ဂလက်ဆီခေတ်ဦး ~
Vol. 20 Ch. 287
ကောင်းဟောက်ရန်...
ဤနာမည်အား Black Earth ၏ ဖန်တိုင်း သိကြ၏ ။ လင်းမို့၏ နောက်လိုက်မှန်း သိသွားကြ၍ လူတိုင်း တိတ်ဆိတ်သွားကြသည် ။
ဟောက်ရန်သည် လူတစ်သောင်းကျော်က သူ့အား မျှော်လင့်တကြီး ကြည့်နေသည်ကို မြင်၍ စကားပြောရတော့မည့် အချိန်မှန်း သိလိုက်၏ ။
သူက ချောင်းဟန့်လိုက်ပြီး...
" အကိုမို့က လေ့ကျင့်နေတာနဲ့ မအားတော့ ငါ့ကို ကိုယ်စားလွှတ်လိုက်တာ .. ငါ က အကိုမို့ရဲ့ ငယ်သူငယ်ချင်းဆိုတော့ အကိုမို့ ဗိုက်ထဲက သန်ကောင်လိုပဲ အကိုမို့အကြောင်းကို အကုန်သိတယ်.. မေးစရာရှိရင် မေးကြပါ.. "
ဟောက်ရန်က ချဲ့ကားပြောလိုက်၏ ။ လင်းမို့ သည် လေ့ကျင့်နေ၍ မအားဘူးလော ။ သူကိုယ်တိုင်ပင် မယုံ ။ အရင်က သူသည် လင်းမို့အကြောင်းကို အလုံးစုံသိသည်ဟု ထင်ခဲ့သော်လည်း စာမေးပွဲဖြေပြီးသောအခါမှ သူလင်းမို့ကို လုံးဝမသိကြောင်း သိလိုက်ရသည် ။
သို့သော်လည်း လူတစ်သောင်းကျော်၏ ရှေ့တွင် ဖြစ်၍ သူကြွားလုံး ထုတ်မှ ဖြစ်ချေမည် ။
ဟောက်ရန်၏ စကားကို လူတိုင်းက ယုံသွားကြ၏ ။
" လင်းမို့က ကြိုးစားခြင်း နတ်ဘုရား ဆိုတယ့်အတိုင်းပဲ.. "
" သူနဲ့ ရွယ်တူ ပါရမီရှင်တွေထက် အပြတ်အသတ် သာနေတာတောင် တစ်စက္ကန့်တောင် အနားမယူဘဲ ကြိုးစားနေလိုက်တာ.. "
" ဒီနေ့ အဆောင်ကို ပြန်ရောက်ရင် သူ့ကို အတုယူပြီး နှစ်ဆ ကြိုးစားရမယ်.. "
လူတိုင်း သက်ပြင်း ချလိုက်မိကြသည် ။
" အကိုကြီး ဟောက်ရန်.. "
ထိုအခိုက် အသံတစ်သံ ထွက်ပေါ်လာ၏ ။ ဟောင်ရန်သည် လင်းမို့၏ နောက်လိုက်တစ်ဦးဖြစ်သော်လည်း ပထမဆုံး နောက်လိုက်ဖြစ်၍ အကိုကြီး ရာထူးဖြင့် ထိုက်တန်ပေသည် ။
ဟောင်ရန်သည် ထိုခေါ်သံကို ကြားသည်နှင့် မျက်နှာတစ်ခုလုံး ပီတိပြုံးဖြင့် လှမ်းကြည့်လိုက်သည် ။
" အကိုကြီး ဟောက်ရန်.. "
ကီလို ၁၈၀ လောက်ရှိသော မျက်ခုံးမွှေးထူထူ မျက်လုံးပြူးပြူး ထွားထွားကြိုင်းကြိုင်းလူကြီးက ကလေးတစ်ယောက်လို စိတ်လှုပ်ရှားစွာဖြင့်...
" နတ်ဘုရားမို့က အမြဲတမ်း ကြိုးစားနေတာလားဗျ.."
