ဂုဏ်ပုဒ်အသစ် _ အဆိပ်သခင်
Vol. 7 Ch. 86
သူ၏ အားကောင်းသည့် အသက် စွမ်းအားကြောင့်သာ အန်လင်းသည် ထိုအခြေအနေမှ ကျော်လွန်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူ့အရှေ့တွင် ရှိနေသည့် နှလုံးသားကင်းမဲ့သူ နှစ်ဦးအား ကြည့်ကာ ဒေါသတကြီးဖြင့် သွားများအား ဖိကြိတ် လိုက်တော့သည်။
ဘာကို အချစ်စစ်တုန်း။ သူခံစားနေရသည်မှာ အလွန် ဆိုးဝါးလွန်းသည့် စိတ်ထားနှင့် ဖျားနာစေလိုမှု တို့သာလျှင် ဖြစ်သည်။
ကောင်းကင်နတ်မိမယ် မြေခွေးနီသည် အန်လင်း၏ သွေးထဲတွင် မည်သည့် အရာကိုမျှ ရှာဖွေတွေ့ရှိခြင်း မရှိပါ။ ထို့ကြောင့် သူမသည် သွေးဘုရင်များ၏ အလောင်းများထံသို့ စစ်ဆေးရန် ပြေးသွားလိုက်သည်။ ထိုအချိန်တွင် ဓားအင်မော်တယ် မြစ်စိမ်းသည် အန်လင်းအား လေးစားစွာဖြင့် ကြည့်နေလေသည်။
“အန်လင်းရေ... မင်းရဲ့သွေးက အရမ်းကို အသုံးဝင်တာပဲကွ... နောက်များတော့ ငါတို့အနေနဲ့ သွေးမျိုးနွယ်တွေနဲ့ တွေ့လာမယ်ဆိုရင်...”
ဓားအင်မော်တယ်မြစ်စိမ်း ပြောလို့ မပြီးသေးခင်မှာပင် အန်လင်း ဖြတ်ပြောလိုက်သည်။
“မရဘူး၊ အရှုံးခံလိုက်…”
အန်လင်း၏ ခိုင်မာစွာ ပြောဆိုနေမှုအား မြင်လိုက်ရသဖြင့် ဓားအင်မော်တယ် မြစ်စိမ်းသည် ရှုက်ရွံ့စွာဖြင့်သာ ခေါင်းကုတ်နေမိသည်။ ထို့နောက်တွင် သူသည် WeChat ဂရုအား ဖွင့်လိုက်တော့သည်။
…
‘ကမ္ဘာမြေပေါ်ရှိ ကျင့်ကြံသူ အားလုံး စုပေါင်းကာ ကမ္ဘာကြီးအား ကာကွယ်ကြမယ်”ဂရု”
ဓားအင်မော်တယ် မြစ်စိမ်း “ဟဟ... ခြုံခိုတိုက်ခိုက်မှု အောင်မြင်တယ်ကွ... ငါတို့က ပြိတ္တာဘုရင် တစ်ကောင်နဲ့ သွေးဘုရင် နှစ်ကောင်ကို သတ်ပစ် လိုက်နိုင်တယ်...”
ဓားအင်မော်တယ် မြစ်စိမ်း ထိုသို့ ပို့ပြီးသည်နှင့် ကျင့်ကြံသူ အများအပြားသည် ဂရုအတွင်း ဝင်ရောက်လာကြသည်။ ချက်ချင်း ဆိုသလိုပင် ဂရုသည် လှုပ်လှုပ်ရှားရှား ဖြစ်လာ တော့သည်။
ကယ်တင်ရှင် “ဘုရားရေ... ဒါက တကယ်ကို ရူးဖို့ ကောင်းလွန်းတဲ့ တိုက်ပွဲ အောင်မြင်မှုပဲ... မင်းတကယ်ကြီး သူတို့ကို သတ်လိုက် နိုင်တာလား...”
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး “မျှော်လင့်ထားတဲ့ အတိုင်းပဲ... အမျိုးသားနဲ့ အမျိုးသမီး အတွဲက အံ့ဩဖို့ကောင်းတဲ့ ရလဒ်ကို ရရှိ စေလိမ့်မယ်လို့...”
