“စစ်မှန်သော ချီကို လေ့ကျင့်ခြင်း”
Vol. 1 Ch. 4
မိုဝူရွှယ်က အသာအယာ ပြုံးလိုက်ပြီး စွန်းယန်ဝမ် ကို အနားယူခိုင်းလိုက်ကာ နောက်ထပ် ဆေးတစ်လုံး သောက်လိုက်၏။ သူသည် ခုတင်ထက်တွင် မုဒြာဟန် ထိုင်လိုက်ပြီး မျက်လုံးကိုမှိတ်ကာ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်ကို သွေးကြောများတစ်လျှောက် လှည့်ပတ်စီးဆင်းစေလိုက်သည်။ ဟူဖုန်းဝေ ကို သတ်ဖြတ်နိုင်ခဲ့ခြင်းသည် လုံးဝကံကောင်းမှု သက်သက်ဖြစ်ပြီး ဤရန်သူတော်ဟောင်းကြီးအား တိုက်ခိုက်လိုက်ချိန်တွင် သူကိုယ်တိုင်လည်း ဟွမ်ယွမ်လက်ဝါး ရိုက်ချက်ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်။ ထိုဒဏ်ရာသည် အနည်းဆုံး တစ်နှစ်ခွဲလောက်မျှ အချိန်ယူ မကုသလျှင် ပြန်လည်သက်သာရန် အလွန်ခက်ခဲ၏။ ဤဆိုင်ကြီးတွင် သုံးရက်ခန့် နေပြီးနောက် မိုဝူရွှယ် သည် ဆေးလုံးများစွာကို သောက်သုံးခဲ့ပြီး ဒဏ်ရာ သက်သာစေရန် အပြင်းအထန် အားထုတ်ခဲ့သည်။ ဒဏ်ရာအား အနည်းငယ် ထိန်းချုပ်နိုင်လာသည့်အခါ သူတို့၏ တောင်ဘက်အရပ် ခရီးစဉ်ကို ပြန်လည်စတင်ခဲ့ပြီး နေ့ဘက်တွင် ခရီးဆက်ကာ၊ ညဘက်၌ ကြုံသည့်နေရာတွင် စခန်းချ ရပ်နားခဲ့သည်။ ဆယ်ရက်ကျော်ခန့် ကြာပြီးသည့်နောက် ရာသီဥတုသည် တဖြည်းဖြည်း ပြောင်းလဲလာပြီး မူလက အလွန်အေးခဲသော အခြေအနေမှ စတင်နွေးထွေးလာသည်။ ဆောင်းကာလ ဖြစ်သော်လည်း ယခင်ကကဲ့သို့ အရိုးကွဲမတတ် အေးစိမ့်ခြင်းမျိုး မခံစားရတော့ပေ။ မြို့ကြီးတစ်မြို့ကို ဖြတ်သန်းလာချိန်တွင် မိုဝူရွှယ် သည် သူတို့စီးနင်းလာသော မြင်းကို ရောင်းချပြီး မြင်းလှည်းတစ်စီးနှင့် အစားထိုးလိုက်ခြင်းကြောင့် ခရီးသွားရသည်က ပို၍ သက်သောင့်သက်သာ ရှိလာ၏။ ဆရာတပည့် နှစ်ယောက်သား ချုံယန်မြို့၏ ကျန်းနန်လမ်းမကြီးပေါ်သို့ ရောက်လာသောအခါ စွန်းယန်ဝမ် သည် ဤကမ္ဘာ၏ ပထဝီ မြေမျက်နှာသွင်ပြင် အခြေအနေ၊ ခေတ်အဆက်ဆက် အပြောင်းအလဲများနှင့် ဤခေတ်မှလူများ၏ သဘောသဘာဝ အားလုံးကို နားလည်သွားသည်။ ယခု လက်ရှိ ဤနေရာကို အုပ်ချုပ်နေသူမှာ တလောင် ဟုခေါ်သော မင်းဆက်တစ်ခု ဖြစ်ပြီး နိုင်ငံကို ပြည်နယ် ၁၉ ခု၊ ဒေသ ၃၅ ခုနှင့် ဖွဲ့စည်းထားသည်။ ပြည်နယ်ဆိုသည်မှာ စီရင်စုနှင့် တူပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ဦးစီက