← Chapters

“စွန်းအိမ်တော်ကို သွေးစွန်းစေခြင်း”

Vol. 1 Ch. 5

“စွန်းအိမ်တော်ကို သွေးစွန်းစေခြင်း”

Vol. 1 Ch. 5

စွန်းယန်ဝမ် သည် ဤလူများ၏ နောက်ခံဇစ်မြစ်ကို လုံးဝမသိသော်လည်း ရှစ်ဆယ်ရာခိုင်နှုန်းသော အကြောင်းတရားက သူ့ဆီသို့သာ ဦးတည်နေကြောင်းကို ကောင်းစွာ ရိပ်စားမိသည်။ သူ့၏ ဆရာသည် ဤလူများနှင့် သေချာပေါက် ပတ်သက်နေရပေမည်။ သူ့ဆရာသည် ရန်သူများနှင့် တွေ့ဆုံနေရသည်လား၊ ထိုသို့မဟုတ်လျှင် သူငယ်ချင်းနှင့် သွားရောက်တွေ့ဆုံသည်က ဤမျှ မကြာသင့်ပေ။ ဤလူများကကော သူ့ဆီသို့ ကျူပင်ခုတ် ကျူငုတ်မကျန်စေချင်သည့် သဘောကြောင့် သတ်ဖြတ်ရန် ရောက်လာခြင်းများလား၊ သို့မဟုတ်ပါက သူ့ဆရာက သူ့ကို ဧည့်သည့်အဖြစ် ဖိတ်ခေါ်ရန် ကြိုဆိုခိုင်းလိုက်ခြင်း များလော။ သူ့အတွက် စဉ်းစားရခက်နေသောကြောင့် အခြားဘာကိုမျှ မစဉ်းစားတော့ဘဲ ၎င်းတို့နောက်မှ တိတ်တဆိတ် နောက်ယောင်ခံကာ လိုက်ပါလာခဲ့၏။ ထိုသို့ လိုက်ပါလာချိန်တွင် သူ့ကိုယ်သူ ပုံစံဖျက်ရန်လည်း မေ့လျော့ခြင်း မရှိပေ။ သူသည် ခြံစည်းရိုး တစ်ခုပေါ်တွင် တင်ထားသော ဦးထုပ်တစ်လုံးကို ယူလိုက်ပြီး အိမ်တစ်အိမ်မှ လှန်းထားသော အနည်းငယ် အရောင့်လွင့်နေပြီ ဖြစ်သည့် အဝတ်အစား တစ်စုံကို လဲလှယ်လိုက်သည်။ လမ်းပေါ်ရှိ ရွှံ့အချို့ကို မျက်နှာထက်တွင် လိမ်းကျံလိုက်ပြီး သူ့ပုံစံက အခြားသူ တစ်ဦးကဲ့သို့ (သူတောင်းစားသာသာ ဖြစ်သွားပြီ) လုံးဝ ပြောင်းလဲသွားသည်။ စွန်းယန်ဝမ် သည် ချီစွမ်းအင်ကို လေ့ကျင့်နိုင်ခဲ့သည်မှာ နှစ်ရက် သုံးရက်မျှသာ ရှိသေးသောကြောင့် အစစ်အမှန် ချီစွမ်းအင် ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်မှန်း မသိပေ။ သို့သော် လမ်းတစ်လျှောက်တွင် ထိုဂိုဏ်းသားများ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာနိုင်ပြီး သူ့၏ လှုပ်ရှားမှုတိုင်းသည် အလွန်သွက်လက်နေကာ စွမ်းအားများ ပြည့်ဝနေသလို ခံစားရသည်။ သူ့ခန္ဓာကိုယ်သည် ယခင်ကနှင့် လုံးဝမတူတော့ဘဲ သူကိုယ်တိုင် သတိမထားမိသည့် အလွန်ခက်ခဲသော လှုပ်ရှားမှုများကို ထမင်းစား ရေသောက်သလို အလွန်လွယ်ကူစွာ လုပ်ဆောင်လာနိုင်ခဲ့သည်။ သူသည် စိတ်ထဲတွင်လည်း တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

