“ကိုယ်ဖော့ပညာအပေါ် ထိုးထွင်းသိမြင်ခြင်း”
Vol. 1 Ch. 6
မိုဝူရွှယ် က သဘောကျစွာ ရယ်မောလိုက်ပြီး ပြောသည်။
“ငါတို့ မိုမိသားစုက အရမ်းချမ်းသာတာမျိုး မဟုတ်ပေမယ့် တာလန်နိုင်ငံ တစ်ခုလုံးမှာ စံအိမ်တွေ ဒါဇင်နဲ့ချီပြီး ရှိတယ်… နာမည်ကြီး တောင်တန်းတွေပေါ်မှာလည်း သိုင်းခန်းမ ဆယ်ခုကျော်ကို ဖွင့်လှစ်ထားတယ်… ဒီလောက်လေးက ငါတို့ကို ဘယ်လိုလုပ် ချမ်းသာစေမှာလဲ… ထားလိုက်ပါ… မင်းက ဆင်းရဲမှာကို ကြောက်တယ်မဟုတ်လား… ဒီငွေတွေကလည်း မင်းအသက်နဲ့ရင်းပြီး လုယူလာခဲ့တာဆိုတော့ အကုန်လုံး မင်းဘာသာပဲ ယူထားလိုက်တော့…”
စွန်းယန်ဝမ် အကြီးအကျယ် အံ့အားသင့်စွာ မေးလိုက်၏။
“ဆရာ… ဆရာတို့ မိသားစုက အဲဒီလောက်တောင် ချမ်းသာတာလား…”
မိုဝူရွှယ် က ပျင်းရိပျင်းတွဲလေသံဖြင့် ပြောသည်။
“သိုင်းပညာသာ တကယ်ထူးချွန်ရင် ပိုက်ဆံက သူ့အလိုလိုရနိုင်တာပဲ… ဘာများ အံ့ဩစရာ ရှိနေလို့လဲ…”
စွန်းယန်ဝမ် သည် ဤကမ္ဘာမှ သိုင်းလောကသားများမှာ သူ ယခင်ဘဝက ဖတ်ခဲ့ဖူးသော ဝတ္ထုများ အတွင်းမှ သိုင်းသမားများနှင့် လုံးဝကွဲပြားခြားနားနေသည်ဟု ခံစားလိုက်ရသည်။ သူသည် တခြားအရာများကို ထပ်မံမေးမြန်းခြင်း မပြုတော့ဘဲ ခေါင်းကိုငုံ့ကာ ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူများကို တစ်ရွက်ချင်း သေချာစွာ စစ်ဆေးရေတွက်လိုက်၏။ စုစုပေါင်း ငါးရာရှစ်ဆယ့် ခြောက်ရွက်ရှိပြီး ငွေစက္ကူ တစ်ရွက်ချင်းစီ၏ တန်ဖိုးမှာ ကြေးဒင်္ဂါးအပြား နှစ်သောင်းနှင့် တန်ဖိုးချင်းညီသည်။ စုစုပေါင်း ကြေးဒင်္ဂါး ဆယ့်တစ်သန်းကျော်ကို ပိုင်ဆိုင်သွားခြင်း ဖြစ်သည်။ ဤပမာဏသည် ယခင်ကမ္ဘာမှ စကားတစ်ခုနှင့် ပြောရမည်ဆိုလျှင် နေ့ချင်းညချင်း သူဌေးဖြစ်သွားခြင်းပင် မဟုတ်ပါလား။ တာလန်နိုင်ငံ၏ ကြေးဒင်္ဂါးတစ်ပြား၏ တန်ဖိုးသည် ယခင်ကမ္ဘာ၌ဆိုပါက ငါးရာမှ ခြောက်ရာအထိ ကာလပေါက်ဈေး ရှိနေသည်။ ယခင်ကမ္ဘာရှိ စည်းစိမ်ဥစ္စာတန်ဖိုးနှင့် တွက်ချက်ကြည့်မည်ဆိုပါက ဤငွေပမာဏမှာ အလွန်များပြားသော ချမ်းသာကြွယ်ဝမှုကြီး ဖြစ်နေ၏။ ရုတ်တရက် ဤမျှ များပြားသော ငွေများကို