← Chapters

“ဆီးနှင်းထဲကရန်ငြိုး”

Vol. 1 Ch. 1

“ဆီးနှင်းထဲကရန်ငြိုး”

Vol. 1 Ch. 1

စွန်းယန်ဝမ် သည် အငြိုးတကြီး ကျဆင်းနေသော တံခါးအပြင်ဘက်မှ ဆီးနှင်းများနှင့် လေတိုးသံကို နားစွင့်ရင်း ပခုံးတစ်ချက် တွန့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို မီးဖိုအနီးသို့ ပိုမို တိုးကပ်လိုက်သည်။ သူသည် လွန်ခဲ့သော ငါးရက်ခန့်က ဤကမ္ဘာကို ရောက်ရှိလာခဲ့ပြီး ယခုအချိန်အထိ ဤကမ္ဘာသည် မည်သို့သော ကမ္ဘာဖြစ်သည်ကို နားမလည်သေးသလို သူ့လက်ရှိ ဘဝနှင့်လည်း မည်သို့မျှ အသားမကျသေးပေ။ သူရရှိထားသော ဤခန္ဓာကိုယ်၏ အသက်အရွယ်မှာ (၁၁)နှစ်၊ (၁၂)နှစ်ခန့်သာ ရှိသေးပြီး ဖခင်ဖြစ်သူက စာပေပညာရှင် တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူ့နာမည်ကလည်း သာမန်ကလေးများအား ပိုမို အသက်ရှည် စေလိုသော ရည်ရွယ်ချက်ဖြင့် ပေးတတ်လေ့ရှိသော တိရစ္ဆာန် နာမည်များကဲ့သို့ မဟုတ်ပေ။ (ဦးခွေး တို့၊ ဒေါ်ဗျိုင်းတို့ အစရှိသည်ဖြင့် ထင်ပါတယ်) သူ့လက်ရှိ အမည်သည် စာပေ အငွေ့အသက်များ အပြည့်အဝ လွှမ်းခြုံနေသော စုနန်ချင်း ဖြစ်သည်။ ထိုအမည်သည် ဒဏ္ဍာရီတွင် ထင်ရှားကျော်ကြားသော ကဗျာတစ်ပုဒ် ဖြစ်သည့် “နွေးသောလေသည် နေရာတိုင်းကို ပန်းများ ပွင့်လန်းစေသလို ခရီးသွားများက တောင်ပိုင်းတံတားဆီကို အလုအယက် သွားနေကြသည်” ဟူသော စာသားမှ ပုံတူကူးချထားခြင်း ဖြစ်သည်။ စုနန်ချင်း ၏ ဖခင်သည် လွန်ခဲ့သော နှစ်များက စာပေကျန်းဂန်များ လေ့လာလိုက်စားရန် ထွက်ခွာသွားရာမှ သတင်းအစအနပါ ပျောက်သွားသည်။ မိခင်ဖြစ်သူမှာလည်း ရောဂါဖြင့် ဆုံးပါး သွားခဲ့ပြီး အားကိုးရာမဲ့ တစ်ဦး ဖြစ်လာသောကြောင့် ချစ်ခင်ကြင်နာစိတ် ပြည့်ဝသော ဆွေမျိုးများက သူ့ဝမ်းရေးအတွက် ဤနေရာမြောက်ပိုင်းရှိ စားသောက်ဆိုင်ကြီး တစ်ဆိုင်ထံတွင် အလုပ်သင်အဖြစ် မြန်မြန်ဆန်ဆန်ပင် ပို့ပေးခဲ့သည်။ သူ ယခုအချိန်ထိ လစာ မစားရသေးပေ။ အလုပ်သင်တစ်ဦး ဖြစ်သောကြောင့် ဧည့်ခံခြင်း၊ ဟင်းပွဲများ ချပေးခြင်းနှင့် ဧည့်သည် ဖိတ်ခေါ်ခြင်း အလုပ်များကိုသာ အဓိကလုပ်ကိုင်ရသည်။ နေ့စဉ်နှင့်အမျှ ပင်ပန်းဆင်းရဲသလို မကြာခဏ ဆူပူအော်ငေါက်ခြင်းကို ခံရသဖြင့် ဘဝက အလွန်ခက်ခဲခဲ့သည်။ ယခုအချိန်သည် အချမ်းအေးဆုံး ဆောင်းရာသီ ကာလ ဖြစ်သောကြောင့် ဧည့်သည် အဝင်အထွက် အလွန်နည်းပါးသည်။ ဆိုင်၏ တံခါးချပ်များကို ပိတ်ထားရပြီး ဆိုင်ရှင်နှင့် စီနီယာ ဝန်ထမ်းများအားလုံး အနားယူနေကြကာ သူတစ်ဦးတည်း တံခါးစောင့်အဖြစ် ကျန်ရစ်ခဲ့သည်။ အကယ်၍ ဧည့်သည် တစ်ယောက်တစ်လေ ရောက်လာမည်ဆိုလျှင် စီးပွားရေး ပိတ်ဆို့မှု မဖြစ်စေရန် သူက တံခါးဖွင့် ကြိုဆိုရပေမည်။ ယင်းက ပင်ပန်းသော အလုပ်တစ်ခုဟု ဆိုနိုင်သည်။ စွန်းယန်ဝမ် မှာလည်း မကြာခဏ ခေါင်းငိုက်စိုက် ကျနေပြီး အိပ်ချင်စိတ်ကို မနည်းထိန်းနေရ၏။ သူသည် အိပ်ငိုက်ခြင်း နှင့် ရုန်းကန်နေရင်းမှ စိတ်ထဲတွင်လည်း တိတ်တဆိတ် တွေးနေမိသည်။