ချုပ်ကိုင်ထားသောကြောင့် ဩဇာအာဏာ လွန်စွာကြီးမားသည်။ ဒေသဆိုသည်မှာ စစ်နယ်မြေနှင့် တူပြီး စစ်သူကြီး တစ်ဦးစီ၏ လက်အောက်တွင် ရှိနေကာ နိုင်ငံရေး နှင့် စစ်ရေးကို အတိအကျ ခွဲခြားထားသည်။ တိုင်းပြည်တစ်ခုလုံးသည် ငြိမ်ဝပ်ပိပြားမှု ပျောက်ဆုံးနေခဲ့ပြီး သိုင်းလောကသား များအတွက် ဥပဒေမဲ့ လုပ်ရပ်များကို စိတ်ထင်တိုင်း လုပ်၍ရနေသည်။ ခွန်အားကြီးသူသည် အလိုရှိသည့် အရာကို သိမ်းပိုက်ရယူနေပြီး သူတစ်လူ ငါတစ်မင်း အဖွဲ့အစည်းများမှာလည်း မှိုလိုပေါက်နေကာ နိုင်ငံအတွက် မည်သည့်ဘဏ္ဍာကိုမျှ ပေးဆောင်ခြင်းမရှိပေ။ ၎င်းတို့သည် ဒေသအသီးသီးတွင် ဂိုဏ်းများ၊ အဖွဲ့အစည်းများ ဖွဲ့စည်းကာ မင်းမူနေကြ၏။ နန်ရှား နှင့် ပေယန် ဟုခေါ်သော နိုင်ငံကြီး နှစ်ခုကလည်း အချိန်တိုင်း ကျူးကျော်ရန်စနေသောကြောင့် နယ်စပ်ဒေသ စစ်ပွဲများသည် မည်သည့်အခါမျှ တိတ်ဆိတ်သွားသည်ဟူ၍ မရှိခဲ့ပေ။ မိုဝူရွှယ် နှင့် စွန်းယန်ဝမ် တို့ ချုံယန် မြို့သို့ ရောက်လာသောအခါ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေထိုင်ကြပြီး မည်သည့်နေရာကိုမျှ ဆက်သွားခြင်း မရှိတော့ပေ။ မိုဝူရွှယ် သည် နေ့စဉ်နေ့တိုင်း အခန်းထဲတွင်သာ ဒဏ်ရာများကို ဂရုစိုက် ကုသနေခဲ့သည်။ လတစ်ဝက် ကျိုးသွားပြီးနောက် သူ့ခန္ဓာကိုယ်သည် ယခင်ကထက် များစွာ သက်သာလာသောအခါ စွန်းယန်ဝမ် ကို ခေါ်ကာ သူ့ဆန္ဒကို ပြောပြလိုက်၏။
“ငါတို့ မိုမိသားစုမှာ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း သင်ကြားလာတဲ့ မိသားစုသိုင်းပညာအပြင် ပထမတန်းစားအဆင့် သိုင်းပညာ ခြောက်ခု၊ ခုနှစ်ခုလောက်ကိုလည်း စုဆောင်းထားသေးတယ်… အဲဒါက ဘာအတွက်လဲဆိုရင် မိသားစုဝင်တွေ ကျင့်ကြံတဲ့အခါ ထိုးထွင်းသိမြင်မှုရအောင် ဒါမှမဟုတ် ဒီပညာရပ်တွေအပေါ် အခြေခံပြီး လေ့လာမှုတွေ လုပ်နိုင်အောင်လို့ပဲ…”
မိုဝူရွှယ် သည် ပြောနေရင်း သက်ပြင်းရှည်ကြီး တစ်ချက်ကို လေးကန်စွာ ချလိုက်သည်။
“ငါတို့ မိုမိသားစုက အရင်တုန်းကတော့ အင်အားကြီး မိသားစုကြီးတစ်ခုပေါ့… ဒါပေမဲ့ အခုအချိန်မှာတော့ အစိတ်စိတ်အမွှာမွှာကွဲပြီး မိသားစုဝင်တွေလည်း များများစားစား မကျန်တော့ဘူး…”
