( မိန်းကလေးတို့ ကောင်းကောင်း နားထောင်လိုက်ရရဲ့လား?)
Vol. 9 Ch. 122
တာအိုဂိုဏ်းရဲ့သခင်လေးက လုံ့လဝီရိယရှိပြီး စည်းကမ်းကြီးသူ တစ်ဦးဖြစ်သည်။ နှစ်သုံးဆယ် ကြာအောင် သူ့ရဲ့စည်းကမ်းရှိတဲ့ စံနမူနာကို ဂိုဏ်းသားများစွာကိုပြသခဲ့သည်။
တာအိုဂိုဏ်းအတွင်းမှာ သခင်လေးအပြင် ဂုဏ်သတင်းအမြင့်ဆုံးသူဟူ၍ မရှိပေ။
သခင်လေးရဲ့နာမည်က ကျန်းဖူရှန့်!
လွန်ခဲ့တဲ့နှစ်သုံးဆယ် အရင်က တာအိုဂိုဏ်းသည် စတင်အခြေအနေ ပျက်ယွင်းခဲ့သည်။ ဒါပေမဲ့ အခုလောက်ထိမခြောက်ကပ်သေးဘူး။
ထိုအချိန်က တာအိုဂိုဏ်းအတွင်းတွင် ပါရမီရှင်နှစ်ယောက်ရှိသည်။ ဂိုဏ်းခေါင်းဆောင် လျိုထျန်းယွမ်နဲ့ တာအိုဂိုဏ်းရဲ့တစ်ဦးတည်းသောသခင်လေး ကျန်းဖူရှန့်ပင်။
ကျန်းဖူရှန့်က ငယ်ရွယ်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ ဂိုဏ်းအတွင်းကို စတင်ဝင်ရောက်စဉ်က သူ့တွင်ပစ္စည်းတစ်ခုမှ ပါမလာခဲ့ဘူး။ လက်ထဲတွင် သေရည်တစ်အိုးကိုင်ထားခဲ့သည်။
အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ထိုလူငယ်က ဂိုဏ်းအတွင်းမဝင်ခင်မှာ သေရည်ကိုကောင်းကင်ဘုံကို လှူသည့်အနေနဲ့ တစ်ဝက်သွန်ချခဲ့သည်။
ကျန်းဖူရှန့်က မောက်မာပြီး ကိုယ်ပိုင်စည်းမျဉ်းနဲ့သာ နေထိုင်တတ်သူတစ်ဦးပဲ။
အရည်အချင်းရှိသော ပါရမီရှင်တစ်ယောက်ဖြစ်ပေမဲ့ ငယ်ရွယ်စဉ်ကသူ့ရဲ့မောက်မာမှုကို ဘယ်သူမှထိန်းချုပ်လို့မရခဲ့ဘူး။ ထို့ကြောင့်ပဲ တိုက်ပွဲအတွင်းမှာ စွမ်းအင်အလွန်အကျွံသုံးမိပြီး စွမ်းအင်တုံ့ပြန်မှုကိုဖြစ်ပေါ်စေခဲ့ကာ ပင်လယ်ကို လှိုင်းထစေခဲ့သည်။ ရုတ်တရက်မြင့်မားလာသော လှိုင်းလုံးကြီးများက ထိုက်အန်းမြို့တော်ရှိ ပြည်သူပေါင်းရာချီကို အသက်ဆုံးရှုံးလုနီးနီး ဖြစ်စေခဲ့သည်။
ထိုအဖြစ်အပျက်က အရင်အရှင်မင်းကြီးရဲ့လက်ထက်က ဖြစ်ပေါ်ခဲ့တာပင်။ အရှင်မင်းကြီး အလွန်ဒေါသထွက်တော်မူပြီး တော်ဝင်အမိန့်တော်သုံးခုကို တစ်ဆက်တည်း ပြဌာန်းခဲ့သည်။
ဂိုဏ်းခေါင်းဆောင် လျိုထျန်းယွမ်ဘက်မှ အသက်စွန့် ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ရင် ကျန်းဖူရှန့် အခုထိ အသက်ရှင်နေမှာ မဟုတ်ခဲ့ဘူး။
