“တပည့်ခံခြင်း”
Vol. 1 Ch. 2
စွန်းယန်ဝမ် အလွန် အံ့အားသင့်သွားပြီး စိတ်ထဲတွင်လည်း တွေးလိုက်မိသည်။
“ဓားသွားပေါ်ကနေ အပြာရောင် အလင်းတန်းတွေ ထွက်လာနိုင်တယ်ပေါ့ ဟုတ်လား… ငါရောက်လာတဲ့ ကမ္ဘာက သိုင်းလောက မဟုတ်ဘဲ ရှန်းရှ (အင်မော်တယ်)လောက များ ဖြစ်နေတာလား…”
ထိုလူငယ်၏ တုံ့ပြန်မှုက အလွန်လျင်မြန်သည်။ သူသည် လက်ထဲမှ နှစ်ပိုင်းဖြစ်သွားသော ဓားကို ရှေ့သို့ ပစ်ပေါက်လိုက်ပြီး ခန္ဓာကိုယ်ကို တစ်ချက်ယိမ်းနွဲ့ကာ ဆယ်မီတာခန့် (သုံးလံကျော်) နောက်ကို ခုန်ဆုတ်သွားသည်။ ထိုအခါ အစောပိုင်းက သူဖျက်ဆီးခဲ့သော ဧည့်သည်တည်းခိုဆောင် တံခါးပေါက်မှ အပြင်ဘက် ဆီးနှင်းများအတွင်းသို့ ချက်ခြင်းပင် ရောက်ရှိသွား၏။ သစ်ရွက်တစ်ရွက်ကဲ့သို့ ပေါ့ပါးလွန်းသော သူ့၏ လှုပ်ရှားမှုပညာကို အသုံးပြုလိုက်ရာ အားလုံး၏ မြင်ကွင်းအောက်မှ “ဖျတ်”ခနဲ ပျောက်ကွယ်သွားသည်။ အစ်ကိုကြီးဟူ ဟုခေါ်သော လူထွားကြီးသည် သူ့ဆီသို့ ဝင်ရောက်လာသော ဓားကျိုးတစ်ခုကို ရှောင်လိုက်ပြီး အခြားတစ်ခုကို ဓားနှင့် ရိုက်ထုတ်ပစ်လိုက်၏။ သူက ကျယ်လောင်စွာ အော်ဟစ်ရင်း မြေပြင်ကို ခြေထောက်ဖြင့်ကန်ကာ ပျက်စီးနေသော တံခါးပေါက်မှ အပြင်ကို ခုန်ထွက်သွားပြီး လူငယ်၏ နောက်ကို ထပ်ကြပ်မကွာ လိုက်ပါသွားသည်။ ကျန်လူထွားကြီးများမှာလည်း အပြင်ကို အလုအယက် ပြေးထွက်ကုန်ကြ၏။ လက်ဗလာ ဖြစ်နေသူများကလည်း အေးခဲနေသော သွေးအိုင်ထဲတွင် လဲကျနေသည့် မြင်းအသေကောင်များပေါ်မှ လက်နက်များကို ယူဆောင်လိုက်ကြပြီး ထိုနှစ်ဦးနောက်ကို အပြေးအလွှား လိုက်ပါသွားကြသည်။ သိုင်းလောကသားများ တိုက်ခိုက်သည့်အခါ အလွန်အန္တရာယ် များသောကြောင့် ဆိုင်မှ အတွေ့အကြုံရင့် ဝန်ထမ်းများအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားကြသည်။ အနှိုးခံရသော စားဖိုမှူး ဆိုသူမှာလည်း အပြင်ဘက်ကို လုံးဝထွက်လာခြင်း မရှိပေ။ အားလုံးသည် သူ့နည်းသူ့ဟန်ဖြင့် အသက်မွေးကြ သူများချည်းသာ ဖြစ်နေသည်။ စွန်းယန်ဝမ် တွင်တော့ ထိုကဲ့သို့ အတွေ့အကြုံ မရှိသဖြင့် သူမူလရပ်နေသော နေရာ၌သာ တောင့်တောင့်ကြီး ရပ်နေခဲ့သည်။ ယခုအခါမှ ထွက်ပြေးရန် စဉ်းစားမိသော်လည်း ယင်းက မလိုအပ်တော့ပေ။ သူက တံခါးအပြင်သို့ ခေါင်းပြူပြီး ချောင်းကြည့်လိုက်ရာ မြေပြင်ပေါ်တွင် အတုံးအရုံး