“အထွဋ်အထိပ် သွေးကြော”
Vol. 1 Ch. 9
ဒုတိယနေ့တွင် စွန်းယန်ဝမ် သည် နံနက်စောစောထကာ ကျန်းချင်းရှီ ကို ဦးစွာရှာဖွေလိုက်ပြီး သန့်ရှင်းရေး လုပ်သည့် ပစ္စည်းများ ယူဆောင်၍ တိုင်ရီကျောင်းတော်ဝန်းအတွင်း စတင်သန့်ရှင်းရေး လုပ်လေသည်။ ဤတိုင်ရီကျောင်းတော်၏ ပျက်စီးယိုယွင်းမှုသည် မျက်မြင်ထက် ပိုမိုဆိုးရွားနေပြီး ပြုပြင်မည့်သူက ကျန်းယွမ်ချောင် နှင့် ကျန်းချင်းရှီ တို့ နှစ်ဦးသာ ရှိသည်။ ဆရာတပည့် နှစ်ဦးစလုံးသည် သိုင်းပညာတွင် ထူးချွန်သူများ ဖြစ်သော်လည်း တစ်နှစ်ကျော်ခန့် ခက်ခက်ခဲခဲ ကြိုးစားပြီးချိန်မှာပင် ကျောင်းတော်၏ မျက်နှာစာ တစ်ခုကိုသာ အနည်းငယ် ကြည့်ပျော်ရှုပျော် ပြင်ဆင်နိုင်သေးသည်။ အနောက်ဖက်ခြမ်းသည် လုံးဝပျက်စီး ယိုယွင်းနေသော နံရံများနှင့် နွယ်များ အထပ်ထပ် ရစ်သိုင်းနေသော ခေါင်မိုး တစ်စွန်းတစ်စကိုသာ မြင်ရပြီး ပြည့်ပြည့်စုံစုံ ကျန်နေသော အခန်းမှာ မရှိသလောက်ပင် ဖြစ်သည်။ စွန်းယန်ဝမ် သည် ဤအနီးအနားရှိ ကျေးရွာများမှ လူတချို့ကို အခကြေးငွေပေး၍ အကူအညီတောင်းရန် စိတ်ကူးလိုက်မိသေးသည်။ သူ့ထံတွင် ပိုက်ဆံကို ပေါပေါသီသီ သုံးစွဲနိုင်သော အရည်အချင်းမျိုး ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သောကြောင့် ယခုအခါ ယခင်ဘဝမှ အကျင့်ဆိုးများ ပြန်လည် ပေါ်ထွက်လာသည်။ သို့သော် ဤကဲ့သို့ အခြေအနေသည် တမင်တကာ ဖန်တီးထားခြင်းလည်း ဖြစ်နေနိုင်ပြန်သည်။ အကယ်၍ ပိုမိုနက်နဲသော အဓိပ္ပာယ်များ ပါဝင်လာမည် ဆိုလျှင် ဥပမာ၊ စိတ်ဓာတ်ကို ထက်မြက်လာစေရန် သွေးပေးခြင်းမျိုး၊ သို့မဟုတ် အလုပ်လုပ်နေရင်း တစ်ဖက်တွင်လည်း ကိုယ်ခံပညာ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်လာစေရန် ရည်ရွယ်ခြင်းမျိုး ဖြစ်နိုင်သည်ကို တွေးလိုက်မိပြီး နောက်ဆုံးတွင် ဆိတ်ဆိတ်နေခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သွားခဲ့သည်။ သူတို့နှစ်ဦးသည် နေ့မွန်းတည့်ချိန်အထိ သန့်ရှင်းရေးကို မနားမနေ လုပ်ဆောင်ခဲ့ကြပြီးနောက် ကျန်းချင်းရှီ သည် စွန်းယန်ဝမ် ကို ထမင်းစားသည့် နေရာသို့ ခေါ်ဆောင်သွားသည်။ ကျန်းယွမ်ချောင် သည် အစားအသောက်များကို