အသည်းကွဲ သမားလေး အကြားအမြင် ပညာရှင် _ “သူတို့က အံ့ဩဖို့ ကောင်းတာတွေကို ပြုလုပ်နိုင်ရုံတင် မကဘူး ဘဝအသစ် တစ်ခုကိုလည်း စတင်နိုင်လိမ့်မယ်...”
အနုမြူနတ်သမီးလေး : “…”
ရွှေကျောက်စိမ်း : “…”
ဓားအင်မော်တယ်မြစ်စိမ်း- အသည်းကွဲ သမားလေး အကြားအမြင် ပညာရှင်ရေ... ငါတို့ နောက်တစ်ကြိမ် တွေ့ကြမယ် ဆိုရင်တော့ ငါက ဘဝ တစ်ခုကိုလည်း ဖျက်ဆီး နိုင်လိမ့်မယ်ကွ...”
အသည်းကွဲသမားလေး အကြားအမြင်ပညာရှင်_ “ကျွန်တော်က နောက်နေတာရယ်... အတည်မယူနဲ့နော်...”
ထိုအချိန်မှာပင် ကောင်းကင်နတ်မိမယ် မြေခွေးနီသည်လည်း မက်ဆက်ချ်တစ်ခု ပို့လာလေသည်။
ကောင်းကင်နတ်မိမယ် မြေခွေးနီ _ “အမျိုးသားနဲ့ အမျိုးသမီးအတွဲက ဘဝတစ်ခုကိုလည်း တကယ်ကို ဖျက်ဆီး ပစ်နိုင်တယ်နော်... အသည်းကွဲသမားလေး အကြားအမြင်ပညာရှင်... နင်စောင့်နေလိုက်...”
ကောင်းကင်နတ်မိမယ် မြေခွေးနီ၏ မက်ဆေ့ချ်အား မြင်လိုက်ရသည့် အခါတွင် အသည်းကွဲသမားလေး အကြားအမြင် ပညာရှင်မှာ မျက်ရည်များ ဝဲတက် လာတော့သည်။
ဓားအင်မော်တယ် မြစ်စိမ်းသည် စနောက်နေခြင်း ဖြစ်နိုင်သော်လည်း ကောင်းကင် နတ်မိမယ် မြေခွေးနီမှာ သူမ၏ စကားများအား ဖြစ်မြောက်အောင် ပြုလုပ်တတ်သူ ဖြစ်သည်။
အသည်းကွဲ သမားလေး အကြားအမြင် ပညာရှင်သည် အလွန် ကြောက်ရွံ့မိသဖြင့် ပုန်းအောင်းရန် စီစဉ်နေမိသည်။ ထိုအချိန်မှာပင် ဓားအင်မော်တယ် မြစ်စိမ်းသည် မက်ဆေ့ချ်တစ်ခု ပို့လာပြန်သည်။
ဓားအင်မော်တယ်မြစ်စိမ်း _ “တကယ်တော့ ပြိတ္တာဘုရင်နဲ့ သွေးဘုရင်တွေကို သတ်လိုက်နိုင်တာ အန်လင်းရဲ့ ကျေးဇူးကြောင့်ပဲ... သူက အကြီးကြီး အကူအညီ ပေးခဲ့တာ...”
ထိုမက်ဆေ့ချ်အား ပို့လိုက် ပြီးသည်နှင့် ချက်ချင်း ဆိုသလိုပင် ကျင့်ကြံသူများ၏ စိတ်ဝင်စားမှုများမှာ ရပ်တန့် သွားကြသည်။
အန်လင်းသည် အလွန်သန်မာ အားကောင်းသော ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ရန်သူများကို ရင်ဆိုင် တိုက်ခိုက်ရန် အတွက်မူ အလှမ်းဝေးလွန်း နေသေးသည်။ ဓားအင်မော်တယ်မြစ်စိမ်း ပြောသည့်အတိုင်း ကြီးမားသည့် အကူအညီ ဖြစ်ခဲ့သည်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
ထျန်းလင်းလင်း _ “မဖြစ်နိုင်ပါဘူးနော်... သူက အဲဒီကို အပျော်သွားတာ မဟုတ်ဘူးလား...”
