← Chapters

( အရှင်မင်းကြီးမှာ အစီအစဥ် ရှိနေခဲ့တာပဲ)

Vol. 9 Ch. 120

( အရှင်မင်းကြီးမှာ အစီအစဥ် ရှိနေခဲ့တာပဲ)

Vol. 9 Ch. 120

ရှကျိုးယွီက ဘုရင်တစ်ယောက် ဆိုတာ မှန်ပေမဲ့ မောက်မာမှုက အကန့်အသတ်ရှိသင့်သည်။

ဒါပေမယ့် ဒီစာစောင်က..

လီဖူ ထပ်မံပြီး ဒုတိယအကြိမ် ဂရုတစိုက် ဖတ်လိုက်သည်။

စာထဲမှာ အများကြီးမရေးထားဘူး။

အမတ်လီလွင်ပုကို ကာကွယ်ဖို့နဲ့ လီလွင်ပုရဲ့ လုပ်ရပ်တွေကို အတူ ပူးပေါင်းလုပ်ဆောင်ဖို့ပဲ တောင်းဆိုထားသည်။

လီဖူ အကြိမ်ကြိမ် ဖတ်လိုက်သည်။

ဒါပေမယ့် စာစောင်ထဲမှာပါဝင်သော လှည့်ကွက်ကို နားမလည်နိုင်သေးဘူး။

ထို့ကြောင့် မနေနိုင်စွာဖြင့် လီလွင်ပုကို မော့ကြည့်လိုက်သည်။

“ငါ ဒီစာကို ဖတ်ပြီးပြီ။ ငါတို့ထျန်းချီတာဝါက ပြည်တွင်းရေးမှာ ဝင်ပါလို့မရဘူး။ စစ်ပွဲထဲမှာဆိုရင် ပြောတောင်မပြောနဲ့တော့။ ရှကျိုးယွီက ဘာကိစ္စ ငါ့ကို အကူအညီတောင်းရတာလဲ?”

လီဖူ တည်ငြိမ်စွာ ပြောလိုက်သည်။

လီလွင်ပုလည်း အံ့ဩသွား၏။

လီဖူ ဆိုလိုသော အဓိပ္ပာယ်ကို သူချက်ချင်းပဲ သဘောပေါက်လိုက်သည်။

ထို့ကြောင့် လီလွင်ပု အမြန်ပြောလိုက်သည်။

“သခင်လီ ဘာမှလုပ်စရာမလိုပါဘူး။ အခုက တရှားတိုင်းပြည်အတွင်းမှာ သိုင်းလောကသားတွေ အများကြီး စုဝေးနေခဲ့ပြီး သူတို့တွေကြောင့် ငြိမ်းချမ်းမှုကို မထိန်းသိမ်းနိုင်မှာကိုစိုးရတယ်”

“ ဒါကြောင့် ငွေတွေသယ်ဆောင်မယ့် တရှားတိုင်းပြည်ရဲ့ တပ်သားတွေကို လိုက်ပါစောင့်ကြပ်ပေးဖို့ သခင်လီဆီကို အကူအညီတောင်းရတာပါ”

“ သခင်လီသာ ပါဝင်မယ်ဆိုတဲ့ သတင်းထွက်ခဲ့ရင် အဲ့ဒီဂိုဏ်းသားတွေ လုံးဝနှောက်ယှက်ရဲမှာမဟုတ်တော့ဘူး”

လီလွင်ပုရဲ့ နှလုံးသားထဲမှာ မသေချာတဲ့ ခံစားချက်ကို ရနေခဲ့သည်။ ရှကျိုးယွီဘက်မှ အားလုံးကိုစီစဉ်ပြီးပြီဟု သူ အစက ထင်မှတ်ထားသည်။

အခုတော့ အတွေးလွန်ခဲ့သည်ဆိုတာ လက်ခံလိုက်ရတော့၏။

လီဖူက ချက်ချင်းအဖြေမပေးခဲ့ဘူး။

ထိုအစား မျက်လုံးမှိတ်ကာ ခဏ တွေးတောလိုက်သည်။

'ရှကျိုးယွီ ဘာကိုဆိုလိုချင်တာဖြစ်မလဲ? ထျန်းချီတာဝါရဲ့ အစွမ်းကို အသုံးပြုပြီးတော့ သူဘာတွေ ကြံစည်ချင်နေတာလဲ?’

