သောက်ခွေး ရောက်နေကြပြီဟ
Vol. 20 Ch. 296
~
" ဟူး... ဘုတ်.. "
လင်းမို့နှင့် ဇီကျင့်တို့ မြေပေါ်သို့ ရောက်ရှိလာကြသည် ။
" ဆရာ.. ကျွန်မ လင်းမို့ကို ခေါ်လာခဲ့ပါပြီ.. "
ဇီကျင့်က အရိုအသေပေး၍ ပြောလိုက်၏ ။
" အင်း.. "
ခန်းမသခင်က ခေါင်းညိတ်လိုက်သည် ။
" အခုချက်ချင်း သွားကြတော့မလား.. "
အိုက်ကျန့်ချီ က စိတ်မရှည်စွာ မေးလိုက်၏ ။ ဤအလုပ် လုပ်ရမည်ကို စိတ်ရှည်ပုံ မရတော့ချေ ။
" မလောပါနဲ့ ခဏစောင့်အုံး.. "
ခန်းမသခင်က ပြုံးလိုက်ပြီး...
" လာမယ့်သူ တစ်ယောက် ကျန်သေးတယ်.. "
" ကျန်နေသေးတာလား.. ဘယ်သူလည်း.. "
အကြီးအကဲအိုက်က စိတ်ဝင်တစား မေးလိုက်သည် ။
" ခနနေ သိမှာပေါ့.. "
ခန်းမသခင်က သူ၏ စိတ်အာရုံဖြင့် ပြေးလာနေသူအား မြင်နေရပေသည် ။
စက္ကန့်အနည်းငယ် အကြာတွင် အားလုံး၏ ရှေ့တွင် ပုံရိပ်တစ်ခုပေါ်လာသည် ။
" အယ် ကျောင်းအုပ်ထူလား.. "
စစ်နတ်ဘုရားများအားလုံး ကျောင်းအုပ်ထူအား သိကြ၏ ။
" ဆရာကြီး.."
အိုက်ကျန့်ချီက မျက်မှောင်ကြုပ်လိုက်ပြီး...
" ကျွန်တော်တို့ စောင့်နေတာ သူ့ကိုလား.. "
အိုက်ကျန့်ချီက သူ၏ အထင်သေးမှုကို ဖုံးကွယ်မထားပေ ။
" စစ်နတ်ဘုရားတွေ ကြားထဲ မဟာသခင်ကို ခေါ်လာပြီး ဘာလုပ်မလို့လဲ.. တိုက်ပွဲဖြစ်ရင် သူအကြောက်လွန်ပြီး မေ့လဲနေအုံးမယ်.. "
အိုက်ကျန့်ချီက လှောင်ပြောင်လိုက်သည် ။
" ခင်ဗျားက ခန်းမသခင် စီစဥ်တာကို မေးခွန်းထုတ်နေတာလား.. "
ကျောင်းအုပ်ထူက ကြက်ခေါင်းဆိတ်မခံ ပြန်ခွပ်လိုက်သည် ။ သူလည်း စစ်နတ်ဘုရား ဖြစ်နေပြီဖြစ်၍ ခေါင်းငုံ့ခံနေမည် မဟုတ်ပေ ။
" အကြီးအကဲအိုက် ခင်ဗျား ဘာတွေ လျောက်ပြောနေတာလဲ.."
ခန်းမသခင်က အနည်းငယ် အပြစ်တင်ဝေဖန်လိုက်ပြီး...