လဲကျသေဆုံးနေသော မြင်းသေကောင်များကို တွေ့ရသည်။ ထိုလူငယ်သည် အလွန်ရက်စက် ပြတ်သားစွာ တိုက်ခိုက်ခဲ့ပြီး ကြံ့ခိုင်သော မြင်းကောင်ရေ နှစ်ဆယ်၊ သုံးဆယ်ခန့်အနက် ဆယ်ကောင်ကျော်ကို သတ်ဖြတ်ပစ်ခဲ့သည်။ အသတ်ခံထားရသော မြင်းများမှာ မြေပြင်ထက်တွင် လဲကျနေပြီး ဒဏ်ရာများမှာ အေးခဲနေပြီ ဖြစ်သောကြောင့် သွေးအိုင်က များစွာကြီးမားခြင်း မရှိပေ။ အသက်ရှင်ကာ ကျန်ရစ်ခဲ့သော မြင်းအချို့မှာ မကြာခဏ ဟီနေပြီး မငြိမ်မသက်ဖြစ်နေ၏။ ထို့အပြင် လူထွားကြီး နှစ်ဦး၏ ရုပ်အလောင်းသည် ဆီးနှင်းများပေါ်တွင် မှောက်လျက်လဲကျနေသည်ကို မြင်ရသောအခါ မြင်ကွင်းက ထိတ်လန့်စရာ ကောင်းသွားသည်။ ထိုလူငယ်သည် မြင်းများကို သတ်ဖြတ်သည့် အချိန်တွင် ကံမကောင်းခဲ့သော ထိုလူနှစ်ဦးကိုပါ တစ်ပါတည်း ရှင်းပစ်ခဲ့ပုံရသည်။ ထိုအချိန်တွင် စွန်းယန်ဝမ် ၏ စိတ်ထဲကို အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။
“ဒါက ကစားပွဲတစ်ခုရဲ့ အစမှာ ချပေးတတ်တဲ့ ကံစမ်းမဲ တစ်ခုလိုမျိုးလား… ဒီလူထွားကြီးတွေရဲ့ သိုင်းပညာအဆင့်က ဘယ်လောက်ပဲဖြစ်ဖြစ် ဒီဆိုင်က အကူတွေထက်တော့ ပိုချမ်းသာမှာ သေချာတယ်… မြင်းအသေကောင်တွေနဲ့ လူသေတွေဆီမှာ ပစ္စည်းတွေက ကျိန်းသေပေါက်ကို ပါလာမှာပဲ… ငါသာ ငွေကြေးတချို့ကို ရှာတွေ့နိုင်မယ်ဆိုရင် အနာဂတ်ဘဝအတွက် အကန့်အသတ် မရှိတဲ့ အကျိုးကျေးဇူးတွေ ရနိုင်လောက်တယ်… ဒီလိုအခွင့်အရေးမျိုးက နှစ်အနည်းငယ် အတွင်းမှာ တစ်ကြိမ်လောက် ကြုံရဖို့ မလွယ်ဘူး… ငါ ဒါကို လက်လွတ်ခံလို့ မဖြစ်ဘူး…”
လူသတ်မှုကို ပထမဦးဆုံးအကြိမ် နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရခြင်းကြောင့် စွန်းယန်ဝမ် ၏ ခြေထောက်များက ကြောက်စိတ်၏ လွှမ်းမိုးမှုအောက်တွင် ပျော့ခွေနေသော်လည်း သတ္တိအပြည့်မွေးကာ ဆီးနှင်းများကြားသို့ ပြေးထွက်သွားသည်။ လူထွားကြီး တစ်ဦး၏ ရင်ဘတ်ထဲသို့ လက်ထိုးထည့်ပြီး ရှာဖွေသောအခါ သားရေအိတ်တစ်လုံးကို အမှန်တကယ်ပင် တွေ့ရှိသွား၏။ အိတ်ကို မကြည့်ရုံဖြင့် အလေးချိန်က အတော်အတန် စီးနေသောကြောင့် ပိုက်ဆံ အများအပြား ရှိနေကြောင်း သိလိုက်သည်။ သူ့စိတ်ထဲတွင် အနည်းငယ် ပျော်ရွှင်သွားပြီး အိတ်အတွင်းမှ ပစ္စည်းအားလုံးကို အလျင်အမြန် သွန်ချလိုက်၏။ ငွေစအနည်းငယ်နှင့် ကြေးပြားအချို့ကို အိတ်အတွင်း