“ဖုန်း ဘိုးဘေး၏ စွမ်းအား”
Vol. 1 Ch. 8
ကျန်းယွမ်ချောင် သည် ပန်းကန်ခွက်ယောက်များကို စီချနေ၏။ တပည့်များ ရောက်လာသည်ကို မြင်သောအခါ ထိုသက်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီးက ရယ်ရယ်မောမောနှင့် ပြောဆိုလိုက်သည်။
“ငါတို့ ကျောင်းတော်မှာတော့ ဘာအဆီအသားမှ မရှိဘူး ယန်ဝမ်… ဒါလေးတွေနဲ့ပဲ အားရှိအောင် စားလိုက်ပါ…”
စွန်းယန်ဝမ် က အလျင်အမြန် ပြန်ပြောလိုက်၏။
“ဆရာ… ကျွန်တော်က ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာခဲ့တာပါ… စားစရာရှိတာကို စားရတာက အကောင်းဆုံးပါပဲ… ကျွန်တော် ဘယ်တုန်းကမှ ရွေးချယ်မှုတွေ မလုပ်တတ်ပါဘူး…”
ကျန်းယွမ်ချောင် က သဘောကျစွာ ပြုံးလိုက်ပြီး မည်သည့်စကားမျှ ထပ်မံပြောဆိုခြင်း မရှိတော့ပေ။ ဆရာတပည့် သုံးဦး၏ ညစာက အလွန်တရာ ရိုးစင်းလွန်းပြီး ဂျုံစေ့ဖြင့် ပြုလုပ်ထားသော ပေါင်မုန့် တစ်အိုး၊ အမျိုးမျိုးသော အသီးအရွက်များကို အချဉ်ဖောက်ထားသည့် အိုးတစ်အိုးနှင့် အသီးအရွက် ဟင်းရည်ပူပူ တစ်ခွက်သာဖြစ်သည်။ စွန်းယန်ဝမ် ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ အချိန်အနည်းငယ် ကြာပြီဖြစ်သောကြောင့် ဤလောက၏ ကြမ်းတမ်းမှု ပေါင်းစုံကို ဒဏ်ခံနိုင်လာခဲ့ပြီဟု ဆိုနိုင်သည်။ သူသည် အစားအသောက်ကို အနည်းငယ်မျှ မရွေးချယ်တော့ဘဲ အချဉ်တည်ထားသော အရွက်များနှင့် ပေါင်မုန့်တစ်လုံးကို အားပါးတရ စားလိုက်ပြီး ဟင်းချိုကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။ ကျန်းယွမ်ချောင် သည် သူ့၏ အကြီးဆုံးတပည့်ထံမှ စွန်းယန်ဝမ် ၏ အကြောင်းအရာတချို့ကို သိထားပြီး ဖြစ်သော်လည်း ယင်းက သာမန်အကြောင်းအရာ များသာ ဖြစ်သည်။ မိုဝူရွှယ် မှာလည်း အလကားတစ်ပိုင်း ရလာခဲ့သော ဤတပည့်အပေါ် များစွာ နားလည်မှု မရှိသေးခြင်းကြောင့် ကျန်းချန်းရှီ ကို ပြောပြစရာ များများစားစား မရှိခဲ့ပေ။ ထို့ကြောင့် ကျန်းယွမ်ချောင် အနေဖြင့် စွန်းယန်ဝမ် ကို မေးမြန်းရန် အလွန် မအောင့်နိုင်ဘဲ ဖြစ်လာသည်။ စွန်းယန်ဝမ် သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း မရှိဘဲ မေးသမျှ မေးခွန်းတိုင်းကို အမှန်အတိုင်း ဖြေပေးခဲ့၏။ သို့သော် သူသည် ထက်မြက်သူ တစ်ဦးဖြစ်သောကြောင့် မိသားစုများ၏ အခန်းကဏ္ဍသို့ ရောက်သောအခါ မိသားစုဝင်များက သူ့အား ဆိုင်အကူလုပ်ရန် အတင်းအဓမ္မ စေခိုင်းခဲ့ကြောင်း သာသာနှင့်နာနာ ပြောဆိုခဲ့ပြီး ၎င်းတို့၏ ရက်စက်မှုကို ပို၍ပြင်းထန်ပစ်လိုက်သည်။ ထို့အပြင် အလကား ထွက်၍ရသော မျက်ရည်များကိုပင် အတင်းညှစ်ချကာ တအိအိ ငိုပြလိုက်သေး၏။ ကျန်းယွမ်ချောင် သည် အလွန်စိတ်မကောင်း ဖြစ်သွားပြီး သက်ပြင်းတစ်ချက်ကို လေးကန်စွာ ချလိုက်ကာ နှစ်သိမ့်ပေးလိုက်သည်။
“ဆွေမျိုးတွေဆိုတာ ဒီအတိုင်းပါပဲ… ရွှေရှိမှ မျိုးတော်ချင်တဲ့ ရွှေမျိုးဆိုရင် ပိုပြီး မှန်လိမ့်မယ်… ဒါက ကြီးကျယ်တဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး… ဒီလို ဘဝရဲ့ ရိုက်ခတ်မှုတွေကို ခံစားရတာက လူတွေရဲ့ စိတ်နေသဘောထားကို ပိုပြီး မြင်နိုင်စေပြီး ဒါက မင်းအတွက် မကောင်းတဲ့ ကိစ္စလို့ ပြောလို့ မရဘူး… အခု မင်းက ငါ့တပည့် ဖြစ်သွားပြီဆိုတော့ ဒီကျောင်းတော်မှာပဲ အေးအေးဆေးဆေး နေပါ… ဆရာက မင်းရဲ့ အနာဂတ်လမ်းကြောင်းကို လုံးဝ ပစ်ပယ်ထားမှာ မဟုတ်ဘူး… မင်းက ဆရာ့ကို ဆရာအဖြစ် အသိအမှတ်ပြုထားပြီ ဆိုမှတော့ ဆရာ့အကြောင်းကိုလည်း သိထားသင့်တယ်… ဆရာက လူ့ဘဝတုန်းက ကျန်းမိသားစုက ဖြစ်ပြီးတော့ ဘုန်းတော်ကြီး ဖြစ်လာတဲ့အခါ ယွမ်ချောင် ဆိုတဲ့ ဘွဲ့ကို ရခဲ့တယ်… ဆရာက ဆောင်ယန်ဂိုဏ်းက ဖုန်းဘိုးဘေးကြီးရဲ့ လက်အောက်မှာ ပညာသင်ယူခဲ့ပြီး သူ့ရဲ့ ဒုတိယမြောက် တပည့်တစ်ဦးလည်း ဖြစ်ခဲ့တယ်… မင်းရဲ့ ဘိုးဘေးဆရာ သေဆုံးသွားတဲ့အချိန်မှာ ဆောင်ယန်ဂိုဏ်းချုပ်နဲ့ ဆရာ့ကြားမှာ ညှိနှိုင်းလို့မရတဲ့ ပြဿနာအချို့ ရှိခဲ့လို့ ဘိုးဘေးကြီးရဲ့ ပုံတူရှေ့မှာ အမွှေးတိုင်ထွန်း ကတိသစ္စာပြုပြီး ဆရာ့ရဲ့ တစ်ဦးတည်းသော တပည့်ဖြစ်တဲ့ မင်းရဲ့ ဆရာတူအစ်ကိုကြီး ကျန်းချင်းရှီ ကို ခေါ်ပြီး ဂိုဏ်းကနေ ထွက်လာခဲ့တာပဲ… ဆရာရဲ့ ရည်ရွယ်ချက်ကတော့ ဂိုဏ်းခွဲ ခွဲထွက်ပြီး သီးခြားဂိုဏ်းတစ်ခု တည်ထောင်ဖို့ပဲ… ဒီကျောင်းတော်ရဲ့ နာမည်က တိုင်ရီကျောင်းတော်လို့ ခေါ်တယ်… ကျောင်းတော်ဧရိယာက ဧကတော်တော်များများ ကျယ်ဝန်းပြီး ဟိုးအရင်တုန်းကတော့ ဒီနေရာကြီး တစ်ခုလုံးက