လူသားမျိုးနွယ်၏ ကောင်းကင်ဘုံ ရုံးတော် ၄ ~
Vol. 20 Ch. 300
" ငါက အဲ့လို လူလား.. "
လင်းမို့က လေးနက်စွာ ပြောလိုက်သည် ။ ထို့နောက် ခဏ စဥ်းစားလိုက်ကာ...
" ငါ့ သူငယ်ချင်း တစ်ယောက်ကတော့ စိတ်ဝင်စားမယ်ထင်တယ်.. "
" ကျွန်တော်မျိိုး သိပါတယ်.. ကောင်းဟောက်ရန်ဆိုတဲ့ ကလေးကို ပြောတာ မှတ်လား.. "
" ဟုတ်တယ်.. "
လင်းမို့ ခေါင်းညိတ်လိုက်ပြီး...
" ခု ဖုန်းမပါတော့ သူ့ကို ဆက်သွယ်လို့ မရဘူး.. "
" ကိစ္စမရှိဘူး.. ကိစ္စမရှိဘူး.. ကျွန်တော်မျိုး တာဝန်ထားလိုက်.. "
ရီက လက်ဝှေ့ယမ်းလိုက်ပြန်သည် ။
" ဘုတ်.. "
အောက်ခံဘောင်းဘီသာ ဝတ်ထားသော ဟောင်ရန် လေပေါ်မှ ပြုတ်ကျလာ၏ ။
" ဘာလဲ..ဘာလဲ.. သားရဲ့အသားက အရသာ မရှိပါဘူးဗျ.."
ဟောက်ရန်က ကြောက်လန့်တကြား မျက်စိစုံမှိတ်၍ အော်နေသည် ။ သူပထမဆုံး မြင်လိုက်ရသည်က ချိုများ အမှီးများဖြင့် လူသားပုံစံ ဂြိုလ်သား သောင်းချီကိုပင် ။ ကံကောင်းစွာဖြင့် အောက်ခံ ဘောင်းဘီ ပါလာ၍ တော်သေးသည် ။
" အ..အကိုမို့..."
ဟောင်ရန်သည် ဘေးတွင်ရပ်နေသော လင်းမို့ကို သတိထားမိ သွားပြီး တုန်တုန်ရီရီ မေးလိုက်၏ ။
" ဘာ..ဘာ..ဖြစ်နေကြတာလဲ.. "
" ဟောက်ရန်.. မင်းဂြိုလ်သားတွေကို စိတ်ဝင်စားလား.. "
လင်းမို့က တည့်မေးလိုက်သည် ။
" ဘာလဲ.. ဂြိုလ်သားလား.. "
ဟောက်ရန်က ပို၍ အံ့သြ သွားသည် ။
" ဒီဂြိုလ်သားတွေက ငါဖမ်းထားတာလေ.. "
လင်းမို့က လက်ညိုးထိုးပြလိုက်ပြီး...
" သူတို့ ထဲက အားအနည်းဆုံးက သာလွန်စစ်နတ်ဘုရားအဆင့်ပဲ ..ခု သူတို့ကို ချိတ်ပိတ်ထားတော့ မင်းကြိုက်သလို လုပ်လို့ရတယ်.. သူတို့နဲ့ ကစားချင်လား .."
' အနိမ့်ဆုံးက သာလွန်စစ်နတ်ဘုရားလား.. '
ဟောက်ရန်၏ မျက်လုံးများ ပြူးကျယ်သွားသည် ။ သာလွန်စစ်နတ်ဘုရားဖြင့် ကစားရမည်လော ။ ထိုထက် အဆင့်မြင့်သူများနှင့် ကစားရမည်လော ။ ဂြိုလ်သားများနှင့် ကစားရမည်လော ။
ဟောက်ရန် အလွန်စိတ်လှုပ်ရှား သွားပြီး တစ်ကိုယ်လုံး တုန်ရီလာပြီး မျက်ရည်များပင် စီးကျလာ၏ ။ သူက ထိမိစွာဖြင့်...