ပြန်ထည့်ပြီးနောက် အလောင်း၏ ရင်ဘတ်ကြားထဲကို ပြန်ထိုးထည့် ထားလိုက်သည်။ စွန်းယန်ဝမ် သည် ပြန်လည်ဝင်စားလာသူ ဖြစ်သောကြောင့် သူ့၏ တွေးခေါ်မြော်မြင်နိုင်စွမ်းက အနည်းငယ် မြင့်မားသည်။ အကယ်၍ သူသာ ပိုက်ဆံအိတ် တစ်ခုလုံး ယူသွားမည်ဆိုလျှင် ကျန်သည့် လူထွားကြီးများ ပြန်ရောက်လာသောအခါ ၎င်းတို့ အဖော်ထံမှ ပစ္စည်းပျောက်သွားသည်ကို သေချာပေါက် သတိထားမိပေလိမ့်မည်။ သို့သော် ပိုက်ဆံအိတ်အတွင်း ငွေမည်မျှ အတိအကျ ရှိနေသည်ကိုတော့ ၎င်းတို့အားလုံး အသေးစိတ် သိနေမည်ဟု သူက လုံးဝမယုံပေ။ စွန်းယန်ဝမ် သည် ရလာသော ငွေများကို သေချာထိုင် ရေတွက်နေရန် အချိန်မပေးဘဲ အခြားတစ်ဦး၏ အလောင်းကို ထပ်မံရှာဖွေခဲ့ရာ ပိုက်ဆံအိတ် နောက်တစ်လုံးကို တွေ့လိုက်ရသည်။ ယခင်ကအတိုင်း လုပ်ဆောင်ပြီး နောက်တွင်တော့ သူသည် ထိုငွေများအားလုံးကို သူ့ထံတွင် သိမ်းဆည်းမထားခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် သူတို့ ဆိုင်ရှင်သည် ဝန်ထမ်းများ ခိုးမည်ကို စိုးရိမ်သောကြောင့် အချိန်မရွေး သူကိုယ်တိုင် ရှာဖွေ စစ်ဆေးမှုများ လုပ်တတ်သောကြောင့် ဖြစ်သည်။ ထိုငွေများကိုသာ တွေ့သွားပါက တစ်ပြားမှ မချန်ခဲ့ဘဲ အကုန်လုံး သိမ်းယူသွားမည်ကို ကြိုသိနေသည်။ ထို့ကြောင့် စွန်းယန်ဝမ် သည် သူရလာသမျှ ငွေများအားလုံးကို သစ်ပင်ကြီး တစ်ပင်အောက်သို့ ရွှေ့ပြောင်းပြီး အပေါ်မှ ဆီးနှင်းများဖြင့် အုပ်ကာ ဝှက်ထားခဲ့၏။ ထိုမမျှော်လင့်ဘဲ ရရှိလာသော ငွေကြေးများကို သိုဝှက်သိမ်းဆည်း လိုက်ပြီးနောက် စွန်းယန်ဝမ် ဆိုင်အတွင်းသို့ ပြန်ဝင်လာခဲ့သည်။ ထိုအခါမှသာ အေးခဲနေသော ခံစားချက်က သွားများကို တဂတ်ဂတ် ရိုက်နေခဲ့ပြီး တစ်ဖက်တွင်လည်း အနည်းငယ် စိတ်လှုပ်ရှားစွာ စိတ်ကူးယဉ်နေမိသည်။
“ပိုက်ဆံတွေ ရလာပြီဆိုတော့ နောက်နှစ် နွေဦးပေါက်ကျရင် ငါ တောင်ပိုင်းကိုသွားပြီး အလုပ်ကောင်းကောင်း တစ်ခုရှာရမယ်… ဒီနေရာမှာ ဆက်ပြီး ဒုက္ခခံနေစရာ မလိုတော့ဘူး… ဆရာ တစ်ယောက်ယောက်ဆီမှာ တပည့်ခံပြီး သိုင်းပညာပါ သင်ယူနိုင်ရင်တော့ အကောင်းဆုံးပေါ့…”