သိပ်ကို စည်းကားထင်ရှားခဲ့တဲ့ နေရာတစ်ခု ဖြစ်ခဲ့တာပေါ့… ဒါပေမဲ့ နောက်ပိုင်းမှာ စစ်မက်တွေ တဖြည်းဖြည်း ဖြစ်ပွားလာခဲ့ပြီး နောက်ဆုံးမှာ အကုန်လုံး ပျက်စီးသွားခဲ့တာပဲ… အခုချိန်အထိ ဘယ်သူကမှ ဒီနေရာကို စိတ်ဝင်စားခြင်း မရှိတော့ဘူး… လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဆင်းရဲသား ဘုန်းတော်ကြီးဖြစ်တဲ့ ငါနဲ့ မင်းအစ်ကိုတို့ဟာ မူလကျောင်းတော်ကနေ ထွက်လာခဲ့ပြီး လောကကြီးထဲကို လှည့်လည်ရင်း ဒီနေရာကို ရောက်လာခဲ့တယ်… ဒီနေရာမှာ ကျောင်းတော် အပျက်တစ်ခုကို တွေ့တော့ နတ်မင်းကြီးတွေကို စော်ကားရာ ရောက်မှာစိုးတဲ့အတွက် ဒီနေရာမှာပဲ မှီတင်းနေထိုင်လိုက်ကြတယ်… ဒီကျောင်းတော်ရဲ့ မူလနာမည်ကို အစွဲပြုပြီး တိုင်ရီဂိုဏ်းကို တည်ထောင်ခဲ့တာပဲ… အခုအချိန်အထိတော့ ငါတို့ တိုင်ရီဂိုဏ်းမှာ ငါ ဘုန်းတော်ကြီးအို တစ်ပါးရယ်… မင်းတို့ ကလေးနှစ်ယောက်ရယ်… ဒါပဲရှိသေးတယ်… ပြောရမယ်ဆိုရင် ဂိုဏ်းပေါက်စလေး တစ်ခုပေါ့… ဟား… ဟား… ဟား…”
ထိုနေရာသို့ အရောက်တွင် ကျန်းယွမ်ချောင် ကိုယ်တိုင်မှာလည်း သူ့စကားသူ သဘောကျစွာ တဟားဟား အော်ဟစ် ရယ်မောလိုက်သည်။ သူသည်လည်း တခြားသူများကဲ့သို့ လူအင်အားများစွာဖြင့် ဂိုဏ်းတစ်ခုကို စတင်ချင်ခဲ့သော်လည်း အပြောလွယ်သလောက် အလုပ်ခက်သည်။ သူသည် လက်ရှိခေတ်၏ ထိပ်သီး သိုင်းအကျော်အမော် တစ်ဦးဖြစ်သော်လည်း အခက်အခဲ များစွာ ရှိနေသည်။ တပည့်လက်ခံခြင်း ဆိုသော ကိစ္စတစ်ခုကသည်ပင် ကျန်းယွမ်ချောင် ကို အကြီးအကျယ် ခေါင်းများကိုက်သွားစေသည်။ အကယ်၍ သူသာ တပည့်လက်ခံသည် ဆိုသည့် ကြေညာချက် တစ်ခု ဖြန့်ဝေလိုက်မည်ဆိုပါက ဤလောကမှ နောက်ပိုင်းမျိုးဆက် မည်မျှလောက် သူ့ဆီကို ရောက်လာပြီး တပည့်ခံကြမည် ဆိုသည်ကို မသိနိုင်ပေ။ သို့သော် ဤလူများထဲတွင် ဆွမ်းဆန်ထဲတွင် ကြွက်ချေးများ ရောသလို ရောပါလာမည့် သူများမှာလည်း မည်မျှရှိနေမည် ဆိုသည်ကို မည်သူမျှ မသိပေ။ ထိုသူများကြောင့် သူ့ဂိုဏ်း၏ ဂုဏ်သတင်းမှာ ရစရာမရှိအောင် စုတ်ပြတ်သတ် သွားမည်ကို အလွန်စိုးရိမ်မိသည်။ ထိုကြောင့် ကျန်းယွမ်ချောင် သည် တပည့်အသစ် လက်ခံရာတွင် အလွန်စိစစ်ရွေးချယ် နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ မိုဝူရွှယ် ၏ ထောက်ခံချက်သာ မရှိပါက သူ့အနေဖြင့် စွန်းယန်ဝမ် ကို ဤမျှ လွယ်လင့်တကူ လက်ခံလိမ့်မည် မဟုတ်ပေ။ သို့သော် တပည့်အသစ် တစ်ယောက် ထပ်မံရလာသောကြောင့် ကျန်းယွမ်ချောင် အလွန်ပင် ပျော်ရွှင်မိသည်။ သူက တပည့်နှစ်ဦးကို အစားအသောက်များအား ကုန်စင်အောင် စားသောက်ရန် တိုက်တွန်းလိုက်ပြီး စွန်းယန်ဝမ် ကိုလည်း အလုပ်တာဝန်များ ခွဲဝေပေးလိုက်၏။
“မနက်ဖြန်ကစပြီး မင်းက မင်းရဲ့ အစ်ကိုနဲ့ အတူတူ နံနက်စောစောထပြီး ကျောင်းသန့်ရှင်းရေး လုပ်ရမယ်… ပြီးရင် ဆရာဟောပြော ပို့ချတဲ့ ကျမ်းစာတွေကို နားထောင်ရမယ်… ညနေပိုင်းကျရင် သီးခြားသင်ခန်းစာတွေလည်း ရှိတယ်… အချိန်ကို နည်းနည်းလေးမှ ဖြုန်းတီးပစ်လို့ မရဘူး…”
စွန်းယန်ဝမ် သည် ဆရာဖြစ်သူမှာကြားသော စကားများကို နာခံစွာ ခေါင်းညိတ်နေပြီး အလျင်အမြန် စားသောက်ကာ ကျန်းချင်းရှီ နှင့်အတူ ပန်းကန်များကို သိမ်းဆည်းလိုက်သည်။ သူ စားသောက်ဆိုင်တွင် လုပ်ကိုင်ခဲ့သည့် ရက်မှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း ဘဝ၏ ဖိအားများကြောင့် ထိုရက်များအတွင်း အခြားသူများထက် အဆပေါင်းများစွာ ပိုမို သင်ယူခဲ့သည်။ အလုပ်လုပ်ကိုင်သည့် နေရာတွင် လက်သွက်ခြေသွက် ရှိသလို အမြော်အမြင်နှင့် စည်းစနစ် ကျသူ ဖြစ်သောကြောင့် ဆရာနှင့် ဆရာတူအစ်ကို တို့မှာ ပျော်မဆုံး တပြုံးပြုံးများ ဖြစ်နေကြ၏။ ကျန်းချင်းရှီ သည် စွန်းယန်ဝမ် ကို သူနေထိုင်ရာ အခန်းသို့ ပြန်လည်ပို့ဆောင်ပေးပြီး မကြာမီတွင် စောင်တစ်ထည်၊ ခေါင်းအုံးတစ်လုံးနှင့် မြက်ခြောက်စည်း တစ်စည်းကို သယ်ယူလာပြီး အပြုံးနှင့် ပြောလိုက်သည်။
“တိုင်ရီကျောင်းတော်က မွမ်းမံပြင်ဆင်မှုတွေ မလုပ်ရသေးတော့ နည်းနည်း နေရထိုင်ရ ခက်ခဲလိမ့်မယ်… တောင်ပေါ်ကျောင်းရဲ့ ရိုးရှင်းတဲ့ နေထိုင်မှုပုံစံကို စွန်းညီလေး က သည်းခံပြီးတော့ နေနိုင်အောင် ကြိုးစားပါ…”
စွန်းယန်ဝမ် စိတ်ထဲတွင် အံ့အားသင့်စွာ တွေးလိုက်မိသည်။