" အကိုမို့ ..ငါဘာပြောရမှန်း မသိတော့ဘူး.. မင်းက ငါရဲ့ ညီအကိုကောင်းပဲ.. "
ဟောက်ရန်က ထရပ်လိုက်ပြီး ဂြိုလ်သားများဆီသို့ လမ်းလျောက်သွားသည် ။
ရီက သူ၏ စွမ်းအားဖြင့် သေးငယ်သောကြာပွတ်တစ်ခု ဖန်တီးပေးလိုက်၏ ။ ထိုကြာပွတ်ဖြင့် ထရိုင်ဆိုလာရန်များအား ထိန်းချုပ်နိုင်ပေသည် ။
ပြီးနောက် ရီက လင်းမို့၏ အနားသို့ တိုး၍...
" အရှင်မို့.. ကျွန်တော်မျိုးဆီမှာ ဗာဂို နတ်ဘုရားရုံးတော်ကို ဆက်သွယ်နိုင်တယ့် ရတနာ တစ်ခုရှိတယ်.. "
" ဟမ်.."
လင်းမို့ တစ်ခါမှ မကြားဖူးပေ ။
ရီသည် လင်းမို့၏ မှတ်ညဏ်များ အပြည့်အဝ ပြန်မရသေးဟု ထင်သွားပြီး...
" ဒီရတနာကို သုံးပြီး ဆက်သွယ်လိုက်ရင် အရှင်မို့ရဲ့ ပါရမီနဲ့ဆို သေချာပေါက် ဝင်ခွင့်ရမှာ.. အဲ့မှာ သွားပြီး အနားယူရင်း အဆင့်ပြန်တက်လို့ ရပါတယ်ခင်ဗျ .. "
လင်းမို့က ခဏတာ စဥ်းစားပြီး...
" အဲ့မှာ ပါရမီရှင်တွေ အများကြီး ရှိတယ်မှလား.. "
" ရှိတာပေါ့.. ရှိတာပေါ့.. အများကြီးပဲ.."
ရီက ချက်ချင်းပြန်ဖြေလိုက်ပြီး...
" ကျွန်တော်တို့ နဂါးငွေ့တန်းလိုမျို့ ဂလက်ဆီ အစုအဝေးပေါင်း နှစ်ထောင်ကျော်နဲ့ စုဝေးထားတဲ့ ဗာဂိုမဟာဂလက်ဆီအစုအဝေးရဲ့ အလယ်မှာ ရှိပြီး သူ့အချင်းက အလင်းနှစ် သန်းတစ်ရာလောက် ကျယ်ပါတယ်.. ဒီရုံးတော် လက်အောက်မှာ ကြယ်တာရာ ယဥ်ကျေးမှုပေါင်း ထရီလီယံ ချီပြီး ရှိတယ်ဆိုတော့ ပါရမီရှင်ပေါင်း မရေမတွက်နိုင်လောက်အောင် ရှိမှာ သေချာပါတယ်.. "
ရီက ခဏနားလိုက်ပြီး...
" ကျွန်တော်တို့ ဒီနေရာကနေဆို အလင်းနှစ် သန်းငါးဆယ်နဲ့ ခြောက်ဆယ်ကြား ဝေးတယ်ဆိုတော့ ရောက်ဖို့တော့ သိပ်မလွယ်ဘူး.. ဒီရတနာနဲ့ဆို ဆက်သွယ်နိုင်ပြီး စမ်းသပ်မှု အောင်မြင်ရင် အဖွဲ့ဝင် ဖြစ်လာနိုင်ပါတယ်.. "
" အင်း ငါနားလည်ပြီ..."
