← Chapters

“စွန်းညီလေးရေ အစ်ကို့ဆီမှာ ပိုက်ဆံမလောက်ဘူး”

Vol. 1 Ch. 10

“စွန်းညီလေးရေ အစ်ကို့ဆီမှာ ပိုက်ဆံမလောက်ဘူး”

Vol. 1 Ch. 10

စွန်းယန်ဝမ် ၏ နားထဲတွင် ဆရာဖြစ်သူ၏ အသံက ထွက်ပေါ်လာသည်။

“တပည့်လေး… မင်း ဖွင့်ပြီးသား သွေးကြောနှစ်ခုအပေါ်မှာပဲ အာရုံစိုက်မနေနဲ့… သွေးကြောကြီး ရှစ်ခု… ပင်မသွေးကြော ဆယ့်နှစ်ခုနဲ့ လျှို့ဝှက်သွေးကြော သုံးဆယ့်ခြောက်ခု အားလုံးကို ဖွင့်နိုင်အောင် ကြိုးစားပါ…”

နာရီအနည်းငယ် ကြာပြီးနောက် စွန်းယန်ဝမ် သည် မျက်လုံးများကို ညင်သာစွာ ဖွင့်လိုက်သည်။ သူ့၏ မျက်နှာထက်တွင် အလွန်ကျေးဇူးတင်သည့် အမူအရာများ ပြည့်နှက်နေ၏။

“ဆရာ့ကို ကျေးဇူးအများကြီး တင်ပါတယ်…”

သူက ရိုသေစွာ ဂါရဝပြုလိုက်သည်။ ကျန်းယွမ်ချောင် သည် သဘောကျစွာ တဟားဟား ရယ်မောလိုက်၏။

“ဆရာနဲ့ တပည့်ဆိုတာ သားအဖလိုပဲ… မင်းက ဆရာရဲ့ အရင်းနှီးဆုံး တပည့် ဖြစ်တဲ့အတွက် မင်းကို စောင့်ရှောက်ပေးဖို့က ဆရာဆီမှာ တာဝန်အပြည့် ရှိနေတယ်… ဒါပေမဲ့ မင်းက ဟူမိသားစုရဲ့ မူလစွမ်းအင် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်ကို ကျင့်ကြံထားတာကြောင့် အခြေခံအချို့ ရှိနေတယ်… သွေးကြောနှစ်ခုကိုလည်း ဖွင့်လှစ်ထားပြီး ဖြစ်တယ်… အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို ကျင့်ကြံတဲ့အခါ ဟူမိသားစုရဲ့ ကျင့်စဉ်ကို အတတ်နိုင်ဆုံး မေ့ထားရလိမ့်မယ်… မဟုတ်လို့ရှိရင် ကျင့်စဉ်နှစ်ခု ရောထွေးသွားပြီး အရည်အချင်းကို စစ်ဆေးအကဲဖြတ်တဲ့ အချိန်ကျရင် အတိအကျ ရလဒ်တစ်ခု ထွက်ပေါ်လာဖို့ ခက်လိမ့်မယ်…”

ကျန်းယွမ်ချောင် က သတိပေးလိုက်သည်။

“တပည့် နားလည်ပါပြီ…”

