“နတ်ဆိုးသတ်ဓား”
Vol. 1 Ch. 3
စွန်းယန်ဝမ် ၏ ခန္ဓာကိုယ်သည် (၁၁)နှစ်၊ (၁၂)အရွယ် ကလေးတစ်ဦးသာ ဖြစ်သောကြောင့် ရုပ်ခွန်အားက နည်းပါးနေသည်။ သူက လူငယ်ကို မနိုင့်တနိုင်နှင့် တွဲပိုးလိုက်ချိန်တွင် ကျောထက်ကို ပိကျလာသော အလေးချိန်ကြောင့် အံကို “တင်း”ခနဲ ကြိတ်လိုက်မိ၏။ ယင်းက ပုရွက်ဆိတ်တစ်ကောင် ထမင်းလုံးတစ်လုံးကို ချီနေသည့် ပုံစံမျိုးနှင့် ဆင်တူသည်။ အသတ်ခံထားရသော ဟူဖုန်းဝေ ၏ အလောင်းဘေးမှ ဖြတ်လျှောက်သွားချိန်တွင် သူ့လက်များ မအားသောကြောင့် ၎င်းအား မရှာဖွေနိုင်ခြင်းကို နောင်တရသွားသည်။ သို့သော် မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်သောအခါ ၎င်းကိုင်ဆောင်ခဲ့သော ဓားကို တွေ့သွား၏။ ဓား၏ ကိုယ်ထည်သည် ခမ်းနားထည်ဝါပြီး နက်ပြောင်နေသော သစ်သားဓားအိမ်ပေါ်တွင်လည်း ရွှေကြိုး၊ ငွေကြိုးပေါင်းများစွာ တန်ဆာဆင်ထားသည်။ သူ့စိတ်ထဲတွင် ထိုဓားမှာ အလွန်ပင် တန်ဖိုးကြီးမည်ဟု တွေးလိုက်ပြီး ခြေထောက်နှင့်ကော်ကာ အပေါ်သို့ မြှောက်ယူလိုက်၏။ ဓားကိုယူပြီးနောက် စွန်းယန်ဝမ် နောက်ကို မသိမသာ လှည့်ကြည့်လိုက်သောအခါ လူငယ်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခုကို တွေ့လိုက်ရသည်။ သူက ဖုံးကွယ်လိုဟန်ဖြင့် ကပြာကယာ ရှင်းပြသည်။
“ဆရာ့အတွက် လက်နက်တစ်ခု ယူလိုက်တာပါ… ရန်သူနဲ့ ထပ်တွေ့ရင် အရေးတကြီး သုံးလို့ရအောင်ပါ…”
“ငါက ဓားမသုံးဘူး…”
လူငယ်က ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်။ စွန်းယန်ဝမ် ခပ်ချေချေပြုံးလိုက်ပြီး နောက်ထပ် ဓားတစ်လက်တော့ မကောက်တော့ပေ။ အစောပိုင်းက သူသည် လူငယ်နှင့် ပူးပေါင်းပြီး ဟူဖုန်းဝေ ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သောကြောင့် ၎င်းတို့က သူတို့နှစ်ဦးအား တစ်ဖက်တည်းအဖြစ် သတ်မှတ်သွားမည်မှာ သေချာသည်။ ထိုသူများ ပြန်ရောက်လာပါက သူသည်လည်း ရာနှုန်းပြည့် အသတ်ခံရရန် ကျိန်းသေနေသောကြောင့် အနည်းငယ်မျှ အချိန်မဖြုန်းရဲပေ။ သူသည် လူငယ်ကို ထမ်းပိုးကာ စားသောက်ဆိုင်အတွင်းမှ ဒယီးဒယိုင်ဖြင့် ထွက်လာပြီး မြင်းနှစ်ကောင်ကို ယူလိုက်၏။ ထို့နောက် မြင်းနှစ်ကောင်၏ ဇက်ကြိုးများကို ပူးချည်လိုက်ပြီး သူနှင့် လူငယ်က မြင်းတစ်ကောင် ပေါ်တွင် လိုက်ပါလာခဲ့သည်။ မြင်း၏ တင်ပါးနေရာကို ဖနောင့်ဖြင့်ပေါက်လိုက်ရာ မြင်းနှစ်ကောင်သည် တဟီဟီ အော်ဟစ်ရင်း တောင်ဘက်သို့ တရကြမ်း ပြေးထွက်သွားသည်။ လူငယ်သည် စွန်းယန်ဝမ် ၏ မြင်းစီးကျွမ်းကျင်မှုကို မြင်သောအခါ အနည်းငယ်အံ့အားသင့်နေ၏။ သို့သော် သူ့စိတ်ထဲတွင် အခြား အစီအစဉ်တစ်ခု ရှိနေသောကြောင့် စွန်းယန်ဝမ် မြင်းစီးပညာအား မည်ကဲ့သို့ သင်ယူထားသည်ကို မေးမြန်းမနေတော့ပေ။ တကယ်တမ်း လူငယ်က မေးလာမည်ဆိုလျှင်လည်း စွန်းယန်ဝမ် မည်ကဲ့သို့ ပြန်ဖြေရမည်ကို မသိချေ။ မြင်းစီးကျွမ်းကျင်သော အမျိုးသမီး ဆရာမတစ်ယောက်နှင့် ရင်းနှီးခွင့်ရရန် ဒေါ်လာထောင်နှင့်ချီကာ သုံးခဲ့ပြီး မြင်းစီးသင်တန်း တစ်လခွဲခန့် တက်ခဲ့ကြောင်း ထိုလူငယ်ကို ရှင်းပြရပါမည်လား။ သို့သော် ထိုရင်းနှီးမှုက များစွာ ထိုက်တန်ခဲ့ခြင်းတော့မရှိပေ။ ထိုဆရာမနှင့် တစ်ကြိမ်သာ ညစာအတူ စားခဲ့ရပြီး သူငယ်ချင်း ဖြစ်သွားသောကြောင့် ထိုမြင်းစီးသင်တန်းကို နောက်တစ်ကြိမ် ရောက်ရှိခြင်း မရှိတော့ပေ။ ရှေ့ကို မီတာအနည်းငယ် ရောက်ရှိလာပြီးနောက် စွန်းယန်ဝမ် သည် သစ်ပင်အောက် ဆီးနှင်းပုံထဲတွင် ဝှက်ထားခဲ့သော ငွေကြေးများကို ပြန်သတိရသွားသည်။ သူက နှမျောတသဟန်ဖြင့် နောက်ကို လှည့်ကြည့်လှည့်ကြည့် လုပ်နေသော်လည်း အနည်းငယ်မျှ ပြန်မယူရဲတော့ပေ။ သူ့ခန္ဓာကိုယ်သည် ငယ်ရွယ်နေဆဲ ဖြစ်သော်လည်း စိတ်ဓာတ်မှာ လူငယ်တစ်ဦး မဟုတ်တော့ပေ။ ယခုကဲ့သို့ အခြေအနေတွင် ငွေကြေးအနည်းငယ်ကို လောဘတက်ပြီး ပြန်လှည့်ယူနေမည်ဆိုပါက ထွက်ပြေးရမည့် အချိန်သည် အလွန်နှောင့်နှေးသွားပြီး အသက်ကိုပင် ပေးဆပ်ရလောက်သည်အထိ ဖြစ်သွားနိုင်သည်။ ယင်းက မည်သို့မျှ မထိုက်တန်သည့် လဲလှယ်မှုတစ်ခုဖြစ်ကြောင်း အရူးတစ်ယောက်ပင် သိနိုင်သည်။ သူတို့နှစ်ဦးသည် နှင်းမုန်တိုင်းကို အံတုရင်း ညလုံးပေါက် ခရီးပြင်းနှင်လာခဲ့ကြပြီး လမ်းခရီးတစ်လျှောက် အတားအဆီး အခက်အခဲများ ကြုံခဲ့ခြင်းတော့ မရှိပေ။ အရှေ့ဆီမှ ရောင်နီပေါ်လာပြီး ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်လာရချိန်တွင် လူငယ်သည် တစ်ကိုယ်လုံး တုန်ရီနေပြီး အပြင်းအထန် ဖျားကာ သူ့နောက်ကျောတွင် မေ့မျောနေပြီ ဖြစ်သည်။ စွန်းယန်ဝမ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပြီး စိတ်ထဲတွင် အကြီးအကျယ် ထိတ်လန့်တုန်လှုပ် သွားသော်လည်း