက် အမှန်တကယ်စိုးရိမ်နေခြင်းဖြစ်သည်။သူသည် ဌာနက သူ့အားကယ်တင်နိုင်ရန် မျှော်လင့်ထားခဲ့သည်။
ကောင်းမင်စကားများက ပို၍ပင်ပြတ်သားနေသေးသည်။သူသည် ခံစားချက်မဲ့နေသော ကျိုးကျွင်းကို ဖျတ်ခနဲကြည့်လိုက်ပြီး "တစ်ဖက်အဖွဲ့က မင်းနဲ့ဆက်သွယ်ဖို့ ငြင်းဆန်တာနဲ့ မင်းဘက်က ဆရာတစ်ယောက်ကို ဖယ်ရှားပစ်လိုက်တယ် "
"အာရုံစိုက်ကြ လူတိုင်းပဲ! အဝတ်လဲခန်းကို သွားကြ ! "
ကာယဆရာက အဝတ်လဲခန်းကို ညွှန်ပြလိုက်သည်။
"မင်းတို့မှာ ရေကြောက်ရောဂါရှိကြတယ်ထင်တယ် ၊ ကျောင်းသားတစ်ယောက်ပဲ ရေကူးရတာနှစ်သက်တယ်တဲ့ ၊ ဒီတော့ ငါတို့ အခုအတန်းချိန် ရေကူးလေ့ကျင့်ကြမယ် ! "
ကျောင်းသားများ ဆွံ့အသွားကြသည်။ရေထဲဆင်းရခြင်းမှာ မည်မျှ အန္တရာယ်များကြောင်း သူတို့သိသည် မဟုတ်ပါလား။
"ကာယဆရာက ဒါကိုသိလိမ့်မယ်ဆိုတာ မင်းသိနေတာလား "
ဝမ်ကျားသည် ဖောင်ဖြည့်ခဲ့သောဒုတိယမြောက်လူဖြစ်သောကြောင့် ကောင်းမင်သည် သူ့အနှစ်သက်ဆုံးအားကစားအား ရေးကူးခြင်းဟု ချရေးခဲ့ကြောင်း မြင်ခဲ့ရသည်။
ကောင်းမင်က ပြုံးလိုက်ပြီး ရှင်းမပြခဲ့ပေ။
"သွားကြ ! မင်းတို့ကျောင်းနံပါတ်တွေပါတဲ့ အဝတ်တွေသွားရှာကြ ! မင်းတို့ရဲ့ရေကူးဝတ်စုံတွေက လော့ကာထဲမှာ ရှိတယ် ! "
ကာယဆရာက လက်ခုပ်တီးလိုက်သည်။သူ့အကြည့်များမှာ ကြောက်မက်ဖွယ်ကောင်းနေပေသည်။
လူစိမ်းတစ်ယောက် ပေးသော ရေကူးဝတ်စုံများကို ဘယ်သူမှ မဝတ်ဆင်လိုသော်လည်း သူတို့တွင် ရွေးချယ်စရာမရှိပေ။ကောင်းမင်ကား အဝတ်လဲခန်းထဲ ဝင်သွားလိုက်သည်။သူ့လော့ကာသည် သွေးများစွန်းထင်းနေကြောင်း သတိပြုမိသည်။အခြားကျောင်းသားများသည် အနားပင်ကပ်မလာရဲကြပေ။
"မင်း လော့ကာပြောင်းမလား "
တုပိုင်က နူးညံ့စွာ အကြံပြုလိုက်သည်။
"ဒါက အရေးမကြီးပါဘူးကွာ ၊ ဒီသွေးပမာဏက ဆရာဝန်တွေအတွက် ပုံမှန်ပါပဲ "
ကောင်းမင်က ကျောင်းသားနံပါတ်ကို နှိပ်လိုက်ပြီး လော့ကာကို ဖွင့်လိုက်သည်။ကြိုးကွင်းများနှင့် ရေကူးဝတ်စုံအချို့ကို စင်အပေါ်ထပ်တွင် တင်ထားသည်။အစောပိုင်းက ဆရာအား စင်အောက်ထပ်တွင် ထိုးထည့်ထားလေသည်။သူသည် ဌာနယူနီဖောင်းကို ဝတ်ဆင်ထားသည်။သူသည် ပစ္စည်းတစ်ခုကဲ့သို့ ပုံသဏ္ဍာန်ပျက်ယွင်းသည်အထိ လော့ကာထဲတွင်ထည့်ထားခံရသည်။
"ချီးတဲ့မှ ! "
ကျောင်းသားများက ခပ်ဝေးဝေးဆုတ်သွားကြသည်။ကောင်းမင်ကား အလောင်းကို လျစ်လျူရှု၍ သူ့ရှပ်အင်္ကျီကို ချွတ်လိုက်သည်။
"မင်း ဒါကြီးကို မမြင်ဘူးလားကွ ၊ မင်းလော့ကာထဲမှာရှိတာ ပိုးဟပ်အသေတစ်ကောင်မဟုတ်ဘူးဟ လူသေကြီး! "
"အဲ့ဒါသာ ပိုးဟပ်အသေကောင်ဆို ငါလော့ကာကို သုံးမှာမဟုတ်ဘူး ၊ ဒါပေမယ့် ဒါက သရဲလေးတစ်ကောင်ပဲလေ "
ကောင်းမင်က တည်ငြိမ်စွာပြောလိုက်သည်။
"သူ့အရိုးတွေက လော့ကာထဲမှာ ညှပ်နေတာ ၊ သူ့ကိုဆွဲထုတ်ဖို့မဖြစ်နိုင်ဘူး ၊ ထားလိုက်ပါတော့ "
အခြားလူများကား ဆွံ့အနေကြပေသည်။သူတို့ ဘွဲ့ရခဲ့သည်မှာ သိပ်မကြာခဲ့သေးပေ။ကောင်းမင်က ဘယ်လိုလုပ်ပြီး အရမ်းပြောင်းလဲသွားတာလဲ။
"မင်းက စိတ်ဆရာဝန်မဟုတ်လား ၊ ဒါက မင်းအလုပ်ရဲ့ နယ်ပယ်ထဲမှာပဲ ဟုတ်တယ်မလား "
တုပိုင်သည် အဝေးသို့ ရွေ့သွားသည်။ လော့ကာအနီးတွင် နေရခြင်းသည် ဆိုးဝါးသည်ဟုခံစားရသည်။
ကောင်းမင်၏ခန္ဓာကိုယ်သည် သားစားကြူးနတ်၏သက်ရောက်မှုကြောင့် ကျစ်လျစ်ပြီးကျန်းမာသန်စွမ်းသည်။သူက စူပါမားကတ်သူဌေး ကျန်းတင်း၏လူသေဓာတ်ပုံကို သူ့လက်ဖဝါးထဲဆုပ်ကိုင်ထားသည်။ကာယဆရာကို ကြောက်ကြသောကြောင့် ကျောင်းသားများစိတ်မပါသော်လည်း အဝတ်အစားများကို လဲလိုက်ပြီး ရေကူးကန်ဘေးတွင် စုဝေးလိုက်ကြသည်။
ကာယဆရာသည် သူ့အရင်အင်္ကျီကိုသာ ဝတ်ဆင်ထားသည်။သူက ကျောင်းသားများကို သွေးပူလေ့ကျင့်ခန်းလုပ်စေလိုက်ပြီး ရေကူးကန်အနီးသွားခိုင်းလိုက်သည်။
ဟန်သဲ့ကိုယ်ပိုင်ကျောင်း၏ ကျောင်းတွင်းရေကူးကန်သည် ကြီးမားပေသည်။ကျောင်းသားသည် ထိုနေရာတွင် အချိန်ပြည့်လေ့ကျင့်နေကြခြင်းဖြစ်ပေလိမ့်မည်။သူတို့အရေပြားများ ပုတ်ပွလာလျင်တောင်မှ သူတို့ထွက်သွားနိုင်မည်မဟုတ်ချေ။