“ဘုန်းတော်ကြီးတွေ ဘဝက ဆင်းရဲကြမ်းတမ်းတာက ပုံမှန်ဓမ္မတာပဲ မဟုတ်ဘူးလား… ဒါဆို ဆရာက ကျောင်းတော်မှာ အဆီတွေ အသားတွေ မရှိဘူးလို့ ဘာဖြစ်လို့ ပြောရတာလဲ… ဆရာတူ အစ်ကိုကလည်း တောင်ပေါ်ကျောင်းက ရိုးရှင်းတယ်ဆိုတာက ဘာကို ရည်ရွယ်ပြီး ပြောချင်တာလဲ… ဒါမှမဟုတ် သူတို့ ဆရာတပည့် နှစ်ယောက်လုံးက ဆင်းရဲကြမ်းတမ်းတဲ့ ဘဝမျိုးကို မဖြတ်သန်းခဲ့ရလို့လား… အဲဒါကြောင့် ငါ ရောက်လာတဲ့အခါ သူတို့ငါ့အပေါ်ကို ဧည့်ဝတ်မကျေသလို ခံစားနေရလို့များလား… အိုက်ယား… ငါ ဘာတွေ လျှောက်စဉ်းစားနေတာလဲ… အခုဆိုရင် ငါတို့အားလုံးက ဆရာတပည့်တွေ ဖြစ်နေပြီပဲလေ… ငါ့ကိုယ်ငါ အပြင်လူစိမ်း တစ်ယောက်လို ဘယ်လိုလုပ်ပြီး သတ်မှတ်နေရတာလဲ…”
စွန်းယန်ဝမ် က အလျင်အမြန် ပြန်ပြောလိုက်၏။
“ဆရာတူ အစ်ကိုက ပေါက်တတ်ကရတွေ ပြောပြန်ပါပြီ… ကျွန်တော်က မွေးကတည်းက ဆင်းရဲဇာတာနဲ့ ဖက်ပြီး မွေးလာတဲ့ကောင်ပါ… ဒီကိုမရောက်ခင်တုန်းက ကျွန်တော် ထင်းပုံထဲမှာ နေခဲ့ရတယ်… အဲဒီမတိုင်ခင်ကလည်း ကျွန်တော့်အိမ်မှာ စောင်တို့ဘာတို့ ဆိုတာ မမြင်ခဲ့ဖူးဘူး… တကယ်လို့ ဒီကျောင်းတော်ကို ရိုးရှင်းတယ်လို့ သတ်မှတ်မယ်ဆိုရင် ကျွန်တော် အရင်နေခဲ့တဲ့ နေရာတွေက နည်းနည်းလေးတောင် လူသားဆန်မှု မရှိတော့ပါဘူး…”
ကျန်းချင်းရှီ က သဘောကျစွာ ပြုံးလိုက်သည်။ စွန်းယန်ဝမ် သည် ဤလောကသို့ ရောက်ရှိလာစဉ်က အလွန်သတိကြီးကြီး ထားခဲ့သော်လည်း မိုဝူရွှယ် နှင့်အတူ လိုက်ပါခဲ့ပြီးနောက် သူ့၏ သတိကြီးမှုက အနည်းငယ် လျော့ကျသွားခဲ့သည်။ တစ်ခါတရံတွင် သူ့ ယခင်ဘဝမှ အကျင့်စရိုက် အချို့ကိုပင် မသိစိတ်က လုပ်ဆောင်နေတတ်သည်။ သူမွေးဖွားလာခဲ့သော ဆင်းရဲသည့် မိသားစုမှ ဤကဲ့သို့ အဆင့်အတန်း မြင့်မားသည့် လုပ်ဆောင်ချက်များနှင့် ပြောဟန်ဆိုဟန်များကို မည်သို့မျှ ပေးနိုင်မည် မဟုတ်ပေ။ ဤတိုင်ရီကျောင်းတော်၏ စီနီယာ တပည့်ကြီးသည် ပိုးကြိုးမျှင်ကဲ့သို့ ပျော့ပျောင်းနူးညံ့သော စိတ်သဘောထားကို ပိုင်ဆိုင်သူ ဖြစ်သော်လည်း သူက ခရေစေ့တွင်းကျ အကြောင်းအရာများကို တစ်ဖက်လှည့်နှင့် မေးမြန်း ဖော်ထုတ်ခြင်းမျိုး မလုပ်ခဲ့ပေ။ ကျန်းချင်းရှီ သည် သူ့အိပ်ယာအတွက် ခုံရှည်များကို စုလိုက်ပြီး အပေါ်မှ မြက်ခြောက်နှင့် စောင်ကို ဖြန့်ခင်းပြီးနောက် ပြောလိုက်သည်။
“မနက်ဖြန်ကျရင် ငါလာနှိုးမယ်… တော်ကြာ စွန်းညီလေး အိပ်ယာထနောက်ကျပြီး ကျောင်းသန့်ရှင်းရေး လုပ်ဖို့အတွက် နောက်ကျနေမှာစိုးလို့…”