ဉာဏ်အလင်း ပွင့်နေသည့် ငပျင်းလေး _ “ဝေါင်း... အန်လင်းက အကူအညီ အကြီးကြီး ပေးခဲ့တယ်ပေါ့... ဆရာကြီးဟေ့...”
ကောင်းကင်နတ်မိမယ် တည်ငြိမ် _ “ဒီလိုမျိုးလား... သူက တိုက်ပွဲရဲ့ အရေးအကြီးဆုံး အဆင့်မှာ အခရာ ဖြစ်ခဲ့တာမျိုးလေ...”
ဂရုအတွင်းရှိ ကျင့်ကြံသူများသည် ထင်မြင် ယူဆချက်များစွာ ဖြစ်ပေါ် လာကြသည်။ ထိုအချိန်မှာပင် ဓားအင်မော်တယ် မြစ်စိမ်းသည် မက်ဆေ့ချ် တစ်ခု ပို့လာပြန်သည်။
ဓားအင်မော်တယ် မြစ်စိမ်း _ “တိတိကျကျ ပြောရမယ် ဆိုရင်တော့ကွာ ပြိတ္တာဘုရင်နဲ့ သွေးဘုရင် နှစ်ကောင်စလုံးကို အန်လင်းက သတ်လိုက်တာလို့ ပြောနိုင်တယ်...”
ကယ်တင်ရှင်: “…”
ရွှေကျောက်စိမ်း: “…”
ထျန်းလင်းလင်း: “…”
အန်လင်းက သတ်လိုက် တာတဲ့လား။ ထိုမက်ဆေ့ချ်အား မြင်လိုက်သည့်အခါ ဂရုအတွင်းရှိ ကျင့်ကြံသူ အားလုံးတို့မှာ တိတ်ဆိတ် သွားကြတော့သည်။
နောက်ဆုံးတွင်...
ဉာဏ်အလင်း ပွင့်နေသည့် ငပျင်းလေး _ “မြစ်စိမ်းကတော့ နောက်ပြီ... ဟုတ်တယ် မဟုတ်လား... အန်လင်းက တာအိုခန္ဓာ အဆင့် ၁၀ပဲ ရှိသေးတာ မဟုတ်ဘူးလား...”
ငပျင်းလေးသည် ဂရုချက်အတွင်းရှိ ကျင့်ကြံသူ အားလုံး၏ အတွေးများကို ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။ တာအိုခန္ဓာ အဆင့် ၁၀ ကျင့်ကြံသူ တစ်ဦးသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးအား သတ်ဖြတ်ရန်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
ဖြစ်နိုင်သည်မှာ ထိုသုံးကောင်သည် အပြင်းအထန် ဒဏ်ရာရရှိထားသဖြင့် အန်လင်းမှ သတ်ပစ်လိုက်ခြင်း...
မည်သည့်နည်းနှင့်မျှ အဓိပ္ပါယ် ရှိမနေချေ။
ဓားအင်မော်တယ် မြစ်စိမ်း _ “ပြိတ္တာဘုရင်က ငါနဲ့ ကောင်းကင်နတ်မိမယ် မြေခွေးနီကြောင့် ဒဏ်ရာ အပြင်းအထန် ရထားတယ်လေ... ပြီးတော့ အန်လင်းက အဆုံးသတ် ပေးလိုက်တယ်...
သွေးဘုရင် နှစ်ကောင်ကတော့ တစ်ကောင်က အန်လင်းရဲ့ သွေးကို သောက်ပြီးတာနဲ့ အဆိပ်မိပြီး သေသွားတယ်... နောက်တစ်ကောင်ကတော့ အန်လင်းရဲ့ သွေးတွေ သုတ်လိမ်းထားတဲ့ ဓားနဲ့ ခုတ်ခံလိုက်ရတာမို့ သူလည်းပဲ အဆိပ်မိပြီး သေသွားတယ်...”
ထျန်းလင်းလင်း _ “… ဟမ်... သွေးဘုရင် နှစ်ကောင်က သူ့ရဲ့သွေးကြောင့် အဆိပ်မိပြီး သေသွားတယ်တဲ့လား...”
ဉာဏ်အလင်း ပွင့်နေသည့် ငပျင်းလေး _ “အဟ... အဆိပ်မိပြီး သေသွားတယ်ပေါ့... အန်လင်းက ဓားနဲ့ တစ်ချက်တည်း ခုတ်လိုက်လို့ သေသွားတယ် ဆိုရင်တောင် ယုံလိုက်ပါ့မယ် ခင်ဗျာ...”
ကောင်းကင်နတ်မိမယ် တည်ငြိမ် _ “ဓားအင်မော်တယ် မြစ်စိမ်းရေ... အန်လင်းက သူ့ရဲ့သွေးကို အဆိပ်ခပ်လိုက်တယ်လို့ ပြောချင်တာမျိုးလား...”
ဓားအင်မော်တယ်မြစ်စိမ်း _ “မဟုတ်ဘူး... သူ့ခန္ဓာကိုယ်ကိုက အဆိပ် ဖြစ်နေတာဟေ့... အဲဒါကြောင့် ငါက အန်လင်းကို အရမ်း အထင်ကြီး လေးစားမိ နေတာပေါ့...”
ထျန်းလင်းလင်း _ “ဝေါင်း... အတုအယောင် တာအိုရောင်းရင်းက အရမ်းမိုက်တာပဲ... အူးဝါး...”
အနုမြူ နတ်သမီးလေး _ “သေချာတော့ နားမလည်ပေမဲ့ မျှော်လင့် ထားသလိုမျိုး တာအိုရောင်းရင်း အန်လင်းက အရမ်း အစွမ်းထက်တာပဲ...”
ကယ်တင်ရှင် _ “ဒီလိုဆိုရင်ကော... တာအိုရောင်းရင်း အန်လင်းကို ‘အဆိပ်သခင်’ ဆိုတဲ့ ဂုဏ်ပုဒ် အပ်နှင်း လိုက်ကြမယ်လေ...”
တာအိုရောင်းရင်း တောသားလေး နွားကြီး _ “သဘောတူတယ်ဗျို့...”
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး _ “ကောင်းပရှင်...”
တာအိုရောင်းရင်း တိမ်တိုက်စူးစမ်း _ “ထောက်ခံပါတယ်...”
…
အန်လင်းသည်လည်း ထိုမက်ဆေ့ချ်များအား ဖတ်နေခြင်း ဖြစ်သည်။ ဂရုချက်အတွင်းရှိ လူများသည် သူ၏ ‘အဆိပ်သခင်’ ဟူသည့် ဂုဏ်ပုဒ်အား တညီတညွတ်တည်းဖြင့် သဘောတူ ထောက်ခံနေကြခြင်းကို မြင်တွေ့ရသည့် အခါတွင် မျက်လုံးထဲ၌ မျက်ရည်များ ဝေ့သီ လာတော့သည်။ ထို့နောက်တွင် လက်ထဲတွင် ကိုင်ထားသည့် ဖုန်းအား အဝေးသို့ ပို့လိုက်မိသည်။
အန်လင်းသည် မျက်ရည်များ ကျမလာစေရန်အတွက် ခေါင်းမော့ကာ ကောင်းကင်ကြီးအား မျှော်ကြည့်လိုက်သည်။
ထို့နောက်တွင် ကောင်းကင်နတ်မိမယ် မြေခွေးနီသည် သွေးဘုရင်များ၏ အလောင်းများအား သယ်ဆောင်ကာ ချင်းချူ လျှို့ဝှက်နယ်မြေသို့ ပြန်လည် ထွက်ခွာသွားတော့သည်။
ဓားအင်မော်တယ် မြစ်စိမ်းသည် အန်လင်း၏ ပုခုံးအား လက်ဖြင့်ပုတ်ကာ ဖော်ရွေစွာဖြင့်...
