← Chapters

ညအချိန် ထွက်ခွာခြင်း

Vol. 20 Ch. 294

ညအချိန် ထွက်ခွာခြင်း

Vol. 20 Ch. 294

~

လေးရက်ကြာပြီး​နောက် ...

လင်းမို့သည် သူမျှော်လင့်ထားသည့်အတိုင်း ခွန်အား ၂ ဆတိုးလာခဲ့၏ ။

သူ၏ တိုးတက်လာသည့် ခွန်အားကို ခံစားရင် စစ်နတ်ဘုရား အစောပိုင်း အဆင့်ကိုပင် လက်သီးတစ်ချက်ထဲဖြင့် ထိုးသတ်နိုင်မည်ဟု ထင်မိလိုက်သည် ။

ကြယ်ရောင်စုံ အလင်း၏ အောက် လင်းမို့သည် ပြတင်းပေါက်တွင် ရပ်ရင်း စိတ်လှုပ်ရှားစွာ သက်ပြင်းချမိလိုက်၏ ။

သူ အဆောင်တွင်းအောင်း နေသည်မှာ မသိလိုက်ခင်မှာပင် ၁ လ ပြည့်သွားလေပြီ ။

သို့ရာတွင် တခြားကျောင်းသားများသည်တော့ လင်းမို့အိမ်တွင်းအောင်းနေသည်ကို တိတ်တဆိတ် လေ့ကျင့်နေသည်ဟု မှတ်ယူထားကြသည် ။

လင်းမို့ ပြတင်းပေါက်တွင် ရပ်နေသည်ကို မြင်သည်နှင့် ကျောင်းသားများ တီးတိုးပြောကုန်ကြ၏ ။

" ဟေးဟေး ဟိုမှာ နတ်ဘုရားမို့ဟ.. "

" သူဘာကို ရပ်ကြည့်နေတာလဲ.. "

" သူ့ကို မမြင်တာတောင် ကြာပြီနော် .."

" ကြိုးစားလိုက်တာ.. သူ့ကို တွေးမိတိုင်း ငါ့ကိုယ်ငါ အားမရဘူး.. "

" နတ်ဘုရားမို့ကြောင့် နေ့ရောညပါ ကြိုးစားရမယ်ဆိုတာ ငါသိလိုက်ပြီ .."

လင်းမို့သည် အောက်မှ ဆွေးနွေးသံများကို ကြားလိုက်ရလျှင် မျက်နှာပူလာသဖြင့် ရှင်းပြရန် ကြိုးစားလိုက်သည် ။

" ငါးကောင်တို့ ..ငါ တကယ်လေ့ကျင့်နေတာ မဟုတ်ဘူးကွ.. လေ့ကျင့်တဲ့ကောင် ခွေးပဲ.. "

လင်းမို့သည် ပြောသာ ပြောလိုက်ရသော်လည်း မည်သူမှ မယုံမှန်းသိပေသည် ။ မကြိုးစားသူက အဆောင်ထဲတွင် မြေဆွဲအားခန်း ထည့်သွင်းမည်လော ။ မကြိုးစားသူက ခွန်အား တိုးလာမည်လော ။

လင်းမို့၏ ခွန်အားသည် မဟာသခင် အလယ်ဆင့်သို့ ရောက်ရှိနေလေပြီ ။ သူ၏ စွမ်းအား အားလုံး အသုံးပြုလျှင် စစ်နတ်ဘုရားများနှင့်ပင် တိုက်ခိုက်နိုင်လေ၏ ။

သူ့ကိုယ်သူ ရွာသူကြီး နှင့် ခွန်အား တန်းတူ ရှိမည်ဟု ခန့်မှန်းမိသည် ။ ဤသည်က ခန့်မှန်းချက် တစ်ခုသာ ဖြစ်၏ ။ သူ ရွာသူကြီးနှင့် အမှန်တကယ် မတိုက်ခိုက်ဖူး၍ ရွာသူကြီး၏ ခွန်အားကို သေချာမသိ ။ သူသိသည်က အလွန်သန်မာလှသော ရွာသူကြီးကို ခန်းမသခင်က ပုရွတ်ဆိတ် တစ်ကောင် သတ်သလို သတ်သွားခြင်းပင် ။

ခန်းမသခင်နှင့် တန်းတူဖြစ်သော လင်းယုန်နိုင်ငံ၏ ခြင်္သေ့ဘုရင်နှင့် ဝက်ဝံတိုင်းပြည်၏ အာဏာရှင်တို့ ရှိနေသေးသည် ။ သူ၏ ခွန်အားကို ထုတ်ပြမိပါက ထိုသူတို့က သူ့အား သတ်ရန် ကြိုးစားကြမည်မှာ သေချာလှပေ၏ ။

' ငါ ခွန်အားက ရွာသူကြီးနဲ့ တူနေရင်တောင် သာလွန်စစ်နတ်ဘုရားတွေနဲ့ တွေ့ရင် လက်နဲ့ ဖျစ်ပြီး အသတ်ခံရနိုင်တယ်.. ငါ ဘယ်သူကို မှ ထုတ်ပြောလို့ မဖြစ်ဘူး.. ငါ သိုသိုသိပ်သိပ် နေရမယ်.. '

လင်းမို့ တွေးသည် ။ သူ မနက်ဖြန် တိုက်ပွဲကွင်းပြင်သို့ ရောက်လျှင် ခွန်အား ထုတ်မပြဘဲ သိုသိုသိပ်သိပ် နေပေတော့မည် ။

" ဝှမ်း....."