“နှစ်သစ်ကူး ပြီးသွားလို့ နွေဦးရာသီ ပန်းပွင့်ချိန် ရောက်တာနဲ့ ငါ တောင်ပိုင်းကိုသွားပြီး တစ်ခုခုတော့ လုပ်မှ ရတော့မယ်… ဘဝကို ဒီလို အလကား ဖြတ်သန်းနေမယ့် အစား တစ်ခုခုတော့ အောင်မြင်အောင် လုပ်မှရမယ်…”

ရုတ်တရက် တောင်ဘက်မှ မြင်းခွာသံများ ဆူညံစွာ ကြားလိုက်ရသည်။ ခွာသံများက အလွန်ရှုပ်ထွေးပြီး သိပ်သည်းသည်။ အနည်းဆုံး မြင်းကောင်ရေ နှစ်ဆယ်မှ သုံးဆယ်ခန့်အထိ ရှိပေလိမ့်မည်။ မကြာမီ ဆိုင်ပေါက်ဝသို့ ရောက်ရှိလာပြီး ရပ်တန့်သွား၏။ မရှေးမနှောင်းမှာပင် တဒုန်းဒုန်း တံခါးခေါက်သံက ဆူညံစွာ ထွက်ပေါ်လာသည်။ စွန်းယန်ဝမ် လန့်ဖြန့်သွားပြီး ခေါင်းကို ခပ်ကြမ်းကြမ်း ခါရမ်းကာ အိပ်ချင်စိတ်ကို မောင်းထုတ်ပစ်လိုက်၏။ သူ ထရပ်လိုက်ပြီး တံခါးကို အပြေးအလွှား သွားဖွင့်ပေးလိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် သူ့မျက်နှာပေါ်ကို ဆီးနှင်းမှုန်များ တဖွဲဖွဲ ရိုက်ခတ်ကျဆင်းလာသည်။ မြင်းပေါ်မှ ဆင်းလာသူများအားလုံး ဆီးနှင်းများနှင့် ဖုံးလွှမ်းနေပြီး လူနှစ်ဆယ်၊ သုံးဆယ် ဝန်းကျင်ခန့် ရှိသည်။ အချို့သူများသည် ခန္ဓာကိုယ်များတွင် ဓား သို့မဟုတ် လှံရှည်များကို ချိတ်ဆွဲထားပြီး အချို့သူတို့၏ လက်နက်များက မြင်းများပေါ်တွင် ချိတ်ဆွဲထားသည်။ ခေါင်းဆောင်ဖြစ်သူမှာ အရပ်ထောင်ထောင်‌ မောင်းမောင်း နှင့် ခန္ဓာကိုယ်ထွားကျိုင်းသော လူထွားကြီး တစ်ဦးဖြစ်ကာ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ ရွှေရောင် အရှိန်အဝါက ယှက်သန်းနေသည်။ နောက်ကျောတွင် ဓားတစ်လက်ကို လွယ်ထားပြီး ဂွမ်းအနွေးထည်ရှည်ကြီးကို ဝတ်ဆင်ထား၏။ ထိုသူ၏ မျက်လုံးများက အေးစက်သော လျှပ်စီးတန်းများကဲ့သို့ အလွန် မယုံကြည် နိုင်လောက်အောင် စူးရှပြတ်သားလွန်းပြီး သူ့ကို တစ်ချက်ကြည့်လိုက်သည့် အချိန်တွင် စွန်းယန်ဝမ် အကြီးအကျယ် တုန်လှုပ်သွားသည်။ သူက အားတုံ့အားနာဟန်ဖြင့် ပြုံးပြလိုက်၏။