စွန်းယန်ဝမ် က အလျင်အမြန်ပင် ခေါင်းညိတ်ပြလိုက်၏။ သူသည် မူလစွမ်းအင် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ် သုံးဆယ့်ခြောက်မျိုးကို ကျင့်ကြံခဲ့ပြီး သွေးကြောတစ်ခု ဖွင့်လှစ် နိုင်ခဲ့သော်လည်း ယင်းက သူ့၏ မွေးရာပါ စွမ်းရည်ကြောင့် မဟုတ်ဘဲ ပြင်းပြင်းထန်ထန် ကြိုးစား ကျင့်ကြံခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ကျန်းယွမ်ချောင် ၏ သတိပေးစကားမှာ သူ့အပေါ်တွင် အလွန်ရိုးသားပွင့်လင်းကြောင်း ထင်ရှားနေ၏။ အချိန်သည် ညဉ့်နက်ပိုင်းသို့ ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်သည်။ ကျန်းယွမ်ချောင် သည် တပည့်ဖြစ်သူအား ကာကွယ်ရန် ညလုံးပေါက်နီးပါး အိပ်စက်ရခြင်း မရှိဘဲ ကျန်းချင်းရှီ မှာလည်း သူ့အနီးတွင် အဖော်ပြုပေး နေခဲ့သည်။ ယခု စွန်းယန်ဝမ် က အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်သည်ကို မြင်သောအခါ ညီငယ်လေး အတွက် အလွန်အမင်း ဝမ်းသာသွားသည်။

“ဒီနေ့တော့ တော်တော်လည်း ညဉ့်နက်နေပြီ… ကျွန်တော် စွန်းညီလေးကို အရင်ဆုံး သွားအနားယူခိုင်း လိုက်မယ်… ဆရာလည်း ကောင်းကောင်း အနားယူပါ…”

ကျန်းချင်းရှီ က ပြောသည်။ ကျန်းယွမ်ချောင် က ပြုံးကာ ပြောလိုက်၏။

“ကောင်းပြီ… မနက်ဖြန်ကစပြီး ကျောင်းဝန်းသန့်ရှင်းရေးကို လုပ်စရာ မလိုတော့ဘူး… မင်းက ယန်ဝမ်နဲ့အတူတူ အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို ကူပြီး လေ့ကျင့်ပေးလိုက်ပါ… အဆင်မပြေတာ တစ်ခုခု ရှိလာရင် ဆရာ့ကို ချက်ခြင်း လာရှာပါ…”

စွန်းယန်ဝမ် သည် မနက်ဖြန်မှစကာ သန့်ရှင်းရေး လုပ်ရန် မလိုအပ်တော့ကြောင်း ကြားသောအခါ တစ်ကိုယ်လုံး သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။ ဤရက်ပိုင်းများအတွင်း သူသည် ကျန်းချင်းရှီ နှင့်အတူ ကျောင်းဝန်းသန့်ရှင်းရေး လုပ်ရင်း ကြမ်းတမ်းသော အလုပ်များကိုပါ လုပ်ခဲ့ရသောကြောင့် စိတ်မအီမသာ ဖြစ်ခဲ့ရသည်။ မည်သို့ပင်ဆိုစေ သူသည် ယခင်ကမ္ဘာတွင် မြို့ကြီးပြကြီး၌ နေထိုင်ခဲ့သော လူတစ်ဦး ဖြစ်သောကြောင့် ကိုယ်လက်လုပ်သား အလုပ်မျိုးကို တစ်ကြိမ်တစ်ခါမျှ လုပ်ခဲ့ဖူးခြင်း မရှိပေ။ သူသည် ကျန်းချင်းရှီ နှင့်အတူ သူ့အခန်းသို့ ပြန်လာချိန်တွင် ကျန်းချင်းရှီ က ပြောသည်။

“စွန်းညီလေး… တိုင်ရီကျောင်းတော်ရဲ့ နောက်ဘက်က ခြံဝန်းတစ်ခုက သန့်ရှင်းရေးလုပ်တာ ပြီးလုနီးပါး ဖြစ်နေပြီ… မနက်ဖြန်ကျရင် ညီလေးကို အိပ်ရာနှစ်ခု၊ စားပွဲ၊ ကုလားထိုင်နဲ့ အိမ်သုံး ပရိဘောဂအချို့ သွားဝယ်ဖို့ ခေါ်သွားမယ်… ပြီးရင် အရင်ဆုံး အဲဒီနေရာကို ပြောင်းနေလို့ရပြီ… အဲဒီနေရာရဲ့ ပတ်ဝန်းကျင်က သိပ်ကောင်းတယ်… အဲဒါကြောင့် ကျင့်ကြံတဲ့အခါ စိတ်ကို ကြည်လင်ပြီး လန်းဆန်းတက်ကြွ နေစေလိမ့်မယ်…”