ရရှိလိုက်သောကြောင့် စွန်းယန်ဝမ် သည် အခြား ပိုက်ဆံအိတ်များကိုပင် စိတ်ဝင်စားခြင်း မရှိတော့ပေ။ သူသည် ထိုပိုက်ဆံအိတ် အားလုံးကို သွန်ချလိုက်ပြီး အများစုမှာ အကြွေစ ငွေတုံးများနှင့် ကြေးဒင်္ဂါးများသာ ဖြစ်သည်။ ပိုက်ဆံအိတ်တစ်ခု အတွင်း၌သာ ငွေတုံးငါးတုံးနှင့် ငွေစက္ကူ ဆယ်ရွက်ကျော် ပါလာသည်ကို တွေ့ရသည်။ စွန်းယန်ဝမ် သည် ငွေစက္ကူနှင့် ငွေတုံးများ အားလုံးကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ငွေအိတ်ငါးအိတ်လုံးကို လွှင့်ပစ်လိုက်၏။ သူ့၏ ရင်သည် စည်တီးသကဲ့သို့ တဒိန်းဒိန်း တုန်ခါနေပြီး စိတ်ထဲတွင် တိတ်တဆိတ် စဉ်းစားနေမိသည်။
“ဒီကမ္ဘာကို ရောက်ပြီး သိပ်မကြာခင်မှာပဲ ဒီလောက်ကောင်းတဲ့ အခွင့်အရေးမျိုး ရလာလိမ့်မယ်လို့ တကယ် ထင်မထားမိဘူး… အခုကျတော့လည်း ဒီဘဝအတွက်က ဘာမှ စိုးရိမ်စရာ မလိုတော့ပါလား…”
သူ့၏ စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း တည်ငြိမ်လာပြီးနောက် ရုတ်တရက် စွန်းယန်ဝမ် ၏ ဗိုက်ထဲမှ ပြင်းထန်သော ဆာလောင်မှုကို ခံစားလိုက်ရသည်။ သူသည် ယနေ့မနက်ပိုင်းတွင် ဆရာဖြစ်သူကို ရှာဖွေချင်ဇောဖြင့် မည်သည့်အရာကိုမျှ စားသောက်မလာခဲ့မိပေ။ ထို့အပြင် မိုဝူရွှယ် ၏ သတ်ဖြတ်မှုများကို ကြုံတွေ့ခဲ့ပြီးနောက် ဆရာဖြစ်သူနှင့်အတူ ထိုမြို့မှ ခွေးပြေးဝက်ပြေး ပြေးလာခဲ့ရသောကြောင့် လမ်းတစ်လျှောက် မည်သည့် အရာကိုမျှလည်း ဝင်မစားနိုင်ခဲ့ပေ။ ယခုအခါ သူတို့သည် လူဆိုသည်ကို အသာထားဦး ခွေးတစ်ကြောင်တစ်မြီးပင် မမြင်ရသော နေရာကို ရောက်ရှိနေပြီ ဖြစ်သောကြောင့် စားစရာက မျှော်လင့်ချက် မရှိတော့ပေ။ သူ့ဗိုက်ထဲမှ ထွက်လာသော တဂွီဂွီ တဂွမ်ဂွမ် အသံများကြောင့် စွန်းယန်ဝမ် ရှက်ရွံ့မိနေစဥ် ပေါင်မုန့်တစ်ချပ် သူ့ဆီကို ပြေးဝင်လာ၏။ သူ ပေါင်မုန့်ကို “ဆတ်”ခနဲ ဖမ်းယူလိုက်ပြီး အားရဝမ်းသာစွာ အော်ဟစ် လိုက်မိသည်။
“ဆရာက စားစရာတွေတောင် သယ်လာတယ်ပေါ့ ဟုတ်လား…”
ဤပေါင်မုန့်မှာ မိုဝူရွှယ် သူ့ထံသို့ ပစ်ပေးလိုက်ခြင်း ဖြစ်သည်။ မိုဝူရွှယ် က သဘောကျစွာ ရယ်လိုက်ပြီး ပြောပြ၏။