“ဧည်သည်တော် လူကြီးမင်းတို့… အပြင်က နှင်းမုန်တိုင်းဒဏ်ကို ထပ်မခံရအောင် အရင်ဆုံး အထဲမှာ ဝင်ထိုင်ကြမလား ခင်ဗျ… ကျွန်တော် အားလုံးအတွက် ရေနွေးပြင်ဆင်ပေးပြီး ခန္ဓာကိုယ်ကို အရင်ဆုံး နွေးထွေးအောင် လုပ်ပေးပါမယ်…”

စွန်းယန်ဝမ် က မေးလိုက်သည်။ ခေါင်းဆောင် ကိုလူထွားကြီးက ခေါင်းကို အနည်းငယ် ဆတ်ပြလိုက်ပြီး သူကဲ့သို့ ဆိုင်အကူလေး တစ်ယောက်အား မည်သည့်စကားမျှ ပြောဆိုလိုဟန် မရဘဲ သူ့လူများကို ခေါ်ကာ ဧည့်သည် တည်းခိုဆောင်အတွင်းကို ဝင်ရောက်သွား၏။ အပြင်တွင် နှင်းမုန်တိုင်းက ပြင်းထန်နေသော်လည်း ထိုလူအုပ်စုသည် မြင်းများကို စောင့်ကြပ်ရန် လူနှစ်ယောက် ချန်ထားခဲ့သည်။ သူတို့ အကုန်လုံး ဆိုင်အတွင်းကို ဝင်မလာခဲ့ပေ။ ယင်းကိုကြည့်ပါက ၎င်းတို့ အားလုံးသည် သိုင်းလောကတွင် ကျင်လည်နေသူများ ဖြစ်ကြောင်း ထင်ရှားသည်။ ဧည့်သည် တည်းခိုဆောင် အတွင်းမှ မီးဖိုသည် သေးငယ်သော်လည်း တစ်ခါမျှ ငြိမ်းသတ်သွားသည်ဟူ၍ မရှိသောကြောင့် အခန်းက အပြင်ထက် များစွာပို၍ နွေးထွေးနေသည်။ စွန်းယန်ဝမ် သည် ထိုလူထွားကြီးများကို ဆိုင်အတွင်းသို့ ခေါ်ဆောင်လာခဲ့ပြီး အားလုံးကို လက်ဖက်ရည်ခွက်များ ကမ်းပေးရင်း ချိုသာစွာ မေးလိုက်သည်။

“ဧည့်သည်တော်ကြီးတို့ စုစုပေါင်း အခန်းဘယ်နှစ်ခန်းလောက်များ လိုအပ်ပါသလဲ ခင်ဗျ… ခဏနေကျရင် ဟင်းရည်ပူပူနဲ့ စားစရာတွေကို အခန်းထဲထိ လာပို့ပေးရမလား… ဒါမှမဟုတ် ဒီနေရာမှာပဲ သုံးဆောင်ကြမလား ခင်ဗျ…”

မျက်နှာတစ်ခုလုံးတွင် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများ ထူထပ်စွာ ပေါက်နေသော လူထွားကြီး တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်၏။

“စကားတွေ မများစမ်းနဲ့ကွာ… ပူပူနွေးနွေး စားလို့ရတာ ဘာပဲရှိရှိ အမြန်ဆုံးသာ ယူလာခဲ့… စားပြီးတာနဲ့ ငါတို့သွားမှာ…”

စွန်းယန်ဝမ် အံ့အားသင့်သွားပြီး စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်မိသည်။

