ဗာဂို နတ်ဘုရား ရုံးတော် ~
Vol. 20 Ch. 290
ဂြိုလ်ပြာ၏ မြောက်ဘက်ခြမ်း...
ရီသည် သူ၏ စိတ်အာရုံဖြင့် လင်းမို့အား မလွတ်တမ်း အကဲခပ်နေသည် ။
သူသည် ကြည့်နေရင်းပင် ပိုမို တုန်လှုပ်လာမိ၏ ။
' တန်ခိုးရှင် လူပြန်ဝင်စားတာ.. သေချာပေါက် တန်ခိုးရှင် လူပြန်ဝင်စားတာပဲ.. '
ရီသည် လင်းမို့၏ နောက်ခံကို စိတ်ကူးယဥ်ပြီး တွေးတောနေမိသည် ။ လင်းမို့၏ အဆင့်တက်နှုန်းက သာမန်မဟုတ်ပေ ။
ရီကဲ့သို့ အဆင့် ၉ သက်ရှိပင် တုန်လှုပ်သွားမိ၏ ။
' အဆင့်မရှိတဲ့ သက်ရှိက တစ်စက္ကန့်ကို လက်သီးပြင်းအား ဆယ်ကီလိုနှုန်း တိုးလာနိုင်တယ်လား.. '
' ပြီးတော့ စိတ်စွမ်းအင် အနှစ်သာရက ဒီတိုင်းနေရင်းကို ဆက်တိုက် တိုးလာနေတယ်.. '
' တိုက်ခိုက်ရေးစွမ်းရည် တိုးတက်နှုန်းကလည်း မြန်လိုက်တာ.. '
' ဒါတောင် မလေ့ကျင့်ဘဲ အိပ်ရင်း တိုးတက်နေတာပဲလား..'
' ဘာအရင်းအမြစ်မှလည်း သုံးစရာမလိုဘူး..'
' ဘယ်အဆင့်ကများ လူပြန်ဝင်စားတာပါလိမ့်.. '
အဆင့်ကိုးသက်ရှိ အဆင့်ကို ကျော်လွန်လျှင် နတ်ဘုရားအဆင့်သို့ ရောက်မည်ဖြစ်သည် ။
ထိုအဆင့်က ရီအတွက်ပင် ဒဏ္ဍာရီများထဲတွင်သာ ကြားဖူးပြီး အပြင်တွင် မမြင်ဘူးချေ ။ နဂါးငွေ့တန်းတွင် နတ်ဘုရားအဆင့် မပေါ်ထွက်ခဲ့သည်က နှစ်ပေါင်း ဆယ်သန်းမကတော့ ။
' လင်းမို့က.. နတ်ဘုရားအဆင့်ကနေ လူပြန်ဝင်စားတာဆိုရင် အရင်ဘဝက မှတ်ညဏ်တွေ ပြန်ရနေလောက်ပြီလား.. နတ်ဘုရားအဆင့်ဆိုတော့ ဝှက်ဖဲတွေ ရှိမှာပဲ.. ငါစောင့်ကြည့်တာကို သတိထားမိသွားပြီလားမသိဘူး.. '
ရီ တုန်ရီသွား၏ ။ သူသေခါနီး ဖြစ်သော်လည်း လက်ကျန်အချိန်လေးကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်ပေသည် ။ ကျန်ရှိသည့် ရက်ပေါင်းတစ်ရာက သူ့အတွက် အဖိုးမဖြတ်နိုင်ပေ ။
ထို့အပြင် နတ်ဘုရားတစ်ယောက်အား စော်ကားမိပါက အသက်သာဆုံးပြစ်ဒဏ်မှာ သေဆုံးခြင်းသာ ဖြစ်ပေမည် ။ နတ်ဘုရားတစ်ယောက်၏ ဒဏ်ခတ်ခြင်းကို ခံရပါက သေချင်လျှင်ပင် မသေနိုင်သည့် ဘဝသို့ ကျရောက်သွားနိုင်သည် ။
' ငါသူ့ကို စော်ကားမိလို့ မဖြစ်ဘူး.. '
ရီသည် ထိတ်လန့် ကြောက်ရွံ့လာ၍ ကူကယ်ရာမဲ့ ခံစားမိလိုက်သည် ။
' ဟူး.....'