“ချီစွမ်းအင်ကို စတင်ဖြစ်ပေါ်ကာစ လူတစ်ယောက်မှာတောင် ဒီလောက် အကျိုးကျေးဇူးတွေ ကြီးမားနေတယ်ဆိုတော့… တကယ်လို့ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့တဲ့ သူတွေသာ ငါ့ကမ္ဘာကို ရောက်လာလို့ရှိရင် စူပါဟီးရိုးကြီးတွေလို အဆင့်မျိုးတွေ နေလိမ့်မယ်… ဒါက အနည်းဆုံးတော့ အိပ်ချ်မန်း (Wolverine)… ဒါမှမဟုတ် ကပ္ပတိန် အမေရိက (Captain America) တို့နဲ့ တစ်တန်းတဲ့ အဆင့်မျိုးတွေ ဖြစ်နေလောက်တယ်…”

ထိုဂိုဏ်းသားများသည် ကျီးကန်းတောင်းမှောက် အကြည့်များဖြင့် လမ်းတစ်လျှောက်လုံး ကြည့်သွားကြပြီး နောက်ဆုံးတွင် လမ်းအချို့ကို ကွေ့ပတ်ကာ ခြံဝန်းကျယ်ကြီး တစ်ခုအတွင်းကို ဝင်ရောက်သွား၏။ စွန်းယန်ဝမ် သည် ထိုခြံဝန်းတံခါးဝတွင် ရေးထားသော ကြီးမားသော ဆိုင်းဘုတ်ကြီး တစ်ခုကို ဖတ်ကြည့်လိုက်ရာ စွန်းအိမ်တော် ဖြစ်ကြောင်း သိလိုက်ရသည်။

“သူ့လက်အောက်မှာ ဒီလောက်များတဲ့ သိုင်းသမားတွေကို စုဆောင်းထားပြီး… မျိုးရိုးကလည်း စွန်း ဆိုတော့ ဒါက ဟိုဆိုင်ရှင်ကောင်ပြောတဲ့ လျိုယန်ဂိုဏ်းက ဂိုဏ်းခေါင်းဆောင် စွန်းဟယ် ဆိုတာပဲ ဖြစ်ရမယ်…”

စွန်းယန်ဝမ် ချက်ခြင်းပင် စဉ်းစားလိုက်မိသည်။ လျိုယန်ဂိုဏ်းခေါင်းဆောင် စွန်းဟယ် သည် သူ့ဆရာ မိုဝူရွှယ် ၏ မိတ်ဆွေလား၊ ရန်သူလား ဆိုသည်ကို စဉ်းစားနေတုန်းမှာပင် ရုတ်တရက် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများဖြင့် လူထွားကြီးတစ်ဦး ဦးဆောင်သော လူဆယ်ဦးကျော် ကို တွေ့လိုက်ရသည်။ ထိုသူများသည် ခြံဝန်းအတွင်းသို့ အလျင်အမြန် ‌ဝင်ရောက်လာကြပြီး အားလုံးသည် အဖြူရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကာ အဖြူရောင် ပိတ်စများကို နဖူးတွင် စည်းနှောင်ထားကြသည်။ ယင်းက အခမ်းအနား တစ်ခုခုကြောင့် ပြုလုပ်ထားသည့် ပုံစံမျိုးဖြစ်နေသည်။ မုတ်ဆိတ်မွှေးများနှင့် လူထွားကြီးသည် အခေါင်းတစ်ခု အရွယ်အစားရှိသော သေတ္တာကြီးတစ်လုံးကို ထမ်းလာပြီး ထိုပုံစံက အထူးပင် ပေါ်လွင်နေ၏။ ၎င်းတို့သည် မည်သည့် စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိဘဲ စွန်းအိမ်တော် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်ကို မြင်သောအခါ စွန်းယန်ဝမ် အကြီးအကျယ် ထိတ်လန့် တုန်လှုပ်သွားသည်။ ဤမုတ်ဆိတ်မွှေးနှင့် လူထွားကြီးမှာ ဟူဖုန်းဝေ ၏ သစ္စာရှိ နောက်လိုက်တစ်ဦး ဖြစ်ပြီး အသွားနှစ်ဖက်ပါသော လှံကို အသုံးပြု တိုက်ခိုက်ခဲ့သူ ဖြစ်ကြောင်း သူကောင်းစွာ မှတ်မိနေသည်။ သူ့စိတ်ထဲတွင် ဤလူများသည် သူတို့ရှိနေသည့် နေရာအတိအကျကို မည်သည့် နည်းလမ်းဖြင့် အတိအကျ သိနေနိုင်သနည်းဟု စဉ်းစားနေမိ၏။ သို့သော် အကြောင်းအရာတချို့ကို ဆက်စပ် စဉ်းစားလိုက်မိပြီးနောက် သူ ရုတ်တရက် ထအော်လိုက်မိ၏။

