( အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို ငါနားလည်ပြီထင်တယ်)
Vol. 9 Ch. 126
တရှားတိုင်းပြည်၏ နယ်စပ်တွင်ဖြစ်သည်။ ကျယ်ပျံ့သည့် နယ်စပ်တစ်လျှောက်တွင် လုပ်သားများစွာသည် မောပန်းစွာဖြင့် အနားယူနေကြ၏။ လဝက်လောက် ကြိုးစားမှုအပြီးမှာ လုပ်သားပေါင်း တစ်သောင်းလောက်ရဲ့ အလုပ်ကြိုးစားမှုကြောင့် နောက်ဆုံးတော့ မဟာတံတိုင်းက အရိပ်အယောင်ပေါ်လာခဲ့ပြီ။
မီတာပေါင်းများစွာ ကျယ်ဝန်းပြီး မြင့်မားသော တံတိုင်းကြီးတစ်ခုက နယ်စပ်မှာ မားမားမတ်မတ် တည်ရှိနေ၏။
ငွေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော ကျူးကော့လုံတစ်ယောက် တောင်ကုန်းပေါ်မှာ ရပ်နေရင်း အတွေးလွန်နေခဲ့သည်။ သူရဲ့မျက်လုံးတွေက များစွာသော လုပ်သားများထံတွင် ရှိသည်။
ထိုလူတွေထဲကအများစုသည် တရှားတိုင်းပြည်ရဲ့ တပ်သားများဖြစ်သည်။ နေရောင်အောက်မှာ ကြိုးစားပမ်းစား အလုပ်လုပ်နေကြလေရဲ့။
ကျူးကော့လုံရဲ့မျက်နှာက အနည်းငယ် မောပန်းနေဟန်ရှိသည်။ ဒီရက်ပိုင်းအတွင်း မဟာတံတိုင်းကို ကြိုးစားပမ်းစား တည်ဆောက်နေပြီး အနားမယူထားတာ သိသာလှ၏။
ထိုလုပ်သားများအတွင်းတွင် အလွန်သန်မာသော လူတစ်ချို့လည်းရှိသည်။ သူတို့ရဲ့ လှုပ်ရှားမှုက အများစုထက်ပိုပြီး လျင်မြန်သည်။ ထိုသူတွေကတော့ ကျောက်ကောင်း အထူးတလည် စေလွှတ်ထားသော သူများပင်ဖြစ်သည်။
သေခြင်းရှင်ခြင်းအဆောင်သိုင်းနဲ့ ထိန်းချုပ်ထားသော သိုင်းသမားတစ်ချို့ကို ကျောက်ကောင်းက ကျူးကော့လုံဆီမှာ တာဝန်ထမ်းဆောင်ဖို့ရန် နယ်စပ်ကို ပို့ဆောင်ခဲ့သည်။ အမှန်တော့ ကျောက်ကောင်းက စောင့်ကြည့်ဖို့ရန် စေလွှတ်ခဲ့တာပင်။ ကျူးကော့လုံကိုလည်း တဖက်ကစောင့်ကြည့်နိုင်သလို လုပ်သားအင်အားကိုလည်း လျှော့ချနိုင်ရန် ရည်ရွယ်ချက်နှင့်ဖြစ်သည်။
သေခြင်းရှင်ခြင်းအဆောင်သိုင်းကို မိထားသောကြောင့် ထိုသူတွေအနေနဲ့ အများကြီးမငြီးငြူခဲ့ကြပေ။
ဒီလိုနဲ့ အချိန်တွေကုန်ဆုံးသွားခဲ့ပြီး အကုန်လုံးလည်း အလုပ်ရှုပ်နေကြ၏။
နေရောင်က တစ်ဖြည်းဖြည်း ပိုမိုတောက်ပလာခဲ့သည်။ ထိုအချိန်မှာပဲ တိမ်တွေကြားမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ညစာအဆင့်သင့်ဖြစ်ပြီ”
ထိုအသံကိုကြားတာနဲ့ အလုပ်ရှုပ်နေသော လူအုပ်သည် ချက်ချင်းရပ်တန့်သွား၏။ စားသောက်ဆိုင်ရှိရာကို လှည့်ကြည့်လိုက်ကြသည်။
….