ဟောက်ရန်သည် ထိုမေးခွန်းကို ကြားလျှင် စိတ်ထဲတွင် မြင်ကွင်းများစွာ ပေါ်လာ၏ ။
ဟိုင်းချန်အထက်တန်းကျောင်း၏ ဆူညံနေသော စာသင်ခန်းတစ်ခုအတွင်း သူသည် ကြိုးစားရလွန်းသဖြင့် ခြေထောက်များ ပျော့ခွေနေပြီး လမ်းမလျောက်နိုင်တော့ ။ ထိုအချိန်တွင် လင်းမို့သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည် ။
ကြိုတင်ပြင်ဆင်မှုအတန်း ညဘက်အချိန် သူသည် ပင်ပန်းကြီးစွာ လေ့ကျင့်နေသော်လည်း လင်းမို့က ပြတင်းပေါက်တွင် ထိုင်၍ အသားကင်နှင့် ဘီယာအေးအေးကို ပျော်ရွှင်စွာ စားသောက်ပြနေခဲ့သည် ။
ဟောက်ရန်သည် နာကျင်စရာ မြင်ကွင်း များစွာကို ပြန်လည် စဥ်းစားမိလိုက်သော်လည်း လင်းမို့ ကြိုးစားပမ်းစား လေ့ကျင့်နေသည်ကို မမှတ်မိတော့ ။ လင်းမို့သည် နေ့တိုင်း ပျင်းရိရင်း အလေလိုက်နေသူ တစ်ယောက်သာဖြစ်သည် ။
ဟောက်ရန်သည် လင်းမို့၏ အနီးကပ်ဆုံး သူငယ်ချင်းတစ်ဦးအနေဖြင့် လင်းမို့နှင့် ကြိုးစားမှု မည်သို့မှ မသက်ဆိုင်ကြောင်း ရဲရဲကြီး ပြောရဲပေသည် ။
သို့သော်လည်း ဤသို့ ပြောလိုက်လျှင် လင်းမို့၏ ပရိတ်သတ်များက ကျေနပ်ကြမည်မဟုတ် ။ ယခု သူ၏ တာဝန်မှာ ရူးသွပ်နေသောဖန်များအား နှစ်သိမ့်ပေးနိုင်ရန်ဖြစ်သည် ။
ဟောက်ရန်က ခဏ စဥ်းစားလိုက်ပြီး ...
" အကိုမို့က အမြဲတမ်း ကြိုးစားနေတဲ့ သူတစ်ယောက်ပဲ.. သူ့လို ကြိုးစားတဲ့သူမျိုး ဒီဂြိုလ်ပြာ တစ်ခုလုံးမှာ မမြင်ဖူးဘူး.. ဒီလို ကြိုးစားလို့လဲ.. ဒီလို အောင်မြင်လာတာပေါ့.. "
ဟောက်ရန်က လိမ်ပြောလိုက်ရ၍ သူ့ကိုယ်သူ ယုံကြည်မှု သိပ်မရှိပေ ။
' ကောင်းစေချင်တဲ့ စိတ်နဲ့ ပြောတယ်လို့ သတ်မှတ်လို့ရပါတယ် ..'
လူထွားကြီးသည် သူကြားလိုသည့် အဖြေကို ရလိုက်၍ ကျေနပ်သွား၏ ။ သူက အနီးအနား တက္ကသိုလ်တစ်ခုမှ ဒုတိယနှစ် ကျောင်းသားတစ်ယောက်ဖြစ်သည် ။
' နတ်ဘုရားမို့တောင် ဒီလောက်လေ့ကျင့်နေရင် ငါက ပိုပြီးကြိုးစားရမှာပေါ့.. '
သူ ရေကုန်ရေခမ်း ပို၍ ကြိုးစားရန် ဆုံးဖြတ်လိုက်၏ ။
ထို့နောက်တွင် ဖန်များက မေးခွန်းအမြောက်အများ မေးကြသော်လည်း မေးခွန်းများက သိပ်မကွာလှချေ ။ လင်းမို့၏ လက်ရှိခွန်အား ၊ ပါရမီနှင့် ကြိုးစားလေ့ကျင့်သည့် အကြောင်းအရာများသာ ဖြစ်သည် ။
ဟောက်ရန်သည် ထိုမေးခွန်းများ၏ အဖြေကို မသိသော်လည်း စိတ်ထဲစဥ်းစားမိသည့်အတိုင်း ပုံကြီးချဲ့ကာ ဖြေလိုက်သည် ။