သူသည် အနာဂတ်လမ်းကြောင်းကို စိတ်ကူးယဉ်ရင်း ပျော်ရွှင်နေစဉ်မှာပင် ဖျင်ကြမ်းအနွေးထည်ကို ဝတ်ဆင်ထားပြီး ဝါးခမောက်ကို ခပ်ငိုက်ငိုက်ဆောင်းထားသော အစောပိုင်းက လူငယ်သည် အခန်းအတွင်းမှ ကုလားထိုင် တစ်လုံးပေါ်တွင် အခန့်သား ထိုင်နေသည်ကို တွေ့လိုက်ရသည်။ လက်တစ်ဖက်သည် မေးစေ့ကို ထောက်ထားပြီး မျက်နှာက မချိုမချဉ်ဟန်ဖြင့် သူ့ကို စိုက်ကြည့်နေ၏။ ချက်ခြင်းဆိုသလိုပင် စွန်းယန်ဝမ် သည် ရေခဲချောက်နက်ကြီး တစ်ခုအတွင်းကို ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ထိုလူငယ်က ဖြည်းညင်းစွာ ပြောလာ၏။
“မင်းကတော့ နည်းနည်းကောက်ကျစ်တတ်တဲ့ ကောင်မျိုးထင်တယ်…”
လူငယ်၏ ကိုယ်ပေါ်မှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသောအခါ စွန်းယန်ဝမ် ၏ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်သွားသည်။ သူသည် အခြားဘာကိုမှ စဉ်းစားမနေတော့ဘဲ မြေပြင်ပေါ်ကို “ဖုန်း”ခနဲ ဒူးထောက်ချလိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်၏။
“ကျွန်တော် စွန်းယန်ဝမ် ကို တပည့်အဖြစ် လက်ခံပေးဖို့ တောင်းပန်ပါတယ်…”
ထိုလူငယ် အံ့အားသင့်သွားသည်။
“မင်းက တကယ်ပဲ ငါ့ကို ဆရာတင်ချင်လို့လား…”
လူငယ်က တွေဝေစွာနှင့် မေးရင်း ရယ်မောလိုက်သည်။ စွန်းယန်ဝမ် က ပြန်ဖြေသည်။
“တပည့်ရဲ့ ဘဝက နိမ့်ကျပါတယ်… ဆရာ့လို လူမျိုးက မစောင့်ရှောက်ရင် တစ်သက်လုံး ဒီဆိုင်ရဲ့ အကူဘဝနဲ့ပဲ အဆုံးသတ်ရမှာပါ… အထီးကျန် ဆင်းရဲစွာနဲ့ သေဆုံးပြီး အရိုးစုအဖြစ် ပြောင်းလဲသွားမယ် ဆိုရင် လူဖြစ်ရတာ အရမ်းကို အဓိပ္ပာယ် မဲ့သွားပါလိမ့်မယ်…”
လူငယ်သည် စွန်းယန်ဝမ် ကို အချိန်ခဏမျှ ကြည့်နေပြီးနောက် သူ့ကိုယ်ပေါ်မှ သတ်ဖြတ်လိုစိတ် ကလည်း ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထို့နောက် ရုတ်တရက် ရယ်လိုက်ပြီး ပြောသည်။
“မင်း ငါ့အတွက် အလုပ်တစ်ခု လုပ်ပေးရမယ်… ကောင်းကောင်း လုပ်နိုင်ခဲ့တယ်ဆိုရင် မင်းကို တပည့်အဖြစ် လက်ခံပေးမယ်…”
စွန်းယန်ဝမ် က မည်သည့်အရာကို လုပ်ရမည်နည်းဟု မေးတော့မည်ပြုစဉ် လူငယ်သည် ရုတ်တရက် နားစွင့်ဟန် ပြုလိုက်ပြီး အလျင်အမြန် ပြောလိုက်၏။
“မင်း ပုံမှန်အတိုင်းပဲ ဆက်နေ… ငါ့ကို လှည့်မကြည့်နဲ့…”