သို့သော် ကျန်းဖူရှန့်က သူ့ရဲ့လုပ်ရပ်အမှားကြောင့် အပြစ်ရှိစိတ် ခံစားရလေကာ ချောက်နက်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ပိတ်လှောင်ပြီး ထာဝရထွက်မလာတော့ဘူး။ ထို့ချောက်နက်ကို နောင်တရခြင်းချောက်နက်ဟု ခေါ်တွင်ခဲ့သည်။
လျိုထျန်းယွမ်လည်း ပျောက်ကွယ်သွားခဲ့သည်။ မကြာခင်မှာပဲ တာအိုဂိုဏ်း၏ ကျရှုံးမှုစတင်တော့တာပင်။ တာအိုဂိုဏ်းအတွင်းမှာ ဆယ်ယောက်သာ ကျန်ရှိတော့၏။
ဒါပေမဲ့ ကျန်းဖူရှန့်ကတော့ ထိုချောက်နက်အတွင်းမှ ထွက်မလာခဲ့ဘူး။ သိုင်းပညာကိုပဲ ဆက်လက်လေ့လာနေကာ ကမ္ဘာကြီးရဲ့မည်သည့်ကိစ္စကိုမဆို လျစ်လျူရှုခဲ့သည်။
ဒီလိုနဲ့ အနှစ်သုံးဆယ်ကြာမြင့်သွားခဲ့သည်။ ထူးချွန်လှသည့် ဝတ်ရုံပြာသိုင်းသမား ကျန်းဖူရှန့်ရဲ့ပုံပြင်တွေကို ဘယ်သူကမှမပြောကြတော့ဘူး။ ဘယ်သူကမှလည်း ဂရုမစိုက်ကြတော့ဘူး။
လီချင်းလွမ်ဘက်မှ ထုတ်မပြောလာဘူးဆိုရင် လျိုချင်းချန် သတိတောင်မရခဲ့လောက်ပေ။ သူမတို့ တာအိုဂိုဏ်းမှာ အခုလိုကျွမ်းကျင်ပုဂ္ဂိုလ် တစ်ယောက်ရှိခဲ့တယ်ဆိုတာကို လျိုချင်းချန် မေ့လုနီးနီးဖြစ်နေခဲ့သည်။
"အဲဒီတုန်းက သခင်လေးရဲ့အစီအရင်ဖန်တီးမှုတွေက အရမ်းကိုအံ့ဩဖို့ကောင်းတယ်ဆိုတာ ငါလည်းသိတယ်၊ ဒါပေမယ့် သူက ချောက်နက်ထဲမှာ နေနေတာ နှစ်သုံးဆယ်တောင်ကြာခဲ့ပြီ၊ အရင်လိုမျိုးလုပ်နိုင်ပါဦးမလား?"
"သေချာပေါက်လုပ်နိုင်တာပေါ့! အစီအရင်တွေကို သူ့ရဲ့ခေါင်းထဲမှာမှတ်မိနေသ၍ သေချာပေါက် ပြန်လည်ဖန်တီးနိုင်လိမ့်မယ်!"
လျိုချင်းချန်ကတော့ တွန့်ဆုတ်နေခဲ့သည်။ ထို့ကြောင့် မေးခွန်းမေးလိုက်တာပင်။ ဒါပေမဲ့ လီချင်းလွမ်က ချက်ချင်းပဲ ပြန်လည်ဖြေကြားခဲ့သည်။
လီချင်းလွမ်ရဲ့မျက်လုံးတွေက စိတ်ပိုင်းဖြတ်ထားဟန်ရှိသည်။
လျိုချင်းချန် ဘယ်လိုတွေးလဲတော့ သူမ မသိဘူး။ ဒါပေမဲ့ ပညာရပ်တစ်ခုကို ရူးသွပ်နေတဲ့ လူတစ်ယောက်အနေနဲ့ သူမကောင်းကောင်းနားလည်သည်။
အတိတ်တုန်းက သူမရဲ့ဆေးလုံးစမ်းသပ်ခန်းသည် အလွန်သေးငယ်ခဲ့ပြီး ပစ္စည်း မစုံလင်ခဲ့ဘူး။ စားဖို့အတွက်တောင် ပိုက်ဆံမရှိသည့်အချိန်မှာ ဆေးလုံးဖန်တီးနိုင်ရန်အတွက် လိုအပ်သည့် ပါဝင်ပစ္စည်းတွေကို ရတဲ့နည်းနဲ့ဝယ်ယူခဲ့သည်။