" တိုက်ပွဲကွင်းပြင် ရောက်ရင် ရန်သူတွေက အဘက်ဘက်ကနေ တိုက်ခိုက်ကြမှာပဲ ..ရန်သူတွေကို ဇီကျင့်က တားဆီးနိုင်ရင်တောင် တိုက်ပွဲကြောင့် ဖြစ်လာတဲ့ လှိုင်းတွေကနေ လင်းမို့ကို ကာကွယ်ပေးဖို့ လူလိုသေးတယ်လေ.. ကျောင်းအုပ်ထူက စစ်နတ်ဘုရားအစောပိုင်းအဆင့်လောက် သန်မာပါတယ်.. "
" လင်းမို့ကို ကာကွယ်ဖို့ စစ်နတ်ဘုရား တစ်ယောက်ထပ်သုံးရင်လဲ ဖြုန်းတီးသလို ဖြစ်နေအုံးမယ်.. ရန်သူဘက်က စစ်နတ်ဘုရား အရေအတွက်က ငါတို့ထက် များမှာ သေချာတယ် .. ဒါ့ကြောင့် ကျောင်းအုပ်ထူက ဒီတာဝန်နဲ့ အသင့်တော်ဆုံးပဲ.. "
ခန်းမသခင်၏ ရှင်းပြချက်ကို ကြားပြီးနောက် အကြီးအကဲအားလုံး သဘောပေါက် သွားကြ၏ ။ အိုက်ကျန့်ချီပင် ဘာမှ ဆက်မပြောတော့ချေ ။
ကျောင်းအုပ်ထူသည် စစ်နတ်ဘုရားများ ဝိုင်းကြည့်သည်ကို ခံနေရ၍ လက်သီးတင်းတင်းဆုပ်လိုက်မိသည် ။ သူ ၏ ခွန်အားကို ထုတ်ဖော်ပြချင်သော်လည်း လင်းမို့ကို ကာကွယ်ရန် နောက်ဆုံးဝှက်ဖဲ ဖြစ်၍ မျိုသိပ်ထားလိုက်၏ ။
" ဆရာကြီးထူ.. "
လင်းမို့က ကျောင်းအုပ်ထူ၏ အနားသို့ လျှောက်လာလိုက်သည် ။ သူသည် ကျောင်းအုပ်ထူ၏ ကာကွယ်ခြင်းကို ခံရမည်ဆို၍ မည်သို့ တုန့်ပြန်ရမည်ကို မသိတော့ ။ အစစ်အမှန် တိုက်ပွဲသို့ ရောက်လျှင် မဟာသခင်အဆင့်က အမြှောက်စာသာသာ သာ ရှိနေပေမည် ။ သူ့အား ကာကွယ်ပေးမည်လော ။ သူပြန်၍ မကာကွယ်ပေးရလျှင် ကံကောင်းပေမည် ။
သို့သော်လည်း ကျောင်းအုပ်ထူက အသက်ရင်း၍ ကာကွယ်ပေးရန် တာဝန်ကို လက်ခံထားသည်ဖြစ်၍ သူကျေးဇူးတင်ရပေမည် ။
" လင်းမို့.."
ကျောင်းအုပ်ထူက ကြင်နာစွာ ပြုံးလိုက်ပြီး...
" ငါ့အနားမှာသာနေ.. ငါအသက်ရှင်နေသေးသရွေ့ ဘယ်သူမှ မင်းကို မထိစေရဘူး.. "
ကျောင်အုပ်ထူသည် အရေးအပါဆုံးအချိန်ရောက်မှ သူ၏ အဆင့်ကို ထုတ်ပြ၍ အားလုံးကို အံ့အားသင့်စေမည်ဟု ဆုံးဖြတ်ထားသည် ။
" အားလုံး လူစုံပြီ.."
ခန်းမသခင်က ပြောလိုက်ပြီး ...
" မင်းတို့မှာ ပါလာတဲ့ လျှပ်စစ်ပစ္စည်းတွေ အားလုံးကို ထားခဲ့နော်.. "
အီလက်ထရွန်းနစ်ပစ္စည်းများအား ဂြိုလ်ထုဖြင့် ထောက်လှန်းသိရှိနိုင်သည် ။ ရန်သူများ မရိပ်မိနိုင်စေရန် သေချာဂရုစိုက်ရပေမည် ။
" ဟုတ်ကဲ့ပါ.."