ကံကောင်းထောက်မစွာ သူတို့အရှေ့တွင် ကျေးရွာတစ်ရွာကို လှမ်းမြင်လိုက်ရသည်။ သူသည် မြင်းကို ခပ်ကြမ်းကြမ်း စီးသွားပြီး ရွာထဲသို့ တိုက်ရိုက်ပင် ဝင်လာကာ အိမ်တစ်အိမ်ရှေ့တွင် ရပ်လိုက်၏။ ထို့နောက် အိမ်တံခါးကိုပင် ခေါက်မနေဘဲ တိုက်ရိုက် ရိုက်ဖွင့်ပစ်ကာ သိုင်းလောကသား တစ်ဦး၏ ဟန်ပန်အမူအရာဖြင့် ပြောလိုက်သည်။
“ကျုပ်အဖော် ဖျားနေလို့… ခင်ဗျားတို့ အိမ်မှာ ရက်နည်းနည်းလောက် တည်းခိုလို့ရမလား…”
စွန်းယန်ဝမ် ထံတွင် မည်သည့်ငွေကြေးမျှ ပါမလာသောကြောင့် သူက အလွန်ရင်းနှီးသည့် ပုံစံမျိုးဖမ်းကာ လူငယ်၏ ရင်ဘတ်အတွင်းမှ ငွေစတစ်ခုကို စမ်းယူလိုက်ပြီး အိမ်ပိုင်ရှင် အဖိုးအိုဆီသို့ ပစ်ပေးလိုက်၏။ အဖိုးအိုသည် သနားကြင်နာတတ်သည့် မျက်နှာအမူအရာ ရှိသော်လည်း ငယ်ရွယ်သော သူတို့နှစ်ဦးကို တစ်လှည့် မြင်းပေါ်ရှိ ဓားများကို တစ်လှည့်ကြည့်ကာ အံအားသင့်နေသည်။ ထို့အပြင် သူတို့ခန္ဓာကိုယ်များပေါ်တွင် စွန်းထင်းနေသော သွေးစက်များကို မြင်သောအခါ ယင်းက သမားရိုးကျ ဖျားနာခြင်း မည်သို့မျှ မဖြစ်နိုင်တော့ဘဲ သိုင်းလောက၏ ထုံးတမ်းစဥ်လာအတိုင်း ရန်ငြိုးများ ဖြေရှင်းရင်း ထိခိုက်ဒဏ်ရာ ရလာခြင်းဖြစ်ကြောင်း သေချာသွားသည်။ အဖိုးအို ၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားပြီး ငြင်းရန်ပြင်လိုက်ပြီးမှ စွန်းယန်ဝမ် ပစ်ပေးလိုက်သော ငွေကို လက်ခံထားပြီးဖြစ်ကြောင်း အမှတ်ရသွားပြီး သူ့စိတ်ထဲတွင် ချီတုံ့ချတုံ့ ဖြစ်သွားသည်။ နောက်ဆုံးတွင် ငွေဆိုသည်က လူတိုင်း၏ နှလုံးသားကို အောင်နိုင်သော နတ်ဘုရား တစ်ပါးဖြစ်သောကြောင့် ဆုံးဖြတ်ချက်ကို ခိုင်မာစွာချရင်း ပြောလိုက်၏။
“ဒီအဖိုးကြီးရဲ့ တဲအိမ်လေးကို စိတ်ထဲမထားဘူးဆိုရင် စိတ်ချလက်ချ နေနိုင်ပါတယ်…”
စွန်းယန်ဝမ် တွင် သိုင်းလောကအတွင်း လှည့်လည် သွားလာသော အတွေ့အကြုံမျိုး မရှိသော်လည်း သာမန် ခရီးသွားလာသည့် အတွေ့အကြုံက မရေမတွက်နိုင်အောင် ရှိသည်။ သူသည် အဖိုးအို ၏ အိမ်ထဲကို ချက်ခြင်းပင် ဝင်သွားပြီး အကောင်းဆုံးဟု ဆိုရမည့် အခန်းတစ်ခုကို သိမ်းယူလိုက်ကာ လူငယ်ကို ခုတင်ပေါ်သို့ ချပေးလိုက်သည်။ ထို့နောက် အဖိုးအို ဘက်သို့လှည့်ကာ မေးလိုက်၏။
“အဖိုး…. ဒီရွာမှာ ဆေးဆိုင်တွေဘာတွေ ရှိလား….”