အကုန်လုံးရဲ့ စုဝေးမှုကြောင့် ချက်ချင်းပဲ စားသောက်ခန်းအတွင်းမှာ ဆူညံသံတွေ ပြည့်လာခဲ့သည်။ ဆွေးနွေးသံတွေလည်း အဆက်မပြတ်ထွက်ပေါ်လာ၏။
“ဒီမဟာတံတိုင်းကို ဘယ်လောက်ကြာအောင် တည်ဆောက်ရမယ်လို့ မင်းတို့ထင်လဲ?”
“ဘယ်သူသိမှာလဲ? ဘာနေနေ သူတို့ဘက်က ပိုက်ဆံပေးထားတာပဲ၊ မင်းကဘာတွေကြောက်နေတာလဲ?”
“ဒါပေမယ့် မင်း သိမလားတော့မသိဘူး၊ ကျန်းပိုင်မင်းသား ယူလာခဲ့တဲ့ ငွေတုံးနှစ်ဆယ်လုံး အခုကုန်သွားခဲ့ပြီ၊ ထပ်ပြီး ငွေမရသေးဘူး။ ဒါကြောင့် ဒီမဟာတံတိုင်း တည်ဆောက်တဲ့ကိစ္စကို ခဏရပ်ထားရမယ်လို့ ငါထင်တယ်”
“အဲလောက်တောင် ကြီးလို့လား? အချိန်ခဏပဲ ရှိသေးတာလေ၊ ငွေကကုန်သွားတာလား?!”
တစုံတစ်ယောက်က မနေနိုင်စွာ ပြောလိုက်သည်။
ထိုလူရဲ့အသံကပိုပြီး ကျယ်လောင်လာပြီး
“ဒါပေမယ့် ဒီကိစ္စက အချိန်တိုအတွင်း ပြီးသွားမယ့်ကိစ္စမှ မဟုတ်တာ၊ အခု ငါတို့ ဆောက်နေရတဲ့တံတိုင်းက ဘယ်လောက်ကြီးလဲဆိုတာ မင်းမမြင်ဘူးလား? သေချာပေါက် လူအင်အားရော ငွေအင်အားရော ပေးဆပ်ရမှာပဲ၊ ဒီလိုကိစ္စမျိုးကို အရှင်မင်းကြီးဆီ တင်ပြတဲ့အချိန်မှာ ကျန်းပိုင်မင်းသား တကယ်ပဲ ဘာတွေတွေးနေလဲဆိုတာ ငါစဉ်းစားလို့ကိုမရဘူး”
ထိုအချိန်မှာပဲ လူအုပ်အတွင်းမှ လူတစ်ယောက်က မကျေမနပ် ထပြောလိုက်သည်။
“မင်းဘာတွေပြောနေတာလဲ? မဟာတံတိုင်းတည်ဆောက်တာ ဘာမှားနေလို့လဲ? ဒီတံတိုင်းသာ ရှိနေမယ်ဆိုရင် တရှားရဲ့ ပြည်သူတွေအားလုံး လုံခြုံစိတ်ချစွာနဲ့ အလုပ်လုပ်နိုင်ပြီ၊ အကယ်လို့ တံတိုင်းသာမရှိဘူးဆိုရင် ဝေ့တိုင်းပြည်ရဲ့ မောက်မာမှုကြောင့် နယ်စပ်ဒေသတွေ ဘယ်လောက်တောင် ခံရဦးမှာလဲ?”