“အဆိပ်သခင်ရေ... မင်းကို ရုံမြို့ကို ပို့ပေးမယ်လေ...”
အန်လင်းမှာ မျက်နှာ ရှုံ့မဲ့လာတော့သည်။
မင်းမေကို အဆိပ်သခင်ဖြစ်လိုက်...
သွေးအမြောက်အများ ဆုံးရှုံးထားသည်ကြောင့် သူ့တွင် အထွန့်တက်ဖို့ရာ ခွန်အား မရှိတော့ချေ။ ထို့ကြောင့် ငေးငိုင်လျက်ဖြင့်သာ ခေါင်းညိတ် လိုက်ရသည်။
ထိုသို့ဖြင့် အန်လင်းနှင့် ဓားအင်မော်တယ် မြစ်စိမ်းတို့သည် ရုံမြို့သို့ ပျံသန်း ထွက်ခွာသွားလေသည်။
…
ချန်တုသို့ ပြန်ရောက်သည်နှင့် အန်လင်းသည် သူ၏ နေ့ရက်များအား ငြိမ်းချမ်းစွာဖြင့် ဖြတ်သန်းမည်ဟု တွေးထားသည်။
သို့သော်လည်း နည်းပညာ ခေတ်ကြီးထဲတွင် သူ၏ ‘အဆိပ်သခင်’ ဟူသည့် ဂုဏ်ပုဒ်မှာ ကျင့်ကြံခြင်း လောက တစ်ခုလုံးသို့ တစ်ရက်အတွင်း ပျံ့နှံ့ သွားလိမ့်မည်ဟု အန်လင်းသည် မျှော်လင့်မထားမိခဲ့ချေ။
နောက်တစ်နေ့တွင် တရုတ်ပြည်ရှိ ထိပ်တန်းကျင့်ကြံခြင်း ဂိုဏ်းများမှ ဂိုဏ်းခေါင်းဆောင် လေးဦးသည် အဆိပ်သခင်ထံသို့ လာရောက် လည်ပတ်ကြလေသည်။ ထိုဂိုဏ်းများမှာ ဝူတန်း၊ ခွန်းလွန်၊ လုံဟူနှင့် ရှန်းချင်တို့ ဖြစ်ကြသည်။
တရုတ်ပြည်တွင် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ လေးဦးသားရှိပြီး ထိုလေးဦးလုံးမှာ ယခု ရောက်ရှိလာကြသည့် ဂိုဏ်းကြီး လေးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်များ ဖြစ်ကြသည်။
သူတို့သည် အဆိပ်သခင်ထံသို့ စိတ်အားထက်သန်စွာဖြင့် လာရောက် လည်ပတ်ကြခြင်း ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်များ လာရောက်ကြရသည့် အကြောင်းမှာ အဆိပ်သခင်အား လေ့လာရန်အတွက် ဖြစ်သည်။ ထို့ကြောင့် အန်လင်းမှာ မျက်ရည်များ ကျလာတော့သည်။
“အဆိပ်သခင်ရေ... ဘာလို့များ ဒီရောင်းရင်းကို ထိခွင့် မပေးရတာလဲဗျာ...”
ဝူတန်း ဂိုဏ်းချုပ်ဖြစ်သူ တာအိုရောင်းရင်း ဘုန်းတော်ကြီး ရှုရန်သည် ရယ်မောကာဖြင့် သူ၏ လက်များအား အန်လင်းထံသို့ လှမ်းလာသည်။
“အဆိပ်သခင်ကို အနှောင့်အယှက် ပေးနေတာ ရပ်လိုက်စမ်း...” ထိုအချိန်တွင် ဆံပင်ဖြူ မုတ်ဆိတ်ဖြူနှင့် လူကြီးတစ်ဦးသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
အန်လင်းသည် ထိုလူကြီးအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ ထိုလူကြီးမှာ လုံဟူတောင်၏ ကောင်းကင်ရှီးဖော့ကျန်း ဖြစ်သည်။
“အကျိုးနဲ့ အကြောင်းနဲ့ စဉ်းစားစမ်းပါကွ... ငါတို့ရဲ့ လေ့လာမှုကို သေသေချာချာ လုပ်ချင်တယ်ဆိုတာ သူ့အပေါ်ကို မှီတည် နေတယ်ကွ...”