‘ ဒါမှမဟုတ် ငါ့ရဲ့ကျေးဇူးတင်မှုကိုပဲ စမ်းသပ်ချင်နေတာလား?’

‘ ဒါပေမယ့် စာထဲမှာပါတဲ့ အကြောင်းအရာတွေက ထျန်းချီတာဝါရဲ့ စည်းမျဉ်းကို ဆန့်ကျင်တာမပါဘူး’

ထျန်းချီတာဝါတွင် ပြည်တွင်းရေးကို ဝင်မစွတ်ဖက်ရဘူးဟူသော စည်းကမ်းချက်ရှိပေမယ့် အကယ်၍ သိုင်းလောကသားတစ်ယောက်က ဦးစွာ အနှောက်အယှက် ပြုလာခဲ့ရင် ပြန်တိုက်ခွင့်ရှိသည်။

'မဟုတ်မှ ရှကျိုးယွီက ဒီကိစ္စကိုတောင် သိနေတာလား?’

‘ဒါကြောင့်မို့လည်း ထျန်းချီတာဝါကိုအသုံးချပြီး ငွေတွေကို လုံခြုံစွာ သယ်ဆောင်နိုင်အောင် စဉ်းစားခဲ့တာပဲ’

ထို့အပြင် လွန်ခဲ့တဲ့ရက်ပိုင်းက ထိုက်အန်းမြို့တော်ရဲ့ နန်းတော်အထက်မှာ ရွှေရောင်အလင်းတန်း ထွက်ပေါ်ခဲ့သည်။

ရရှိခဲ့သော အရှိန်အဝါက သေချာပေါက် တရှားတိုင်းပြည်ရဲ့ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်နေသည်။

'ရှကျိုးယွီက အဲ့ဒီ အလင်းတန်းကို အသုံးပြုပြီး တရှားတိုင်းပြည်ကြီး တိုးတက်လာတော့မယ် ဆိုတဲ့ သတင်းကို ပြောပြချင်တာလား?’

‘ဒါမှ ငါ့ဘက်က အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး တရှားနဲ့ ပူးပေါင်းနိုင်အောင်လို့လေ’

'ရှကျိုးယွီက တစ်ကယ်ကို တွက်ချက်တတ်လိုက်တာ’

ပူးပေါင်းမည့် ကိစ္စအတွက် လိုက်လျောမှုတစ်ချို့ ပြသင့်သည်ဟု လီဖူ တွေးမိသွားခဲ့သည်။ ထို့ကြောင့် လီလွင်ပုကို လှမ်းကြည့်လိုက်လေကာ…

“မင်းရဲ့ အခြေအနေတွေကို ငါ သဘောတူပေးနိုင်တယ်။ ဒါပေမဲ့ ငါ့မှာ တောင်းဆိုချက်တစ်ခုရှိတယ်။ ဒီကိစ္စပြီးတာနဲ့ တရှားတိုင်းပြည်က ထျန်းချီတာဝါနဲ့ ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရမယ်။ တစ်ရက်မှ ကြန့်ကြာစေလို့မရဘူး”

“ထျန်းချီတာဝါရဲ့ သိုင်းသမားတစ်ယောက်အနေနဲ့ ငါ့ရဲ့တာဝန်က မင်းတို့ တပ်ဖွဲ့ရဲ့ တပ်သားတွေကိုပဲ ကာကွယ်ပေးမှာ။ ကျန်တဲ့ကိစ္စတွေ တစ်ခုမှ လုပ်မှာမဟုတ်ဘူး”