“အခုလို နှင်းမုန်တိုင်း ကျနေတဲ့ ရာသီဥတုမှာ ညဘက်ကြီး ခရီးဆက်မယ် ဆိုတာက တစ်ချက်လေး သတိလွတ်သွားတာနဲ့ မြင်းက ဘယ်လိုအခြေအနေမျိုးမှာမဆို လဲကျသွားနိုင်တယ်… သူတို့ ဘယ်လောက်ပဲ ကျွမ်းကျင်နေပါစေ လဲကျပြီဆိုတာနဲ့ သေလုမျောပါး ဖြစ်သွားမှာပဲ…”

ဤလူများကို ကြည့်ရသည်မှာ ဆက်ဆံရခက်မည့် ပုံစံများ ဖြစ်သောကြောင့် သူ့အနေဖြင့် ထိုကဲ့သို့ နိမိတ်မကောင်းသည့် စကားမျိုးကိုတော့ ပြောရဲခြင်း မရှိပေ။ သူက ပြုံးနေသော မျက်နှာဖြင့် သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည်။ သူတစ်ယောက်တည်းတော့ ဟင်းရည်ပူပူနှင့် စားသောက်စရာများ ပြင်ဆင်ပေးနိုင်မည် မဟုတ်သောကြောင့် ဆိုင်နောက်ဖက်သို့သွားကာ စားဖိုမှူး နှင့် အခြား ဆိုင်အကူများကို နှိုးလိုက်သည်။ အိပ်မက်ကောင်းနေသည့် အချိန်တွင် နှောင့်ယှက် ခံလိုက်ရသော စားဖိုမှူးထံမှ ဆဲဆိုကြိမ်းမောင်းသံကို ကြားရသော်လည်း ဆိုင်အကူများကတော့ ပြန်မပြောဝံ့ကြပေ။ ဧည်သည့်များ‌ ရောက်လာသောကြောင့် ဆိုင်သည် ယခင်ကထက် ပို၍ စည်ကားလာခဲ့သည်။ စွန်းယန်ဝမ် သည် အလုပ်များနေသော်လည်း ထိုလူအုပ်စုကို ခိုးကြောင်ခိုးဝှက် စောင့်ကြည့်ရန် မေ့လျော့ခြင်း မရှိပေ။ သူ တိတ်တဆိတ်တွေးနေခဲ့သည်က…

“ဒီလူတွေမှာ သိုင်းပညာ အခြေခံတွေ ရှိနေပုံရတယ်… ငါ ခေတ်အဆက်ဆက် ကူးပြောင်းလာခဲ့တာ ဒီတစ်ခေါက် ရောက်လာတာက ဝူရှ (သိုင်းလောက) ကမ္ဘာများလား မသိဘူး… အဲဒါဆိုရင် ငါလည်း သိုင်းလေးဘာလေး သင်ဖို့ အခွင့်အရေး ရကောင်းရနိုင်လောက်တယ်…”

သို့သော်လည်း သူသည် လက်ရှိတွင် ဆိုင်အကူတစ်ဦးသာ ဖြစ်ပြီး အဆင့်အတန်းက နိမ့်ကျလွန်း နေသည်။ ဤကမ္ဘာမှ သိုင်းသမားများထံ တပည့်ခံရန် တောင်းပန်မည်ဆိုလျှင်ပင် ၎င်းတို့က လက်ခံမည် မဟုတ်ပေ။ ဖားပြုတ်တစ်ကောင်က ဟင်္သာသားကို စားချင်သည်ဟု ဆိုကာ ဆဲဆိုကြိမ်းမောင်းခံရဖွယ် ရှိသည်။ စွန်းယန်ဝမ် စိတ်ထဲတွင် သက်ပြင်းရှည်ကြီး ချလိုက်ပြီး အလွန်လည်း စိတ်မသက်မသာ ဖြစ်သွားမိသည်။ ဤမြောက်ပိုင်း စားသောက်ဆိုင်ကြီးတွင် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သော စားဖိုမှူး နှင့် ဆိုင်ဝန်ထမ်းများမှာ ကျွမ်းကျင်အဆင့်ကို ရောက်နေပြီ ဖြစ်သောကြောင့် ၎င်းတို့သည် တစ်ခဏအတွင်းမှာပင် ဟင်းရည်ပူပူနှင့် စားစရာများ အားလုံး ရောက်ရှိလာသည်။ ရာသီဥတုသည် လွန်စွာအေးလွန်းသဖြင့် ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်များ မရှိသော်လည်း အနည်းဆုံး ပူပူနွေးနွေး အသားဟင်းရည် တစ်ခွက် လုပ်ပေးနိုင်ပြီး လက်ဖက်ရည်နှင့် ထမင်းတို့ကို အလုံအလောက် ပေးနိုင်သည်။ ထိုလူထွားကြီးများမှာ အလွန်ဆာလောင်နေကြပြီဖြစ်ရာ မည်သည့်အရာကိုမျှ ရွေးချယ်ခြင်းမရှိဘဲ တပြတ်ပြတ် အသံများ ထွက်သည်အထိ စားသောက်ကြသည်။ စားသောက်ပြီးသွားသောအခါ ၎င်းတို့အားလုံး အနည်းငယ် လန်းဆန်းတက်ကြွ လာကြ၏။