စွန်းယန်ဝမ် သည် ထိုစကားကို မည်သို့ ပြန်ပြောလိုက်ရမည် မသိဖြစ်သွားသည်။ သူက “စိတ်မကောင်း မဖြစ်ပါနဲ့ ဒါက ကံတရားရဲ့ အလိုတော်အတိုင်းပါ”ဟု ပြောမည်ဆိုလျှင်လည်း ယင်းက သူခံစားရသော အခြေအနေ မဟုတ်သောကြောင့် မစာမနာ ပြောသည်ဟု ထင်သွားနိုင်သေးသည်။ သူက အခြေအနေကို မပျက်စီးသွားအောင် မည်သည့်စကားမျှ မပြောတော့ဘဲ ခပ်မဆိတ်သာ နေလိုက်၏။ မိုဝူရွှယ် သည် ခေတ္တခဏ စိတ်မကောင်း ဖြစ်သွားပြီးနောက် ဆက်ပြောလိုက်သည်။
“မင်းက အဲဒီနေ့တုန်းက ဟူဖုန်းဝေ ရဲ့ နတ်ဆိုးသတ်ဓား ကို ယူလာခဲ့တာဆိုတော့ ဓားပညာနဲ့ ပတ်သက်ပြီး ရေစက်ရှိပုံရတယ်… အဲဒါကြောင့် ငါက မင်းကို ဟူမိသားစုရဲ့ ဓားကျင့်စဉ်တစ်ခု သင်ပေးမယ်…”
စွန်းယန်ဝမ် အကြီးအကျယ် အံ့အားသင့်သွား၏။
“ဆရာက ဟူမိသားစုရဲ့ ဓားကျင့်စဉ်ကိုလည်း တတ်ထားတာပဲလား…”
သူ့၏ အံ့အားတကြီး မေးခွန်းကို ကြားသောအခါ မိုဝူရွှယ် က “ဟက်”ခနဲ ရယ်လိုက်ပြီး ပြောသည်။
“ငါတို့ မိသားစုနှစ်စုကြားမှာ မျိုးဆက်ပေါင်း မရေမတွက်နိုင်အောင်ကို ရန်ငြိုးတွေ ဖွဲ့လာခဲ့တာပဲ… တစ်ဖက်နဲ့တစ်ဖက် သတ်ဖြတ်နေခဲ့တာ နှစ်တစ်ရာတောင် ကျော်နေပြီ… တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က မရှာဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဒါပေမဲ့ ငါတို့ မိုမိသားစုက ဟူမိသားစုရဲ့ ဓားသိုင်းနဲ့ပတ်သက်ပြီး အခြေခံအကျဆုံး ကျင့်စဉ်တွေလောက်ကိုပဲ စုဆောင်းနိုင်ခဲ့တယ်… သူတို့ရဲ့ အဆင့်အမြင့်ဆုံး ကျင့်စဉ်ဖြစ်တဲ့ ဟွမ်ယွမ်ဓားသိုင်းကိုတော့ ဘယ်လိုမှ ရယူနိုင်ခြင်း မရှိခဲ့ဘူး…”
စွန်းယန်ဝမ် စိတ်ထဲမှ တွေးလိုက်မိ၏။
“ဒီကမ္ဘာက သိုင်းသမားတွေက ဒီလောက်တောင် စည်းမရှိကမ်းမရှိ ဖြစ်နေကြတာလား… သူတို့တွေရဲ့ သိုင်းပညာ အခြေခံအုတ်မြစ်က မကောင်းတဲ့ နည်းလမ်းတွေနဲ့ ရယူထားတဲ့ အရာတွေချည်းလား… တစ်ဖက်သားကို ညှင်းပန်းနှိပ်စက်ပြီး အတင်းအဓမ္မရယူတာမျိုး… ဒါမှမဟုတ် သူလျှိုအဖြစ် စိမ့်ဝင်ထိုးဖောက်ပြီး ခိုးယူလာတာမျိုးတွေ ဖြစ်လောက်တယ်…”
သို့သော် စွန်းယန်ဝမ် အနေဖြင့် မိုမိသားစုနှင့် ဟူမိသားစုကြားမှ ရန်ငြိုးရန်စများကို ဂရုမစိုက်သလို ဂရုစိုက်စရာ အကြောင်းလည်း မရှိပေ။ သူ့အတွက် သိုင်းပညာ သင်ယူရန်ကသာ အရေးကြီးပြီး ထိုပညာရပ်များ မည်သည့်နေရာမှ ဆင်းသက်လာသည် ဆိုသည်က သူ့ကိစ္စမဟုတ်ပေ။
“ဟူမိသားစုရဲ့ သိုင်းပညာက သိုင်းလောကထဲမှာ တော်တော်လေး နာမည်ကြီးတယ်… သိုင်းပညာရဲ့ အခြေခံအုတ်မြစ်ကို စတင်ကျင့်ကြံဖို့အတွက် မူလစွမ်းအင် သုံးဆယ့်ခြောက်မျိုးကို အရင်ဆုံး လေ့ကျင့်ရတယ်… အဲဒီအခြေခံအုတ်မြစ် ကျင့်စဉ်ကို နှစ်အနည်းငယ်ကြာအောင် လေ့ကျင့်ပြီးတာနဲ့ ချီစွမ်းအင်က သူ့အလိုလို ဖြစ်ပေါ်လာလိမ့်မယ်… အဲဒီအချိန်ကျမှ အဆင့်မြင့်ကျင့်စဉ်ဖြစ်တဲ့ နတ်ဆိုးသတ်ဓားကွက် ခုနှစ်ဆယ့်နှစ်ကွက်ကို ဆက်ပြီး လေ့ကျင့်နိုင်လိမ့်မယ်…”
မိုဝူရွှယ် က ရှင်းပြသည်။
“ဒါပေမဲ့ ဟူမိသားစုရဲ့ အဆင့်အမြင့်ဆုံး သိုင်းပညာက ဟွမ်ယွမ်ဓားသိုင်း ပဲ… ဟူဖုန်းဝေ ရဲ့ ဓားပေါ်မှာ ပေဝက်လောက်ရှိတဲ့ အပြာရောင် အလင်းတန်းတစ်ခု ထွက်လာတာကို မင်းကိုယ်တိုင်လည်း တွေ့ခဲ့တယ် မဟုတ်လား… အဲဒါက ဟွမ်ယွမ်ဓားသိုင်းကို ကျင့်ကြံအောင်မြင်သွားလို့ ရလာတဲ့ ဓားချီစွမ်းအင်ပဲ… အဲဒီဓားချီက သတ္တုကို ရွှံတုံးတစ်တုံးလို ဖြတ်တောက်နိုင်စွမ်းရှိတယ်… ရွှေတုံး၊ ကျောက်တုံး ဘာကိုပဲဖြစ်ဖြစ် ဖြတ်တောက်ပစ်နိုင်တယ်... အမာကျောဆုံး အရာမှန်သမျှကို ဖြတ်တောက်နိုင်စွမ်း ရှိတဲ့အတွက် နတ်လက်နက်တွေထက်တောင် ပိုပြီး စွမ်းအားကြီးတယ်လို့ ပြောလို့ရတယ်… ဟူမိသားစုရဲ့ သိုင်းပညာက ငါတို့ မိုမိသားစုနဲ့ လုံးဝမတူဘူး… သူတို့ရဲ့ လေ့ကျင့်မှုက အချိန်အကြာကြီး လေ့ကျင့်ပြီးမှ စွမ်းအားက တဖြည်းဖြည်းချင်း ကြီးလာကြတာ… အဲဒါကြောင့် ဟူမိသားစုက လူငယ်မျိုးဆက်တွေရဲ့ စွမ်းအားက ထင်သလောက် အစွမ်းမထက်ကြဘူး… ဒါပေမဲ့ အသက်ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက်ကို ရောက်လာပြီ ဆိုရင်တော့ စွမ်းအားတွေက ကြောက်ဖို့ကောင်းတဲ့ အဆင့်ကို ရောက်လာကြတယ်… အဲဒီအချိန်ကျရင် ဟွမ်ယွမ်ဓားသိုင်း အပေါ်မှာ အပြည့်အဝ ထိုးထွင်းသိမြင်သွားပြီး ဓားချီစွမ်းအင်ကိုလည်း ထုတ်လွှတ်နိုင်လာပြီ ဖြစ်လို့ တခြားမိသားစုကြီးတွေအနေနဲ့ သူတို့ကို စိန်ခေါ်ဖို့ဆိုတာက သိပ်ကို ခက်ခဲသွားပြီ… မိုမိသားစုရဲ့ ဘိုးဘေးတွေကလည်း အဲဒါနဲ့ ပတ်သက်ပြီး မရေမတွက်နိုင်တဲ့ ကြိုးစားအားထုတ်မှုတွေ လုပ်ခဲ့ပေမယ့် ဟူမိသားစုရဲ့ ဟွမ်ယွမ်ဓားချီစွမ်းအားကို တန်ပြန်နိုင်မယ့် နည်းလမ်းမျိုး ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ကြဘူး… ဒါပေမဲ့ တစ်ခုကံကောင်းတာက ငါတို့ မိုမိသားစုရဲ့ လျှပ်စီးဓားသိုင်းကလည်း ကမ္ဘာပေါ်မှာ ထိပ်တန်းဓားကျင့်စဉ် တစ်ခုပဲ… လှုပ်ရှားမှုကလည်း ဒီလောကမှာ အမြန်ဆုံးဖြစ်တာကြောင့် ဟူမိသားစုတွေ ဘာမှ မတတ်နိုင်ခဲ့ဘူး… မိသားစု တစ်ခုချင်းစီမှာ အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိနေခဲ့တယ်… ငါ့အဖေနဲ့ အဖိုးတို့ ငယ်ငယ်တုန်းက ဟူမိသားစုဝင် တော်တော်များများကို သတ်ဖြတ်ပစ်ခဲ့တယ်… ဟူမိသားစုမှာ ဓားချီစွမ်းအင်ကို မထုတ်လွှတ်နိုင်သေးသ၍ ငါတို့ မိုမိသားစုကို လုံးဝယှဉ်နိုင်ခြင်း မရှိဘူး… ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဟူမိသားစုရဲ့ အကြီးအကဲပိုင်းက ကျင့်ကြံသူ ခုနှစ်ယောက်၊ ရှစ်ယောက်လောက် ဝိုင်းပြီး တိုက်ခိုက်တာကို ခံရတဲ့အတွက် နှစ်ယောက်စလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်… ဟူဖုန်းဝေ က အသက်သုံးဆယ်ကျော် အရွယ်မှာတင် ဓားချီစွမ်းအင်ကို ထုတ်လွှတ်နိုင်ခဲ့တယ်… ဟူမိသားစုထဲမှာတော့ သူက သိပ်ကိုထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်လို့ရတယ်… သူ ငါ့လက်ချက်နဲ့ သေသွားရတာ ငါတို့အတွက် သိပ်ကို ကံကောင်းတယ်လို့ ဆိုနိုင်တယ်… မဟုတ်လို့ နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက်သာ သူအဆက်ရှင်နေဦးမယ်ဆိုရင်…”
“တွေးတောင်မတွေးရဲဘူး ဆရာ…”
“ဟဲ… ဟဲ…”
“ကဲပါ… ထားလိုက်တော့… ဒီအကြောင်းတွေ ဆက်ပြောနေလို့လည်း အပိုပဲ… ငါ မင်းကို မူလစွမ်းအင်ရဲ့ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းကို သင်ပေးမယ်…”
စွန်းယန်ဝမ် သည် ထိုစကားကို ကြားသည်နှင့် စိတ်များ အလွန်တက်ကြွလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဆရာရဲ့ သိုင်းသင်ပေးတဲ့ ကျေးဇူးကို တပည့် တစ်သက်လုံး မှတ်ထားပါ့မယ်…”
သူသည် မည်သည့် သိုင်းပညာကို သင်ယူရသည်ဖြစ်စေ ဂရုစိုက်ခြင်း မရှိဘဲ အလွန်လျင်မြန်စွာ သင်ယူခွင့် ရရန်သာ အရေးကြီးနေသည်။ မိုဝူရွှယ် သည် သဘောကျစွာ တဟားဟား ရယ်မောလိုက်ပြီး သူ့တပည့် အသစ်စက်စက်လေး၏ လိမ္မာပါးနပ်မှုကို အလွန်အမင်း ကျေနပ်နေ၏။ ထို့နောက် စွန်းယန်ဝမ် ကို ကျင့်ကြံခြင်းလောက၏ အခြေခံအုတ်မြစ် သုံးမျိုးမှ စတင်ကာ သင်ကြားပြသ ပေးခဲ့သည်။ စွန်းယန်ဝမ် အား