ကောင်းကင်ရှီးဖော့ ကျန်းသည် ဆေးထိုးပြွန် တစ်ခုကို ထုတ်ယူလိုက်ပြီး အန်လင်းအား ကြင်နာစွာ ကြည့်လာသည်။ အန်လင်းသည် ဆေးထိုးပြွန်အား မြင်လိုက်ရသည့် အခါတွင် မူးမေ့လဲသွားတော့ မတတ်ပင်။
လခွမ်း... ခင်ဗျားက ကျုပ်ရဲ့သွေးကို ထုတ်ချင်နေတယ်ပေါ့...
အဲလောက်ထိ အကြင်နာမဲ့ဖို့ လိုသလားဗျ...
ယမန်နေ့က သွေးအမြောက်အများ ဆုံးရှုံးထားရသဖြင့် အန်လင်းသည် ယခုထက်တိုင် သွေးမြင်လျှင် မူးဝေနေတုန်းပင် ဖြစ်သည်။ သွေးအားနည်း နေသည်ဟုပင် ခံစားနေရသည်။
မဟုတ်ဘူး၊ သွေးကြောက်ရောဂါ... သွေးဟူသည့် စကားလုံးကပင် သူ့အား ကြောက်ရွံ့ထိတ်လန့် နေစေသည်။
“အဆိပ်သခင်ရေ... အရမ်းကြီး လန့်မနေပါနဲ့ကွာ... မင်းရဲ့သွေးကို အများကြီး မယူပါဘူး... နှမ်းစေ့ လေးလောက်ပါပဲ...” အသက်ငါးဆယ် ဝန်းကျင်ရှိမည့် ဝတ်ရုံနက် ဝတ်ထားသည့် လူကြီးတစ်ယောက်က အန်လင်းအား နှစ်သိမ့်လာသည်။
သူသည် ခွန်းလွန်အင်မော်တယ် ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဖြစ်သူ ဝိညာဉ်ငယ်ရှီ ဖြစ်သည်။ အန်လင်းအား ပြောနေစဉ်မှာပင် သူသည် စစ်ဆေးရေးမန္တန် ဝင်္ကဘာအား ပြင်ဆင် နေလေသည်။
“ဟေ့... မင်း ယောက်ျား မဟုတ်ဘူးလား... သွေးလေး နည်းနည်းလောက် ထွက်တာကို ဘာလို့ ကြောက်လန့်နေရတာလဲ...”
“အဲဒီလောက်တောင် ကြောက်နေရင်လည်း ဒီလူကြီးကပါ အတူတူ ဖောက်ထုတ် ပေးမယ်ဗျာ...”
ရှန်းချင်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင် တာအိုရောင်းရင်း ယူမူသည် ရဲရင့်စွာ ပြောလာသည်။ ထိုသို့ပြောနေရင်းနှင့် သူသည် ဓားကိုဆွဲထုတ်ကာ လက်မောင်းအား လှီးဖြတ်လိုက်သည်။
ယူမူ ထိုသို့ပြောစဉ် အန်လင်းသည် စနောက်နေခြင်း ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသည်။
ထို့နောက်တွင် သွေးများ ပန်းထွက်ကာ သူ့မျက်နှာသို့ လာစင်လေသည်။
ဒီဖေ... ဒီသောက်ရူးကောင်က ဘယ်ကနေ ရောက်လာတာတုန်းဗျ...
အန်လင်းသည် စိတ်ထဲမှ အော်ဟစ်နေမိသည်။ ထို့နောက် ရင်ထဲတွင် တင်းကြပ်လာကာ နှလုံးခုန်နှုန်းများ မြန်ဆန် လာတော့သည်။
သိပ်ကောင်းတယ်... သွေးကြောက်တဲ့ ရောဂါက ပိုဆိုးလာပြီလေ...
***