“မင်းမှတ်ထားရမှာက မင်းဆီမှာ ပိုက်ဆံဘယ်လောက်ပဲ ချမ်းသာနေနေ တောထဲရောက်လာပြီ ဆိုရင်တော့ ငတ်မှာပဲ… ငါ မင်းကို သင်ခန်းစာတစ်ခု ပြောပြမယ်… နောင်တစ်ချိန် သိုင်းလောကထဲမှာ မင်းလှည့်လည် သွားလာတဲ့အခါကျရင် မင်းခန္ဓာကိုယ်ပေါ်မှာ အလွယ်တကူ စားလို့ရတဲ့ ရိက္ခာခြောက် အနည်းငယ်ကို အမြဲတမ်း ဆောင်ထားပါ…”
စွန်းယန်ဝမ် သည် ပေါင်မုန့်ကို ပလုတ်ပလောင်း စားနေရင်း လိမ္မာပါးနပ်စွာ သင်ယူနိုင်သည့် ဟန်မျိုးဖြင့် ခေါင်းညိတ်ပြပြီး ခဏအကြာတွင် ပြန်ဖြေလိုက်၏။
“ဆရာပြောတာကို သေချာမှတ်ထားပါမယ်… တပည့် တော်တော် နားလည်သွားပါပြီ…”
ပေါင်မုန့်စားပြီးနောက် စွန်းယန်ဝမ် သည် ထိုင်နေရာမှ ဖုတ်ဖတ်ခါ ထရပ်လိုက်ပြီး သူ့ကို သင်ပေးထားသည့် သိုင်းပညာအား အထပ်ထပ်အခါခါ ပြန်လှန် လေ့ကျင့်နေ၏။ ရောမရောက်လျှင် ရောမလို ကျင့်ရမည်ဆိုသည့် စကားက အလကားသက်သက် လျှောက်ပြောထားခြင်း မဟုတ်ပေ။ ဤကမ္ဘာတွင် သိုင်းပညာသည် ရှင်သန်ရပ်တည်မှု၏ အဓိက အားကိုးမှီခိုရာ ထောက်တိုင်ဖြစ်နေသည့် အပြင် သူကိုယ်တိုင်ကလည်း သိုင်းပညာသင်ယူရန် ရှားရှားပါးပါး အခွင့်အရေးနှင့် လာကြုံတွေ့ရခြင်းကြောင့် (အခွင့်သာခိုက် လင်နောက်လိုက်ရပေမည်) အချိန်ကို အလဟဿ ဖြုန်းတီးပစ်၍ မရပေ။ မိုဝူရွှယ် သည် သူ့၏ ဤမျှကြိုးစားပမ်းစား သင်ယူချင်စိတ် ပြင်းပြမှုကို မြင်သောအခါ တပည့်ဖြစ်သူအပေါ် ပို၍ အထင်ကြီးလေးစား သွားမိပြီး စိတ်ထဲတွင်လည်း တွေးနေမိသည်။
“ငါ့ဆီက သိုင်းပညာတွေက မိသားစုရဲ့ အမွေအနှစ် သိုင်းပညာတွေ ဖြစ်နေတဲ့အတွက် တကယ်တမ်း သူ့ကို တပည့်အဖြစ် ဘယ်လိုမှ အသိအမှတ်ပြုပေးလို့ မရဘူး… ဒါက အမည်ခံ တပည့်အနေလောက်ပဲ ဖြစ်လိမ့်မယ်… ဒီကောင်လေးကို ငါ့အနားမှာ အကြာကြီးခေါ်ထားပြီး သိုင်းလောကထဲ လျှောက်သွားမယ် ဆိုရင်လည်း ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး…”