အခုတော့ သူမထံတွင် ပစ္စည်းတွေအများကြီးရှိနေပြီ။ ဒါတွေအကုန်လုံးကိုလည်း တရှားတိုင်းပြည်က ထောက်ပံ့ပေးထားတာပင်။ ထို့ကြောင့် သူမ ရှကျိုးယွီကို တော်တော်လေး ကျေးဇူးတင်မိသည်။
သူမအနေနဲ့ ဂရုစိုက်တာက ဆေးလုံးဖန်တီးဖို့ပဲ။ ရှကျိုးယွီဘက်ကလည်း ပြီးပြည့်စုံစွာသူမကို ထောက်ပံ့ပေးထားသည်။
ထို့ကြောင့် သူမက လျိုချင်းချန်ကို အဖြေပေးနေသည်ဆိုတာထက် သူမရဲ့ခံစားချက်ကို ထုတ်ပြောပြနေတာနဲ့ ဆင်တူသည်။
သူမအနေနဲ့ အလွန်အဆင့်မြင့်သောဆေးလုံးကို ဖန်တီးချင်သည်။ တစ်ကမ္ဘာလုံးကို အံ့အားသင့်စေနိုင်လောက်သည့် ဆေးလုံးမျိုးဖန်တီးပြီး ရှကျိုးယွီကို ပြန်လည်ကျေးဇူးဆပ်မည်။
ထို့ကြောင့် သူမယုံကြည်သည်။ တာအိုဂိုဏ်းရဲ့သခင်လေးသာ အစီအရင်ဖန်တီးမှုပညာရပ်မှာ တကယ်ပဲရူးသွပ်ခဲ့တယ်ဆိုရင် အခုလိုအခွင့်အရေးကို မလွဲမသွေဆုပ်ကိုင်မှာပဲ!
သခင်လေး ကျန်းဖူရှန့်သာ အပြင်ထွက်လာပြီး အစီအရင်ဖန်တီးခဲ့မယ်ဆိုရင် သေချာပေါက်အောင်မြင်မှာပင်!
ထူးချွန်ပြောင်မြောက်သည့်ကိစ္စတစ်ခုဖြစ်လာမည့်အပြင် ကမ္ဘာတစ်ခုလုံးကပါ သူမတို့တာအိုဂိုဏ်းရဲ့အောင်မြင်မှုကြီးကို သိရှိသွားလိမ့်မည်။
"ဒါပေမဲ့ သခင်လေးကို ဘယ်လိုမျိုး အပြင်ထွက်လာအောင် ဆွဲဆောင်မှာလဲ? နင်သိတယ်မလား၊ ငါတို့ဂိုဏ်းကို ပထမဦးဆုံးနေရာပြောင်းရွှေ့ဖို့လုပ်ခဲ့တုန်းက ငါနောင်တရခြင်းချောက်နက် နားကို သွားခဲ့တယ်၊ ဒါပေမဲ့ သခင်လေးက ငါ့ကိုလျစ်လျူရှုခဲ့တယ်"
လျိုချင်းချန် သူမရဲ့ခေါင်းကိုခါလိုက်သည်။
"သူ့ကို အပြင်ထွက်လာအောင် ဆွဲဆောင်ချင်ရင် လွယ်ပါတယ်၊ နင်စကားတစ်ချို့ပဲပြောလိုက်၊ သခင်လေး အပြင်ထွက်လာလိမ့်မယ်"
လီချင်းလွမ် ခဏလောက်တွေးပြီးနောက်မှာ နူးညံ့စွာဖြင့်ပြောလိုက်၏။
ထိုစကားကြောင့် လျိုချင်းချန် ပိုပြီးရှုပ်ထွေးလာတော့သည်။ အရှေ့ကညီမဖြစ်သူကို အကြာကြီးစိုက်ကြည့်နေခဲ့မိသည်။
လီချင်းလွမ်နဲ့ မတွေ့ရတာကြာပြီးနောက်မှာ ညီမဖြစ်သူ၏ ယုံကြည်မှု ပိုရှိလာသည့်ပုံစံကို သူမမြင်တွေ့နေရသည်။ ဒါပေမဲ့ လျိုချင်းချန် အများကြီးမတွေးခဲ့ဘူး။ သူမမေးလိုက်တော့သည်။
"ဘာပြောရမှာလဲ?"