လီဖူ တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုအချိန်မှသာ လီလွင်ပုလည်း စိတ်အေးနိုင်တော့သည်။

“ရပါတယ် သခင်လီ၊ အရှင်မင်းကြီးဘက်က ပွင့်ပွင့်လင်းလင်းပြောထားတယ်။ သခင်လီသာ သဘောတူသ၍ ပူးပေါင်းမှုက အဆင်ပြေစေရမယ်တဲ့။ အသေးစိတ်ကို ကျွန်တော်တို့ နောက်ကျမှဆွေးနွေးတာပေါ့”

လီလွင်ပု ပြောလိုက်သည်။ သူ့ရဲ့ နှလုံးသားထဲမှာတော့ ရှကျိုးယွီကို အလွန်လေးစားနေတော့၏။

'ဒါဆိုအရှင်မင်းကြီးက မဟာမိတ်တိုင်းပြည်တွေကိုပဲ ထိန်းချုပ်နိုင်တာမဟုတ်ဘူး။ ထျန်းချီတာဝါလို ထပ်သီးဂိုဏ်းလေးခုထဲက တစ်ခုကိုတောင်မှ ထိန်းချုပ်နိုင်ခဲ့တာပဲ’

'အခုလိုမျိုး ထျန်းချီတာဝါရဲ့ အင်အားကို အသုံးချပြီး ငွေတွေကို လုံခြုံစွာယူနိုင်အောင် စဥ်းစားခဲ့တယ်ဆိုတော့… အစပိုင်းက ပူးပေါင်းမှုကို ကြန့်ကြာစေခဲ့တာလဲ ဒီအချိန်ကို စောင့်နေတာပဲ ဖြစ်ရမယ်!’

လီလွင်ပုရဲ့ နှလုံးသားထဲမှာ ပိုပြီးသေချာလာတော့သည်။

သူ့ရဲ့ မျက်လုံးတွေလည်း နက်ရှိုင်းလာ၏။

“ ကောင်းပြီ။ မင်းတို့ဘက်က စကားတည်ဖို့ပဲ ငါမျှော်လင့်တယ်”

လီဖူ ရဲ့မျက်လုံးတွေလည်း နက်ရှိုင်းနေခဲ့သည်။

ထိုအချက်က လီလွင်ပုကို မသက်မသာ ခံစားရစေသည်။

“ဒါဆိုရင် သခင်လီ ကျွန်တော်တို့ အရင်ဦးဆုံး ညစာစားကြရအောင်လေ။ အောက်ရောက်မှ အသေးစိတ်ဆွေးနွေးကြရင်ကော ဘယ်လိုသဘောရလဲ?”

ထိုစူးရှသည့် အကြည့်ကို သည်းမခံနိုင်သည့်အဆုံးမှာ လီဖူ စကားလမ်းကြောင်းလွှဲဖို့ ပြင်လိုက်သည်။

“သေချာပေါက်ရတာပေါ့”

လီလွင်ပုကတော့ ရက်ရောစွာဖြင့် စားပွဲဝိုင်းအပြည့် ဟင်းကောင်းတွေမှာလိုက်လေ၏။

လင်အန်း စားသောက်ဆိုင်အတွင်းမှာ အချိန်တစ်ခဏအထိ တိတ်ဆိတ်နေခဲ့သည်။

အရက်နှစ်ခွက်လောက် ဝင်ပြီးနောက်မှာတော့ လီလွင်ပု စကားစလိုက်၏။

“ကျန်းနန်းမြို့ရဲ့ကိစ္စကို အရှင်မင်းကြီး ဘယ်လိုဖြေရှင်းခဲ့လဲ သခင်လီ သိလား? တရှားတိုင်းပြည်တစ်ခုလုံးမှာ ကျန်းနန်မြို့က မြေဩဇာကောင်းမွန်ပြီး စီးပွားရေးအချက်အချာကျတဲ့ ဒေသဖြစ်တဲ့အတွက် ချမ်းသာကြွယ်ဝတယ်ပေါ့ဗျာ။ ဒါပေမယ့် အဲ့ဒီနေရာကို သိုင်းလောကရဲ့ ဂိုဏ်းအများစုက အုပ်စိုးထားခဲ့တယ်”