လင်းမို့ နားလည်သွား၏ ။ ပါရမီရှင်များ များလွန်း၍ စမ်းသပ်မှု အောင်မြင်မှ အဖွဲ့ဝင်ခွင့်ရမည်ဖြစ်သည် ။ ဗာဂို ရုံးတော် ဆိုသည်က လူ့ယဥ်ကျေးမှု တစ်ခုလုံး၏ ထောက်တိုင်ကြီးဟု ပြော၍ရနိုင်ပေသည် ။
ဗာဂို မဟာဂလက်ဆီ အစုအဝေး၏ အပြင်ဘက် လာနီကီယာ မဟာဂလက်ဆီ အစုအဝေးတွင် ကာဗွန်အခြခံသော သက်ရှိများ နေထိုင်ကြသော်လည်း လူသားများ မရှိဘဲ နတ်ဆိုးများ ၊ အသိညဏ်ရှိသော အပင်များ နှင့် မှိုသက်ရှိများ ကဲ့သို့သော ယူကာရော့တစ် ကာဗွန်အခြေခံ သက်ရှိများသာ ဖြစ်သည် ။ ထိုအပြင် လာနီကီယာ မဟာဂလက်ဆီအစုအဝေး အပြင်ဘက် ကာဗွန်အခြေခံ မဟာတံတိုင်းကြီးတွင် ပိုးမွှားနတ်ဆိုးယဥ်ကျေးမှုများ ၊ ထူးဆန်းသည့် ဘက်တီးရီးယား ယဥ်ကျေးမှုများ ကဲ့သို့သော ယဥ်ကျေးမှုများက လွှမ်းမိုးထားသည် ။
' လူသားယဥ်ကျေးမှု ကောင်းကင်ဘုံ ရုံးတော်လား.. '
လင်းမို့သည် အလင်းနှစ် သန်းငါးဆယ်ကျော်ကို လှမ်းမျှော်ကြည့်လိုက်မိ၏ ။
' အဲ့တာ ဘယ်လို နေရာမျိုးလဲ.. '
**
အချိန်ရေစီးကြောင်းက အဆက်မပြတ် စီးဆင်းသွားသည် ။
နောင်နှစ်များအတွင်း လင်းမို့၏ နာမည်သည် နဂါးငွေ့တန်းအတွင်း ပို၍ ကျော်ကြားလာ၏ ။
ပထမဆုံး ထိတ်လန့်သွားသူများမှာ နဂါးငွေ့တန်း၏ အာဏာရှင်များပင် ဖြစ်သည် ။
အဆင့်ကိုးသက်ရှိများ ဦးဆောင်လာသော စစ်သင်္ဘောများသည် နေအဖွဲ့အစည်းသို့ ရောက်လျှင် လင်းမို့သည် ဗာဂိုနတ်ဘုရားရုံးတော်၏ စမ်းသပ်မှုကို အောင်မြင်ပြီး အဖွဲ့ဝင် ဖြစ်နေသည်ကို သိလိုက်ကြရသည် ။ လင်းမို့၏ မျက်ခုံး နှစ်ခုကြား တတိယမျက်လုံးနေရာတွင် ဗာဂိုနတ်ဘုရား တံဆိပ်ကို ပိုင်ဆိုင်ထား၏ ။ သူတို့သည် ဗာဂို နတ်ဘုရားရုံးတော်အား မဆန့်ကျင်ရဲ၍ တပ်ခေါက်ကာ ပြန်လှည့်သွားကြသည် ။
ဟောက်ရန်သည်လည်း လင်းမို့ကို မှီခိုပြီး နဂါးငွေ့တန်းတွင် ကျော်ကြားလာခဲ့သည် ။ သူ၏ သီအိုရီကို အပြည့်အဝ အသုံးချပြီး နဂါးငွေ့တန်း တစ်ခုလုံးအား ဂြိုလ်ပြာ၏ ဓားကြီးလောကကို ဖြန့်ကျက်ခဲ့၏ ။ နောက်ပိုင်းတွင် သူ၏ ကလပ်အိမ်များကို ဗာဂိုရုံးတော်၏ ပိုင်နက်တစ်ခုလုံး ဖြန့်ကျက်နိုင်ခဲ့သဖြင့် ဗာဂိုနတ်ဘုရားရုံးတော်မှ ချီးမြှင့်သော ပြည့်တန်ဆာနတ်ဘုရားဘွဲ့ကို ရရှိပြီး နတ်ဘုရား ဖြစ်လာခဲ့သည် ။
ရီသည်လည်း လင်းမို့၏ အကူအညီဖြင့် အသက်ဆွဲဆန့်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏ ။
မရေမတွက်နိုင်သော နှစ်များ ကြာပြီးနောက် တွင်းနက်အလယ်တွင် အိပ်စက်နေသော လင်းမို့အား လူအများ မြင်တွေ့ဖူးကြသည် ။
စူပါနိုဗာ ပေါက်ကွဲမှု အလယ် တွင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအားများကြား ရေချိုးနေသော လင်းမို့အား လူအများ မြင်တွေ့ဖူးကြသည် ။
အချိန်များ ကုန်ဆုံးသွားသော နေ့တစ်နေ့....