“ဒါဆို… ငါ့ဆရာက ဒီလူတွေကို ဒီနေရာမှာ ကြိုစောင့်နေတာပေါ့…”

မိုဝူရွှယ် သည် လမ်းခရီးတစ်လျှောက် အလွန်သတိကြီးစွာဖြင့် လိုက်ပါလာခဲ့သည်။ ဤကဲ့သို့ ရှေးခေတ် တစ်ခုတွင် လမ်းညွှန်ကိရိယာကဲ့သို့ တိကျသေချာသော အရာဝတ္ထုမျိုး ရှိလိမ့်မည်ဟုလည်း သူက လုံးဝ မယုံကြည်ပေ။ ထို့ကြောင့် သူတို့ ဆရာတပည့်နှစ်ဦး သွားသည့် နောက်ကို အတိအကျ လိုက်လာနိုင်ရန် ဆိုသည်က မည်သို့မျှ မဖြစ်နိုင်သလောက် ဖြစ်သည်။ သို့သော် မိုဝူရွှယ် သည် ဟူဖုန်းဝေ ၏ လက်အောက်ငယ်သားများ အနေဖြင့် ၎င်း၏ ရုပ်အလောင်းအား မည်သည့် အရပ်ဒေသသို့ ပို့ဆောင်မည် ဖြစ်ကြောင်းကို ကြိုတင် သိရှိထားပုံရသည်။ ထို့ကြောင့် သူက ဤနေရာတွင် အတိအကျ လာရောက်စောင့်ဆိုင်း နေခြင်း ဖြစ်ရပေမည်။

“ဆရာ့ရဲ့ အခြေအနေက အခု ဘယ်လိုဖြစ်နေပြီလဲ မသိဘူး… သူ အန္တရာယ်တွေနဲ့များ ထိပ်တိုက်ရင်ဆိုင် နေရပြီလား…”

သူစဉ်းစားနေတုန်းမှာပင် ရုတ်တရက် ကြည်လင်ပြတ်သားသည့် အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံတွင် နုပျိုသော ဂုဏ်ဒြပ်နှင့် လှောင်ပြောင်သံက အတိုင်းသား ဖြစ်ပေါ်နေ၏။

“စစ်ပိုင်ဝေ… ငါလိုက်လာမယ်လို့ မင်း လုံးဝ ထင်မထားဘူး မဟုတ်လား…”