လူငယ်က ပြောပြီးသည်နှင့် အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်ကာ ထုတ်တန်းပျဉ်ပြားနောက်တွင် ပုန်းအောင်း နေလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ပိန်ပိန်ပါးပါးနှင့် သေးငယ်သည့်အပြင် ဆိုင်၏ ထုတ်တန်းများမှာလည်း အလွန်ကြီးသောကြောင့် လူတစ်ကိုယ်စာ ပုန်းအောင်းရန်က အခက်အခဲ မဟုတ်ပေ။ စွန်းယန်ဝမ် ၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်ပေါ်လာပြီး ခြေလှမ်းကျဲကြီးများဖြင့် ဆိုင်အပြင်ကို ပြေးထွက်သွားသည်။ သူသည် ရှိသမျှစွမ်းအားကုန်သုံးကာ ဆိုင်ပြင်မှ အလောင်းတစ်လောင်းကို ဆိုင်ထဲသို့ တရွတ်တိုက် ဆွဲလာ၏။ ထို့နောက် အလောင်းပေါ်မှ ဓားကို ဖြုတ်ယူလိုက်ပြီး ထုတ်တန်းပေါ်သို့ ပစ်တင်လိုက်ရာ လူငယ်က အလျင်အမြန် ဖမ်းယူသွားပြီး ပြန်လည် ပုန်အောင်းနေခဲ့သည်။ လေပြင်းများ တိုက်ခတ်သွားပြီး ဆီးနှင်းများကြားမှ တရှပ်ရှပ် ခြေသံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် လူထွားကြီး ခုနှစ်ဦး၊ ရှစ်ဦးခန့် ဆိုင်အတွင်းကို ပြေးဝင်လာကြသည်။ စွန်းယန်ဝမ် သည် ၎င်းတို့ အဖော်ဖြစ်သူ၏ နှာခေါင်းအောက်သို့ လက်ညှိုးဖြင့် စမ်းသပ်နေသည်ကို မြင်သောအခါ မျက်နှာတွင် ဓားဒဏ်ရာ အမာရွတ်ကြီးရှိနေသော လူထွားကြီး တစ်ဦးက အော်ဟစ်မေးမြန်းလိုက်၏။
“စားပွဲထိုး ကောင်လေး… မင်းဘာလုပ်နေတာလဲ…”
စွန်းယန်ဝမ် က ကြောက်လန့်တုန်လှုပ်သွားသည့် ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်တော်… ခုနက ဒီလူကြီး လှုပ်သွားတာ မြင်လိုက်လို့ မသေသေးဘူးထင်ပြီး အပြင်မှာ အေးခဲသွားမှာစိုးလို့ အထဲကို ဆွဲသွင်းလာတာ… အဲဒါ အသက်ရှူနေသေးလား ဆိုတာ စမ်းသပ်ကြည့်နေတာ… ကျွန်တော် ကယ်နိုင်မလားလို့ပါ…”
ထိုလူထွားကြီး၏ မျက်နှာထက်တွင် ဝမ်းသာသွားသော အရိပ်အယောင်များ ပေါ်လာပြီး လာရောက် ကြည့်ရှုရန် ဟန်ပြင်လိုက်စဉ် တည်ငြိမ်သော အသံတစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“ဖယ်စမ်း…”
ဧည့်သည်တည်းခိုဆောင် အတွင်း မည်သည့်အချိန်က ပြန်ရောက်နေသည်ကို မသိရသော အစ်ကိုကြီးဟူ ဟုခေါ်သည့် လူထွားကြီးသည် အလျင်အမြန် လျှောက်လာပြီး စွန်းယန်ဝမ် ကို ဘေးသို့တွန်းဖယ်ကာ ခါးကိုကိုင်းလိုက်ပြီး အောက်သို့ငုံ့ကာ စစ်ဆေးလိုက်သည်။ ထိုအချိန်မှာပင် အလင်းတန်းတစ်ခုက လျှပ်စီးလက်သလို “လက်”ခနဲ ဖြစ်သွား၏။ ထုတ်တန်းနေရာမှ ထွက်ပေါ်လာသော ဓားတစ်လက်သည် မိုးကြိုးပစ်ချသကဲ့သို့ အရှိန်ဖြင့် အစ်ကိုကြီးဟူ ဟုခေါ်သော လူထွားကြီး၏ ခန္ဓာကိုယ်ကို နောက်ကျောမှ “စွပ်”ခနဲ ဖောက်ဝင်သွားသည်။ ထိုလူထွားကြီးသည် ဒဏ်ရာ အပြင်းအထန် ရသွားသော်လည်း ချက်ခြင်းပင် အပေါ်သို့ ခုန်တက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် လက်ဝါးဖြင့် အားကုန်ရိုက်ချလိုက်ရာ မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး ထုတ်တန်းကို ထိမှန်သွား၏။ ထိုရိုက်ချက်သည် ဝက်ဝံတစ်ကောင်၏ ခါးလုံးပတ်မျှရှိသော ထုတ်တန်းအား တစ်ချက်တည်းဖြင့် “ဖြောင်း”ခနဲ ကျိုးထွက်သွားစေပြီး အိမ်တစ်ခုလုံး တဝုန်းဝုန်း တုန်ခါသွားစေသည်။ ထို့နောက် အိမ်ခေါင်မိုး ထက်ဝက်သည် ရုတ်တရက် “ဝုန်း”ခနဲ ပြိုကျသွားသည်။ အစ်ကိုကြီးဟူ ဟုခေါ်သော လူထွားကြီးမှာလည်း ထိုလက်ဝါးရိုက်ချက် တိုက်ခိုက်ပြီးနောက် ကောင်းကင်ထက်မှ ပြန်ပြုတ်ကျလာပြီး သွေးများ အဆက်မပြတ် အန်ချလိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် မြေပြင်ထက်တွင် တွန့်လိမ်နေပြီး ခန္ဓာကိုယ်အတွင်း ထိုးစိုက်ဝင်နေသော ဓားကို ဆွဲနှုတ်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ရုတ်တရက် ၎င်း၏ ခန္ဓာကိုယ်သည် “ဆတ်”ခနဲ တုန်ခါသွားပြီး ဒဏ်ရာမှ သွေးများ တပွက်ပွက် စီးထွက်လာကာ လုံးဝ ငြိမ်သက်သွားတော့သည်။ လူငယ်သည် ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်ကာ အစ်ကိုကြီးဟူ ဟုခေါ်သော လူထွားကြီးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်သည်ကို မြင်သောအခါ ပြိုကျနေသော ခေါင်မိုးကို ဂရုမစိုက်ဘဲ သဘောကျစွာ ရယ်မောရင်း မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းလာခဲ့သည်။ သူက သေဆုံးနေသော လူထွားကြီးကို ကြည့်လိုက်ပြီး ပြောသည်။
“ဟူဖုန်းဝေ သေသွားပြီ… မင်းတို့ထဲက ဘယ်သူက ငါ့ပြိုင်ဘက် ဖြစ်လာချင်သေးလဲ…”
ကျန်ရှိနေသော လူထွားကြီး ခုနှစ်ဦး၊ ရှစ်ဦးခန့်၏ မျက်နှာများတွင် ထိတ်လန့်ကြောက်ရွံ့ဟန်များ ဖြစ်ပေါ်လာပြီး အပြင်ကို ချက်ခြင်း ထွက်ပြေးသွား၏။ ၎င်းတို့ထံမှ အော်ဟစ်ကျိန်ဆဲသံတချို့ ကြားရသော်လည်း ဆီးနှင်းများအတွင်း ထွက်ပြေးသောအခါ နောက်သို့ တစ်ချက်မျှ ပြန်လှည့် မကြည့်ကြပေ။ စွန်းယန်ဝမ် က လူငယ်သည် ထိုသူများအားလုံးကို လိုက်လံသတ်ဖြတ် လိမ့်မည်ဟု ထင်မှတ်နေစဉ် လူငယ်၏ ပါးစပ်မှ သွေးများ တဝေါ့ဝေါ့ ထိုးအန်ကာ မြေပြင်ပေါ်သို့ “ဝုန်း”ခနဲ လဲပြိုကျသွားသည်ကို တွေ့လိုက်ရသည်။ အစောပိုင်းက လူထွားကြီး၏ လက်ဝါးရိုက်ချက်သည် အလွန် စွမ်းအားကြီးသဖြင့် ထုတ်တန်းခံနေသည့် ကြားမှပင် သူ့အား ပြင်းပြင်းထန်ထန် ဒဏ်ရာ ရစေခဲ့သည်။ စွန်းယန်ဝမ် အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် မေးလိုက်၏။