ကျန်းချင်းရှီ ပြောသည့် နောက်ဘက်က သန့်ရှင်းရေးလုပ်ပြီးသည့် ခြံဝန်းဆိုသည်ကို သူလည်း ကောင်းစွာ သိပေသည်။ သူကိုယ်တိုင် ရှင်းလင်းထားခဲ့သော နေရာဖြစ်နေသည် မဟုတ်ပါလား။ ယခု ထိုနေရာသို့ ပြောင်းရွှေ့ရမည်ဟု ကြားသောအခါ စိတ်ထဲတွင် အနည်းငယ် မပြောင်းချင်သလို ဖြစ်နေမိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို ယခုမှသာ အခြေခံမှ စတင်ကျင့်ကြံရချိန် ဖြစ်သောကြောင့် အစွမ်းကုန် ကြိုးစားကျင့်ကြံ ချင်နေသည်။ အပြောင်း အရွှေ့များ အပေါ်တွင် အာရုံမစိုက်ချင်သေးပေ။ သို့သော် ကျန်းချင်းရှီ ၏ စေတနာကိုလည်း သူက နားလည်သည်။ သူ့လက်ရှိနေရာသည် ပစ္စည်းများ သီးသန့်ထားသည့် စတိုခန်း ဖြစ်သောကြောင့် ပြတင်းပေါက် မရှိသလို ပစ္စည်းများမှာလည်း ရှုပ်ပွနေပြီး ခုတင်လည်း မရှိပေ။ မီးဖိုဆောင်နှင့် နီးသောကြောင့် ထမင်းစားခြင်း အဆင်ပြေသည်မှလွဲလျှင် အခြား မည်သည့်အရာမျှ အသုံးမဝင်ဘဲ နေရထိုင်ရသည်က လုံးဝ မသက်မသာ ဖြစ်သည်။ သူက ခေါင်းညိတ်လက်ခံလိုက်၏။ ကျန်းချင်းရှီ ထွက်ခွာသွားသောအခါ ခုံရှည်များ ဆက်ထားသော မြက်ခြောက်အိပ်ယာပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်ကာ အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို နောက်တစ်ကြိမ် ထပ်မံလေ့ကျင့်လိုက်၏။ ဤတစ်ကြိမ်တွင်တော့ ဆရာဖြစ်သူ၏ ချီစွမ်းအား ကာကွယ်မှု မရှိသော်လည်း သူ ကျင့်ကြံသည့်အခါ စိတ်အစဉ်သည် ရေကဲ့သို့ ကြည်လင်ပြတ်သားနေပြီး မည်သည့် အနှောင့်အယှက်မျှ မကြုံခဲ့ရပေ။ အချိန်သည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် မိုးစင်စင်လင်းသွား၏။ သူ့ခန္ဓာကိုယ်သည် “ဆတ်”ခနဲ တုန်ခါသွားပြီး ခန္ဓာကိုယ်တွင်းရှိ နေရာလေးငါးခုမှ သွေးကြောများတွင် အလွန်သိမ်မွေ့သော ချီစွမ်းအင်လှိုင်းကလေးများ ဖြစ်ပေါ်လာခဲ့သည်။ မူလစွမ်းအင် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်နှင့် အထွဋ်အထိပ် သွေးကြော ကျင့်စဉ် နှစ်ခုစလုံးသည် သွေးကြောများကိုသာ အဓိက ကျင့်ကြံခြင်းမျိုး မဟုတ်ဘဲ စွမ်းအားကို ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့စေသည့် ကျင့်စဉ်များ ဖြစ်ကြသည်။ အကယ်၍ သွေးကြောတစ်ခုသည် မွေးကတည်းက ပွင့်နေမည်ဆိုပါက ချီစွမ်းအင်ကို အလိုအလျောက် ဖြစ်ပေါ်လာစေမည် ဖြစ်သလို သွေးကြောပေါ်တွင် ချီစွမ်းအင်များ သိပ်သည်းစွာ စုစည်းလာပြီး လုံလောက်သည့် အခြေအနေသို့ ရောက်ရှိမည် ဆိုပါက ထိုသွေးကြောကို ဖွင့်နိုင်မည် ဖြစ်သည်။ ယခု ဤ ချီစွမ်းအင်များသည် သွေးကြော တစ်ခုတည်း အပေါ်တွင် မဟုတ်သောကြောင့် နောက်ထပ် ပွင့်လာမည့် သွေးကြောမှာ မည်သည့်သွေးကြော ဖြစ်မည်ကို စွန်းယန်ဝမ် မသိပေ။ သို့သော် အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို ကျင့်ကြံခြင်းသည် ဆရာပြောသကဲ့သို့ အလွန်နှေးကွေးသည့်ပုံ မပေါ်သည့်အခါ သူ အနည်းငယ် သံသယ ဝင်သွားမိသည်။ သူသည် ကျန်းချင်းရီ နှင့်အတူ အိပ်ယာနှင့် ပရိဘောဂ သွားဝယ်မည်ကို သတိရသွားသဖြင့် ခုံရှည်များဆက်ထားသော အိပ်ယာထက်မှ “ဝုန်း”ခနဲ ခုန်ဆင်းကာ ပြေးထွက်လာခဲ့၏။ အပြင်သို့ ရောက်သောအခါ တုတ်တစ်ချောင်းကို ကောက်ယူလိုက်ပြီး နတ်ဆိုးသတ် ဓားသိုင်းကို တစ်ခေါက် လေ့ကျင်လိုက်သည်။ သူ့ထံတွင် ဟူဖုန်းဝေ ၏ ဓားရှိနေသော်လည်း ထိုဓားတွင် သမိုင်းကြောင်းများ ရှိနေသည်ကို ကောင်းစွာ သိသည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုဓားကိုမြင်ပြီး မှတ်မိသွားမည်ဆိုလျှင် ပြဿနာများ ပေါ်လာနိုင်သောကြောင့် အခန်းအတွင်း၌သာ သည်အတိုင်းပစ်ထားခဲ့သည်။ တစ်ဦးတည်း လေ့ကျင့်သည့် အချိန်၌ပင် ထုတ်သုံးခဲ့ခြင်းမျိုး မရှိပေ။ သူသည် ယမန်နေ့ညက သွေးကြောတစ်ခုကို ထပ်မံဖွင့်လှစ် နိုင်ခဲ့ခြင်းကြောင့် နတ်ဆိုးသတ်ဓားသိုင်း ခုနှစ်ဆယ့်နှစ်ကွက်ကို လေ့ကျင့်သည့်အခါ စွမ်းအားမှာ အနည်းငယ် တိုးတက်လာသည်ကို တွေ့သောအခါ စိတ်ထဲတွင် အလွန်အမင်း ဝမ်းသာပျော်ရွှင် သွားသည်။ ဓားကွက်တချို့ ထပ်မံလေ့ကျင့်ပြီးနောက် စွန်းယန်ဝမ် က ကျန်းချင်းရှီ ဆီသို့ ထွက်ခွာလာခဲ့သည်။ ကျန်းချင်းရှီ မှာ မနက်ခင်း ဝတ်ပြုဆုတောင်းခြင်းကို ပြုလုပ်ပြီးချိန်တွင် စွန်းယန်ဝမ် ရောက်ရှိလာသည်ကို မြင်သောအခါ သေးငယ်သော ပိုက်ဆံအိတ် တစ်ခုကို ယူလိုက်ပြီး ခါးကြားထဲတွင် ချိတ်လိုက်၏။ သူက ရယ်မောရင်း ပြောလိုက်သည်။