မုတ်ဆိတ်မွှေးနှင့် လူထွားကြီး အပါအဝင် အခြားသူများအားလုံး စွန်းအိမ်တော် အတွင်းမှ ကြောက်လန့်တကြား ပြေးထွက်လာကြသည်။ ထိုအချိန်တွင် ၎င်းတို့နောက်မှ မိုဝူရွှယ် ထွက်ပေါ်လာပြီး လက်ထဲတွင်လည်း ဓားတစ်လက်ကို ကိုင်ဆောင်ထား၏။ သူသည် ခဏအတွင်းမှာပင် ထိုသူများကို သတ်ဖြတ်ပစ်လိုက်ပြီး သွေးစက်များ စွန်းထင်းနေသော သူ့၏ ပုံသဏ္ဍာန်က အလွန်အမင်း ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သူရဲကောင်း တစ်ဦးလို ဖြစ်နေသည်။ ပြင်းထန်သော သတ်ဖြတ်ခြင်း အသိက သူ့အပေါ်သို့ပါ သက်ရောက်လာသောအခါ စွန်းယန်ဝမ် ၏ ခန္ဓာကိုယ်အတွင်းမှ သွေးများသည် ပွက်ပွက်ဆူလာခဲ့ပြီး ဆရာနှင့်အတူ ပူးပေါင်းတိုက်ခိုက်ချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်သွားစေသည်။ သူသည် ချက်ခြင်းပင် ပြေးထွက်သွားပြီး တိုက်ခိုက်ချင်နေ၏။ မိုဝူရွှယ် ၏ ဓားချက်များသည် အံ့အားသင့်စရာ ကောင်းလောက်အောင် မြန်ဆန်ပြီး အလွန် တိကျသေသပ်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် အားလုံးကို သတ်ဖြတ်ပစ်လိုက်ပြီး မုတ်ဆိတ်မွှေးနှင့် လူထွားကြီး တစ်ဦးသာ ကျန်ရစ်ခဲ့သည်။ ထိုလူထွားကြီး၏ မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူဖပ်ဖြူရော်ဖြစ်ကာ တိုက်ခိုက်ရန် မကြိုးစားတော့ဘဲ ချက်ခြင်းပင် နောက်လှည့်ပြေး၏။ သို့သော် မိုဝူရွှယ် ၏ ဓားအောက်မှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိပေ။ ရန်သူ တစ်ဦးတည်းသာ ကျန်ရှိတော့သည့် အချိန်တွင် မိုဝူရွှယ် သည် မိသားစု၏ အမွေအနှစ် ဓားသိုင်းကို အပြည့်အဝ ဖော်ထုတ်လိုက်သည်။ ဓားချက်တစ်ချက်သည် လှံကို နှစ်ပိုင်းကျိုးထွက်သွားစေပြီး လူထွားကြီး ၏ လက်နှစ်ဖက်စလုံးကို အရင်းနေရာမှ “တိ”ခနဲ ပိုင်းဖြတ်ချသွားသည်။ နောက်ထပ် ဓားချက်တစ်ချက် ကျရောက်လာသောအခါ ၎င်း၏ ဦးခေါင်းသည် လေထဲသို့ မြောက်တက်လာပြီး မြေပြင်ပေါ်ကို “ဘုတ်”ခနဲ ပြုတ်ကျသွား၏။ ထိုလူကို သတ်ဖြတ်ပြီးနောက် လူငယ်သည် ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ ထိုနေရာမှ “ဖျတ်”ခနဲ ပျောက်ကွယ်သွားတော့သည်။ ထိုမြင်ကွင်းကို အစမှအဆုံး မြင်နေရသော စွန်းယန်ဝမ် လည်း ထိုအခါမှ သက်ပြင်းရှည်ကြီး တစ်ချက်ကို “ဝှူး”ခနဲ မှုတ်ထုတ်လိုက်မိသည်။

“တော်သေးတာပေါ့… ငါ အပြင်ထွက်ပြီး မကူညီမိသေးလို့… ဆရာက အစကတည်းက အသာစီးက တိုက်ခိုက်နေခဲ့တာပဲ… ငါသာ အပြင်ထွက်ပြီး တိုက်ခိုက်လိုက်ရင် ဆရာက ရန်သူကိုလည်း တိုက်ခိုက်ရ ငါ့ကိုလည်း ကာကွယ်ရနဲ့ ဗျာများတဲ့ အခြေအနေတစ်ခုကို ရောက်သွားလိမ့်မယ်… အဲဒီလိုမှမဟုတ်ဘဲ ဆရာ့ရဲ့ လက်စားချေလိုတဲ့စိတ်က ဆိုးဆိုးရွားရွား ပြင်းထန်နေခဲ့လို့ တပည့်ရဲ့ သေခြင်း ရှင်ခြင်း ကို နည်းနည်းမှ ဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင် ကြားထဲက ငါပဲ အချောင် သေသွားလိမ့်မယ်…”