အခန်း ၁၃ ကျောင်းသားများရောက်လာသောအခါ ရေကူးကန်ပတ်လည်ရှိကျောင်းသားများက သူတို့အားကြောက်မက်ဖွယ်ရာအကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ထိုကျောင်းသားများက လူသားပုံသဏ္ဍာန်ဖြစ်သော်လည်း သူတို့သည် ၎င်းတို့ကို လူသားများဟု မခံစားရပေ။၎င်းတို့၏အရေပြားများ ဖူးယောင်လာချိန်တွင် မကောင်းဆိုးဝါးတစ်ကောင် တိုးထွက်လာနိုင်သည်ဟု ခံစားနေရသည်။
"မင်းတို့ ရေကူးကန်ထဲမဆင်းခင် ရေကူးကန်စည်းကမ်းတွေကို ငါထပ်ပြောမယ် ! "
နောက်ဆုံးတွင် ကာယဆရာက စည်းကမ်းများကို ကြေညာလိုက်သည်။
"ပထမဆုံး ရေကူးကန်ထဲ မပြေးရ မကစားရ ဒါမှမဟုတ်ရင် မင်းတို့ ထောင်ချောက်မိသွားလိမ့်မယ် "
"ဒုတိယ ရေကူးကန်ထဲ ဒိုင်ဗင်ထိုးမချရဘူး ရေကူးကန်က တိမ်လို့ပဲ ၊ ဒါက ကျောရိုးထိခိုက်တာာတွေ ၊ မသန်မစွမ်းဖြစ်တာတွေ ဖြစ်စေနိုင်တယ် "
"တတိယ ရေအောက်မှာ ရေမနစ်အောင်လို့ တခြားလူတွေရဲ့ ခေါင်းကို မဖိရဘူး "
"စတုတ္ထ ခုမှရေကူးသင်တဲ့ လူတွေက ရေနက်ပိုင်းဧရိယာကို မသွားရဘူး ၊ မတော်တဆ အဲ့နားရောက်သွားရင် အကူအညီတောင်းပါ "
"ပဉ္စမ မင်းတို့ရေကူးတဲ့အခါ မင်းတို့မျက်လုံးကို ဖွင့်ထားပါ ၊ မင်းရှေ့ကလူနဲ့ အကွာအဝေးတစ်ခုမှာ ရှိနေပါစေ "
"ဆဌမ မင်းတို့ရေထဲမှာရှိနေရင်း ချမ်းစိမ့်စိမ့်ဖြစ်လာတာ ကြွက်တက်တာတွေ ဖြစ်လာရင် ကျေးဇူးပြုပြီး ရေကူးကန်ပေါ် ချက်ချင်းတက်ပါ ၊ မင်းတို့မှာ ရေဆက်ကူးဖို့ အားအင်မလုံလောက်တော့တာတွေ ၊ တစ်ဖက်စွန်းကို ပြန်မကူးနိုင်တော့တာတွေရှိရင် မင်းတို့လက်ကိုမြောက်ပြီး အော်ဟစ်အကူညီတောင်းပါ "
ကောင်းမင်သည် ရေကူးကန်ဘေးတွင် ရပ်လျက်ရှိသည်။ဘယ်နေရာတွင် ရေတိမ်ပိုင်းဇုန်အဆုံးသတ်ပြီး ဘယ်နေရာတွင် ရေနက်ပိုင်းဇုန်စသည်အား ပြောပြရန်မဖြစ်နိုင်ပေ။
"ငါမင်းတို့ကို စည်းကမ်းတွေ ပြောပြီးပြီ ၊ ပထမအတန်းက လူငါးယောက် အခုထွက်လာပါ ! အုပ်စုတွေခွဲပြီး ရေထဲဆင်းကြ ! "
ကာယဆရာက ညွှန်ပြလိုက်ရာ အခန်း၁၃၁၄တစ်ခန်းလုံးနှင့် ကံမကောင်းသောငနဲလေး ချင်ကျွင်းရန် ပါသွားလေသည်။