အဖိုးအိုက ပြန်ဖြေတော့မည့် အချိန်တွင် ခုတင်ထက်ရှိ လူငယ်ထံမှ အသံခပ်တိုးတိုး ထွက်ပေါ်လာသည်။
“ငါ့ဆီမှာ ဆေးတွေပါတယ်…”
စွန်းယန်ဝမ် သည် သူ့ဆရာ နိုးလာသည်ကို မြင်သောအခါ အလွန်စိတ်လှုပ်ရှားသွားပြီး အဖိုးအို ကို အလျင်အမြန် ပြောလိုက်၏။
“အဖိုး… ဒါဆိုလည်း ကျွန်တော်တို့အတွက် စားစရာလေး နည်းနည်းလောက် ပြင်ဆင်ပေးပါလား… ဟင်းရည် ပူပူလေး တစ်ခွက်ဆိုရင် အကောင်းဆုံးပါပဲ…”
အဖိုးအိုသည် အကြောင်းမသိသော လူနှစ်ဦးကို လက်ခံထားခဲ့သောကြောင့် အစဥ်အမြဲ စိုးတထိတ်ထိတ် ဖြစ်နေ၏။ ယခု ထိုသူများအနီးမှ ခဏတဖြုတ် ထွက်ခွာရန် အကြောင်းဖန်လာပြီ ဖြစ်သောကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ အဖိုးအို က ခေါင်းညိတ်ပြပြီး ပြောသည်။
“ကျွန်တော် အခုချက်ခြင်း သွားပြင်ဆင်လိုက်ပါမယ်…”
လူငယ်သည် စွန်းယန်ဝမ် ၏ ထောင့်စေ့နေသော တုံ့ပြန်မှုကို မြင်သည့်အခါ သူ့ကို နောက်တစ်ကြိမ် အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
“ငါ့အတွက် သောက်ရေတစ်ခွက်လောက် ယူပေးပါဦး…”
လူငယ်၏ စကားသံဆုံးသည်နှင့် စွန်းယန်ဝမ် သည် တဲအပြင်သို့ ပြေးထွက်သွားပြီး ရေတစ်ခွက် ခပ်လာသည်။ လူငယ်က ရေခွက်ကို ယူလိုက်ပြီး ရင်ဘတ်ကြားမှ ကြွေပုလင်းငယ် တစ်လုံးကို ထုတ်ကာ ဆေးတစ်လုံး လှုပ်ချလိုက်၏။ ဆေးကို သောက်လိုက်ပြီးနောက် အမြန်ဆုံး ချေဖျက်နိုင်စေရန် တင်ပျဥ်ခွေ ထိုင်ကာ မျက်လုံးများကို မှိတ်လိုက်သည်။ စွန်းယန်ဝမ် သက်ပြင်းတစ်ချက် ချကာ စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်မိ၏။
“ဆရာက ချီစွမ်းအင်ကို အသုံးချပြီး ဒဏ်ရာကို ကုသတတ်တဲ့ပုံပဲ…. သေမှာ မဟုတ်လောက်တော့ဘူး… ဒီဘဝကို ရောက်လာတဲ့အချိန်မှာ အခုလို ကျားခြေထောက် တစ်ချောင်း (စွမ်းအားကြီးသူ)ကို ဖက်တွယ်ခွင့် ရခဲ့တာက ငါတော်တော် ကံကောင်းတယ်လို့ ပြောရမယ်… ရတဲ့ခြေထောက်ကို အရင်ဆုံး ဖက်ထားတာ အကောင်းဆုံးပဲ… အခုအချိန်က ဟိုဟာမကြိုက်ဘူး ဒီဟာမကြိုက်ဘူး ရွေးချယ်ခွင့်ရှိတဲ့ အချိန်မဟုတ်ဘူး… တော်ကြာ ရထားတဲ့ ခြေထောက်တစ်ချောင်းတောင် ပြန်လွတ်သွားမှာ စိုးရိမ်ရတယ်…”
သူသည် ညလုံးပေါက် ခရီးနှင်လာခဲ့ရသဖြင့် အလွန်အမင်း ပင်ပန်းနေ၏။ အခန်းထဲတွင်လည်း ခုတင် နောက်တစ်လုံး မရှိသောကြောင့် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး စားပွဲပေါ်မှောက်ကာ အိပ်ချလိုက်သည်။ လူငယ်သည် နှစ်နာရီကြာသည်အထိ တင်ပျဉ်ခွေထိုင်နေပြီးနောက် သွေးနှစ်ပွက်ကို ဆက်တိုက် အန်ချလိုက်သည်။ ထိုသွေးများမှာ မင်ကဲ့သို့ မည်းနက်နေ၏။ စွန်းယန်ဝမ် ၏ မှောက်လျက် အနေအထားဖြင့် တရှူးရှူး တရှဲရှဲ အိပ်မောကျနေသည့်ပုံကို မြင်သောအခါ သဘောကျစွာ ပြုံးလိုက်မိသည်။ သူက ခုတင်ပေါ်မှ ဆင်းလာပြီး လက်ဖြင့်ပုတ်နှိုးကာ ပြောလိုက်၏။
“မင်းက ငါ့ကိုတောင် ကာကွယ်မပေးထားဘူး… ရန်သူတွေသာ ရောက်လာရင် ငါတို့ အခြေအနေက မတွေးရဲလောက်အောင်ပဲ….”