“စွန်းညီလေး… ငါတို့ မြို့ပေါ်ကို ပစ္စည်းလေးဘာလေး သွားဝယ်ရအောင်…”

စွန်းယန်ဝမ် ၏ စိတ်ထဲတွင် အချိန်အတော်ကြာ အောင့်အီးမြိုသိပ်ခဲ့ရသော မေးခွန်းတစ်ခုကို ယခုအခါ မည်သို့မျှ မထိန်းချုပ်နိုင်တော့ဘဲ မေးလိုက်မိ၏။

“ကျွန်တော်တို့ ဆရာဆီမှာ ပိုက်ဆံ မရှိဘူးလား အစ်ကို…”

ကျန်းချင်းရှီ က ခေါင်းညိတ်ကာ ရှင်းပြသည်။

“ငါတို့ဆရာက ဆောင်ယန်ဂိုဏ်းကနေ ထွက်လာတုန်းက သည်အတိုင်း ထွက်လာခဲ့တာကြောင့် သူ့ဆီမှာ ဘာမှပါမလာခဲ့ဘူး… ဆောင်ယန်ဂိုဏ်းဟာ အင်အားကြီးမားပြီး မြို့ကြီးတွေမှာ စီးပွားရေး လုပ်ငန်းတွေ ရှိပေမယ့် ငါတို့က ဂိုဏ်းကနေ ထွက်လာပြီးပြီဆိုတော့ သွားတောင်းဖို့က အဆင်မပြေတော့ဘူး…”

စွန်းယန်ဝမ် သည် ယနေ့ ပစ္စည်းသွားဝယ်မည်ကို သိသောကြောင့် ငွေစက္ကူများကို ယူဆောင်မလာသော်လည်း စစ်ပိုင်ဝေ နှင့် အခြားသူများထံမှ ရခဲ့သော ငွေအကြွေစေ့များ၊ ကြေးဒင်္ဂါးများနှင့် ငွေတုံးကြီး ငါးတုံးကို အိတ်တစ်ခုထဲတွင် ထည့်ယူလာခဲ့သည်။ ထိုစကားကို ကြားသောအခါ သူက ဘာမျှ ထပ်မံပြောဆိုခြင်း မပြုတော့ဘဲ ကျန်းချင်းရီ နောက်မှ တိတ်ဆိတ်စွာ လိုက်ကာ တိုင်ရီကျောင်းတော်၏ ဧရိယာမှ ထွက်ခွာလာခဲ့ကြသည်။ သူတို့ ရောက်လာသော မြို့ငယ်လေးသည် သူနှင့် မိုဝူရွှယ် တို့ ရက်အနည်းငယ် နေထိုင်ခဲ့ဖူးသည့် နေရာတစ်ခု ဖြစ်သောကြောင့် အတော်လေး ရင်းနှီးမှု ရှိနေသည်။ ဤမြို့တွင် ပရိဘောဂဆိုင်ဟူ၍ မရှိဘဲ လက်သမားဆရာ တစ်ဦးသာ ရှိသည်။ မြို့သည် အလွန်သေးငယ်ပြီး အခြေခံလူတန်းစား အများစု နေထိုင်သောကြောင့် ထိုကဲ့သို့ ပရိဘောဂကို ဆိုင်ကြီးများဖြင့် ရောင်းချနိုင်သူမှာ ရှားပါးသည်။ လူအနည်းငယ်လောက်သာ အိမ်သုံးပစ္စည်း တချို့ ပြုလုပ်ကြပြီး အများစုသည် ပစ္စည်းဟောင်းများကို ပြန်လည် ပြုပြင်ပေးခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြသူများ ဖြစ်သည်။ ကျန်းချင်းရှီ သည် ဆရာနှင့်အတူ သိုင်းလောက အတွင်း လှည့်လည်ဖူးသောကြောင့် အတွေ့အကြုံများစွာ ရှိသည်။ သူသည် မည်သည့် ပစ္စည်းကိုမျှ အော်ဒါမှာခြင်းမျိုး မရှိဘဲ လက်သမားဆရာ၏ နေအိမ်တွင် အသင့်ရှိနေသော ပစ္စည်းများထဲမှ သစ်သားကုတင် နှစ်လုံး၊ စားပွဲနှင့် ကုလားထိုင်အချို့ကို ရွေးယူလိုက်၏။ စွန်းယန်ဝမ် သည် သစ်သားပြား အချို့ကို ထပ်မံရွေးချယ်လိုက်ပြီးနောက် နှစ်ဦးသား လက်သမား ဆရာနှင့် ဈေးနှုန်း ညှိနှိုင်းကာ စရံငွေတချို့ ပေးချေခဲ့ပြီး ပစ္စည်းများအား တိုင်ရီကျောင်းတော်သို့ ပို့ဆောင်ပေးရန် မှာကြားခဲ့သည်။ သူတို့အလုပ် ပြီးသွားသောအခါ ကျန်းချင်းရှီ က ပြန်တော့မည်ပြုစဉ် စွန်းယန်ဝမ် သည် ကျန်းချင်းရှီ ၏ လက်ကို ဆွဲထားပြီး ပြောလိုက်၏။