“အစ်ကိုကြီး ဟူ… ကျွန်တော်တို့ သွားကြတော့မလား… ဟိုကောင်လေး ထွက်ပြေးပြီး လွတ်သွားမှာ စိုးရိမ်ရတယ်…”

မုတ်ဆိတ်မွှေး ဗရပျစ်နှင့် လူထွားကြီးက အသံခပ်တိုးတိုးဖြင့် ပြောလိုက်၏။ ရွှေရောင်မျက်နှာပိုင်ရှင် လူထွားကြီးက ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး ငွေပြားတစ်ချပ်ကို စားပွဲပေါ်သို့ “ချွင်”ခနဲ ပစ်တင်လိုက်သည်။

“ပိုတာအကုန် မင်းယူလိုက်…”

ထို့နောက် သူ့လူများကို ဦးဆောင်ကာ ဆိုင်အပြင်သို့ ပြန်လည် ထွက်ခွာသွားသည်။ စွန်းယန်ဝမ် က ငွေပြားကို ကောက်ယူလိုက်ပြီး စိတ်ထဲတွင်လည်း တွေးလိုက်မိသည်။

“ရုပ်ရှင်တွေထဲမှာ ဒီလို နေရာမျိုးဆိုရင် စားပွဲထိုးလေးတွေ သိပ်ကို ပျော်ရွှင်ကြပေမယ့် ဒီလောက်များတဲ့ ဘောက်ဆူးကိုကျ ဘယ်ဆိုင်ရှင်က ပေးချင်တော့မှာလဲ… ဒီငွေပြားတစ်ပြားလုံးကို ဆိုင်ရှင်ကပဲ မောင်ပိုင်စီးသွားလိမ့်မယ်… တကယ်လို့ ငွေပြားနေရာမှာ ကြေးပြားလေး သုံးလေးပြားလောက် ပေးခဲ့မယ် ဆိုရင်တောင် ဆိုင်ရှင်က ပြန်ပေးကောင်း ပေးနိုင်သေးတယ်…”

သူက ရိုသေစွာ ထရပ်လိုက်ပြီး ၎င်းတို့လူစုကို လိုက်ပိုရန် ပြင်လိုက်စဉ် အနည်းငယ် နုပျိုသော အသံတစ်သံကို ကြားလိုက်ရသည်။

“မင်းတို့က ငါ့ကို လမ်းတစ်လျှောက်လုံး လိုက်သတ်နေတာပေါ့ ဟုတ်လား… ဒီနေ့တော့ ငါ့ဒေါသကို ဖြေဖျောက်ဖို့ မင်းတို့ရဲ့ စီးတော်မြင်းအချို့ကို အရင်ဆုံး လက်စသတ်ပေးရမှာပေါ့…”