စွန်းယန်ဝမ် က ကျန်းချင်းရှီ ကို အလျင်အမြန်ပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။ ကျန်းချင်းရှီ ထွက်သွားတော့မည့် အချိန်တွင် သူက လက်သီးနှစ်ဖက်ကို ဆုပ်လိုက်ပြီး ပြောလိုက်၏။
“ကျွန်တော်ဟာ ဆရာတပည့် လက်ခံခြင်းသာ ပြီးသွားပေမယ့် ဘာမှလည်း မသိခဲ့ရပါဘူး… ကျေးဇူးရှင် ဆရာက ကျွန်တော့်ကို လက်ခံလိုက်တယ် ဆိုပေမယ့် ဆောင်ယန်ဂိုဏ်းရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ပတ်သက်ရင် ကျွန်တော် နားကန်းတစ်လုံးမှ မသိသေးဘူး… တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးလာရင် ကျွန်တော့်အတွက် ရှက်စရာ ဖြစ်ကောင်းဖြစ်နိုင်တယ်…”
ကျန်းချင်းရှီ က သဘောကျစွာ ရယ်လိုက်သည်။
“ကောင်းပြီလေ… ဒါဆိုရင်လည်း တပည့်အသစ်ကလေးနဲ့ ခဏတဖြုတ်လောက် စကားပြောကြည့်တာပေါ့…”
ကျန်းချင်းရှီ က ဆက်ပြောသည်။
“ငါတို့ ဆောင်ယန်ဂိုဏ်းဟာ တာအိုဘာသာကို အထွဋ်အမြတ်ထားတဲ့ ရွှမ်းဟွမ်တာအို မျိုးဆက်တွေ ဖြစ်တယ်… တာအိုဘာသာရဲ့ အမွေအနှစ်တွေအပြင် ဒီလောကရဲ့ ထိပ်ဆုံး ဓားဂိုဏ်းကြီး ဆယ်ခုထဲမှာ နံပါတ်တစ် ဂိုဏ်းကြီးလည်း ဖြစ်တယ်… ဖုန်း ဘိုးဘေးကြီးက ပညာရပ်တစ်ခုကို မိတ်ဆွေ ခုနှစ်ယောက်ကို ဆက်ခံစေခဲ့ပြီးတော့ ဆောင်ယန်ဂိုဏ်းရဲ့ တံခါးပေါက်တွေကို ဖွင့်လှစ်ပေးခဲ့တာ ရာစုနှစ် တစ်ခုလောက်သာ ရှိသေးပေမယ့် အခုဆိုရင် သိပ်ကို စည်ပင်ထွန်းကားပြီး နာမည်အရမ်း ကြီးနေခဲ့ပြီ… ဖုန်း ဘိုးဘေးကြီးဆိုတာ မျက်မှောက်ခေတ်ရဲ့ အထွဋ်အထိပ် သိုင်းပညာရှင်ကြီး တစ်ဦးပဲ… သူ့ရဲ့ သိုင်းပညာအဆင့်အတန်းက ဒီလောက တစ်ခုလုံးမှာတောင် သူနဲ့ယှဉ်နိုင်တဲ့သူက လက်ငါးချောင်းထက် မပိုဘူး… ငါတို့ရဲ့ ဆရာက ဘိုးဘေးကြီးရဲ့ ဒုတိယမြောက် တပည့်ဖြစ်ပြီးတော့ ဘိုးဘေးကြီးဆီက အမွေအနှစ်တွေ အကုန်လုံးကို တစ်ခုမကျန် အမွေဆက်ခံထားသူပဲ… သူ့ရဲ့ သိုင်းပညာ အဆင့်အတန်းက ဘိုးဘေးကြီး အသက်ရှိစဉ်က စွမ်းအားအကြီးဆုံး အခြေအနေနဲ့တောင် တန်းတူယှဉ်နိုင်စွမ်း ရှိတယ်… ငါတို့ ဆရာက သိပ်ကို ထူးချွန်လွန်းတဲ့အတွက် ဂိုဏ်းချုပ် ဆရာတော်ကြီးက မနှစ်သက်တော့ဘဲ ဆရာ့ကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှုမြင်လာခဲ့တယ်… အဲဒီနောက်ပိုင်းမှာ သူက နည်းမျိုးစုံနဲ့ နှောင့်ယှက်တော့တာပဲ… အဲဒါကြောင့် ဆရာဟာ မတတ်သာတဲ့အဆုံး ငါနဲ့အတူ ဂိုဏ်းထဲကနေ ထွက်လာခဲ့ကြတာပဲ… ဒါပေမဲ့ ငါနဲ့ ဆရာ ဂိုဏ်းကနေ ထွက်လာတုန်းက ဆရာဟာ ဖုန်းဘိုးဘေးကြီးကို အမွှေးတိုင်ထွန်း ပူဇော်ပြီး ကတိသစ္စာတစ်ခု ပြုခဲ့တယ်… အဲဒါက သူဟာ ဂိုဏ်းကို စွန့်ပစ်ခဲ့ခြင်း မဟုတ်ဘဲ သီးခြား ဂိုဏ်းခွဲတစ်ခု တည်ထောင်မယ် ဆိုတာပဲ… အဲဒါကြောင့် စွန်းညီလေးကလည်း နောင်တစ်ချိန် ဒီလောကထဲမှာ လှည့်လည်သွားလာတဲ့ အခါကျရင် နာမည်ကိုပြောပြီး ကိုယ့်ကိုယ်ကိုယ် ဆောင်ယန်ဂိုဏ်းဝင် တစ်ဦးဖြစ်ကြောင်း ပြောဆိုနိုင်တယ်… ပြီးတော့ ဆောင်ယန်ဂိုဏ်းဝင် ညီအစ်ကို၊ မောင်နှမတွေနဲ့ တွေ့တဲ့အခါကျရင်လည်း ယဉ်ယဉ်ကျေးကျေးပဲ ပြောဆိုဆက်ဆံသင့်တယ်… ဒါပေမဲ့ ယဉ်ကျေးတယ် ဆိုတဲ့နေရာမှာ အတိုင်းအတာတော့ရှိတယ်… အရမ်းလျှော့ပေးဖို့ မလိုအပ်ဘူး… တကယ်လို့ သူတို့ဘက်က ရိုင်းစိုင်းတာမျိုးတွေ လုပ်လာမယ်ဆိုရင်တော့ သူတို့ကို တစ်ခါမှ မရှိခဲ့ဖူးဘူးလို့ပဲ သဘောထားလိုက်ပါ…”
ကျန်းချင်းရှီ က သူ့ကိုရှင်းပြရင်း မှာလိုက်သည်။ စွန်းယန်ဝမ် က ရယ်မောပြီး ပြောလိုက်၏။
“ဆရာတူအစ်ကို ဆုံးမတဲ့စကားက သိပ်ကို မှန်ကန်ပါတယ်…”
သူတို့နှစ်ဦးသည် တစ်နာရီခွဲ နှစ်နာရီခန့်ကြာသည်အထိ စကားများ ပြောဆိုခဲ့ကြသည်။ နေလုံးသည် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ရာ ကျန်းယွမ်ချောင် ၏ တပည့်များအား စောစောအိပ်၊ စောစောထရမည် ဆိုသော စည်းကမ်းချက်ကြောင့် စွန်းယန်ဝမ် အနေဖြင့် မည်သို့မျှ မတတ်နိုင်ဘဲ ကျန်းချင်းရှီ ကို ပြန်လွှတ်လိုက်ရတော့သည်။ သူသည် အခန်းအတွင်းသို့ ပြန်ရောက်လာသောအခါ အစောပိုင်းက ကျန်းချင်းရှီ ဖန်တီးပေးခဲ့သော အိပ်ယာပေါ်သို့ လှဲချလိုက်ပြီး တိတ်တဆိတ် တွေးလိုက်မိ၏။