ကြိုတင်ပြင်ဆင်ပြီး အသင့်စောင့်ဆိုင်း နေသောကြောင့် ဆရာတပည့် သုံးဦးသည် ရိုးရှင်းသော နေ့လယ်စာကို အလျင်အမြန် လက်စသတ်လိုက်ကြ၏။ စားသောက်ပြီးနောက် ကျန်းယွမ်ချောင် သည် တပည့်နှစ်ဦးကို အလင်းရောင် ထောက်ပံ့မှု ကောင်းစွာရပြီး လေဝင်လေထွက် ကောင်းမွန်သော သန့်ရှင်းရေး အနည်းငယ် ပြုလုပ်ထားသည့် ခန်းမဆောင် တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ ဤခန်းမ၏ ခေါင်မိုးများသည် ပေါက်ပြဲနေသလို ဘေးဘက်နံရံများမှာလည်း ပြိုကျပျက်စီး နေခဲ့ပြီ ဖြစ်သည်။ ကျန်းယွမ်ချောင် က မြက်ဖျာတစ်ချပ်ပေါ်တွင် ထိုင်လိုက်ပြီး တပည့်နှစ်ဦးကိုလည်း ထိုင်ခိုင်းလိုက်၏။ ထို့နောက် သူက ပြုံးကာ ပြောလိုက်သည်။
“ယန်ဝမ် က အခုမှ ပထမဦးဆုံး အကြိမ်ဆိုတော့ ဒီနေ့ သင်ခန်းစာ အသစ်တွေ မသင်တော့ဘူး… ဆရာက ဆောင်ယန်ဂိုဏ်းရဲ့ သိုင်းပညာအမွေအနှစ်နဲ့ အခြေခံအကျဆုံး ပညာရပ်ဖြစ်တဲ့ သန်းခေါင်ယံ သွေးကြောကျမ်း အကြောင်းကို ပြန်ရှင်းပြပေးမယ်…”
စွန်းယန်ဝမ် အလွန်ပျော်ရွှင်သွားပြီး စိတ်ထဲတွင်လည်း တိတ်တဆိတ် စဉ်းစားလိုက်မိ၏။
“ငါ ဒါကို သေသေချာချာ နားထောင်မှဖြစ်မယ်… မှတ်စုနဲ့ ချရေးလို့ ရမလား မသိဘူး… ဆရာတူ အစ်ကိုတောင် မှတ်စုရေးဖို့ ဘာမှ မရှိဘူးဆိုတော့ ဆရာက ခွင့်မပြုလို့ ဖြစ်ရမယ်… ငါ ခိုးပြီးတော့ ပြန်မှတ်ထားရမယ်… အဲဒါဆိုရင် လက်တွေ့သင်ယူတဲ့အခါ ပိုပြီး ထိရောက်မှာ သေချာတယ်…”
ကျန်းယွမ်ချောင် က ဖြည်းညင်းစွာ ဆက်ရှင်းပြလိုက်သည်။
“ငါတို့ ဆောင်ယန်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဖုန်းဘိုးဘေးကြီးရဲ့ ဉာဏ်ပညာဟာ လူသား တစ်ယောက်ထက် ကျော်လွန်သွားပြီးတော့ နတ်ဘုရားတစ်ပါး နီးနီးလောက်အထိ ထက်မြက်တယ်… သူ့ဘဝမှာ ကြီးကျယ်ခမ်းနားတဲ့ အခွင့်အရေးတွေကိုလည်း အများအပြား ကြုံခဲ့ရတယ်… အဲဒါကြောင့် သူဟာ သိုင်းကျမ်းကြီး ငါးကျမ်း… စွမ်းအားကြီးတဲ့ ကျင့်စဉ် ဆယ့်သုံးမျိုးနဲ့ ဓားမြှောင်၊ ဓားရှည်ဓားသိုင်း တစ်ဆယ့်ကိုးခုကို လက်ဆင့်ကမ်း အမွေအဖြစ် ပေးခဲ့နိုင်ပြီး ဂိုဏ်းသားအားလုံးကို သူတို့နဲ့ သင်လျော်တဲ့ ကျင့်စဉ်ကို ရွေးချယ်ပြီး လေ့ကျင့်ဖို့ အမိန့်ပေး စေခိုင်းခဲ့တယ်… ငါတို့ ဆောင်ယန်ဂိုဏ်းမှာ ဂိုဏ်းထဲကို စဝင်ဝင်ချင်း ပထမဆုံးအနေနဲ့ အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို သင်ကြားပေးလေ့ရှိတယ်… လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အထူးခြားဆုံး သွေးကြောကြီး ရှစ်ခု… ပင်မသွေးကြော ဆယ့်နှစ်ခုနဲ့ လျှို့ဝှက်သွေးကြော သုံးဆယ့်ခြောက်ခုတို့ ရှိနေတယ်… မရေမတွက်နိုင်တဲ့ ဂိုဏ်းတွေမှာ ဘယ်သွေးကြောကို အရင်ဆုံး လေ့ကျင့်ရမယ်… ဘယ်သွေးကြောကိုတော့ နောက်မှ လေ့ကျင့်ရမယ်… ဘယ်သွေးကြောကတော့ အထူးဂရုစိုက်ရမယ်… ဘယ်သွေးကြောဟာတော့ လုံးဝမကျင့်ကြံသင့်ဘူး အစရှိသည်ဖြင့် အသေးစိတ် ကျလွန်းတဲ့ ကွဲပြားခြားနားမှု လေးတွေ ရှိနေတယ်… ဒီကွဲပြားခြားနားမှုတွေက နေပြီးတော့ ထောင်နဲ့ချီတဲ့ နည်းစနစ်တွေအဖြစ် ကွဲထွက်သွားပြီး ယင်နဲ့ယန်… မာကျောခြင်းနဲ့ ပျော့ပျောင်းခြင်း… အတားအဆီးနဲ့ အရှိန်အဟုန် စသည်ဖြင့် အဆုံးမရှိတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေတယ်… ဒီအရာတွေက လောကမှာရှိတဲ့ ထောင်နဲ့ချီတဲ့ စွမ်းအားကြီး သိုင်းပညာရပ်တွေကို ဖြစ်ပေါ်လာစေတာပဲ…”
စွန်းယန်ဝမ် သည် ဆရာဖြစ်သူ၏ စကားကို နားထောင်ရင်း ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ် သွားသည်။ သူ့စိတ်ထဲတွင်လည်း အကြောင်းအရာများကို တစ်ခုချင်း ချိတ်ဆက် စဉ်းစားနေမိ၏။
“အထူးခြားဆုံး သွေးကြောကြီး ရှစ်ခုနဲ့ ပင်မသွေးကြော ဆယ့်နှစ်ခု ရှိတယ်ဆိုတာက အရင် ကမ္ဘာမှာ ကတည်းက ငါသိထားပြီးသားပဲ… ဒါက ကွာခြားမယ်ဆိုရင်တောင် အယူအဆနဲ့ အခေါ်အဝေါ်ပိုင်း အပြောင်းအလဲ နည်းနည်းလောက်ပဲ ဖြစ်လိမ့်မယ်… ဒါပေမဲ့ လျှို့ဝှက်သွေးကြော သုံးဆယ့်ခြောက်ခု ဆိုတာကတော့ ငါလည်း တစ်ခါမှ မကြားဖူးဘူး… ဒါက ဒီကမ္ဘာမှာ အဓိက အသုံးပြုနေတဲ့ သိုင်းပညာတွေရဲ့ စွမ်းအားအခြေခံ ဖြစ်လောက်တယ်… ဓားဖျားကနေ တစ်ပေလောက်ရှိတဲ့ ဓားချီတွေ ထွက်လာတာမျိုး… ဒါမှမဟုတ် လေထဲမှာ လက်မအနည်းငယ် ပျံသန်းနေနိုင်တာမျိုးတွေရဲ့ အဓိက သော့ချက်ပဲ နေလိမ့်မယ်…”
ကျန်းယွမ်ချောင် သည် သူ့တပည့် စိတ်ထဲတွင် တွေးနေသော အတွေးများကို အနည်းငယ်မျှ ရိပ်စားမိခြင်း မရှိဘဲ ဆက်ပြောသည်။