ထိုအသံပိုင်ရှင်က အော်ဟစ်လိုက်သည်။ ချက်ခြင်းဆိုသလိုပင် မြင်းဟီသံများနှင့် လေးလံသည့် အရာဝတ္ထုများ မြေပေါ်သို့ တဘိုင်းဘိုင်း လဲကျသွားသည့် အသံများက ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုလူအုပ်စု တစ်ခုလုံး၏ မျက်နှာအမူအရာများ ချက်ခြင်းပင် ပြောင်းလဲသွားကြ၏။ ၎င်းတို့ မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ရသေးမီ မူလက ပိတ်ထားသော တံခါးကြီးသည် “အုန်း”ခနဲ အသံကြီးဖြင့် အတွင်းပိုင်းကို တအိအိ ပြိုလဲကျလာသည်။ ထို့နောက် ဖျင်ကြမ်းနှင့် ချုပ်ထားသော ဂွမ်းအင်္ကျီကို ဝတ်ထားကာ ဝါးခမောက်တစ်လုံးကို ခပ်ငိုက်ငိုက် ဆောင်းထားသော ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးသည် ဆေဘာဓားတစ်ချောင်းကို ကိုင်ဆောင်ပြီး တံခါးပေါက်မှ မောက်မာစွာ ဝင်ရောက်လာသည်။ ဓားပေါ်ရှိ သွေးစက်များမှာ ခဲနေပြီး အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထိုလူငယ်သည် တစ်ယောက်တည်း ဖြစ်ပြီး အသက်အရွယ် လွန်စွာငယ်ရွယ်သည့်တိုင် သူဓားကိုင်ထားသော ပုံသဏ္ဍာန်သည် လူတစ်ယောက်တည်းဖြင့် ဂိတ်တံခါး တစ်ခုလုံးကို ပိတ်ဆို့ကာ လူပေါင်းများစွာ ဝင်ရောက်လာခြင်းမှ တားဆီးနေသည့် ရဲရင့်ပြတ်သားသော ပုံသဏ္ဍာန်မျိုး ဖြစ်သည်။ လူထွားကြီးများ အားလုံး “ဝုန်း”ခနဲ ထရပ်လိုက်ကြပြီး လက်နက်ရှိသူများက လက်နက်များကို ဆွဲထုတ်ကာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း အသင့်အနေအထား ဖြစ်သွား၏။ လက်နက် ပါမလာသူများမှာ မြင်းပေါ်မှ လက်နက်များကို ပြေးယူလိုသော်လည်း တံခါးပေါက်တွင် ထိုလူငယ်က ပိတ်ဆို့နေသဖြင့် အပြင်သို့ မထွက်ဝံ့ဘဲ ကြောက်လန့်ဟန်များ အထင်းသား ဖြစ်ပေါ်လာသည်။ စွန်းယန်ဝမ် အလွန်အမင်း အားကျနေပြီး စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိ၏။

“ဒီလူငယ်လေးက တကယ်တော်တာပဲ… သူ့နာမည်က ဘယ်သူလဲ မသိဘူး… သူ့နောက်ခံကကော ဘယ်လိုမျိုးလဲ…”

ရွှေရောင်မျက်နှာပိုင်ရှင် လူထွားကြီးက သူ့လက်ကို အနည်းငယ် လှုပ်ရမ်းလိုက်သည်နှင့် နောက်ကျောမှ ဓားက လက်ထဲသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ဓားကွက်ပေါင်း ခြောက်ကွက်၊ ခုနှစ်ကွက်ခန့် လှုပ်ရှားလိုက်ပြီးနောက် သူ့ရှေ့ သုံးပေပတ်လည်တွင် အေးစက်သော ဓားအလင်းတန်းများ ဖုံးလွှမ်းသွားသည်။

“ခွေးသူခိုးလေး သေပေတော့…”

တစ်ယောက်တည်း ရောက်ရှိလာသော ထိုလူငယ်ကလည်း သူ့ဓားကို ဝှေ့ရမ်းလိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူသည် ဓားအလင်းတန်းများ အောက်တွင် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ကျင်လည်စွာ သွားလာလှုပ်ရှားနေ၏။ သူ့၏ ခန္ဓာကိုယ် လှုပ်ရှားမှု ပုံစံသည် မယုံကြည်နိုင် လောက်အောင် လျင်မြန်လွန်းပြီး အစ်ကိုကြီးဟူ ဟုခေါ်သော လူထွားကြီး၏ ရှေ့ကို မျက်စိ တစ်မှိတ်အတွင်း ရောက်ရှိလာကာ ဓားနှင့် သုံးချက်ဆက်တိုက် ခုတ်ချလိုက်သည်။ အစ်ကိုကြီးဟူ ဟုခေါ်သော လူထွားကြီး၏ ဓားစွမ်းရည်မှာလည်း တောင်ကြီးတစ်တောင်ကဲ့သို့ ခိုင်မာပြီး အရပ်လေးမျက်နှာကို လွှမ်းခြုံထားသည်။ သူသည် ဓားကို ဝှေ့ရမ်းကာ သူ့ဆီသို့ ဝင်ရောက်လာသော ထိုဓားချက် သုံးချက်စလုံးကို ကာကွယ်လိုက်သည်။ ၎င်းတို့နှစ်ဦး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ချိန်တွင် ဓားနှစ်လက်သည် လေအလျင်ကဲ့သို့ မြန်ဆန်ပြီး ယုန်ပျံတစ်ကောင်နှင့် သိမ်းငှက်တစ်ကောင် လှုပ်ရှားနေသလို ထင်ရသည်။ စွန်းယန်ဝမ် သည် ထိုမြင်ကွင်းကို ကြည့်နေရင်း အလွန်စိတ်လှုပ်ရှားကာ အမြင်အာရုံများပင် ဝေဝါးသွား၏။