သူသည် တွေးရင်း ကြက်သီးများပင် တဖြန်းဖြန်း ထသွားသည်။ စွန်းအိမ်တော်အတွင်းမှ ကြမ်းတမ်း ရက်စက်သော ခုတ်ထစ်သံများကို ကြားရသည့်အခါ လမ်းပေါ်တွင်လည်း လူတစ်ဦးတစ်ယောက်မျှ မရှိတော့ဘဲ အကုန်လုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်။ အံ့အားသင့်စရာ ကောင်းသည်က စွန်းအိမ်တော်ထဲမှ လူတစ်ဦးတစ်လေပင် ထွက်ပေါ်မလာခြင်း ဖြစ်သည်။ စွန်းယန်ဝမ် သည် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် စားသောက်ဆိုင် အကူဘဝဖြင့် ရက်အနည်းငယ်ခန့်သာ လုပ်ကိုင်ခဲ့ရသော်လည်း ထိုရက်များအတွင်း သူ့အတွက် အလွန်မှတ်သားစရာ ကောင်းသော အမှတ်တရများ ကျန်ရစ်ခဲ့သည်။ လူများသည် ဆင်းရဲခြင်းအား မည်သည့်အတွက် ကြောက်ရွံ့ကြသည် ဆိုသည်ကို သူ ကောင်းစွာ သဘောပေါက်ခဲ့ရသည်။ မကြာသေးမီက သူသည် အလောင်းနှစ်လောင်း ပေါ်မှ ပိုက်ဆံအချို့ကို ခိုးယူခဲ့သော်လည်း အလျင်စလို ထွက်ပြေးလာရသောကြောင့် ထိုခိုးထားသော ငွေများအားလုံးမှာ ဆိုင်အပြင်ဘက် ဆီးနှင်းပုံအတွင်း သည်အတိုင်း ထားခဲ့ရသည်။ ထို့ကြောင့် ယခုအခါ သူ့ဆီတွင် ခြူးတစ်ပြားမှ မရှိဘဲ အလွန်ဆင်းရဲ မွဲတေနေ၏။ လူဆိုသည်မှာ လက်ထဲတွင် ငွေစအနည်းငယ်မျှ မရှိဘဲ နေရသည့်အခါ မျှော်လင့်ချက်များ ကင်းမဲ့သလိုပင် ဖြစ်သွားရသည်။ ထိုအခြေအနေမျိုးတွင် သူကိုယ်တိုင်လည်း ခြွင်းချက် မဟုတ်ခဲ့ပေ။ သူသည် မအောင့်အီးနိုင်တော့ဘဲ မုတ်ဆိတ်မွှေးနှင့် လူထွားကြီးဆီသို့ “ဝုန်း”ခနဲ ပြေးထွက်သွားသည်။ ပထမဆုံး အနေဖြင့် ၎င်း၏ ကိုယ်ပေါ်တွင် ရှိနေသော သားရည်အိတ်ကို ရှာဖွေလိုက်ပြီးနောက် အခြားလူများ၏ ခန္ဓာကိုယ်များ ပေါ်တွင်လည်း ထိုအတိုင်း ထပ်မံစမ်းသပ် ရှာဖွေလိုက်၏။ စုစုပေါင်း အိတ်ငါးလုံးခန့် ရရှိလာခဲ့ပြီး ထိုအထဲတွင် လူထွားကြီး၏ အိတ်က အလေးဆုံးဖြစ်သည်။ သူ့၏ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီးနောက် စွန်းယန်ဝမ် မှာလည်း နောက်သို့ လှည့်မကြည့်တော့ဘဲ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ခြေကုန်သုတ် ထွက်ပြေးသွားတော့သည်။ အသက်နှစ်ရှိုက်စာခန့်မှာပင် သူတည်းခိုနေထိုင်သော အဆောက်အဦကို လှမ်းမြင်ရသည်အထိ သူ့အလျင်က မြန်ဆန်မှုရှိခဲ့သည်။ သူသည် တည်းခိုခန်း အတွင်းသို့ ပြေးဝင်ရန် ပြင်ဆင်လိုက်ချိန်တွင် ရုတ်တရက် သူ့နောက်ကျောမှ လက်တစ်ဖက် ပေါ်ထွက်လာပြီး သူ့အား ဂုတ်မှဆွဲကာ အနီးရှိ လမ်းကြားတစ်ခုအတွင်းသို့ ဆွဲခေါ်သွား၏။ စွန်းယန်ဝမ် လန့်ဖြန့်သွားပြီး အော်ဟစ်ရန် ပြင်ဆင်လိုက်ချိန်တွင် ဆရာဖြစ်သူ၏ ရင်းနှီးသော မျက်နှာကို မြင်လိုက်ရသဖြင့် သူ့ပါးစပ်သူ လက်ဖြင့် အတင်းပိတ်ချ ပစ်လိုက်သည်။ မိုဝူရွှယ် က အနည်းငယ် ပြုံးစိစိဖြစ်နေသော မျက်နှာထားဖြင့် မေးလိုက်၏။