ရီ တွေးသည် ။
' ငါ့မှာ အချိန်သိပ်မကျန်တော့တာ ကံမကောင်းတာပဲ.. မဟုတ်ရင် လင်းမို့ကို ခြေထောက်ဖက်ပြီး ကျွန်ဖြစ်ခွင့်ပေးဖို့ တောင်းဆိုမိလိမ့်မယ်.. ခုတော့ နတ်ဘုရားအဆင့်ဆိုရင်တောင်မှ ငါ့ကို ကယ်နိုင်တော့မယ် မထင်ဘူး.. '
' သူသာ နှစ်တစ်ရာလောက် စောပြီး ပေါ်လာရင် သိပ်ကောင်းမှာ.. ငါ့ကို အသက်ဆွဲဆန့်ဖို့ နည်းလမ်းရှိလောက်တယ်.. '
' ခုတော့....ဟူး..'
ရီ ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည် ။
ထိုအခိုက် ကျိုးချန်က ရီ၏ အနားသို့ ရောက်လာပြီး...
" ဆရာ.."
ကျိုးချန်သည် အလွန်ရိုသေသည့် ဟန်ဖြင့် ပြောလိုက်သော်လည်း သူ၏ အသံတွင် အနည်းငယ် ဂုဏ်သူသည့်ဟန် ပါဝင်နေသည် ။ သူ၏ တိုးတက်လာသည့် ရလဒ်များအပေါ်တွင် ဂုဏ်ယူနေကြောင်း ရှင်းလင်းပေသည် ။
" ဆရာ..လင်းမို့နဲ့ ယှဥ်ရင် ကျွန်တော် အခုတိုးတက်လာ ဘယ်လိုနေလဲ.. သူနဲ့ ကျွန်တော်နဲ့ သိပ်မကွာတော့ဘူး မှတ်လား.. "
ရီ အံ့အားသင့်သွားပြီး အရူးတစ်ယောက်ကို ကြည့်သလို စိုက်ကြည့်နေလိုက်သည် ။ တိုးတက်မှုနှုန်း လင်းမို့နှင့် ယှဥ်ချင်ပါသည်လော ။ ကွာဟချက် နည်းသွားသည်လော ။
" ဘုန်း..."
ရီသည် ကျိုးချန်ကို ကန်ထုတ်လိုက်၏ ။ ကျိုးချန် အတော်ဝေးဝေးအထိ ပျံသန်းသွားသည် ။
" မင်းက လင်းမို့နဲ့ ယှဥ်ချင်သေးတာလား..."
" ဘုတ်.."
ကျိုးချန် မြေပြင်ပေါ်သို့ အူကြောင်ကြောင် ဟန်ဖြင့် ပြုတ်ကျလာသည် ။ ဖြစ်ပျက်သွားသည်ကို သူနားမလည်နိုင်တော့ ။ ဤမျှသာ မေးလိုက်သည်ကို သူ့ဆရာက မည်သည့်အတွက်ကြောင့် ကန်ထုတ်လိုက်ပါသနည်း ။
တာအိုခန္ဓာဖြင့် မွေးဖွားလာသူ ဖြစ်၍ နဂါးငွေ့တန်း တစ်ခုလုံးတွင်ပင် ပါရမီရှင်အဖြစ် သတ်မှတ်နိုင်သူ ဖြစ်သော်လည်း ဇနပုဒ် ဂြိုလ်ပြာလေးတွင် လင်းမို့ ၏ ဖိနိုပ်ခြင်းကိုသာ ခံနေရပေသည် ။ သူ့တွင် ဖိအား များလှလေပြီ ။
သူက ရီကို မော့ကြည့်လိုက်လျှင် စိတ်မရှည်စွာ ကြည့်နေသည်ကို မြင်လိုက်ရသည် ။
" ထွက်သွားစမ်း.."
ရီက ငေါက်လွှတ်လိုက်လျှင် ကျိုးချန်သည် နာခံစွာဖြင့် ခေါင်းငိုက်စိုက် လှည့်ထွက်လာခဲ့၏ ။
ရီသည် အတွေးများနေသည့်အချိန် လာနှောက်ယှက်ခြင်း ခံလိုက်ရ၍ ဒေါသထွက်သွားခြင်းပင် ။
ကျိုးချန် ထွက်သွားပြီးနောက် ရီ က ပြန်လည်တွေးတောနေသည် ။
' လင်းမို့သာ နတ်ဘုရားဆိုရင် ငါ့ပိုင်ဆိုင်မှုလေးတွေကို စိတ်ဝင်စားမှာ မဟုတ်ဘူး.. သူနဲ့ ရင်နှီးအောင် ငါဘာလုပ်ရမလဲ.. '
ရီသည် ရှင်သန်နိုင်ရန် အခွင့်အရေးကို လက်မလျော့လိုတော့ပေ ။
နတ်ဘုရားအဆင့်များက အချိန်နှင့်နေရာကို ပြောင်းပြန်လှန်၍ လူသေကို အသက်ပြန်သွင်းပေးနိုင်သည်ဟု သူကြားဖူးလေသည် ။
လင်းမို့သည် ထိုမျှ သန်မာမည်ဟု သူမမျှော်လင့်သော်လည်း အခွင့်အရေးရှိနေလျှင် သူတက်နိုင်သမျှ ကြိုးစားရပေမည် ။
' အဲ့တာနဲ့ ဆိုရင်ရော..'