“မင်းပြောတာလည်း မှန်ပါတယ်၊ ဒါပေမယ့် ဝေ့တိုင်းပြည်နဲ့ ငါတို့တရှားတိုင်းပြည်နဲ့ ထိစပ်ထားတဲ့ နယ်စပ်ဒေသက အကြီးကြီးပဲ၊ မဟာတံတိုင်းက အဲလောက်အကြီးကြီးထိ ဆောက်နိုင်မှာမို့လို့လား? ဒါကြောင့် ငါကတော့ ဒီတံတိုင်းတည်ဆောက်တာက အသုံးမဝင်ဘူးလို့ထင်တယ် ”
“ဘာကိုအသုံးမဝင်ရမှာလဲ? တရှားတိုင်းပြည်ရဲ့ အကျိုးအတွက် လုပ်နေတာပဲလေ၊ တရှားရဲ့ ပြည်သူတစ်ယောက်အနေနဲ့ မင်းလည်း ကြိုးစားပမ်းစားလုပ်သင့်တယ်!”
“ဟုတ်တယ်၊ ငါတော့ မဟာတံတိုင်းတည်ဆောက်တာ မှန်တယ်လို့ထင်တယ်၊ တရှားတိုင်းပြည်အတွက် ကာကွယ်မှုက ပြည်သူတွေအနေနဲ့ အကုန်လုံးပြုလုပ်သင့်တဲ့ကိစ္စပဲ၊ ပြီးတော့ မင်းတို့ ဟိုရက်ကအလင်းတန်းကို ခံစားလိုက်ရတယ်မလား? တရှားတိုင်းပြည်က ငါတို့အပေါ်ကိုလည်း ပြန်လည်ကျေးဇူးဆပ်နေခဲ့တယ်!”
လူအုပ်ထဲမှ အငြင်းပွားသံတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ သိုင်းသမားတစ်ချို့သာ စကားဝင်မပြောကြတာပင်။ သူတို့က ကျူးကော့လုံ တည်ရှိရာကို ကြည့်နေခဲ့ကြသည်။ သူတို့ရဲ့တာဝန်က ကျူးကော့လုံကို စောင့်ကြည့်ရန်ဖြစ်သည်။ ထို့ကြောင့် မလိုအပ်တဲ့ကိစ္စတွေမှာ ဝင်ပါဖို့အတွေးမရှိကြဘူး။
….
ထိုအချိန်မှာ ကျူးကော့လုံကတော့ တောင်ထိပ်မှာထိုင်ရင်း အတွေးလွန်နေဆဲပဲ။
“စစ်သူကြီး စားစရာရပါပြီ”
လက်ထောက်စစ်သူကြီးရဲ့ အသံကို ကျူးကော့လုံ ကြားလိုက်ရသည်။
တချိန်တည်းမှာပဲ လူငယ်တစ်ယောက်က ထမင်းပန်းကန်ကိုသယ်ရင်း ရောက်လာတာ မြင်လိုက်ရ၏။
ကျူးကော့လုံက လက်ထောက်စစ်သူကြီးကို ကြည့်နေခဲ့သည်။ ထမင်းပန်းကန်ကို မယူခဲ့ဘူး။
ထိုနောက်မှာ စားသောက်နေသော စစ်သားတွေဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။
သူအတွေးလွန်နေပုံပဲ။
လက်ထောက်စစ်သူကြီး ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်လေကာ
“ဒီလိုဆိုမှတော့ စစ်သူကြီးအတွက် ကျွန်တော်ဒီမှာပဲ ချပေးခဲ့မယ်နော်၊ စားဖို့မမေ့နဲ့ဦး၊ မဟုတ်ရင် အေးသွားလိမ့်မယ်”
ပြောပြီးတာနဲ့ လက်ထောက်စစ်သူကြီးက ထမင်းပန်းကန်ကို ကျူးကော့လုံရဲ့ဘေးမှာ ချပေးလိုက်သည်။ ထို့နောက်တွင် ကျူးကော့လုံရဲ့ဘေးမှာပဲ ဝင်ထိုင်လိုက်၏။
“စစ်သူကြီး….ဒီရက်ပိုင်း အစားလည်းမစားဘူး၊ ငွေကုန်တဲ့ကိစ္စကို စိတ်ပူနေတာလား?”