“မင်းက တော်တော်တော့ ရဲတင်းတဲ့ကောင်ပဲ… ပိုက်ဆံတွေကို သွားခိုးရဲသေးတယ်ပေါ့ ဟုတ်လား…”

စွန်းယန်ဝမ် က ပြန်လည်ချေပရန် ကြိုးစားလိုက်သော်လည်း သူ့၏ ဤကဲ့သို့ လောဘကို အတောမသတ် နိုင်ခဲ့သည့် အပြုအမူကြောင့် ဆရာဖြစ်သူ စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်သဖြင့် မည်သည့် အကြောင်းပြချက်ကို ပေးသည်ဖြစ်စေ အမှန်အတိုင်း ရိုးသားပွင့်လင်းစွာ ဝန်ခံခြင်းက အကောင်းဆုံး ဖြစ်မည်ဟု ယူဆလိုက်သည်။ ထို့ကြောင့် သူက ရှက်ရွံ့စွာ ပြုံးရင်း ဝန်ခံလိုက်၏။

“တပည့် ဆင်းရဲရတဲ့ အရသာကို တော်တော် ကြောက်နေလို့ပါ…”

မိုဝူရွှယ် လည်း ကြောင်သွားသည်။ သူ့၏ ဤတပည့်လေးသည် ဤမျှအထိ ရိုးသားဖြောင့်မတ်သူ တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။ သူက ပေါ့ပါးစွာ ရယ်မောရင်း ပြောလိုက်၏။

“ငါ စစ်ပိုင်ဝေ ကိုလည်း သတ်လိုက်ပြီ… စွန်းအိမ်တော် တစ်ခုလုံးကိုလည်း သွေးနဲ့ဆေးပေးခဲ့ပြီ… ဟူမိသားစုရဲ့ ကျင့်ကြံသူတွေက ဒီသတင်းကို ကြားတာနဲ့ ချက်ခြင်း ရောက်လာကြလိမ့်မယ်… ဒီတော့ ငါတို့ ဆရာတပည့် နှစ်ယောက်ကလည်း ဒီနေရာမှာ ဘာအကြောင်းနဲ့ ဆက်နေရမှာလဲ…”