လီချင်းလွမ်က နတ်နဂါးယပ်တောင်ကို ဟိတ်ဟန်ပါပါ ခတ်လိုက်ရင်း နက်ရှိုင်းစွာကြည့်လာခဲ့သည်။
"တရှားတိုင်းပြည်က သခင်လေးရဲ့အစီအရင်ကို လိုအပ်နေတယ်"
"ဒါပဲလား?"
လျိုချင်းချန် မနေနိုင်စွာ အံ့ဩတကြီးမေးလိုက်သည်။
"ဒါပဲလေ"
လီချင်းလွမ်က အပြုံးတစ်ခုနဲ့ဖြေကြားလိုက်သည်။
လျိုချင်းချန် အချိန်အကြာကြီးအတွေးလွန်နေခဲ့သည်။ အကြာကြီးစဉ်းစားပြီးနောက်မှာ ညီမဖြစ်သူကို လှမ်းကြည့်လိုက်သည်။ နောက်ဆုံးမှာသူမပြောလိုက်၏။
"ညီမလေး၊ နင် အရမ်းပြောင်းလဲသွားတယ်"
"ဟုတ်ပြီ၊ အဲ့ဒါဆိုရင် ဂိုဏ်းကိုပြန်ပြီးစဉ်းစားလိုက်ဦးမယ်၊ ငါနင့်ကိုမနှောက်ယှက်တော့ဘူး"
ပြောပြီးတာနဲ့ လျိုချင်းချန် ချက်ချင်းပဲအခန်းအတွင်းမှ ထွက်သွားလိုက်သည်။
လျိုချင်းချန်ရဲ့နောက်ကျောကိုကြည့်နေရင်း လီချင်းလွမ် အတွေးလွန်သွားခဲ့သည်။ အချိန်အကြာကြီးနေပြီးနောက်မှာ သူမရဲ့ခေါင်းကိုခါယမ်းလိုက်ကာ၊
"ထားလိုက်တော့၊ ငါဘာလို့အများကြီးတွေးနေရမှာလဲ? ဆေးလုံးလုပ်တာပဲကောင်းပါတယ်! "
နန်းတော်အတွင်းကထွက်လာတာနဲ့ လျိုချင်းချန် ချက်ချင်းပဲထိုက်အန်းမြို့တော်အပြင်ကို ထွက်သွားခဲ့သည်။ သူမသခင်လေးရဲ့အမြင်ကို စမ်းသပ်ချင်ခဲ့သည်၊ ထို့ကြောင့် ချက်ချင်းပဲဆုံးဖြတ်ချက်ချလိုက်တော့၏။
...
လင်အန်း စားသောက်ဆိုင်အတွင်းမှာ လီလင်ပုနဲ့ လီဖူတို့နှစ်ယောက်လုံး ညစာစားပွဲကို အဆုံးသတ်လိုက်ကြသည်။ လီလင်ပုက လီဖူကို တံခါးဝအထိ လိုက်ပို့ပေးခဲ့သည်။ ရိုးရှင်းတဲ့ညစာစားပွဲတစ်ခုက အကြိမ်ရေတချို့သာ တွေ့ဆုံဖူးတဲ့ သူတို့နှစ်ယောက်ကို တော်တော်လေး ရင်းနှီးသွားစေသည်။ အသီးသီးနှုတ်ဆက်လိုက်ကြပေမယ့် သူတို့ရဲ့မျက်လုံးထဲမှာ တွန့်ဆုတ်မှုတို့ရှိသည်။
နောက်ဆုံးတော့ လီဖူ အခန်းထဲကိုဝင်သွားခဲ့သည်။ ထိုအချိန်မှသာ လီလင်ပုတစ်ယောက် သူ့ရဲ့မျက်နှာပေါ်က နောင်တတရားတို့ကို ဖယ်ရှားလိုက်သည်။ ချက်ချင်းပဲသူ့ရဲ့မျက်နှာက တည်ငြိမ်သွားခဲ့သည်။ ပိတ်သွားတဲ့တံခါးပေါက်ကိုကြည့်ရင်း အတွေးလွန်နေခဲ့၏။
“သခင်ကြီး!”