“ကျွန်တော့အထင်တော့ ချင်မင်းသားက မနာလိုနေတာဘဲ၊ သေချာပေါက် ကျွန်တော်တို့ကို ခက်ခဲအောင် လုပ်နေတာလို့ ခံစားရတယ်”
လက်ထောက်စစ်သူကြီးက မနေနိုင်စွာ ပြောလိုက်သည်။
ကျူးကော့လုံ ရိုးရှင်းစွာ လှည့်ကြည့်လာခဲ့ပြီး
“လျှောက်ပြောမနေနဲ့၊ ချင်မင်းသားက မင်းရော ငါရော လက်လွတ်စပယ်ပြောလို့ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ဘူး”
ဒါပေမယ့် လက်ထောက်စစ်သူကြီးက ဂရုမစိုက်စွာနဲ့ ဆက်ပြောလိုက်၏။
“စစ်သူကြီး ကျွန်တော်လျှောက်ပြောနေတာ မဟုတ်ဘူး၊ ချင်မင်းသားက ကျန်းနန်းမြို့က ဂိုဏ်းအများစုကို ဖျက်ဆီးခဲ့ပြီး များစွာတဲ့ငွေကြေးတွေကိုလည်း ရရှိထားခဲ့တယ်၊ ဒါပေမယ့် အခုသူကငွေကို မပေးခဲ့ဘူး၊ သူ့မှာ ဘယ်လိုအကြံအစည်တွေရှိနေလဲ ဘယ်သူသိမှာမို့လို့လဲ?”
လက်ထောက်စစ်သူကြီးရဲ့မျက်လုံးထဲမှာ ဒေါသတို့ ဝင်ရောက်လာခဲ့သည်။
သူက တင်းကြပ်စွာဖြင့် လက်သီးနှစ်ဖက်ကို ဆုတ်လိုက်၏။
ဒါပေမယ့် ကျူးကော့လုံကတော့ ဒေါသထွက်ရမယ့်အစား ပြုံးလိုက်လေကာ
“ဖြစ်နိုင်တာ မင်းကပေါ့ပေါ့လေး တွေးနေတာပဲ”
“ဟမ်? အဲဒါဘာကိုဆိုလိုတာလဲ စစ်သူကြီး?”
လက်ထောက်စစ်သူကြီး မယုံနိုင်စွာ ကျူးကော့လုံကို မော့ကြည့်လိုက်သည်။
“ချင်မင်းသားကို ငါသိရသလောက် သူကသိုင်းပညာပိုင်းမှာ ထူးချွန်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ၊ မင်းပြောသလိုအတွေးမျိုးဆိုတာ သူ့အတွက် မဖြစ်နိုင်တဲ့ကိစ္စပဲ၊ ချင်မင်းသားကို အခုလိုမျိုး ပြုမူလာအောင်လုပ်နိုင်တဲ့ တစ်ဦးတည်းသောသူက အရှင်မင်းကြီးပဲရှိတယ်”
ကျူးကော့လုံ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
လက်ထောက်စစ်သူကြီး အံ့ဩသွားတော့၏။ သူ မနေနိုင်စွာ မေးလိုက်သည်။
“အရှင်မင်းကြီး..ဟုတ်လား?
မဟာတံတိုင်းတည်ဆောက်ဖို့ကို အရှင်မင်းကြီးကိုယ်တိုင် သဘောတူခဲ့တာလေ၊ ဒါ့အပြင် အရှင်မင်းကြီးဘက်ကလည်း ထောက်ခံချက်ပေးပြီး ဘဏ္ဍာငွေတွေ ယူသုံးခွင့်ပေးခဲ့တာ၊ ဒါကြောင့် အရှင်မင်းကြီးက ဘာကိစ္စစစ်သူကြီးအတွက် ခက်ခဲအောင် လုပ်ရမှာလဲ?”
“ခက်ခဲအောင်လုပ်တယ်? အရှင်မင်းကြီးက ငါ့ကိုခက်ခဲအောင် လုပ်နေတယ်လို့ မင်းထင်တာလား?”
ကျူးကော့လုံက အပြုံးတစ်ခုနဲ့ မေးလိုက်သည်။
“ခက်ခဲအောင်လုပ်နေတာ မဟုတ်လို့လား?”