1+1=2 နှင့် ပလန့်၏ ကိန်းသေ ၆.၆၂၆၀၇၀၁၅ ×၁၀ ^ ( - ၃၄) ဖြင့် တည်ဆောင်ထားသော ဤ စကြာဝဠာ သည် သက်တမ်းကုန်ဆုံးသွားပြီး မဟာပေါက်ကွဲမှု ( Big Bang ) ဖြင့် ပြန်လည်စတင်ရန်အချိန်သို့ ရောက်ရှိလာလေပြီ ။
လင်းမို့သည်လည်း စကြာဝဠာ ၏ အထွတ်အထိပ်တွင် ရပ်တည်နေပြီး သူ၏ ဂုဏ်သတင်းက မတူညီသည့် ယဥ်ကျေးမှု များစွာကို ဖြတ်ကျော် ပျံ့နှံ့သွားသည် ။
ကာဗွန်အခြေခံ မဟာတံတိုင်းအတွင်းရှိ ပိုင်ဆက် စင်တောရပ် မဟာဂလက်ဆီ အစုအဝေးများတွင်သာမက သတ္တုအခြေခံ သက်ရှိများ နေထိုင်ကြသော စလိုန်း မဟာတံတိုင်း ၊ စီလီကွန်အခြေခံ သက်ရှိများ နေထိုင်ကြသော ကလိုးစ် ကမ်ပူဆာနို မဟာတံတိုင်း ၊ အရည်ပုံစံ သက်ရှိများ နေထိုင်ကြသော U1.11LQG ၊ ပုံသဏ္ဍာန်မဲ့ သက်ရှိများ နေထိုင်ရာ Huge-LQG နှင့် စကြာဝဠာ သက်ရှိများ နေထိုင်ရာ Martial Immortal - North Corona မဟာတံတိုင်း များပါ လင်းမို့၏ ဂုဏ်သတင်းကို ဦးညွတ်ခဲ့ရ၏ ။
Big Bang မစတင်မီ တစ်ညနေအလိုတွင် စကြာဝဠာ ၏ အပြင်ဘက်မှ ထူးခြားဆန်းကျယ်သော ပုဂ္ဂိုလ်တစ်ယောက်သည် တိုင်းတာ၍ မရနိုင်အောင် သန်မာသည့် လင်းမို့ထံသို့ ရောက်လာပြီး ပြုံးကာ ပြောလိုက်သည် ။
" ဟေး.. မင်း ငါတို့ ရဲ့ နတ်ဘုရားအုပ်စိုးမှု မဟာမိတ်မှာ မပါချင်ဘူးလား.. "
..............................ဤတွင်ပြီး၏................................
ပြီးဆုံးသည် အထိ ရေးနိုင်အောင် ဖတ်ရှုအားပေးခဲ့သူ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူး အများကြီး အများကြီး တင်ပါတယ်ဗျ ။ စာဖတ်ပရိတ်သတ်တွေရဲ့အားပေးမှုက နောက်လှမ်းမဲ့စာပေခြေလှမ်းအတွက်ခွန်အားဖြစ်ပါတယ် ဒါ့ကြောင့်နောက်ထပ်စာစဥ်အသစ်မှာလည်း အခုလိုအားပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာ။ သတ္တဝါများ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး မတောင်းမတ ကြောင့်မကျရဘဲ လိုအင်ဆန္ဒများအားလုံး ပြည့်ဝကျပါစေဗျ.......
နောက်စာစဥ် မိတ်ဆက်ပါဗျ...
ထာဝရအသက်ဟူသည် ~ Kill Me More Times, I’ll Become Invincible ( ချောင်မူ)
မူရင်း ရေးသားသူ ~ Keyboard Emperor, 键盘大帝
ဘာသာပြန်သူ ~ Vlack
အပိုင်းရေ ~ ( Completed)
အမျိုးအစား ~ Adventure, Fantasy, Comedy, Action, Xianxia, Drama
အကြောင်းအရာ...