ထိုအခိုက် စိတ်အာရုံ တစ်ခုက သူ့အား ဖြတ်သန်းသွားသည် ။

လင်းမို့သည် ထိုစိတ်အာရုံမှာ စိတ်စွမ်းအင်အနှစ်သာရ အဆင့်၈ တွင် ရှိနေမှန်း သိလိုက်ပြီး သူ့ထက် အားနည်းကြောင်း ခံစားမိလိုက်၏ ။ ထို့အပြင် ဤ စိတ်အာရုံမှ ရင်းနှီးသော အော်ရာကို ခံစားမိပေသည် ။

လင်းမို့က မသိချင်ယောင် ဆောင်နေလိုက်၏ ။ စက္ကန့်အနည်းငယ် အကြာတွင် လင်းမို့၏ အဆောင်ရှေ့တွင် ပုံရိပ်တစ်ခု တိတ်တဆိတ် ပေါ်ထွက်လာသည် ။

ထိုပုံရိပ်အား လင်းမို့ တစ်ယောက်သာ မြင်ရပြီး ဖြတ်သန်းသွားလာနေကြသော ဆရာနှင့် ကျောင်းသားများက မမြင်ရပေ ။

" အကြီးအကဲ ဇီကျင့်.. "

လင်းမို့က အသံတိတ် နှုတ်ခမ်းလှုပ်၍ နှုတ်ဆက်လိုက်သည် ။

ဇီကျင့်သည် လင်းမို့အား လာတွေ့ဖူးသဖြင့် လင်းမို့က မှတ်မိပေသည် ။

" အင်း.. "

ဇီကျင့်က ခေါင်းညိတ်လိုက်ပြီး...

" လင်းမို့.. ငါတို့ အခုသွားကြမယ်.. "

" အခုသွားရတော့မှာလား.."

လင်းမို့ အံ့သြသွားပြီး...

" မနက်ဖြန် မနက်မှဆို.. "

" အဲ့တာ တမင် ကြေညာထားတာလေ.. "

ဇီကျင့်က...

" ငါတို့ကို ရင်ဆိုင်ဖို့ တခြားနိုင်ငံတွေ အကုန်ပူးပေါင်းထားတာ ခန်းမသခင်က သန်မာတယ်ဆိုရင်တောင် အကုန်လုံးကို တားဆီးနိုင်မှာ မဟုတ်ဘူး.. "

ဇီကျင့်က လင်းမို့ကို တစ်ချက်ကြည့်လိုက်ပြီး...

" ဘာလဲ.. ဒီလို လုပ်လို့ နင်က ငါတို့ကို ကြောက်တက်တယ် ထင်နေတာလား.. "

ဇီကျင့်သည် လင်းမို့၏ ​ပါရမီကြောင့် အငယ်တန်းတစ်ယောက်လို သဘောမထားဘဲ အဆင့်တူ တစ်ယောက်လို သဘောထား၍ ဤသို့ မေးလိုက်ခြင်းဖြစ်သည် ။

" ဘယ်.. ဘာလို့ အဲ့လို ထင်ရမှာလဲ.. လက်သီးနဲ့ ဖြေရှင်းရမယ့်အစား ဦးနှောက်နဲ့ ဖြေရှင်းလို့ရတာက အကောင်းဆုံးပဲ.. "

" အင်း.. "

လင်းမို့၏ စကားကို ကြားလျှင် ဇီကျင့်က ကျေနပ်စွာ ပြုံးလိုက်၏ ။ လင်းမို့သည် တိုက်ပွဲကွင်းပြင်ရောက်ပြီး​နောက် တိုင်ပွဲဝင်ချင်စိတ် ပျင်းပြနေမည်ကို သူမ စိုးရိမ်၏ ။ မာနကြီးသော ပါရမီရှင်တစ်ယောက်ကို ကာကွယ်ရသည်က ပို၍ ပင်ပန်းလေသည် ။

" ကျွန်တော်တို့ ခုသွားကြမှာလား.. "

လင်းမို့က မေးလိုက်သည် ။

" ဟုတ်တယ်.. "

ဇီကျင့်က...

" ငါ နင့်ကို ခန်းမသခင်စီ ခေါ်သွားရမှာ.. ပြီးမှ တိုက်ပွဲကွင်းပြင်ဆီ သွားကြမယ်.. "

" ဟုတ်ကဲ့ပါ.. "

လင်းမို့က ခေါင်းညိတ်လိုက်သည် ။

" နင် ယူစရာ ပစ္စည်း ရှိသေးလား.. "

ဇီကျင့်မေးသည် ။

" မရှိတော့ဘူးဗျ.. အချိန်မရွေး သွားလို့ရတယ်.. "

လင်းမို့၏ အရေးအကြီးဆုံး လက်နက်မှာ ငွေရောင် ငှက်မွှေးဖြစ်ပြီး အမြဲ ခါးပတ်ခေါင်းထဲတွင် ထည့်ထား၏ ။ နာနိုဝတ်စုံကိုလည်း အမြဲ ဝတ်ထားပေရာ ယူစရာ ပစ္စည်း မရှိတော့ချေ ။

" ဒါဆိုလည်း သွားကြတာပေါ့.. "

ဇီကျင့်သည် လင်းမို့၏ လက်ကိုဆွဲ၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည် ။ မည်သူမှ သတိမထားမိကြပေ ။

ဖြတ်သွားဖြတ်လာများက လင်းမို့ကို မမြင်လျှင် လေအဝရှူပြီး ပြန်လေ့ကျင့်နေသည်ဟု ထင်လိုက်ကြ၏ ။ ထိပ်တန်းပါရမီရှင်က ဤမျှ ကြိုးစားနေသည်ကို မြင်လျှင် ကြိုးစားရန် စိတ်များ တက်ကြွ လာကြတော့သည် ။

All Chapters