ယခင်က သူသည် ဟူမိသားစု၏ အခြေခံကျင့်စဉ်များနှင့် နတ်ဆိုးသတ်ဓားသိုင်းကို သင်ပေးပြီးသည့်အခါ စွန်းယန်ဝမ် နှင့် လမ်းခွဲရန် စဉ်းစားထားခဲ့သည်။ သို့သော် သေချာပြန်လည် စဉ်းစားကြည့်သောအခါ စွန်းယန်ဝမ် သည် သူ့၏ အသက်သခင် ကျေးဇူးရှင်ဟုလည်း ဆိုနိုင်သည်။ ထို့အပြင် ဉာဏ်ရည်ဉာဏ်သွေး လွန်စွာမြင့်မားပြီး ကြိုးစားအားထုတ်မှုလည်း ရှိသည်။ အကယ်၍ သူ့အား ကောင်းမွန်သော အခွင့်အရေး တစ်ခုခု ပေးလိုက်မည် ဆိုလျှင် မည်ကဲ့သို့ ဖြစ်သွားနိုင်မည်နည်း။ ထိုကောင်လေး၏ သူ့အား ရိုသေလေးစားစွာ ဆရာဟု ခေါ်နေခြင်းကိုလည်း မည်သို့မျှ အလဟဿ မဖြစ်စေချင်ပေ။
“ငါကြားထားတာ တစ်ခုက ဆောင်ယန်ဂိုဏ်းက ကျန်းယွမ်ချောင် ဟာ ဂိုဏ်းချုပ်ဆရာတော်နဲ့ သဘောထားချင်း မတိုက်ဆိုင်တာတွေ များလာတဲ့အတွက် ဆောင်ယန်ဂိုဏ်း ဘိုးဘေးကြီးရဲ့ ပုံတူရှေ့မှာ အမွှေးတိုင်ထွန်း ကတိသစ္စာပြုခဲ့တယ်လို့ ပြောသံကြားတယ်… သူက ဂိုဏ်းကနေခွဲထွက်ပြီး သီးခြားဂိုဏ်းခွဲတစ်ခုကို တည်ထောင်ဖို့ ကြိုးစားနေပုံပဲ… သူကလည်း မျိုးဆက်တစ်ဆက်ရဲ့ ထိပ်သီးပါရမီရှင်လို့ သတ်မှတ်နိုင်သူပဲ… အခုအချိန်မှာ သူက တပည့်ကောင်းကောင်း တစ်ယောက် အသေအချာ လိုအပ်နေလိမ့်မယ်… ငါသာ ယန်ဝမ် ကို သူ့ဆီပို့ပေးလိုက်ရင် သူတို့နှစ်ယောက်စလုံးအတွက် အဆင်ပြေသွားနိုင်လောက်တယ်…”
ထိုနေ့ညတွင် ဆရာတပည့် နှစ်ယောက်စလုံး အတွေးများ ကိုယ်စီဖြင့် ရှိနေကြသည်။ မိုဝူရွှယ် သည် ဆရာတပည့် ရေစက်မကုန်ဆုံး ချင်သောကြောင့် တပည့်ဖြစ်သူအတွက် ကောင်းမွန်သော နေရာတစ်ခု ရှာပုံတော်ဖွင့်ကာ စဉ်းစားခန်း ဝင်နေ၏။ စွန်းယန်ဝမ် အတွက်ကတော့ ရုတ်တရက် ကြွယ်ဝချမ်းသာ လာခြင်းကြောင့် အလွန်စိတ်လှုပ်ရှားနေသလို တစ်ချိန်တည်းတွင် သူဌေးပူမိသည့် ရောဂါကလည်း စွဲကပ်ဝင်ရောက်လာသည်။ သူသည် သူ့ငွေများအပေါ် အလွန်စိုးရိမ်ပူပန်နေပြီး တစ်ညလုံး ဟိုလူး သည်လှိမ့်ဖြင့် မည်သို့မျှ အိပ်မပျော်နိုင်အောင် ဖြစ်နေခဲ့၏။ တစ်ညလုံးကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ပြီးနောက် မိုးလင်းကာစ အခြေအနေသို့ ရောက်ရှိလာချိန်တွင် စွန်းယန်ဝမ် ချက်ခြင်းပင် ထလာသည်။ သို့သော် ဤကဲ့သို့ ဝေးလံခေါင်သီသော ဒေသမျိုးရှိ ပျက်စီးယိုယွင်းနေသည့် ဘုရားကျောင်းအတွင်း မည်သည့် ရေသန့် နှင့် မျက်နှာသုတ်ပုဝါများ ရနိုင်ပါမည်နည်း။ မနက်စာ ပြင်ဆင်ပေးရန် ဆိုသည်က ပို၍ပင် ဝေးသွားချေပြီ။ သူ့၏ ရိုသေလေးစားတတ်သည့် စိတ်ရင်းမှန်ကို ပြသလိုသော်လည်း အခြေအနေက မပေးသောကြောင့် ဆရာဖြစ်သူအတွက် မြက်ခြောက်စည်း တစ်စည်းသာ စုစည်းပေးခဲ့ပြီး မီးလှုံခိုင်းလိုက်၏။ မိုဝူရွှယ် သည် နိုးလာသည်နှင့် မီးပုံဘေးတွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ထားသည်။ နာရီဝက်ခန့်ကြာအောင် ကျင့်ကြံပြီးနောက် စွန်းယန်ဝမ် အား အထုပ်ကို ယူစေပြီး အရပ်မျက်နှာ ခွဲခြမ်းသတ်မှတ်ကာ တောင်ဘက်အရပ်သို့ ဆက်လက် ထွက်ခွာလာခဲ့ကြသည်။ မွန်းတည့်ချိန် ရောက်လာသောအခါ စွန်းယန်ဝမ် မှာ လွန်စွာ မောပန်းနွယ်နယ်နေပြီး ခြေလက်များကိုပင် မသယ်ချင်အောင် ဖြစ်လာသည်။ သူသည် အနည်းငယ် အလှမ်းကွာနေသေးသော နေရာတစ်ခုတွင် မြို့ငယ်လေးတစ်ခုကို မြင်လိုက်ရသောအခါ အလွန် အားတက်သွားပြီး ဆရာဖြစ်သူနှင့်အတူ ချက်ခြင်းပင် မြို့ဆီကို လျှောက်သွား၏။ မိုဝူရွှယ် ကိုယ်တိုင်မှာလည်း အနည်းငယ် ဆာလောင်နေပြီ ဖြစ်သောကြောင့် ဆိုင်တစ်ခုအတွင်း အရင်ဆုံး ဝင်ထိုင်ကာ ခေါက်ဆွဲကြော်နှစ်ပွဲ အလျင်အမြန် မှာလိုက်သည်။ ဆရာတပည့် နှစ်ဦးစလုံး ဗိုက်ကားအောင် စားသောက်ပြီးနောက် တည်းခိုရန် နေရာတစ်ခု ရှာဖွေကာ စတည်းချလိုက်ကြ၏။ မိုဝူရွှယ် ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ အရှင်းအလင်း ပျောက်ကင်းရန် အချိန်အနည်းငယ် လိုအပ်ဦးမည် ဖြစ်သောကြောင့် သူသည် တည်းခိုသည့် နေရာသို့ ရောက်သည်နှင့် အပြင်သို့ အနည်းငယ်ပင် ထွက်ခြင်းမရှိတော့ဘဲ တံခါးပိတ်ကာ ကုသကျင့်ကြံနေခဲ့သည်။ ထိုအချိန်များအတွင်း စွန်းယန်ဝမ် သည် အားလပ်နေသောကြောင့် မြို့တွင်းသို့ လျှောက်သွားကာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နှင့် လိုအပ်သည့် ပစ္စည်းများ လိုက်လံ စုဆောင်းနေ၏။ သူသည် သယ်ဆောင်ရ လွယ်ကူသော စားသောက်ဖွယ်ရာများ၊ အုပ်ချုပ်ထောက်ပံ့မှု ပစ္စည်းများနှင့် ပိတ်စအနည်းငယ်ကို ဝယ်ယူလာခဲ့သည်။ သူ ဤကမ္ဘာသို့ ပြန်လည်ဝင်စားမလာမီက ကမ္ဘာလှည့် ခရီးသည်များကဲ့သို့ ခရီးဆောင်အိတ် ကိုယ်စီဖြင့် ခရီးသွားဖူးခြင်းမျိုး မရှိသော်လည်း ခရီးတိုများ မကြာခဏ သွားလာဖူးခြင်းကြောင့် အပြင်တွင် မည်ကဲ့သို့ နေထိုင်သွားလာရမည် ဆိုသော အတွေ့အကြုံက သူ့တွင် မခေါင်းပါးပေ။ တည်းခိုသည့် နေရာသို့ ပြန်ရောက်လာသောအခါ ဝယ်ယူလာသော ပစ္စည်းများ အနက်မှ ပိတ်စများကို ဖြတ်တောက်လိုက်သည်။ အပ်ချုပ်ပညာတွင် ကျွမ်းကျင်မှု မရှိသော်လည်း ပရော်ဖက်ရှင်နယ် ချုပ်လုပ်သူများကဲ့သို့ ရောင်းစားရန် မဟုတ်သောကြောင့် ဖြစ်ကတတ်ဆန်း လက်ပြတ်အင်္ကျီ တစ်ထည်ချုပ်ရန်အတွက်က သူ့တွင် ကျွမ်းကျင်မှု မလိုအပ်ပေ။ စွန်းယန်ဝမ် သည် ထိုလက်ပြတ်အင်္ကျီ၏ ဒီဇိုင်းကို သူကိုယ်တိုင် ဖန်တီးထားပြီး အင်္ကျီ အတွင်းပိုင်း၌ အိပ်ကပ်ပေါင်း ဒါဇင်နှင့်ချီကာ ထည့်ထားသည်။ ထိုအိပ်ကပ်များအတွင်း သူပိုင်ဆိုင်သော ငွေစက္ကူ အားလုံးကို ထည့်လိုက်ပြီးနောက် အပေါ်မှ ဝတ်ရုံကို ပြန်ဝတ်လိုက်၏။ ထို့နောက် ခရီးသွားလျှင် သယ်ယူမည့် အထုပ်ထဲသို့ ပေါ့ပါးသည့် ဝတ်ရုံနှစ်ထည်ကို ထည့်လိုက်သည်။ ထိုအခါ အရာအားလုံးသည် အထူးအဆန်း မဟုတ်တော့ဘဲ ပုံမှန်အတိုင်း ဖြစ်သွားသောကြောင့် သူခိုးသူဝှက် ရန်ကိုလည်း ကြောက်နေစရာ မလိုအပ်တော့ပေ။ ယင်းက သွားရေးလာရေး ပြုလုပ်သည့် အခါမျိုးတွင် အလွန်တရာ စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်သည်။ သူသည် လက်ထဲတွင် ပိုက်ဆံများစွာရှိနေပြီး သိုင်းပညာ အနည်းအကျဉ်းကိုလည်း တတ်မြောက်ထားသောကြောင့် ဤကမ္ဘာသို့ စတင် ရောက်လာကာစ အချိန်နှင့်နှိုင်းယှဉ်လျှင် အခြေအနေက အဆပေါင်း ထောင်နှင့်ချီ ကွာခြားသွားပြီ ဖြစ်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာကို ရောက်လာတဲ့အချိန်မှာ ငါ့အနေနဲ့ အစပြုမှုက တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရတယ်… ရတဲ့အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားနိုင်မှ တော်ကာကျမယ်…”