“သိုင်းလောက ဆိုတာ ဒါပဲ… ခေါင်းဆောင်ကလည်း စစ်မှန်တဲ့ ဓားသမား တစ်ယောက်ပဲ… ဒီလို ဓားပညာရပ်မျိုးတွေက ငါတို့ ကမ္ဘာမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး…”

သူက စိတ်ထဲတွင် တွေးလိုက်မိသည်။ မုတ်ဆတ်မွှေး၊ ပါးသိုင်းမွှေးများနှင့် လူထွားကြီး၏ တိုက်ခိုက်မှုကလည်း အတော်လေး ကြောက်မက်ဖွယ် ကောင်းသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် သားရေအိတ်တစ်ခု ပါရှိလာပြီး ထိုအိတ်ထဲမှ ဝှက်ထားသော လှံတိုအရွယ်အစား လက်နက် နှစ်ခုကို ထုတ်ယူလိုက်၏။ လူထွားကြီးက ထိုလှံတိုနှစ်ချောင်းကို ဆက်လိုက်သောအခါ အသွားနှစ်ဖက်ပါသော လှံရှည် တစ်လက် ဖြစ်သွားပြီး တဝှီးဝှီး လွှဲရမ်းကာ ကျားသစ်တစ်ကောင်လို တိုက်ပွဲအတွင်းကို ခုန်ဝင်သွားသည်။ လူငယ်သည် ရန်သူများဘက်မှ လူအင်အား သာလွန်နေသည်ကို မြင်သောအခါ အသံကျယ်ကျယ် ရယ်မောရင်း လှောင်ပြောင်လိုက်သည်။

“မင်းတို့ ဟူမိသားစုက လူအင်အားကိုပဲ အားကိုးတတ်ကြတာလား…”

အစ်ကိုကြီးဟူ ဟုခေါ်သော လူထွားကြီးသည် လူငယ်လေး ထွက်ပြေးတော့မည်ကို မြင်သောအခါ ရုတ်တရက် အော်ဟစ်လိုက်သည်။ သူသည် မည်သည့် တိုက်ခိုက်မှု ပုံစံကိုမျှ မပြုလုပ်ခဲ့သော်လည်း သူ့၏ ဓားသွားပေါ်၌ အချင်း ပေတစ်ဝက်ခန့်ရှိကာ ယိမ်းထိုးလှုပ်ရှားနေသော အပြာရောင် အလင်းတန်း တစ်ခု မြွေတစ်ကောင်လို လူးလွန့်လှုပ်ရှား ထွက်ပေါ်လာသည်။ “လက်”ခနဲ ဓားချက် တစ်ချက်က လူငယ်၏ လက်တွင်းမှ ဆေဘာဓားကို နှစ်ပိုင်း ပိုင်းဖြတ်ချသွား၏။ ထိုအပြာရောင် အလင်းတန်းသည် လွန်စွာ ထက်ရှပြီး အစစ်အမှန် နတ်လက်နက်၊ သို့မဟုတ် ဓားချီထက် နိမ့်ကျခြင်း မရှိပေ။ သံကို ရွှံတုံးတစ်တုံးလို အလွယ်တကူ ဖြတ်တောက်နိုင်စွမ်း ရှိနေရာ အတော်ပင် ထူးခြားဆန်းကြယ်သည့် မြင်ကွင်းဖြစ်နေသည်။

All Chapters