" ဟုတ်ကဲ့ပါ ဆရာကြီး.. "
လူတ်ိုင်း ဖုန်းများနှင့် လျှပ်စစ်ပစ္စည်းများအား ပုံထားလိုက်ကြသည် ။ ဇီကျင့်က အားလုံးကို စိတ်အာရုံဖြင့် စစ်ဆေးပြီး အတည်ပြုလိုက်၏ ။
ခန်းမသခင်က လင်းမို့နှင့် ကျောင်းအုပ်ထူအား စိတ်အာရုံဖြင့် ထိန်းချုပ်၍ လေပေါ်သို့ ပြန်တက်သွားပြီး ကျန်သည့် စစ်နတ်ဘုရားများက နောက်မှ လိုက်သွားကြသည် ။
**
ခန်းမသခင်သည် လင်းမို့နှင့် ကျောင်းအုပ်ထူအား သယ်ဆောင်၍ စစ်နတ်ဘုရားများနှင့် အရှိန်အတူတူသာ ပျံသန်းလာခဲ့သည် ။ မကြာမီ တိုက်ပွဲကြီး ရင်ဆိုင်ရတော့မည်ဖြစ်၍ ခွန်အားကို တက်နိုင်သမျှ ချွေတာထားခြင်းပင်ဖြစ်သည် ။
လင်းမို့သည် အောက်သို့ ငုံ့ကြည့်လိုက်လျှင် တရိပ်ရိပ် ဖြတ်သန်းသွားသော မြို့များ တောင်တန်းများကို မြင်နေရ၏ ။
ဆယ်မိနစ်ခန့်ကြာလျှင် ပြင်ပလောက တိုက်ပွဲကွင်းသို့ ဝင်ရမည့် ဂိတ်ဝသို့ ရောက်ရှိလာကြသည် ။ ရှားနိုင်ငံ အတွက် အုပ်ထိန်းသူ ပြင်ဆင်ပေးထားသော ဂိတ်ဖြစ်ပြီး ထိုမှတဆင့်သာ တိုက်ပွဲကွင်းသို့ ဝင်နိုင်ပေသည် ။ ဤနေရာရှိ အစောင့်များ၏ အနိမ့်ဆုံးက မဟာသခင်အဆင့်ပင် ။
လင်းမို့သည် ဂိတ်ဝအတွင်းသို့ ဝင်ပြီးနောက် ပတ်ဝန်းကျင်ကို သေချာအကဲခပ်ကြည့်လိုက်သည် ။ သူ၏ ပထမဆုံး အကြိမ်ဖြစ်၍ သေချာလေ့လာနေပေသည် ။
ကြယ်များ၏ အလင်းရောင်အောက် တိုက်ပွဲကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်နေပြီး အပင်များက ကျိုးတို့ကျဲတဲသာ ရှိသည် ။ နယ်မြေတစ်ခုလုံးက စွန့်ပစ်ခံထားရသော နေရာနှင့် တူနေပေသည် ။
" လင်းမို့.. "
ကျောင်းအုပ်ထူက ဟာသပြောလိုက်သည် ။
" မင်း တိုက်ပွဲကွင်းပြင်ထဲ ဝင်တာ ပထမဆုံးအကြိမ်ကို ခန်းမသခင်နဲ့ စစ်နတ်ဘုရားဆယ်ယောက်ကျော်က လိုက်ပို့ရတယ်နော်.. ဘယ်လောက် ကြီးကျယ်ခန်းနားလိုက်လဲ.. "
" အားလုံး အဆင်ပြေမယ် ထင်ပါတယ်.. "
ဇီကျင့် မျက်မှောင်ကြုပ်၍ ပြောလိုက်သည် ။ သူမ၏ စိတ်ခံစားချက်များ သိပ်မကောင်းပေ ။ တိုက်ပွဲမတိုက်ခိုက်ရလျှင် အကောင်းဆုံး ဖြစ်ပေမည် ။
" ငါတို့ ဒီလောက် ဖုံးဖိထားတာ ဘယ်သူမှ မသိလောက်ပါဘူး.. သူတို့ သိသွားတယ့် အချိန်ရောက်ရင် လင်းမို့က စမ်းသပ်နယ်မြေထဲ ရောက်နေလောက်ပြီ.. "
ကျန်းဟီက ပြုံး၍ ပြောလိုက်၏ ။
" ရောက်ဖို့ သိပ်မလိုတော့ဘူး.. "
ဇီကျင့်က ရှေ့သို့ မျှော်ကြည့်လိုက်သည် ။
" ချီး..."
ခန်းသခင်က မျက်နှာပျက်သွားပြီး ဆဲလိုက်၏ ။
" သောက်ခွေး.. ဟိုကောင်တွေ စမ်းသပ်နယ်မြေ တံခါးဝကို အရင်ရောက်နေပြီဟ.. "
သူ၏ စိတ်အာရုံဖြင့် ရှေ့တွင် ရှိနေသော လူများကို ခံစားမိလိုက်သည် ။