“ဆရာတူအစ်ကို… ကျွန်တော်တို့ ဆရာရဲ့ ဝတ်ရုံက တော်တော်စုတ်ပြဲနေတာကို ကျွန်တော် တွေ့တယ်… အစ်ကို့ရဲ့ ဝတ်ရုံမှာလည်း အဖာရာတွေ ရှိနေတယ်… ကျွန်တော့်ဆီမှာလည်း ဆိုင်အကူ ဝတ်ရုံပဲ ရှိတယ်… အပ်ချုပ်ဆိုင် တစ်ဆိုင်ဆိုင်ကိုသွားပြီး ဘုန်းတော်ကြီးဝတ်ရုံ သုံးစုံလောက် အော်ဒါမှာရအောင်… ကျွန်တော်တို့လည်း ဝတ်ရုံအသစ်လေး ဘာလေး ပြောင်းဝတ်ကြတာပေါ့…”

ကျန်းချင်းရှီ သည် အလွန်စိတ်မသက်မသာ ဖြစ်သွားသည့် ပုံစံဖြင့် သူ့နားနားသို့ကပ်ကာ ခပ်တိုးတိုး ပြောလိုက်၏။

“စွန်းညီလေး မင်းစွတ်တရွတ် မလုပ်နဲ့… ငါ့မှာ အဲ့လောက်များတဲ့ ပိုက်ဆံ ပါမလာဘူး…”

စွန်းယန်ဝမ် က ရယ်မောကာ ပြောလိုက်သည်။

“ကျွန်တော့်မှာ ပိုက်ဆံ နည်းနည်းပါပါတယ်… ဒီပိုက်ဆံကို ကျွန်တော်ပဲ ပေးလိုက်ပါမယ်…”

ကျန်းချင်းရှီ ၏ မျက်နှာက အနည်းငယ် တည်ကြည်သွားပြီး စွန်းယန်ဝမ် ကို ဘေးသို့ ဆွဲခေါ်ကာ အလေးအနက် ပြောလိုက်၏။