ဆရာတပည့် နှစ်ယောက်စလုံးတွင်လည်း သံယောဇဉ်နှောင်ဖွဲ့စရာ တစ်စုံတစ်ရာမျှ ရှိမနေပေ။ နှောင်တွယ်စရာ ဟူ၍ တည်းခိုခန်းထဲတွင် သူတို့ သုံးစွဲခဲ့သော ပစ္စည်းအနည်းငယ်သာ ရှိပြီး ထိုအရာများမှာလည်း မည်သည့်တန်ဖိုးကြီး ရတနာမျှ မဟုတ်ပေ။ နောက်ဆုံး သူတို့ စီးနင်းလာသော မြင်းလှည်းကိုပင် သည်အတိုင်း ထားရစ်ခဲ့ကြသည်။ သူတို့သည် တည်းခိုသည့် နေရာမှ ထွက်ခွာလာခဲ့ပြီး မြို့အတွင်းမှ အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။ လမ်းတစ်ခုအတိုင်း နေ့တစ်ဝက်ခန့် လျှောက်လာပြီးသောအခါ ပြိုကျနေသော ဘုရားကျောင်းပျက် တစ်ခုကို တွေ့လိုက်ရ၏။ ဤဘုရားကျောင်းသည် စွန့်ပစ်ခံထားရသည်မှာ အချိန်ကာလ လွန်စွာ ကြာညောင်းနေဟန် တူသည်။ ဘုရားကျောင်း၏ အဓိကနေရာဟု ယူဆနိုင်သော နေရာတစ်ခုသာ အဆောက်အဦ ပုံသဏ္ဍာန်ကျန်ရှိပြီး ယင်း၌ပင် ခေါင်မိုးတစ်ခြမ်း ပျောက်ကွယ်နေသည်။ စွန်းယန်ဝမ် သည် နောက်ကျောမှ အထုပ်အား မြေပေါ်သို့ “ဘုတ်”ခနဲ ပစ်ချလိုက်ပြီး အနီးအနားရှိ မြက်ပင်အချို့ကို ဓားဖြင့် ခုတ်ဖြတ်ယူလိုက်၏။ ထို့နောက် အမိုးအကာ အနည်းငယ် ကျန်နေသေးသော နေရာတစ်ခုတွင် မြက်ပင်များကို ဖြန့်ခင်းလိုက်ပြီး ဆရာဖြစ်သူအတွက် နေရာထိုင်ခိုင်း စီစဉ်ပေးလိုက်သည်။ သူကိုယ်တိုင်လည်း ထိုမြက်များပေါ်တွင် ထိုင်ချလိုက်ကာ “ဝှူး”ခနဲ သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း အမောဖြေလိုက်၏။ ဤရက်ပိုင်းအတွင်း သူ့ဘဝသည် ကြမ်းတမ်း ခက်ထန်မှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ဤကမ္ဘာမှ သိုင်းလောကသားများ၏ ရန်ငြိုးရန်စသည် မကြာခဏ သတ်ဖြတ်မှုများနှင့်သာ ဖြေရှင်းကြသောကြောင့် သေမှုသေခင်းက တင်းကြမ်း ပြည့်နှက်လွန်းနေသည်။ သူ ဤကမ္ဘာသို့ ရောက်ရှိမလာမီ ဟိုဘက်ကမ္ဘာမှ တိုးတက်ထွန်းကား လွန်းသော မြို့ကြီးတစ်မြို့၏ တစ်နှစ်ပတ်လုံး လူသတ်မှု အရေအတွက်သည် ဤကမ္ဘာ၏ တစ်ရက်တာမျှ အရေအတွက်၏ အဖျားအနားပင် မရှိပေ။ သူမြင်တွေ့ခဲ့ရသော လူသေအလောင်းများသည် ယခုအခါ လက်ချိုးမရေနိုင်သည့် အရေအတွက်ကို ရောက်လာပြီ ဖြစ်သည်။ စွန်းယန်ဝမ် သည် စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းပြီး ပိုက်ဆံအိတ်တစ်အိတ်ကို ဆွဲယူကာ အတွင်းသို့ ကြည့်လိုက်၏။ သို့သော် ပိုက်ဆံအိတ် အတွင်းမှ စက္ကူစတစ်စရွက် ထွက်ပေါ်နေသည်ကို တွေ့ရသဖြင့် အိတ်အတွင်း အလျင်အမြန် စစ်ဆေး ကြည့်လိုက်ရာ လက်ဖဝါးအရွယ်အစား ရှိသော စက္ကူအပုံလိုက်ကို တွေ့ရပြီး တချို့က အသစ်ကျပ်ချွတ်များ ဖြစ်သလို တချို့က ဟောင်းနွမ်းကာ ပြဲထွက်လုနီးပါး ဖြစ်နေသည်။ စွန်းယန်ဝမ် သည် စက္ကူတစ်ရွက်ကို ကောက်ယူပြီး အသေအချာ စစ်ဆေးကြည့်လိုက်သောအခါ ယင်းမှာ အလွန်သေသပ်စွာ ပုံနှိပ်ထားသော နိုင်ငံ၏ အမြင့်ဆုံး တံဆိပ်ခေါင်းပါသည့် စက္ကူများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ စာရွက်ပေါ်တွင် ရေးသားထားသော စာသားများမှာ ယခင် သူနေထိုင်ခဲ့သည့် ကမ္ဘာမှ စာသားများနှင့် လုံးဝတူညီခြင်း မရှိသော်လည်း သူက အလိုအလျောက် ဖတ်တတ်နေ၏။ အသေအချာ ထပ်မံစစ်ဆေး ကြည့်လိုက်သောအခါ သူ အကြီးအကျယ် တုန်လှုပ်ခြောက်ခြား သွားတော့သည်။ ဤအရာများသည် အမှန်တကယ်တွင် တာလန် နိုင်ငံမှ ပုံနှိပ် ထုတ်ဝေထားသော ငွေစက္ကူများ ဖြစ်နေသည်။ ပိုက်ဆံအိတ်အတွင်း ထိုငွေစက္ကူများမှလွဲ၍ အခြားမည်သည့် အရာမျှ ရှိမနေပေ။ တာလန်နိုင်ငံအတွင်း လည်ပတ်သုံးစွဲနေသော ငွေကြေးသည် များသောအားဖြင့် ကြေးနီဒင်္ဂါးပြားများသာ ဖြစ်ပြီး တစ်ခါတရံ ငွေတုံးအနည်းငယ် ပါဝင်သည်။ ကြေးနီ ဒင်္ဂါးပြားများမှာ သယ်ယူပို့ဆောင်ရန် လွန်စွာလေးလံပြီး ကရိကထ များလွန်းသောကြောင့် မည်သူမျှ မသယ်ချင်ကြပေ။ ထို့ကြောင့် တာလန်နိုင်ငံသည် ငွေစက္ကူ ပုံနှိပ်ထုတ်ဝေရေး ဌာနကို တည်ထောင်ခဲ့ပြီး ငွေစက္ကူများနှင့် တိုက်ရိုက် လဲလှယ်ပေးခဲ့သည်။ မည်သူမဆို နိုင်ငံ၏ အမြင်ဆုံး တံဆိပ်ခေါင်းပါသော ထိုငွေစက္ကူကို ကိုင်ဆောင်ထားမည်ဆိုပါက ဒေသန္တရ ပုံနှိပ်ထုတ်ဝေရေး ဌာနတွင် ယင်းနှင့်တန်ဖိုး ညီမျှသော ကြေးနီ၊ သို့မဟုတ် ဒင်္ဂါးပြားများဖြင့် သွားရောက် လဲလှယ်နိုင်သည်။ လူတချို့သည် ထိုငွေစက္ကူများကို သုံးစွဲကြသော်လည်း တန်ဖိုးကြီးမြင့် လွန်းသောကြောင့် ကိုင်ဆောင်နိုင်သူ အရေအတွက်က လွန်စွာနည်းပါးသည်။ ကြီးမားသော ကုန်သွယ်မှုများ ပြုလုပ်သည့် အခါမျိုးတွင်သာ အဓိက သုံးစွဲတတ်လေ့ရှိသည်။ ဤအရာသည် မြောက်ပိုင်း ဆောင်မင်းဆက်၏ ကျိုးဇီ ဟု ခေါ်သော ငွေကြေးပုံစံမျိုး၊ သို့မဟုတ် သိုင်းလောကတွင် အတွေ့ရဆုံး ငွေလက်မှတ်ပုံစံမျိုးနှင့် အတူတူပင် ဖြစ်နိုင်သည်။ မုတ်ဆိတ်မွှေးနှင့် လူထွားကြီးသည် မည်သည့်အတွက်ကြောင့် ထိုမျှပမာဏ များပြားသော ငွေများကို ကိုင်ဆောင်ထားရသည် ဆိုသည်ကို စွန်းယန်ဝမ် မသိပေ။ သို့သော် သူသည် အခြားအရာများကို တွေးနိုင်ခြင်း မရှိတော့ဘဲ ဝမ်းသာစွာ ပြောလိုက်၏။

“ဆရာ… ကျွန်တော်တို့ ဆရာတပည့်တွေ ချမ်းသာပြီ…”

All Chapters