“ဒီလောကမှာရှိတဲ့ ဂိုဏ်းအများစုရဲ့ သိုင်းကျင့်စဉ် တော်တော်များများက ရိုးရှင်းပြီး အများဆုံး အနေနဲ့ သွေးကြောဆယ်ခုလောက်ကိုပဲ လေ့ကျင့်နိုင်ကြတယ်… အဲဒါကြောင့် သူတို့ရဲ့ အောင်မြင်မှုကလည်း အကန့်အသတ်ထဲမှာ ရှိတယ်… အထွဋ်အထိပ် သွေးကြောကျင့်စဉ်က ဆောင်ယန်ဂိုဏ်းရဲ့ အခြေခံ သိုင်းကျင့်စဉ်တစ်ခု ဆိုပေမယ့် အထူးခြားဆုံး သွေးကြောကြီး ရှစ်ခု… ပင်မသွေးကြော ဆယ့်နှစ်ခုနဲ့ လျှို့ဝှက်သွေးကြော သုံးဆယ့်ခြောက်ခု အားလုံးကို လေ့ကျင့်နိုင်တဲ့ စွမ်းရည်မျိုး ရှိနေတယ်… တခြားဂိုဏ်းတွေမှာ ဆိုရင်တော့ ဒီကျင့်စဉ်က ဂိုဏ်းရဲ့ အသက်တမျှ အရေးကြီးတဲ့ အဓိက ရတနာ တစ်ခု ဖြစ်နေလောက်ပြီ…”
စွန်းယန်ဝမ် ၏ ရင်သည် “ဒိန်း”ခနဲ တုန်လှုပ်သွားပြီး ရုတ်ချည်း စဉ်းစားလိုက်မိ၏။
“ဒါဆို ဟူမိသားစုရဲ့ မူလစွမ်းအင် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်သုံးဆယ့်ခြောက်မျိုး ဆိုတာက ကျင့်စဉ်တစ်ခုတည်းပေါ့… ပြီးတော့ သွေးကြောတစ်ခုတည်းကိုပဲ အဓိကထား ကျင့်ကြံတာပဲ… ဆရာမိုဝူရွှယ် က ငါ့ကို အသေးစိတ်လည်း ဘာတစ်ခုမှ ပြောမသွားဘူး… တကယ်ဆိုရင် ဟူမိသားစုရဲ့ ကျင့်စဉ်က အထူးခြားဆုံး သွေးကြောကြီး ရှစ်ခု… ပင်မသွေးကြော ဆယ့်နှစ်ခုနဲ့ လျှို့ဝှက်သွေးကြော သုံးဆယ့်ခြောက်ခုလုံးကို လေ့ကျင့်လို့ မရဘူးပဲ…”
ကျန်းယွမ်ချောင် က ဆက်လက် ရှင်းပြသည်။
“အထွဋ်အထိပ် သွေးကြောကျင့်စဉ်က တည်ငြိမ်ပြီး အလယ်အလတ် ကျင့်စဉ်တစ်ခု ဖြစ်တာကြောင့် အမှားအယွင်း ဖြစ်စရာလည်း အကြောင်းမရှိဘူး… ဒါပေမဲ့ ကျင့်ကြံမှု လုပ်တဲ့အပိုင်းမှာတော့ သိပ်ကို နှေးကွေးလွန်းတယ်…. အဆင့်မြင့် ကျင့်စဉ်တွေမှာ သွေးကြောတစ်ခု ဖွဲ့စည်းဖို့ လအနည်းငယ်လောက်ပဲ ကျင့်ကြံရတယ်ဆိုရင် ဒီကျင့်စဉ်က လပေါင်းများစွာ အချိန်ပေးပြီ ကျင့်ကြံရတယ်… သူ့ရဲ့ အကြီးမားဆုံး အားသာချက်က ဘာလဲဆိုတော့ ဆောင်ယန်ဂိုဏ်းသားတွေရဲ့ ဘယ်သွေးကြော ဘယ်သွေးကြောတွေက ပိုပြီး စွမ်းအားကြီးတယ်… ဘယ်သွေးကြောကတော့ စွမ်းအားနည်းတယ် ဆိုတာကို ဖော်ထုတ်ပေးပြီး အဓိက လေ့ကျင့်ရမယ့် ကိုယ်နဲ့ကိုက်ညီတဲ့ ကျင့်စဉ်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်စေတာပဲ…. အဲဒါကြောင့် လူတိုင်းဟာ အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို အဆင့်တစ်၊ ဒါမှမဟုတ် အဆင့်နှစ်လောက် အထိပဲ ကျင့်ကြံကြပြီး ကိုယ့်ရဲ့ အရည်အချင်းကို ဖော်ထုတ်နိုင်ပြီ ဆိုတာနဲ့ တခြားကျင့်စဉ်တွေကို ပြောင်းလဲပြီး လေ့ကျင့်ကြတယ်… ဒီကျင့်စဉ်နဲ့ စိစစ်ရွေးထုတ်ပြီးတဲ့နောက် ဆောင်ယန်ဂိုဏ်းသားတွေရဲ့ ရွေးချယ်မှုက တစ်ကြိမ်တခါမှ မှားခဲ့တယ်ဆိုတာ မရှိဘူး… သူတို့ရွေးချယ်လိုက်တဲ့ ကျင့်စဉ်ဟာ သူတို့ကို နတ်ရေကန်ထဲကို ပစ်ချလိုက်သလိုမျိုး အလွန်အမင်း စွမ်းအားကြီးလာစေပြီး ကြိုးစားအားထုတ်မှု တစ်ဝက်လောက်နဲ့ အကျိုးကျေးဇူးက နှစ်ဆ ပြန်ရကြတယ်… ပြီးတော့ တစ်ရက်ကျင့်ကြံရုံနဲ့ စွမ်းအားက သိသိသာသာ တိုးတက်လာကြတာကြောင့် ငါတို့ဂိုဏ်းရဲ့ စွမ်းအားနဲ့ အောင်မြင်မှုက တခြားဂိုဏ်းတွေ ဘယ်လိုမှ လိုက်မမီနိုင်တဲ့ အနေအထားကို ရောက်ရှိလာခဲ့တယ်…”
ကျန်းယွမ်ချောင် က ချောင်းတစ်ချက် ဟန့်ကာ ဆက်ရှင်းပြသည်။
“ငါက အထွဋ်အထိပ်သွေးကြော ကျင့်စဉ်ကို ကျင့်ကြံတဲ့အခါ စွမ်းအားကြီးတဲ့ သွေးကြောတွေနဲ့ ပတ်သက်ရင် တော်တော်လေးကို ပါရမီထူးချွန်ခဲ့တယ်… စွမ်းအားနည်းတဲ့ သွေးကြောတွေနဲ့ ပတ်သက်ရင်တော့ နည်းနည်းလေး ညံ့တယ်ပေါ့… အဲဒါကြောင့် အထွဋ်အထိပ်သွေးကြော ကျင့်စဉ်ကို ကျင့်ကြံပြီးတဲ့နောက် နက်ရှိုင်းသောနေမင်း ကျင့်စဉ်ကို ရွေးချယ်ခဲ့တယ်… နက်ရှိုင်းသောနေမင်း ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်တဲ့အခါ ဘိုးဘေးကြီးက နေသုံးစင်းမီးလျှံနတ်ဘုရား ကျင့်စဉ်နဲ့ ကောင်းကင်နတ်လက်ဝါး ကျင့်စဉ်တို့ကို ရွေးချယ်ခိုင်းခဲ့တယ်… မင်းရဲ့ ဆရာတူ အစ်ကိုကတော့ ငါနဲ့ မတူဘူး… သူက အထွဋ်အထိပ်သွေးကြော ကျင့်စဉ်ကို အခြေခံကျွမ်းကျင် ပြီးတဲ့နောက် ကောင်းကင်စွမ်းအင် ကျောက်စိမ်းလက်ဝါး ကျင့်စဉ်ကို ရွေးချယ်ခဲ့တယ်…”
စွန်းယန်ဝမ် သည် ဆရာဖြစ်သူ၏ အာပေါင်အာရင်း သန်သန်ဖြင့် ရှင်းပြမှုများကို တစ်နာရီကျော်ကြာ နားထောင်ခဲ့ရပြီးနောက် ဆရာ၏ ပြောဆိုနိုင်စွမ်းကိုပင် အနည်းငယ် မယုံကြည်ချင်သလို ဖြစ်သွားသည်။ ကျန်းယွမ်ချောင် သည် ရှင်းပြသည့်အခါ အရေးကြီးသည်၊ မကြီးသည်ကို မစဉ်းစားဘဲ အားလုံးကို မခြွင်းမချန် ပြောဆိုခြင်း ဖြစ်ပြီး အချို့စကားများသည် ရှေ့နောက် ပြောင်းပြန် ဖြစ်နေသလို အချို့ကိစ္စများဆိုလျှင် နှစ်ကြိမ်၊ သုံးကြိမ် ထပ်ကာထပ်ကာ ပါဝင်နေတတ်သည်။ ဆောင်ယန်ဂိုဏ်း၏ သိုင်းပညာ အမွေအနှစ်များ အကြောင်းကို အချိန်နှစ်နာရီကြာ ရှင်းပြပြီးသည့်နောက် ကျန်းယွမ်ချောင် သည် အထွဋ်အထိပ်သွေးကြော ကျင့်စဉ်၏ ကျင့်ကြံမှု နည်းစနစ်ကို နောက်ဆုံးတွင် စတင်ပြောပြလာ ခဲ့သည်။ ဤကျင့်စဉ်သည် အလွန်ခက်ခဲနက်နဲသော အဓိပ္ပာယ်များ ပါဝင်နေသောကြောင့် ညနေဘက် ရောက်သည်အထိ ရှင်းပြနေသော်လည်း ကျင့်စဉ်၏ တစ်ဝက်တစ်ပျက်မျှသာ ပြီးစီးသေးသည်။ ကျန်းယွမ်ချောင် သည် အပြင်တွင် မိုးချုပ်ကာနီးပြီ ဖြစ်သောကြောင့် ထရပ်လိုက်ပြီး ညစာ ချက်ပြုတ်ရန် ပြင်ဆင်ရ၏။ တပည့်နှစ်ယောက်အား မိမိဘာသာ ဆက်လက်လေ့ကျင့်ရန် ထားရစ်ခဲ့ပြီး ကျန်းချင်းရှီ ကိုလည်း စွန်းညီလေးအား သေချာ သင်ပြပေးရန် မှာကြားခဲ့သည်။ ဆရာသည် မီးဖိုဆောင် အတွင်းသို့ ဝင်ရောက်သွားပြီးနောက် စွန်းယန်ဝမ် သည် ကျန်းချင်းရှီ အား အထွဋ်အထိပ် သွေးကြော ကျင့်စဉ်အား စတင်ကျင့်ကြံသည့် နည်းလမ်းကို အကူအညီတောင်းခံလိုက်၏။ ကျန်းချင်းရှီ ၏ တွေးခေါ်ပုံသည် ဆရာဖြစ်သူထက် များစွာပိုမိုရှင်းစင်းပြီး သူရှင်းပြသည့်အခါ ပို၍ပင် သဘောပေါက် နားလည်ရ လွယ်ကူသဖြင့် စွန်းယန်ဝမ် မှာ အထွဋ်အထိပ် သွေးကြော ကျင့်စဉ်အား မည်ကဲ့သို့ စတင် ကျင့်ကြံရမည် ဆိုသည်ကို ချက်ခြင်းပင် နားလည်သွားသည်။ သူတို့နှစ်ဦး၏ အမေးအဖြေများကြောင့် စကားဝိုင်းက စည်ကားနေစဉ် ကျန်းယွမ်ချောင် ၏ အသံက ထွက်ပေါ်လာ၏။
“လာကြတော့… ထမင်းစားကြတော့…”
စွန်းယန်ဝမ် က ခေါင်းညိတ်ပြလိုက်ပြီး ဆရာတူအစ်ကိုနှင့် အတူ ညစာ စားရန် ထွက်လာခဲ့ကြသည်။ သူသည် တိုင်ရီကျောင်းတော်တွင် ဤအတိုင်းဖြင့် နေထိုင်လာခဲ့ရာ အချိန်တစ်လကျော် အတွင်းမှာပင် အထွဋ်အထိပ် သွေးကြော ကျင့်စဉ် တစ်ခုလုံးကို သင်ယူတတ်မြောက်ခဲ့သည်။ ထို့အပြင် မှတ်စုပေါင်း များစွာဖြင့် ရှုပ်ရှက်ခတ်နေသည့် သူကိုယ်တိုင် ခိုးရေးထားသော စာရွက်များလည်း ရှိနေသည်။ ထိုမှတ်စုများတွင် အချို့က ဆရာကို မေးမြန်းကာ ရေးသားထားသည့် အရာများဖြစ်သလို အချို့က ကျန်းချင်းရှီ ကို မေးထားကာ၊ အချို့မှာ သူကိုယ်တိုင် ထိုးထွင်းသိမြင်မှု ရခဲ့သည့် အရာများ ပါဝင်နေပြီး စာတမ်းပြုစု ထားသကဲ့သို့ပင် ဖြစ်နေ၏။ အမှန်တွင် ဤကဲ့သို့ သင်ယူသော နည်းလမ်းမှာ အမှန်ကန်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပြီး ထိရောက်မှု အလွန်အားကောင်းသည်။ သူသည် အထွဋ်အထိပ် သွေးကြော ကျင့်စဉ်အပေါ် အလွန်နက်နက်ရှိုင်းရှိုင်း ထိုးထွင်းသိမြင်လာသည် နှင့်အမျှ အခြား မည်သည့် သံသယစိတ်မျှလည်း မရှိတော့ပေ။ တစ်နေ့ သူတို့အားလုံး ညစာအတူတူ စားနေကြစဉ် ကျန်းယွမ်ချောင် က ပြောသည်။
“ယန်ဝမ်… ငါ့တပည့် အငယ်ဆုံးလေး… ငါက အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို အကုန်လုံး သင်ကြားပေးခဲ့ပြီးပြီ… မင်းက အရည်အချင်း ရှိသလို ကြိုးစားချင်စိတ်လည်း ရှိတယ်… ပြီးတော့ သင်ယူလိုစိတ် ပြင်းပြသူ ဖြစ်တာကြောင့် ဒီကျင့်စဉ်အပေါ်မှာ နက်နက်ရှိုင်းရှိုင်း ထိုးထွင်းသိမြင်နေပြီလို့ ဆရာ ယူဆတယ်… ဒီနေ့တော့ ဆရာကိုယ်တိုင် မင်းကို စောင့်ကြပ်ပြီး အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို တရားဝင် စတင်ကျင့်ကြံခိုင်းမယ်…”
စွန်းယန်ဝမ် က ခေါင်းညိတ်ပြလိုက်ပြီး သူ့ရင်သည် ကုလားဘုရားလှည့်သလို တဒိန်းဒိန်း ခုန်ပေါက်လာခဲ့သည်။ သူသည် အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို အကုန်အစင် သင်ကြားခဲ့ပြီးပြီ ဆိုသော်လည်း ယင်းက စာရွက်ပေါ်တွင် ချရေးထားသော စစ်ရေးဗျူဟာ တစ်ခုမျှသာ ရှိသေးပြီး လက်တွေ့ လုပ်ဆောင်ရခြင်း မရှိသေးပေ။ ကျန်းယွမ်ချောင် သည် တပည့်ဖြစ်သူအား နားလည်မှုလွဲကာ မဆင်မခြင် ကျင့်ကြံမိမည်ကို စိုးရိမ်သောကြောင့် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့သည်။ အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို တရားဝင် စတင် ကျင့်ကြံနိုင်တော့မည် ဖြစ်သောကြောင့် စွန်းယန်ဝမ် အချိန်အတန်ကြာ မျှော်လင့်နေခဲ့သည့် နေ့က နောက်ဆုံးတော့ ရောက်ရှိလာခဲ့သည်။ သူသည် မုဒြာဟန်ဖြင့် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အထွဋ်အထိပ် သွေးကြော ကျင့်စဉ်မှ လက်ဟန်တစ်ခုကို