လက်ထောက်စစ်သူကြီးက ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
“အကယ်လို့ အရှင်မင်းကြီးသာ ငါ့ကိုခက်ခဲအောင် လုပ်ချင်တယ်ဆိုရင် အစတည်းက လုပ်ခဲ့မှာပေါ့၊ အခုချိန်ထိ စောင့်နေစရာ မလိုအပ်ဘူး”
“ဒါဆိုရင် အရှင်မင်းကြီးက ဘာကိုဆိုလိုချင်တာလဲ?”
လက်ထောက်စစ်သူကြီး ရှုပ်ထွေးနေခဲ့သည်။
“ငါလည်း ဒီရက်ပိုင်းစဉ်းစားနေတာ အဲ့ဒီကိစ္စကိုပဲ၊ အရှင်မင်းကြီးက မဟာတံတိုင်းတည်ဆောက်ဖို့ သဘောတူခဲ့ပြီးမှ ကျန်းနန်းမြို့ကငွေကို ဘာကြောင့်မပို့ပေးခဲ့လဲ ငါနားမလည်နိုင်နေဘူး၊ အရှင်မင်းကြီး ဘာကိုကြံစည်နေတာလဲ? အရှင်မင်းကြီးက တစုံတစ်ခုကို ကြံစည်နေတာလား?”
ကျူးကော့လုံ တောင်အောက်ကို လှမ်းကြည့်လိုက်သည်။ လူအုပ်အတွင်းမှ သိုင်းသမားတွေကို ကြည့်လိုက်လေကာ
“အဲဒီသူတွေကို မင်းကြည့်လိုက် သူတို့ရဲ့ကျင့်ကြံဆင့် ဘယ်လောက်ရှိပြီလို့ ထင်လဲ?”
လက်ထောက်စစ်သူကြီး အံ့ဩသွားခဲ့သည်။ သူအမြန် ဖြေကြားလိုက်၏။
“သူတို့ရဲ့ကျင့်ကြံဆင့်က မနိမ့်ဘူး၊ ဒါ့အပြင် သူတို့ရဲ့အနားမှာ သိုင်းသမားတစ်ယောက်ရဲ့ အရှိန်အဝါလိုမျိုး ခံစားရတယ်၊ အပြုအမူကလည်း စည်းကမ်းရှိတယ်”
“အဲဒါအမှန်ပဲ”
ကျူးကော့လုံ ရယ်လိုက်လေသည်။
“ဒီရက်ပိုင်းအတွင်းမှာ သူတို့တွေက ငါ့ကို လေ့လာနေခဲ့တယ်၊ ငါကလည်း သူတို့ကို လေ့လာနေခဲ့တယ်၊ သူတို့တွေ အလုပ်ကြိုးစားပြီး စည်းကမ်းရှိတာကို ငါတွေ့ရတယ်၊ မဟာတံတိုင်းတည်ဆောက်တဲ့နေရာမှာလည်း စိတ်ပါလက်ပါ ကူညီခဲ့ကြတယ်၊ ဒါပေမယ့် ဘယ်လောက်ပဲကြိုးစားပါစေ သူတို့ရဲ့ခန္ဓာကိုယ်ကနေ ရရှိနေတဲ့ အရှိန်အဝါကို မဖုံးကွယ်နိုင်ခဲ့ဘူး၊ ဒါကို အလေ့အကျင့်လို့ ပြောရမှာပေါ့၊ ငယ်ငယ်တည်းက ပြုလုပ်လာတဲ့ အလေ့အကျင့်တစ်ခုကို ဘယ်သူက ချက်ချင်းပြောင်းနိုင်မှာမို့လို့လဲ?”
ကျူးကော့လုံက ပြောပြီးသည်နှင့် အတွေးရသွားပုံပေါက်သည်။ရုတ်တရက် မတ်တပ်ရပ်လိုက်လေကာ
“ငါ့အထင် အရှင်မင်းကြီးရဲ့ရည်ရွယ်ချက်ကို ငါနားလည်ပြီနဲ့တူတယ်”
……………