“အရှင်မင်းကြီးသာ ချီမင်းသားကို ကျန်းနန်မြို့ဆီ စေလွတ်ပြီး အခုလို ပြတ်ပြတ်သားသား မရပ်တည်ခဲ့ဘူးဆိုရင် ကျန်းနန်းမြို့က လက်ရှိ အခြေအနေကို လုံးဝရောက်လာမှာ မဟုတ်ဘူး”

“ ဒီတစ်ခေါက်လည်း အရှင်မင်းကြီးက မဟာတံတိုင်း တည်ဆောက်တဲ့ကိစ္စကို အလောတကြီး ဆောင်ရွက်နေစေပြီး မဟာမိတ် တိုင်းပြည်တွေနဲ့ ကုန်သွယ်မှုလမ်းကြောင်းကို စတင်ခဲ့တယ်။ ကျွန်တော်တို့ကတော့ အရှင်မင်းကြီး ရဲ့အမိန့်အတိုင်းပဲ အလုပ်လုပ်ရတာပေါ့ဗျာ!”

ပြောနေရင်းနဲ့ လေးစားမှုကြောင့် လီလွင်ပု မျက်ရည်ပင် ဝဲလာခဲ့သည်။

လီဖူကတော့ စကားဝင်မပြောခဲ့ဘူး။

အရက်သောက်နေရင်းဖြင့် လီလွင်ပုကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။

လီလွင်ပုရဲ့ စကားတွေကြောင့် ရှကျိုးယွီအပေါ်ရှိတဲ့ သူ့ရဲ့ လေးစားမှုတွေလည်း မြင့်တက်ခဲ့ရသည်။

သူတို့ စားသောက်နေစဉ်တွင် ရှကျိုးယွီရဲ့ နာမည်ကို လီလွင်ပု အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ လီလွင်ပုအနေဖြင့် ဘယ်လောက်တောင် လေးစားလည်းဆိုတာကို ဖော်ပြလိုက်တာပဲ။

တစ်ကယ်ကို လေးစားထိုက်သည်လို့လည်း ပြောလို့ရသည်။ ရှကျိုးယွီရဲ့ ဒီရက်ပိုင်း လုပ်ရပ်တွေအားလုံးက အကုန်လုံး တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ပဲဆိုတာ သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်လေ။

လီဖူ မနေနိုင်စွာ နောက်ထပ်အရက်တစ်ခွက် ငှဲ့လိုက်သည်။ လီလွင်ပုနဲ့လည်း ပိုရင်းနှီးလာသလိုပဲ။

လီလွင်ပု အစောပိုင်းကဖော်ပြခဲ့သည့် တိုင်းပြည်တွေကြားက ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ကိစ္စကိုတော့ သူအနည်းငယ် သိချင်မိသည်။ ထို့ကြောင့် မေးလိုက်တော့၏။

“တရှားတိုင်းပြည်ထဲကို ငွေတွေ ရောက်လာပြီဆိုရင် မင်းတို့ဘာတွေလုပ်မလဲ ငါသိချင်မိတယ်။ အဲ့ဒီချိန်ကျ တိုင်းပြည်အသီးသီးက ဒေါသထွက်လာရင် မင်းတို့ ဘယ်လိုတုံ့ပြန်မှာလဲ?”

လီလွင်ပု အနည်းငယ်အံ့ဩသွားခဲ့သည်။

ထို့နောက်မှာ လီဖူကို လှမ်းကြည့်လိုက်သည်။

အရက်တစ်ချို့ ဝင်ရောက်ပြီးဖြစ်၍ သူ့ရဲ့ နှလုံးသားက အရင်လိုမျိုး မကြောက်ရွံ့တော့ဘူး။ လီဖူရဲ့ အနားကို တိုးလိုက်ကာ အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။

“သခင်လီ ကြားဖူးလား?”

“ဘာကိုလဲ?”

လီလွင်ပုရဲ့ ဆန်းကြယ်တဲ့ လေသံကြောင့် လီဖူ မနေနိုင်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။

“အားနည်းတဲ့ တိုင်းပြည်အတွက် သံတမန်ရေးဆိုတာမရှိဘူး။ ငွေတွေ ရောက်လာပြီဆိုမှတော့ သူတို့အနေနဲ့ ဘာလုပ် နိုင်မှာမလို့လဲ? အချိန်အတိုင်းအတာ တစ်ခုထိ သူတို့နဲ့ရန်မဖြစ်ပဲ ပိုက်ဆံတွေကို ကျွန်တော်တို့ရဲ့ တိုင်းပြည်ထဲမှာ ထားထားမယ်”

“ကျွန်တော့်တို့ရဲ့စစ်တပ်ကိုသာ အကောင်းဆုံး တည်ဆောက်ပြီးလို့ကတော့ သူတို့ရဲ့ ပိုက်ဆံတွေ ပြန်ရဦးမယ်ထင်လား? ပြန်ပေးစရာလား? အဆိုးဆုံးဖြစ်လာလဲ စစ်တိုက်ရရုံပေါ့!”

လီလွင်ပု ပေါ့ပေါ့လေးပြောလိုက်သည်။

လီဖူတစ်ယောက် ပြုံးမိသွားတော့၏။

“ဘယ်လိုတောင် အကျင့်မကောင်းတဲ့ လှည့်ကွက်လဲ! မင်းတို့က ပိုက်ဆံတွေကို လိမ်ယူဖို့ ကြံစည်နေတာပဲ!”

လီဖူ အမှန်တစ်ကယ်တော့ ကျိန်ဆဲချင်ခဲ့သည်။

ဒါပေမယ့် သူ့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ ပုံရိပ်ကို ပြန်စဉ်းစားလိုက်သောအခါမှာ နှလုံးသားထဲက စကားတွေကို ပြန်မြိုသိပ်လိုက်တော့၏။

ဒါပေမယ့် မကြာခင်မှာပဲ လီလွင်ပု ပြောသွားတဲ့ စကားတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို လီဖူသဘောပေါက်သွားခဲ့သည်။

အားနည်းတဲ့ တိုင်းပြည်အတွက် သံတမန်ရေး ဆွေးနွေးပွဲဆိုတာမရှိဘူး။

တရှားတိုင်းပြည်မှာ ရှကျိုးယွီ တစ်ယောက်ပဲ ရဲတင်းတာမဟုတ်ဘူးပဲ။

ကြည့်ရတာ သူ့ရဲ့ အမတ်တွေအကုန်လုံးလည်း မပြောရဲတဲ့ စကားဆိုတာ မရှိတော့ဘူးနဲ့ တူတယ်!

အခုလိုမျိုး ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ အမတ်တွေကို ရှကျိုးယွီ သေချာရွေးထားနိုင်တာ မဆိုးဘူး။ အမြင်ကောင်းသားပဲ!

လီဖူ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

ထို့နောက်မှာ စားပွဲပေါ်က အရက်ခွက်ကိုယူကာ နောက်တစ်ငုံ သောက်လိုက်သည်။

မကြာခင်သွားရမည့် ခရီးစဉ်နဲ့ ပတ်သက်ပြီး လီဖူးတွေးတောနေခဲ့သည်။

တစ်ချိန်တည်းမှာပဲ အနာဂတ်မှာ ရှကျိုးယွီနဲ့ ဘယ်လိုပူးပေါင်းရမလည်း ဆိုတာကိုပါ စဉ်းစားနေခဲ့သည်။

အောင်မြင်စွာ ပူးပေါင်းနိုင်ခဲ့ရင် ထျန်းချီတာဝါအတွက်လည်း အကျိုးအမြတ် ရှိလာနိုင်သည်။

………

All Chapters