အခြေခံအုတ်မြစ်၏ သဘောတရားများအား သင်ကြားပြသပေးနေစဉ် သူ့၏ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားမှုနှင့် အလွန်လျင်မြန်စွာ နားလည်သဘောပေါက် နိုင်စွမ်းကို မိုဝူရွှယ် အကြီးအကျယ် အံ့အားသင့်သွားရသည်။ သူ့၏ ချို့ယွင်းချက် အနည်းငယ်ကိုသာ ထောက်ပြလိုက်ရပြီး အခြေခံအုတ်မြစ် အပိုင်းကို အပြည့်အဝ နားလည်တတ်မြောက် သွားခြင်းက မိုဝူရွှယ် ကို အမှန်တကယ် ထိတ်လန့်စေရသည်။ သူ သနားစိတ်ဖြင့် လက်ခံထားခဲ့သော ဤကောင်လေးသည် ကြောက်မက်ဖွယ် ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု တစ်ခါမျှ တွေးမိခြင်း မရှိသလို၊ ယင်းက ကံကြမ္မာ၏ ချည်နှောင်မှု တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ရာ သူ့အတွက် အကျိုးမယုတ်နိုင်ဟု တိတ်တဆိတ် တွေးလိုက်မိသည်။ မိုဝူရွှယ် သည် စွန်းယန်ဝမ် အား သူ့မိသားစု၏ သိုင်းပညာမှာ မျိုးရိုးစဉ်ဆက် အမွေအနှစ် ဖြစ်သောကြောင့် အပြင်လူစိမ်းများကို သင်မပေးခြင်း ဖြစ်ကြောင်း ပြောဆိုထားသော်လည်း ဟူမိသားစု၏ သိုင်းပညာမှာလည်း ထိုနည်းလည်းကောင်း ဖြစ်သည်ဆိုသည့် အချက်ကိုတော့ သူက ပြောဆိုခဲ့ခြင်း မရှိပေ။ ဤကဲ့သို့ ခိုးကြောင်ခိုးဝှက် သင်ယူခြင်းသည် သိုင်းလောက၏ အကြီးမားဆုံး ချိုးဖောက်မှုကြီး ဖြစ်နေသည်။ စွန်းယန်ဝမ် သည် မိုဝူရွှယ် ၏ သင်ကြားပြသပေးမှုအတိုင်း တစ်လကျော် ကျင့်ကြံခဲ့ပြီးနောက် ဟူမိသားစု၏ အခြေခံအကျဆုံး မူလစွမ်းရည် သုံးဆယ့်ခြောက်မျိုးစလုံးကို သင်ယူတတ်မြောက်ခဲ့၏။ ဆရာ၏ လမ်းညွှန်မှုအတိုင်း တသွေမတိမ်း ကျင့်ကြံခဲ့သောကြောင့် ခြေနှင့်လက်တို့တွင် စွမ်းအားများ တဖြည်းဖြည်း စုစည်းဖြစ်ပေါ်လာကြပြီး လှုပ်ရှားမှုတိုင်းကလည်း ပိုမိုလျင်မြန် ဖျတ်လတ် လာခဲ့သည်။ ခန္ဓာကိုယ်သည် ပို၍ကြံ့ခိုင်သန်စွမ်းလာသည်ကို မြင်သောအခါ ဤကျင့်စဉ်သည် သာမန်ကျင့်စဉ်တစ်ခု မည်သို့မျှ မဖြစ်နိုင်ကြောင်း သိလာပြီး ပို၍ပင် ကြိုးကြိုးစားစား ကျင့်ကြံတော့သည်။ တစ်နေ့တွင် မိုဝူရွှယ် သည် သူ့ကို တည်းခိုသည့် နေရာတွင် ထားခဲ့ပြီး သူငယ်ချင်းနှင့် သွားတွေ့မည်ဟု ပြောဆိုကာ ထွက်ခွာသွားသည်။ မိုဝူရွှယ် ထွက်သွားပြီးနောက် စွန်းယန်ဝမ် သည် ဆက်လက်ကျင့်ကြံ နေခဲ့ပြီး သုံးနာရီခန့် အကြာတွင် သူ့နောက်ကျောမှ ပူနွေးသည့် စီးကြောင်းတစ်ခု စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။ ထိုအပူစီးကြောင်းသည် သူ့ကျောရိုးမှတစ်ဆင့် ဦးခေါင်းအတွင်းသို့ စီးဝင်လာပြီး အနည်းငယ် လှည့်ပတ်ကာ တဖြည်းဖြည်း အေးမြမှုဘက်ကို ကူးပြောင်းသွား၏။ ထိုအေးစက်သော စွမ်းအင်စီးကြောင်းသည် သူ့၏ မျက်လုံး၊ နှာခေါင်း၊ လည်ချောင်းနှင့် ရင်ဘတ်များပေါ်တွင် လှည့်ပတ်ကာ နောက်ဆုံးတွင် စွမ်းအင်အားလုံး၏ ဗဟိုချက်ဖြစ်သော ဒန်တန်အတွင်းကို ဝင်ရောက်သွားသည်။ ထို “ရှိန်း”ခနဲ “ဖိန်း”ခနဲ ဖြစ်နေသော ခံစားချက်သည် ဒန်တန်အတွင်း အလွန်လျင်မြန်စွာ လည်ပတ်ပြီးနောက် ကျောဆစ်ရိုး၏ အောက်ဆုံးအရိုးနေရာကို ပြန်ရောက်လာ၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ပူလိုက်၊ အေးလိုက် ဖြစ်နေပြီး တစ်ခုခု တက်လာသောအခါ တစ်စုံတစ်ခုက ပြန်နိမ့်ကျသွားသလို ခံစားချက်ဖြင့် စက်ဝိုင်းသဏ္ဍာန် သံသရာ ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာသည်။ စွန်းယန်ဝမ် အလွန်အမင်း ဝမ်းသာသွားပြီး ယင်းမှာ အစစ်အမှန် ချီစွမ်းအင် ဖြစ်ပေါ်လာခြင်းများ ဖြစ်နေသည်လားဟု တွေးလိုက်မိသည်။ သူသည် မိုဝူရွှယ် ၏ လမ်းညွှန်ပြသမှုကို ရရှိထားသောကြောင့် အလွန်အမင်း အံ့အားသင့်နေသော်လည်း စိတ်ကို တည်ငြိမ်အောင် အတင်း ပြန်စုစည်းလိုက်၏။ ဖြည်းဖြည်းချင်း စီးဆင်းလာသော ချီစွမ်းအင်ကို အနည်းငယ်စီ စုဆောင်းခြင်းဖြင့် ပိုမိုများပြားလာစေရန် မည်သည့် လှုပ်ရှားမှုကိုမျှ မလုပ်ဝံ့တော့ပေ။ နာရီဝက်ခန့် ကြာသွားပြီးနောက် ချီစွမ်းအင်များ အားလုံး ဒန်တန်အတွင်း စုစည်းသွားသည့်အခါမှသာ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ စွန်းယန်ဝမ် သည် သူ့ဝမ်းဗိုက်၏ အောက်နားဆီသို့ လက်ဖြင့်စမ်းလိုက်ပြီး ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်ပေါ်လာသည်။
“ဆရာက နှစ်အနည်းငယ် ကြာအောင် ကျင့်ကြံပြီး ချီစွမ်းအင်က ထွက်ပေါ်လာတဲ့ အချိန်ရောက်မှ နတ်ဆိုးသတ်ဓားသိုင်းကို သင်ပေးမယ်လို့ ပြောထားခဲ့တယ်… ငါ ဆရာ့ကို ချီစွမ်းအင် ဖြစ်ပေါ်လာဖို့ အချိန်ဘယ်လောက်ကြာအောင် ကျင့်ကြံရမလဲဆိုတာ မေးကြည့်မှ ဖြစ်တော့မယ်… တကယ်လို့ ငါ့ခန္ဓာကိုယ်က အရမ်းမြန်နေတယ် ဆိုရင် အပင်မြင့်လို့ လေတိုက်ခံရမယ့် အခြေအနေကနေ လွတ်အောင် လျှို့ဝှက်ထားရလိမ့်မယ်… ဒါနဲ့ ငါက ဒီလို ငါ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားလိုက်လို့ ပိုပြီး အဆင့်မြင့်တဲ့ သိုင်းပညာတွေ သင်ယူနိုင်မယ့် အခွင့်အရေးကို လက်လွတ်သွားမယ်ဆိုရင်ကော… ငါ့ရဲ့ မဟာဦးနှောက်ကြီးကြောင့် ငါ့ကိုယ်ငါ မီးခဲပြာဖုံးသလို ဖြစ်သွားမလား…”
စွန်းယန်ဝမ် ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာဖြင့် ရှုပ်ရှက်ခတ်နေသော်လည်း ထိုနေ့ညတွင် မိုဝူရွှယ် ပြန်ရောက်မလာခဲ့ပေ။ သူသည် နှစ်ရက်၊ သုံးရက်ကြာအောင် ဆက်လက် စောင့်ဆိုင်းခဲ့သော်လည်း မိုဝူရွှယ် မှာ လုံးဝ ပြန်ရောက်မလာပေ။ သူသည် ဆရာဖြစ်သူကို စိတ်ပူမိသလို တစ်ဖက်တွင် သူဖက်တွယ်ထားသော ကျားခြေထောက်ကြီး ပျောက်ကွယ်သွားမည့် အရေးကို စိုးရိမ်နေမိသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူကိုယ်တိုင် အပြင်ထွက်၍ စုံစမ်းရှာဖွေရန် ဆုံးဖြတ်လိုက်၏။ မိုဝူရွှယ် သည် မည်သည့် သူငယ်ချင်းနှင့် သွားရောက်တွေ့ဆုံမည် ဖြစ်ကြောင်း သူ့ကို ပြောဆိုသွားခြင်း မရှိပေ။ သို့သော် စွန်းယန်ဝမ် သည် ပြန်လည်ဝင်စားလာသူ တစ်ဦး ဖြစ်သောကြောင့် သူ့အတွေးအခေါ်က အခြားသူများထက် ပို၍မြင့်မားသည်။ သူ့ဆရာသည် သိုင်းလောကသား တစ်ဦးဖြစ်သောကြောင့် သူ့၏ သူငယ်ချင်းဆိုသူမှာလည်း သိုင်းသမားတစ်ဦးသာ ဖြစ်ရမည်ဟု ယူဆလိုက်၏။ သူက ဆိုင်ရှင်ထံတွင် ဤဒေသမှ နာမည်ရှိသော သိုင်းသမားများ၏ အမည်စာရင်းကို တောင်းယူလိုက်ရာ နာမည် ခုနှစ်ခု၊ ရှစ်ခု ကို သိလိုက်ရသည်။ ထိုအချိန်တွင် ဘာလုပ်၍ ဘာကိုင်ရမှန်း မသိဘဲ လမ်းပျောက်နေသည့် အခြေအနေမှ လမ်းစတစ်ခု ရရှိလာသောကြောင့် စတင်လှုပ်ရှားတော့သည်။ စွန်းယန်ဝမ် တည်းခိုသည့် နေရာမှ တိတ်တဆိတ် ထွက်လာသောအခါ ဂိုဏ်းတစ်ဂိုဏ်းမှ လူများဟု ထင်ရသော ကျင့်ကြံသူ အုပ်စုတစ်စု သူ့ဘေးမှ အလျင်အမြန် ဖြတ်သွားပြီး တည်းခိုဆောင်အတွင်း ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခု “ဖျတ်”ခနဲ ပေါ်လာပြီး အနီးရှိ လမ်းကြားတစ်ခုအတွင်း ဝင်ရောက် ပုန်းကွယ်နေလိုက်၏။ ခဏကြာသောအခါ ထိုဂိုဏ်းသားများအားလုံး အပြင်သို့ တရောသောပါး ပြန်ထွက်လာပြီး လမ်းမကြီးအတိုင်း ပြေးထွက်သွားကြတော့သည်။