“ငါတော့ ထီမထိုးဘဲ ထီပေါက်ပြီဟေ့… ငါ့ဆရာက သိုင်းလောကထဲမှာ အရမ်းနာမည်ကြီးတယ်… ဖုန်းဘိုးဘေးကြီး ဆိုတာကလည်း ဒီလောကရဲ့ ထိပ်သီးသိုင်းဝိဇ္ဇာကြီး တစ်ယောက်ပဲ… ဆောင်ယန်ဂိုဏ်း ကလည်း ထိပ်သီးဓားဂိုဏ်းကြီး ဆယ်ဂိုဏ်းမှာတောင် ထိပ်ဆုံးနေရာက ရပ်တည်နေတယ်… ဒီလောက် ပြည့်စုံနေတဲ့ ဆရာတစ်ယောက်ကို ငါက ရလိုက်ပြီဆိုမှတော့ ငါသာ ကြိုးကြိုးစားစား ကျင့်ကြံမယ်ဆိုရင် နောင်တစ်ချိန်ကျရင် ငါလည်း ဒီလောကရဲ့ သူရဲကောင်း လူငယ်တစ်ယောက် ကျိန်းသေပေါက် ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲ မဟုတ်လား… ဒါပေမဲ့ ငါမသိသေးတာက ဆောင်ယန်ဂိုဏ်းရဲ့ စွမ်းအားကြီးတဲ့ သိုင်းပညာတွေက ဘာတွေလဲ… လေ့ကျင့်ရတာကကော လွယ်ကူရိုးရှင်းနေပါ့မလား…”
သူတစ်ယောက်တည်း စဉ်းစားခန်းဖွင့်နေမိသည်။ သူသည် ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာသော အခါ ဆိုင်အကူတစ်ဦး ဘဝဖြင့် ရှိနေခဲ့ပြီး မည်သည့် သိုင်းသမား တစ်ဦးတစ်လေနှင့်မျှ ထိတွေ့ ဆက်ဆံဖူးခြင်း မရှိပေ။ ထို့ကြောင့် သိုင်းလောကတွင် မည်သူက ရိုသေလေးစားမှု အခံရဆုံး ပုဂ္ဂိုလ် ဖြစ်သည်၊ မည်သည့်ဂိုဏ်းက စွမ်းအားအကြီးဆုံး ဖြစ်သည် စသည့် လူတိုင်း သိနိုင်သော အချက်အလက်များကိုပင် မသိရှိခဲ့ပေ။ သူသည် မိုဝူရွှယ် နှင့် သိုင်းလောကအတွင်းသို့ လှည့်လည်ခဲ့သည့် လများအတွင်း ၎င်းအချိန်မရွေး ထွက်ပြေးသွားနိုင်သည်ဟု အမြဲလိုလို ခံစားခဲ့ရသည်။ ထို့ကြောင့် ရသမျှ အချိန်အားလုံးကို အပြည့်အဝ အသုံးချပြီး သိုင်းပညာများကိုသာ တစိုက်မတ်မတ် မေးမြန်းခဲ့၏။ ဤကဲ့သို့ သိုင်းလောကအတွင်းမှ လူတိုင်းသိနိုင်သော အချက်အလက် များကိုပင် မေးမြန်းစုံစမ်းရန် အချိန်မဖြုန်းရဲပေ။ သူ့အတွက် သိုင်းပညာကို သင်ယူခြင်းမှာ အခြား ဗဟုသုတ အကြောင်းအရာများအား နားထောင်ရခြင်းထက် များစွာ ပိုမိုအရေးကြီးနေသောကြောင့် ဖြစ်သည်။ သူမြင်ဖူးခဲ့သော သိုင်းသမား အရေအတွက်၏ စုစုပေါင်းမှာ ဟူဖုန်းဝေ၊ မိုဝူရွှယ်၊ ထို့နောက် ယခုမှ အသစ်စက်စက် ရရှိထားသော ဆရာသခင် ကျန်းယွမ်ချောင် အပါအဝင် လက်ချိုးရေတွက် နိုင်သည့် အရေအတွက်မျှသာ ဖြစ်သည်။ ကျန်းချင်းရှီ ၏ ရှင်းပြမှုများမှတစ်ဆင့် တချို့အရာများကို သဘောပေါက်လာသော်လည်း ယင်းက အလွန်ယေဘုယျဆန်သော အကြောင်းအရာများသာ ဖြစ်ပြီး လုံးဝ ရှင်းလင်းမြင်သာမှု မရှိသေးပေ။ သူ့စိတ်ထဲတွင် အမှန်တကယ် စိတ်ကူးပုံဖော်ထားခဲ့သော သိုင်းလောက ဆိုသည်က ကြမ်းတမ်းမှုများနှင့် ရိုးရှင်းသော ကမ္ဘာတစ်ခုသာ ဖြစ်နေခဲ့သည်။