လီလင်ပု အတွေးလွန်နေစဉ်မှာပဲ ခေါ်သံတစ်ခုကိုကြားလိုက်ရသည်။ ထို့ကြောင့် ချက်ချင်းပဲလှည့်ကြည့်လိုက်ကာ၊
"ငါပြင်ဆင်ခိုင်းထားတဲ့ဟာ အခြေအနေဘယ်လိုရှိပြီလဲ?"
"သခင်ကြီး၊ မြင်းလှည်းရော ကုန်တွေရောကို အသင့်ပြင်ထားပြီးပါပြီ၊ တိုင်းပြည်တွေ ဘက်ကငွေကို စောင့်နေရုံပါပဲ"
ထိုသူက အမြန်ဖြေကြားလိုက်သည်။ လီလင်ပု အမြန်ခေါင်းငြိမ့်လိုက်ကာ၊
"ဒါဆိုရင် တပ်သားတွေကိုသွားခိုင်းလိုက်တော့၊ မြင်းတွေနဲ့ကုန်တွေကိုပဲ ထားခဲ့"
လီလင်ပုက ပြောပြီးတာနဲ့ လီဖူဝင်သွားတဲ့တံခါးပေါက်ကို ထပ်မံကြည့်ရှုလိုက်သည်။
"သခင် ဘာကိုဆိုလိုတာလဲ?"
ထိုလူရှုပ်ထွေးသွား၏။
"ဘာမှမဟုတ်ဘူး၊ ဒါကအရှင်မင်းကြီးရဲ့အမိန့်ပဲ၊ ငါတို့ဘက်က ကုန်ပို့မှာဖြစ်တဲ့အတွက် လူအများကြီးခေါ်သွားဖို့မလိုအပ်ဘူး၊ ပြီးတော့ ထျန်းချီတာဝါဂိုဏ်းက လူလည်းရှိနေတယ်၊ သူကငါတို့ရဲ့လုံခြုံမှုကို ကာကွယ်ပေးလိမ့်မယ်၊ ဒါကြောင့် တခြားတပ်သားတွေခေါ်ဖို့မလိုတော့ဘူး၊ မြင်းနဲ့ကုန်တွေရှိရင်ရပြီ"
ထိုစကားကိုကြားတော့ အစေခံဖြစ်သူခေါင်းညိတ်လိုက်သည်။ ထို့နောက်မှာ တစ်စုံတစ်ခုကိုတွေးမိစွာဖြင့် အစေခံကဆက်ပြောလိုက်၏။
"ဒါဆိုရင် တိုင်းပြည်အသီးသီးက သံတမန်တွေရောက်လာရင်ရော ဘယ်လိုလုပ်မှာလဲ?"
"အဲ့ဒီကိစ္စကို ငါကိုယ်တိုင်ဖြေရှင်းလိုက်မယ်၊ ဒီကိစ္စကိုအစဖော်တဲ့လူက ငါပဲဆိုတော့ သေချာပေါက်ငါပဲဖြေရှင်းသင့်တယ်"
"ဒါဆို ငါတို့လည်းအခန်းပြန်ပြီးတော့ ပြင်ဆင်စရာရှိတာကို ပြင်ဆင်ကြရအောင်"
လီလင်ပုက ပြောပြီးတာနဲ့ အရှေ့ကနေဦးဆောင်ပြီး ထွက်သွားလိုက်သည်။ ထိုအစေခံလည်း နောက်ကအမြန်လိုက်သွားလိုက်၏။
မကြာခင်မှာပဲ ထိုနှစ်ယောက်လုံး ပျောက်ကွယ်သွားခဲ့သည်။
လူနှစ်ယောက်ပျောက်ကွယ်သွားချိန်မှသာ အရိပ်ထဲမှ ပုံရိပ်နှစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုအချိန်မှာပဲ ပုံရိပ်နှစ်ခုရဲ့နောက်ကွယ်ကနေ နောက်ထပ်အရိပ်မည်းကြီး တစ်ခုပေါ်ပေါက်လာကာ.. အေးစက်တဲ့အသံတစ်ခုကို ကြားလိုက်ရသည်။
"မိန်းကလေးတို့ ကောင်းကောင်းနားထောင်လိုက်ရလား?”
……….