ဖွဲ့စည်းကာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းပြီးနောက် စတင်ကျင့်ကြံရန် ပြင်ဆင်လိုက်၏။ သူ့၏ မျက်လုံးများကို မှိတ်ချလိုက်သည်နှင့် သူ့နောက်ကျောသို့ လက်ဝါးတစ်ဖက် ထိကပ်လာသည်ကို ခံစားလိုက်ရသည်။ နူးညံ့ညင်သာသော ချီစွမ်းအင်လှိုင်း တစ်ခုက သူ့ခန္ဓာကိုယ် အတွင်းသို့ တဖြည်းဖြည်း စီးဝင်လာပြီး သူ့၏ သွေးကြောကြီး ရှစ်ခု၊ ပင်မသွေးကြော ဆယ့်နှစ်ခုနှင့် လျှို့ဝှက်သွေးကြော သုံးဆယ့်ခြောက်ခုတို့ကို ချက်ခြင်း ကာကွယ်သွားသည်။ အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို ပထမဦးဆုံးအကြိမ် စတင်ကျင့်ကြံခြင်း ဖြစ်သော်လည်း သူ့၏ သွေးကြောတစ်ခုသည် ပွင့်နေပြီ ဖြစ်သလို နောက်တစ်ခုမှာလည်း တစ်ဝက်တစ်ပျက် ပွင့်နေပြီး ချီစွမ်းအင် စီးဆင်းမှုအပေါ် အနည်းငယ် ခံစားနိုင်နေသည်ကို သိလိုက်၏။ ဤတစ်လကျော်အတွင်း အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို စာတွေ့သာ သင်ယူခဲ့ရပြီး လက်တွေ့ မကျင့်ကြံခဲ့ရသောကြောင့် သူသည် အချိန်ကို အလဟဿ မဖြုန်းတီးပစ်ခဲ့ဘဲ မူလစွမ်းအင် သုံးဆယ့်ခြောက်မျိုးနှင့် နတ်ဆိုးသတ်ဓားသိုင်း တို့ကို မပျက်မကွက် လေ့ကျင့်နေခဲ့သည်။ သူသည် ယခင်ကတည်းက သွေးကြောတစ်ခု ဖွင့်လှစ်ထားပြီးသား ဖြစ်သောကြောင့် ထို တစ်ဝက်တစ်ပျက် ဖြစ်နေသော သွေးကြောသည် ဤတစ်လကျော်အတွင်း သူကြိုးစားအားထုတ်ခဲ့သော အသီးအပွင့် ဖြစ်သည်။ သူသည် ဆရာဖြစ်သူ၏ ချီစွမ်းအားဖြင့် ကာကွယ်ထားမှုအောက်တွင် အထွဋ်အထိပ် သွေးကြော ကျင့်စဉ်၏ နည်းစနစ်များအတိုင်း ခုနှစ်ကြိမ်၊ ရှစ်ကြိမ်ခန့် လှည့်ပတ်လိုက်သောအခါ သူ့၏ ခါးဆစ်ရိုးတစ်လျှောက်မှ အနည်းငယ် ပူနွေးသော စွမ်းအင်တချို့ ပျံ့နှံ့လာသည်ကို ခံစားမိပြီး နောက်ထပ် သွေးကြောတစ်ခု ရုတ်တရက် ပွင့်သွားသည်။ ပွင့်ဟသွားသော သွေးကြောနှစ်ခု အတွင်းသို့ ချီစွမ်းအင်များ စီးဝင်လာပြီး အထွဋ်အထိပ် သွေးကြော ကျင့်စဉ်၏ နည်းစနစ်အတိုင်း လှည့်ပတ်နေကာ ယင်နှင့်ယန် စွမ်းအင်များ ဖြစ်ပေါ်လာသည်။ ထို့နောက် စွမ်းအင်နှစ်ခုသည် ပေါင်းစပ်သွားပြီး တစ်ခုဝင် တစ်ခုထွက် ပုံစံဖြင့် စက်ဝိုင်း ပုံသဏ္ဍာန် လှည့်ပတ်မှု တစ်ခု စတင်ဖြစ်ပေါ်လာလေသည်။