စွန်းယန်ဝမ် သည် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး အိပ်ချင်မူးတူးဖြင့် ထလာ၏။ နှစ်နာရီကြာအောင် အိပ်ခဲ့ရသော်လည်း ပင်ပန်းမှုကတော့ အနည်းငယ် ကျန်ရှိနေသေးသည်။ သူက ချက်ခြင်း ပြန်ဖြေသည်။
“တပည့်ဆီမှာ ကြက်တစ်ကောင်ကို လိုက်ဖမ်းဖို့ ခွန်အားမျိုးတောင် မပိုင်ဆိုင်ထားပါဘူး… အဲဒါကြောင့် ဘယ်လိုရန်သူမျိုး ရောက်လာသည်ဖြစ်စေ တပည့် တားဆီးနိုင်မှာ မဟုတ်ဘူး… ဆရာကလည်း ဒဏ်ရာတွေ ပြန်ကုနေတာဆိုတော့ သတိပေးခံရရင်တောင် လှုပ်ရှားဖို့က လွယ်မယ် မထင်ဘူး… နောက်ဆုံး အဆုံးသတ်က အတူတူပဲ ဖြစ်လိမ့်မယ်…”
လူငယ် က သူ့၏ ကျိုးကြောင်းဆီလျော်မှု မရှိသော စကားများကို စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်ပြီး မေးသည်။
“မင်း ငါ့နာမည်ကိုရော သိလား…”
စွန်းယန်ဝမ် ချက်ခြင်းပင် ခေါင်းခါပြလိုက်၏။
“တပည့် မသိပါဘူး…”
သူသည် ပြန်လည်ဝင်စားလာသူ ဖြစ်သောကြောင့် ဤကမ္ဘာအကြောင်းကို နားကန်းတစ်လုံးမျှ မသိရသေးပေ။ သူ့၏ ဤကမ္ဘာမှ မူရင်းဇစ်မြစ်ကို ကြည်မည်ဆိုပါကလည်း မြောက်ပိုင်းရှိ စားသောက်ဆိုင် တစ်ဆိုင်မှ ဒေသခံ ဆိုင်အကူတစ်ဦးသာ ဖြစ်နေသည်။ သူ့၏ အသိအမြင်များ အားလုံးကို ဤဆိုင်ထဲတွင် နှစ်မြှုပ်ထားရသောကြောင့် သိုင်းလောကအတွင်းမှ နာမည်ကြီး ပုဂ္ဂိုလ်များအား မည်သို့ သိနိုင်ပါမည်နည်း။ ဆရာဖြစ်သူ လူငယ်သည် ပူပူနွေးနွေး တပည့်လေး၏ မျက်နှာထက်မှ မသိနားမလည်သည့် ဟန်အမူအရာတို့ကို မြင်သော်လည်း မသိကျိုးကျွံ ပြုလိုက်ပြီး အနည်းငယ် သဘောကျစွာ ပြုံးလိုက်သည်။
“ဆရာ့ နာမည်က မိုဝူရွှယ် ပဲ… ဒီနေ့ ဆရာသတ်လိုက်တဲ့လူက ဟူမိသားစုက ဖြစ်ပြီးတော့ နာမည်ကတော့ ဖုန်းဝေ လို့ခေါ်တယ်… သိုင်းလောကသားတွေက သူ့ကို နတ်ဆိုးသတ်ဓား လို့ နာမည်ပြောင်ပေးထားတယ်… ငါတို့ မိုမိသားစုနဲ့ ဟူမိသားစုဆိုတာ မျိုးရိုးစဉ်ဆက် ရန်ငြိုးရန်စ သိပ်ကြီးသူတွေပေါ့… ငါ့ရဲ့ အဖေ… အဖိုးတွေ အကုန်လုံးကလည်း ဟူမိသားစုရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာ… ဒီနေ့ သူ ငါ့လက်ချက်နဲ့ သေသွားတာကလည်း သူပေးသင့်တဲ့ အကြွေးကို ပြန်ဆပ်ရတဲ့ သဘောပဲ…”