သူက တိတ်တဆိတ် တွေးလိုက်မိသည်။ ထို့အပြင် သူ့ဆရာ၏ အမြဲလိုလို အလျင်လိုနေသည့် ပုံစံကို ထောက်ချင့်ရလျှင် သူ့တွင် အရေးတကြီး လုပ်စရာ ကိစ္စပေါင်းများစွာ ရှိနေသေးကြောင်း သိနိုင်ပြီး ယင်းက သူ့အား သူ့ဘေးတွင် နှစ်ရှည်လများ ခေါ်ဆောင်ထားနိုင်မည် မဟုတ်ကြောင်းကိုလည်း တစ်နည်းတစ်ဖုံ ပြောဆိုနေသည်။ သူတို့ ဆရာတပည့်သည် ထိုမြို့တွင် ရက်အနည်းငယ်ကြာ နေထိုင်ပြီးနောက် အလျင်အမြန်ပင် ထွက်ခွာသွားခဲ့သည်။ မိုဝူရွှယ် သည် နေရာတစ်ခုတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းမျိုး မရှိပေ။ သူသည် ရောက်သည့်ရွာ၊ မြို့ငယ်၊ မြို့ကြီး မည်သည့် နေရာဖြစ်စေ ခရီးသွားတစ်ဦးကဲ့သို့ ခေတ္တခဏမျှသာ တည်းခိုနေထိုင်သည်။ ရံဖန်ရံခါတွင် သူ့ သူငယ်ချင်းများထံ သွားမည်ဟု ပြောဆိုကာ ထွက်ခွာသွားတတ်ပြီး သူ့ကို မည်သည့်အခါမျှ ခေါ်ဆောင်သွားလေ့ မရှိပေ။ မိုဝူရွှယ် သည် လမ်းခရီးတစ်လျှောက်တွင် ချီစွမ်းအင်ဖြင့် ဒဏ်ရာကုသခြင်း၊ သူ့အား သိုင်းပညာ သင်ကြားပေးခြင်းမှလွဲလျှင် အခြားမည်သည့် အရာကိုမျှ လုပ်ဆောင်ခြင်း မရှိပေ။ သူသည် တပည့်ဖြစ်သူကို ဟူမိသားစု၏ မူလစွမ်းအင် အခြေခံတည်ဆောက်ခြင်း သုံးဆယ့်ခြောက်မျိုးကို သင်ပြပေးခဲ့သလို နတ်ဆိုးသတ်ဓားသိုင်း ခုနှစ်ဆယ့် နှစ်ကွက်ကိုလည်း တစ်ခုမကျန် သင်ကြားပေးခဲ့သည်။ ဟူမိသားစု၏ နတ်ဆိုးသတ်ဓားသိုင်းတွင် အပြောင်းအလဲ များစွာရှိပြီး ဓားကွက်တိုင်းကလည်း အလွန်ထက်မြက်သည်။ ဓားကွက်များ အားလုံးကို စုစည်းလိုက်မည်ဆိုပါက လေပြင်းမုန်တိုင်း သက်ဆင်းလာသကဲ့သို့ လွန်စွာ စွမ်းအားကြီးမားသည်။ မိုဝူရွှယ် ကဲ့သို့သော ဆရာတစ်ဦး၏ သွန်သင်ညွှန်ပြမှုဖြင့်ပင် စွန်းယန်ဝမ် သည် ဓားသိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန် အချိန်နှစ်လကျော်ခန့် သင်ယူခဲ့ရသည်။ သူသည် ထိုကဲ့သို့ နေ့ရက်များကို တဖြည်းဖြည်း ကျင့်သားရလာခဲ့ပြီးနောက် ဆရာဖြစ်သူနှင့်အတူ သိုင်းလောကအတွင်းကို စတင်လှည့်လည်ခဲ့၏။ တစ်ခါတရံ လွန်စွာကြီးမားသော မြို့ကြီးများကို ရောက်သည့်အခါ ဤလောက၏ ယဉ်ကျေးမှု၊ ရေခံမြေခံ အနေအထား၊ ဓလေ့ထုံးတမ်း၊ လူများ၏စရိုက်၊ နာမည်ကျော်သူများ အကြောင်း တို့ကို ပိုမိုသိရှိနိုင်ရန် သမိုင်းစာအုပ် အချို့ကို ရှာဖွေ ဖတ်ရှုခဲ့သည်။ ဤသို့ဖြင့် တစ်နေ့တွင် သူတစ်ယောက်တည်း မူလစွမ်းအင်ကို ကျင့်ကြံနေစဉ် ချီစွမ်းအားသည် လုံလောက်စွာ စုစည်းနိုင်သည့် အဆင့်ကို ရောက်သွားသောကြောင့် သူ့ခြေထောက်၏ သွေးကြောတစ်ခု အတွင်းသို့ စွမ်းအင်များ ထိုးဖောက် ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ သူသည် လမ်းလျှောက်သောအခါ ယခင်ကထက် ပိုမိုသွက်လက်လာခဲ့ပြီး ခုန်ကြည့်လိုက်သောအခါ ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပါးနေသည်ကို တွေ့လိုက်ရသည်။ သူသည် ဆရာဖြစ်သူ၏ လမ်းညွှန်ပြသမှု မရှိသည့် အခိုက်တွင် မိမိကိုယ်တိုင် ထိုးထွင်းသိမြင်နိုင်ခဲ့ပြီး ကိုယ်ဖော့ပညာ၏ ခုန်ပျံနိုင်သော စွမ်းရည်တချို့ကို စတင် နားလည်လာခဲ့သည်။ ထိုစွမ်းရည်နှင့် ပေါင်းစပ်ပြီး နတ်ဆိုးသတ် ဓားသိုင်းကို လေ့ကျင့်ကြည့်သောအခါ ဓားကွက်များ၏ ရုတ်တရက် အပြောင်းအလဲသည် မရေမတွက်နိုင်အောင် များပြားလာခဲ့ပြီး စွမ်းအားမှာလည်း ရှစ်ဆယ်ရာခိုင်နှုန်း အထိ တိုးလာသည်။ စွန်းယန်ဝမ် သည် ဓားကွက်များ အားလုံးကို ထုတ်ဖော်လိုက်သောအခါ ဓားကွက်များသည် တစ်ခုနှင့် တစ်ခုကြားတွင် ဆက်စပ်မှုများ ရှိနေပြီး မည်သည့် ချို့ယွင်းချက်မျှ မရှိသလို ဖြစ်သွား၏။ ထိုအပြောင်းအလဲသည် သူ့အား အလွန်အမင်း စိတ်ကျေနပ်စေပြီး ပျော်ရွှင်လွန်းသောကြောင့် ထကချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့သည်။ စွန်းယန်ဝမ် ၏ သိုင်းပညာသည် အကြီးအကျယ် တိုးတက်လာသော်လည်း ဤမျှလောက်သော စွမ်းရည်သည် သိုင်းလောကအတွင်း၌ ဆိုပါက သာမန် အဆင့်ငါး၊ အဆင့်ခြောက် အောက်ခြေ အဆင့်လောက်သာ ရှိသောကြောင့် မည်သည့် မောက်မာမှုကိုမျှ မပြဝံ့ပေ။ သူသည် ဓားကို ဓားအိမ်ထဲသို့ “ရွှပ်”ခနဲ ပြန်ထည့်လိုက်၏။
“သိုင်းသမား တစ်ယောက်ယောက်ကို ရှာပြီး လက်ရည်စမ်းကြည့်နိုင်မယ်ဆိုရင် ငါ့သိုင်းပညာက ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာ သိနိုင်ဖို့က အခက်အခဲ မဟုတ်ဘူး… ဒါပေမဲ့ ဒါကလည်း မဖြစ်နိုင်ပါဘူးလေ… ငါနိုင်သွားရင် အဆင်ပြေတယ် ဆိုပေမယ့် ငါရှုံးသွားရင်တော့ ငါ့အသက်ပါ ဆုံးရှုံးသွားနိုင်တယ်… ဝှူး… နှမျောစရာ ကောင်းလိုက်တာ…”
သူ စိတ်ပျက်စွာ ညည်းတွားလိုက်မိ၏။