ဟောက်ရန်၏ လုပ်ကြံဇာတ်လမ်းများကြောင့် Black Earth ၏ ဖန်များက လင်းမို့အား နတ်ဘုရားတစ်ပါးသဖွယ် ကိုးကွယ်ချင်စိတ်ပေါက်ကုန်ကြသည် ။ သူတို့၏ အမြင်အရ လင်းမို့တွင် ပါရမီ ၊ ခွန်အား ၊ ကြိုးစားအားထုတ်မှု ၊ အကျင့်စာရိတ္တ မည်သည့် အားနည်းချက်မျှ မရှိပေ ။
ဟောက်ရန် ပျင်းလာသည့်အချိန်တွင် မတူညီသည့် မေးခွန်းတစ်ခု ပေါ်ထွက်လာသည် ။
မေးသူက မျက်မှန်တပ်ထားသော လစ်ဘရယ်အနုပညာကျောင်းသား တစ်ယောက်ပင် ။
" အကိုကြီး ဟောက်ရန် မင်္ဂလာပါဗျ .. ကျွန်တော့်နာမည် ကျန်းဝမ်ဘို ပါ.. "
ကျန်းဝမ်ဘိုက စကားပြောရင်း လျောကျလာသော မျက်မှန်ကို လက်ဖြင့် တွန်းတင်လိုက်၏ ။ သူ့နာမည်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည် ။
" ကျန်းဝမ်ဘိုလား.. "
" ကျင့်ဒူ လစ်ဘရယ်အနုပညာတက္ကသိုလ်က ကျန်းဝမ်ဘိုဆိုတာလား.."
" အသက်၁၈ နှစ် နဲ့ နက္ခတ္တ ပညာရှင်ဆိုတာ သူပေါ့.. "
ကျန်းဝမ်ဘိုသည်လည်း သူမတူသော ပါရမီရှင် တစ်ဦးပင်ဖြစ်သည် ။ သိုင်းပညာ ပါရမီ မပါခဲ့သော်လည်း နက္ခတ္တဗေဒတွင် အလွန်ထူးချွန်ပြီး ညဏ်ရည် မြင့်မားလှသည် ။ သူနှင့် ရွယ်တူများ မူလတန်း တက်နေစဥ်တွင် သူက လစ်ဘရယ်အနုပညာတက္ကသိုလ်၏ ဝင်ခွင့် စာမေးပွဲကို အမှတ်အပြည့်နီးပါးဖြင့် အောင်မြင်ခဲ့ပြီး ယခု အသက်ဆယ့်ရှစ်နှစ်သာ ရှိသေးသော်လည်း ပါရဂူဘွဲ့ ရထားပြီးဖြစ်သည် ။
သူ၏ အသိပညာမှာ ဆရာများထက်ပင် ကျော်လွန်နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နိမ့်နိမ့်ချချသာ နေတက်သော ပါရမီရှင် တစ်ဦးပင် ။
" ပညာရှင် ကျန်းဝမ်ဘို ဆိုတာလား.."
" သူလည်း နတ်ဘုရားမို့ရဲ့ ဖန်လားဟ.."
" နတ်ဘုရားမို့ရဲ့ ဖန်တွေက ပေါ့သေးသေး မဟုတ်ဘူးနော်.. "
လင်းမို့၏ ဖန်များအားလုံး ဂုဏ်ယူမိလိုက်ကြ၏ ။ လင်းမို့၏ ဖန်များထဲတွင် သူမတူသော ပါရမီရှင်များလည်း ပါဝင်နေပေသည် ။
ဟောက်ရန်က ကျန်းဝမ်ဘိုမေးမည့် မေးခွန်းအား သေချာအာရုံစိုက်၍ နားထောင်လိုက်သည် ။
ကျန်းဝမ်ဘိုက အသံများငြိမ်သက် သွားသည်အထိ စက္ကန့်အနည်းငယ် စောင့်ဆိုင်းပြီးမှ...
" နတ်ဘုရားမို့က ငါတို့ ဂြိုလ်ပြာကို ဂလက်ဆီခေတ်ဦးကို ခေါ်သွားနိုင်မယ်လို့ ငါတွက်မိထားတယ် ..နတ်ဘုရားမို့အနေနဲ့ လာမယ့် ဂလက်ဆီခေတ်ဦးအတွက် ဘာတွေများ စဥ်းစားထားလဲဆိုတာ သိချင်ပါတယ်.. "