“ဆရာ… ဘယ်နေရာမှာ ဒဏ်ရာရသွားတာလဲ… တပည့် ဘာကူလုပ်ပေးရမလဲ…”
လူငယ်က မျက်လုံးကို တစ်ချက်လှန်ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
“ဟေး… ဆိုင်အကူကောင်လေး… မင်းရဲ့ ကံကောင်းခြင်းက တကယ်ကောင်းမွန်တာပဲ… ငါသာ ဒဏ်ရာ မရခဲ့ဘူးဆိုရင် လှည့်မကြည့်ဘဲ ချက်ခြင်း ထွက်သွားလိမ့်မယ်… အခုတော့ မင်းရဲ့ ပြုစုစောင့်ရှောက်မှုကို လိုအပ်လာပြီ…”
လူငယ်သည် မူလက အစ်ကိုကြီးဟူ ဟုခေါ်သော လူထွားကြီးကို အလစ်အငိုက် တိုက်ခိုက်သတ်ဖြတ် နိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။ ထိုသူ၏ သိုင်းပညာအဆင့်က သူ့ထက် အမှန်ပင် သာလွန်မှုရှိသည်။ သူက အလစ်အငိုက် တိုက်ခိုက်ပြီး ၎င်း၏ နောက်လိုက်အချို့ကို သတ်ဖြတ်ကာ သူ့အား အမဲလိုက်သလို လိုက်ခံနေရသော အရှက်ကွဲမှုကို ဖြေဖျောက်ချင်ရုံသာ ဖြစ်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် စွန်းယန်ဝမ် ၏ သတ္တိရှိကာ ပါးနပ်သော ဉာဏ်ရည်ဉာဏ်သွေးကြောင့် အလွန်ကောင်းမွန်းသော အခြေအနေတစ်ခု ရရှိလာခဲ့သည်။ စွန်းယန်ဝမ် သည် သူ့အား ဓားတစ်ချောင်း ယူပေးခဲ့ရုံသာမက ဟူဖုန်းဝေ အား သူ့ရှေ့သို့ လှည့်စားခေါ်ဆောင်လာပြီး အလွန် ကြီးမားသော အခွင့်အရေးကို ရယူပေးခဲ့သည်။ ထိုအခိုက်တွင် သူ့၏ တိုက်ခိုက်မှုက သူ့ရန်သူကို အမှန်တကယ်ပင် ရှင်းလင်းပစ်နိုင်ခဲ့သည်။ လူငယ်က ဟူဖုန်းဝေ ၏ အလောင်းကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် အလွန်ကျေနပ်သွားဟန်ဖြင့် မထိန်းနိုင်တော့ဘဲ ထပ်မံကာ ရယ်မောလိုက်၏။ ထိုအခါ ဒဏ်ရာကို ထိခိုက်သွားပြီး သွေးအနည်းငယ် အန်ချလိုက်ပြန်သည်။ သို့သော် သူက အနည်းငယ်မျှ ဂရုစိုက်ခြင်းမရှိဘဲ ပြောသည်။
“မင်း ငါ့ကိုတွဲပြီး အပြင်က အကောင်းဆုံး မြင်းနှစ်ကောင်ကို ရွေးထုတ်ပေး… ငါတို့ အခုချက်ခြင်း ထွက်သွားမှ ဖြစ်မယ်… မဟုတ်လို့ရှိရင် ဟူဖုန်းဝေ ရဲ့ နောက်လိုက်တွေ ပြန်ရောက်လာရင် ငါတို့ ဆရာတပည့် နှစ်ယောက်စလုံး မနက်ဖြန်ကို မြင်ရမှာ မဟုတ်တော့ဘူး…”