“စွန်းညီလေး… ငါတို့လို သိုင်းပညာရှင်တွေအတွက် သတိတစ်ချက်လွတ်ပြီး သမာဓိ ပျက်သွားမယ် ဆိုရင် ငွေဆိုတာက လက်တစ်ကမ်းမှာပဲ ရှိတယ်… ငါတို့ရဲ့ ဆောင်ယန်ဂိုဏ်းဟာ ဂုဏ်သရေ ကြီးမားတဲ့ ဂိုဏ်းကြီးတစ်ခု ဖြစ်တဲ့အတွက် မတရားသဖြင့် သိမ်းပိုက်တာမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး… ဒါပေမဲ့ ပိုက်ဆံရှာချင်တယ် ဆိုရင်တော့ သိပ်ကို လွယ်ပါတယ်… ဥပမာ ဆိုင်ကြီးတစ်ဆိုင်က ဆောင်ယန်ဂိုဏ်းရဲ့ အလံကို ချိတ်ဆွဲပြီး ကုန်ပစ္စည်းတွေ ပို့ခိုင်းလိုက်တာနဲ့ တလောင်ပြည်နယ် တစ်ပြည်နယ်လုံးကို အနှောင့်အယှက်မရှိ သယ်သွားလို့ရတယ်… လမ်းခရီးတစ်လျှောက် တောတောင်တွေထဲက သူခိုးဓားပြတွေကတောင် မျက်နှာသာ ပေးရတယ်… ဒီအလံတစ်ခုတည်းနဲ့တင် တစ်နှစ်ကို ငွေစ ရာပေါင်းများစွာကနေ ထောင်ပေါင်းများစွာအထိ ဝင်ငွေ ရနိုင်တယ်… တခြား ပိုက်ဆံရှာနည်းပေါင်း များစွာလည်း မရေမတွက်နိုင်အောင် ကျန်သေးတယ်… သူရဲကောင်းဆိုတာ ငွေကြေးကို ချစ်ခင်သလို သမာသမတ်ကျတဲ့ နည်းလမ်းနဲ့ပဲ ရှာဖွေတတ်တယ်… ငါတို့ တိုင်ရီကျောင်းတော်ကလည်း အချိန်မပေးနိုင်သေးတာပဲရှိတယ်… ဆရာ့ရဲ့ စွမ်းအားနဲ့ဆိုရင် ငွေရဖို့ဆိုတာက လုံးဝမခက်ဘူး… စွန်းညီလေး မှတ်ထားရမှာက သူတစ်ပါး မျက်ရည်ပေါက် ကြီးငယ်ကျမှ စားရမယ့် ထမင်းမျိုးကို ဘယ်တော့မှ မရှာဖွေမိပါစေနဲ့…”

စွန်းယန်ဝမ် အလွန်ရှက်ရွံ့သွားပြီး အသံခပ်တိုးတိုးဖြင့် ပြောလိုက်၏။

“ဒီပိုက်ဆံတွေ အကုန်လုံးက ကျွန်တော့်ရဲ့ အရင်ကဆရာ မိုဝူရွှယ် ပေးခဲ့တာပါ… မဟုတ်ရင် ကျွန်တော့်လို ဆိုင်အကူ တစ်ယောက်က ဒီလောက်များတဲ့ ပိုက်ဆံတွေက ဘယ်ကနေပြီး ရနိုင်မှာလဲ…”

ကျန်းချင်းရှီ က ပေါ့ပါးစွာ ပြုံးလိုက်ပြီး ပြောသည်။

“စွန်းညီလေး က ငယ်သေးတာကို… ဒီစကားတွေကို စိတ်ထဲမှာ မှတ်ထားရုံနဲ့ လုံလောက်ပါပြီ… ဆရာတူ အစ်ကိုက စွန်းညီလေးကို ဆုံးမနေတာ မဟုတ်ပါဘူး… ဒါပေမဲ့ လူသားတစ်ယောက်ရဲ့ ကျင့်ဝတ်ဟာ ဖြောင့်မတ်မှန်ကန် နေမှသာ စစ်မှန် မြင့်မြတ်တဲ့ စွမ်းအားကို မွေးထုတ် ပေးနိုင်လိမ့်မယ်… စိတ်ထဲမှာ အညစ်အကြေး ကင်းစင်သွားတဲ့ အခါကျရင် သိုင်းပညာမှာ ဘယ်သူမှ မယှဉ်နိုင်တဲ့ ခမ်းနားထည်ဝါတဲ့ အရှိန်အဝါမျိုးကို ပိုင်ဆိုင်နိုင်လာလိမ့်မယ်…”

All Chapters