ရီ ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည် ။ သူပိုင်ဆိုင်သော ရတနာ တစ်ခုကို သတိရသွား၏ ။
' ငါ့မှာ ဗာဂို နတ်ဘုရားရုံးတော်နဲ့ ဆက်သွယ်နိုင်တယ့် ရတနာ တစ်ခု ရှိတာပဲ.. ငါ အတွက် အသုံးမဝင်ပင်မယ့် လင်းမို့အတွက် အသုံးဝင်နိုင်တယ်.. သူက ဗာဂိုနတ်ဘုရားရုံးတော်က နတ်ဘုရား မဟုတ်ရင်တောင် သူ့ပါရမီနဲ့ဆို သေချာပေါက်ဝင်ခွင့်ရမှာ.. အဲ့တာဆို ငါ့အတွက် အသက်ဆွဲဆန့်ပေးနိုင်မယ့် ဆေးတွေ တောင်းပေးနိုင်လောက်တယ်.. '
လင်းမို့ ပြန်လည် အဆင့်တက်ရာတွင် ကူညီပေးနိုင်ပါက သူ့အား အသက်ဆွဲဆန့် ပေးလောက်ပေသည် ။
' ဒီလိုပဲ လုပ်ကြည့်တာပေါ့.. '
ရီသည် အကောင်းအထည်ဖော်ရန် အကြံကို အလျင်အမြန် စဥ်းစားတော့သည် ။
**
နဂါးငွေ့တန်း၏ အလယ်ဗဟိုရှိ တွင်းနက်ကြီး...
ဤသည်က နေ၏ ဒြပ်ထု ထက် အဆလေးသန်းကျော် ရှိပြီး နဂါးငွေ့တန်း တစ်ခုလုံး၏ အကြီးမားဆုံး တွင်းနက်ကြီး တစ်ခုပင် ။
ငွေရောင်နှလုံးသား မဟာမိတ်အဖွဲ့ချုပ်၏ အဓိက ဂြိုလ်များမှာ တွင်းနက်ကြီးအား လှည့်ပတ်နေကြသည် ။
ဂြိုလ်တိုင်းသည် ဂြိုလ်အစစ်များ မဟုတ်ကြဘဲ ကြယ်များအား စက်များဖြင့် ဖုံးအုပ်ထားသော ဒိုင်ဆင် စက်လုံးကြီးများသာ ဖြစ်ကြ၏ ။ တွင်းနက်၏ ဆွဲငင်အားမှ ရုန်းထွက်နိုင်ရန် ကြယ်များကို စွမ်းအင်အဖြစ်အသုံးချထားသော ဧရာမ ယာဥ်ပျံကြီးများဟုသာ ဆိုရပေမည် ။
တွင်းနက်ကြီး၏ အနီးတွင် ဖြစ်၍ စွမ်းအင် တည်ငြိမ်မှု မရှိဘဲ အချိန်နဲ့ အာကာသ ပြိုကွဲနေသဖြင့် ရှင်သန်ရန် ကောင်းမွန်သည့် ပတ်ဝန်းကျင် တစ်ခုတော့ မဟုတ်ချေ ။
သို့သော်လည်း ဤကြမ်းတမ်းသော ပတ်ဝန်းကျင်က အဆင့်မြင့် သက်ရှိများအတွက် နိဗ္ဗာန် ဘုံ တစ်ခုပင် ။ နဂါးငွေ့တန်း၏ အဆင့် ၇ နှင့် အထက် သက်ရှိများ ၇၀ % ကို ငွေရောင် နလုံးသား မဟာမိတ်တွင် စုစည်းထားသည် ။
တွင်းနက်ကြီး၏ အနီးတွင် အနက်ရောင်ရှိသော စိန်ပုံသဏ္ဍာန် အာကာသယာဥ်တစ်စီးက အလင်းအလျင်ဖြင့် တွင်းနက်ကြီးအား လှည့်ပတ်နေ၏ ။
ထိုယာဥ် ပေါ်တွင် အဆင့် ၉ သက်ရှိ ဆယ်ဂဏန်း ပါရှိပြီး နဂါးငွေ့တန်း၏ အသန်မာဆုံးလူများ စုဝေးနေသည်ဟု ပြော၍ ရနိုင်ပေသည် ။