ချောင်မူသည် အင်မော်တယ်များနှင့် သိုင်းပညာရှင်များ ယှဥ်တွဲနေထိုင်ကြသော ကမ္ဘာတစ်ခုတွင် ပြန်လည်ရှင်သန် နိုင်သော ရတနာ တစ်ခုနှင့် နိုးထလာခဲ့၏ ။
သူ ပြန်လည် ရှင်သန်လာတိုင်း အသက်ပိုကြီးလာသော်လည်း သိုင်းပညာရပ်များကို ပိုမို ကျွမ်းကျင်လာခဲ့သည် ။
သူသေလေ အသက်ကြီးလေ ပိုသန်မာလေပင် ။ သူရဲကောင်းဆန်သော သေဆုံးခြင်းက ပြန်လည်ရှင်သန်လာချိန်တွင် ပို၍ သန်မာလာမည်ဖြစ်သည် ။
သူ သေရန် နည်းအမျိုးမျိုး ရှာဖွေနေပြီး အမြဲ အန္တရာယ်ကြားထဲသို့ တိုးဝင်နေခဲ့သည် ။
ငယ်ရွယ်သူ တစ်ယောက်ကို သတ်မိသည်နှင့် လက်စားချေရန် အဘိုးကြီးတစ်ယောက် ပေါ်လာသည်ကို ရန်သူများ ထိတ်လန့်သွားကြ၏ ။
ပြိုင်ဘက်ကင်း အင်မော်တယ် မိသားစု၏ ဒဏ္ဍာရီက ကမ္ဘာကြီးတွင် ပြန့်နှံ့ လာခဲ့သည် ။
" ချောင်မိသားစုက မိသားစု တစ်ဆက်ပြီး တစ်ဆက် သစ္စာစောင့်သိပြီး ဖြောင့်မတ်တဲ့ သူရဲကောင်းတွေကွ.... သူတို့က မကောင်းမှုကို ဖယ်ရှားကြတယ်...အသက်ထက် ဂုဏ်သိက္ခာကို ဂရုစိုက်ကြပြီး ကမ္ဘာကြီးကို ဦးဆောင် ကာကွယ်မယ့်သူတွေ... "
" တစ်ချိန်တုန်းက သူ့သားက ငါ့ကို ကာကွယ်ရင်း အသက်ပေးသွားတာ... သူ့အဖေ အထီးကျန်ဝမ်းနည်းပြီး အသက်ဆက်ရှင်နေရတာကို ငါမကြည့်ရက်တော့ဘူး..."
" ချောင် မိသားစုက လူတွေက မကောင်းတဲ့ ဘုရင်ကို လုပ်ကြံဖို့ ကြိုးစားရင် အသက်ပေးသွားကြတာ... ဘုရင်က မကြောက်ဘူးလား... ချောင်မိသားစုက အသက်တစ်ထောင်ကျော် ဘိုးဘေးကြီး ပေါ်လာတော့မယ်... "
" နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေ ဆင်းသက်လာတာလား... သူတို့က ချောင်မိသားစု ဘိုးဘေးကြီးကို ဘာလို့ ဆရာကြီးလို့ ခေါ်နေကြတာလဲ ... ချောင်မိသားစုမှာ ဘိုးဘေး ဘယ်နှယောက်ရှိတာလဲ... သူတို့ ဘယ်ကနေ ပေါ်ပေါ်လာတာလဲ ... "
မရေမတွက်နိုင်အောင် သေဆုံးပြီးနောက်... ချောင်မူ သူ့ကိုယ်သူ သတိထားမိသွားသောအခါ ... သူ နှစ်သန်းပေါင်းများစွာ အသက်ရှင်သန်ခဲ့ပြီး အလွန်စွမ်းအားကြီးမားကာ လူသားမျိုးနွယ်၏ ဘိုးဘေး ဖြစ်လာကြောင်း သိလိုက်ရသည် ။
......... နောက်လကနေ စပြီး တင်ပါမယ်ဗျ