စွန်းယန်ဝမ် က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဆရာ ပြောတာတွေက လုံးဝ အဓိပ္ပာယ်ရှိပါတယ်…”
သူသည် သူ့ဆရာ၏ ချစ်ခြင်း၊ မုန်းခြင်း၊ ရန်ငြိုး၊ ကလဲ့စား၊ အာဃာတများကို တစ်ခုမျှ စိတ်မဝင်စားပေ။ သူလိုချင်သည်က အစွမ်းအစ တချို့ ရအောင်လုပ်ပြီး ဤကမ္ဘာ၌ ဘဝကို သက်သောင့်သက်သာ ဖြတ်သန်းလိုသော ဆန္ဒတစ်ခုသာ ဖြစ်သည်။ စွန်းယန်ဝမ် သည် ရုတ်တရက် အကြောင်းအရာ တစ်ခုကို သတိရသွားပြီး တံခါးကို တွန်းဖွင့်ကာ အပြင်သို့ အလျင်အမြန် ထွက်လာသည်။ သူသည် နေရာအနှံ့ လိုက်လံရှာဖွေသော်လည်း အစောပိုင်းက စားသောက်စရာများ သွားယူသည့် အဖိုးကြီးမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်နေခဲ့သည်။ သူ အိမ်အတွင်းကို အလောတကြီး ပြန်ဝင်လာကာ ပြောလိုက်၏။
“ကျွန်တော်တို့ကို လက်ခံထားတဲ့ ဒီအိမ်ပိုင်ရှင် အဖိုးကြီးက လက်ဖက်ရည်၊ ထမင်းနဲ့ ဟင်းရည်ပူပူနွေးနွေး ပြင်ဆင်ပေးမယ်လို့ ပြောခဲ့ပေမယ့် အခု ပျောက်နေပြီ… ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူးထင်တယ်…. ဆရာ… ခရီးဆက်နိုင်သေးတယ် ဆိုရင် အမြန်ဆုံး သွားရအောင်…”
မိုဝူရွှယ် က အသာအယာ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မင်းက တော်တော်လေးကို သတိကောင်းတာပဲ…”
လူငယ်သည် စွမ်းအားနည်းပါး နေသေးသော်လည်း အနည်းငယ် လမ်းပြန်လျှောက်နိုင်လာပြီ ဖြစ်သောကြောင့် စွန်းယန်ဝမ် ကို ခေါ်ကာ အခန်းအတွင်းမှ ထွက်လာသည်။ မြင်းနှစ်ကောင်အနက် တစ်ကောင် ပျောက်နေသည်ကို မြင်သောအခါ ထိုအဖိုးကြီး ပြဿနာရှာပြီ ဆိုသည်ကို သိလိုက်ကြပြီး နှစ်ယောက်သား မည်သည့်စကားမျှ ပြောဆိုနေခြင်း မရှိတော့ဘဲ မြင်းတစ်ကောင်နှင့် အမြန်ဆုံး ထွက်ခွာလာခဲ့၏။ နေ့တစ်ဝက်ခန့်ကြာအောင် ခရီးဆက်လာပြီးနောက် မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိလာကြပြီး တည်းခိုနေထိုင်ရန် နှင့် ဗိုက်ဖြည့်ရန် စားသောက်ဆိုင်ကြီး တစ်ဆိုင် ရှာဖွေကာ စခန်းချလိုက်ကြ၏။ စွန်းယန်ဝမ် သည် ဆိုင်အကူဘဝမှ လာခဲ့သူ ဖြစ်ပြီး အချိန်အကြာကြီး မလုပ်ခဲ့ရသော်လည်း အခြေအနေကို ကောင်းစွာနားလည်ပြီး ပါးပါးနပ်နပ် ဆောင်ရွက်တတ်သူ ဖြစ်သည်။ သူသည် စားသောက်ဖွယ်ရာများကို အရင်ဆုံး မှာလိုက်ပြီး အပြင်သို့ ပြန်သွားကာ အဝတ်အစားသစ် နှစ်စုံကို ဝယ်လိုက်သည်။ ထို့အပြင် ဆိုင်ရှင်ကို ရေနွေးဖြင့် ရေချိုးရန် စီစဉ်ခိုင်းပြီး ဆရာအသစ်စက်စက် ဖြစ်သူကို ဆေးကြောသန့်စင်စေကာ သူ့၏ အလိုက်သိမှု စွမ်းရည်ကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။ မိုဝူရွှယ် သည် နှုတ်မှ ထုတ်မပြောသော်လည်း စားသောက်ပြီးနောက် စွန်းယန်ဝမ် ကို အခန်းအတွင်းသို့ ခေါ်လိုက်သည်။ သူ့၏ နောက်ကြောင်းရာဇဝင်၊ မိသားစုဇစ်မြစ်၊ မျိုးရိုးသန့်စင်မှုနှင့် နောက်ကြောင်း ရှင်းလင်းမှု တို့ကို သေချာစုံစမ်းမေးမြန်းပြီးမှ ပြောလိုက်သည်။
“ငါရဲ့ လက်ရှိ သိုင်းပညာက မိသားစု မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အမွေအနှစ်ဖြစ်လို့ တခြားသူတွေကို လက်ဆင့်ကမ်း သင်ပေးဖို့က အဆင်မပြေဘူး…”
စွန်းယန်ဝမ် ၏ မျက်နှာပေါ်မှ စိတ်ပျက်အားငယ်သွားသည့် အမူအရာကို မြင်သောအခါ သူက သဘောကျစွာ ရယ်လိုက်၏။
“ဒါပေမယ့် မင်းက ငါ့ကို ဆရာတင်ထားပြီးပြီ… လမ်းခရီးတစ်လျှောက်လုံးလည်း အပင်ပန်းခံ စောင့်ရှောက်ပေးခဲ့တယ်… ငါ့ဒဏ်ရာတွေ သက်သာသွားတာနဲ့ မင်းကို တခြားမိသားစုတစ်ခုရဲ့ သိုင်းပညာ တစ်ခု နှစ်ခုလောက် သင်ပေးပါမယ်… အဲဒါဆိုရင် ဒီလောကထဲမှာ မင်းဘာသာမင်း ရပ်တည်ဖို့ လုံလောက်လိမ့်မယ်….”
စွန်းယန်ဝမ် အတွက်တော့ မည်သည့်မိသားစု၏ သိုင်းပညာကို သင်ရမည် ဆိုသည်နှင့် ပတ်သက်၍ အမှန်တကယ်ပင် သတ်မှတ်ထားခြင်း မရှိပေ။ သူသည် သင်ရမည်လား၊ မသင်ရဘူးလား ဆိုသည့် ပြဿနာကိုသာ အရင်ဆုံး ဖြေရှင်းရန် လိုအပ်သည်။ ထို့နောက်မှသာ ကောင်း၏၊ ဆိုး၏ကို ရွေးချယ် ဆုံးဖြတ်နိုင်သည့် အရည်အချင်း ရှိလာပေလိမ့်မည်။ အိုစာနေသည့် မျက်နှာသည် ချက်ခြင်းပင် ဝင်းပကြည်လင်လာပြီး ရိုးသားစွာ ပြောလိုက်၏။
“ဆရာက သိုင်းပညာ သင်ပေးဖို့ ဆန္ဒရှိနေတာကတင် ကြီးမားတဲ့ ကျေးဇူးတရား ဖြစ်နေပါပြီ… တပည့်အနေနဲ့ နောက်ထပ် ဘာတွေများ ရွေးချယ်ရဦးမှာလဲ….”