“ဒဏ္ဍာရီလာ သိုင်းဝိဇ္ဇာကြီး တစ်ဦး”
Vol. 1 Ch. 7
လူများ၏ အာရုံစိုက်မှုများကို ရှောင်ရှားနိုင်ရန် စွန်းယန်ဝမ် သည် တည်းခိုသည့် နေရာတွင် မည်သည့်အခါမျှ ကျင့်ကြံခြင်း မရှိပေ။ သူသည် ကျင့်ကြံရန်အတွက် မြို့အပြင် လူသူလေးပါး ကင်းရှင်းသော နေရာများကိုသာ ရွေးချယ်လေ့ရှိသည်။ ယခု သူ့၏ သိုင်းပညာသည် အဆင့်သစ် တစ်ခုသို့ ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်သောကြောင့် ဆရာဖြစ်သူအား ပြောပြချင်သည့် စိတ်ကို မထိန်းထားနိုင်အောင် ဖြစ်နေသည်။ သူ တည်းခိုသည့်နေရာသို့ ပြန်ရောက်လာသောအခါ ဆရာဖြစ်သူသည် ဘုန်းတော်ကြီး တစ်ပါးနှင့် စကားပြောဆိုနေသည်ကို တွေ့လိုက်ရ၏။ ဘုန်းတော်ကြီး၏ အသက်သည် သူ့ထက် အနည်းငယ် ပိုကြီးပြီး ဖြောင့်စင်းသော မျက်ခုံး၊ တလက်လက် တောက်ပနေသော ကျောက်စိမ်းရောင် မျက်လုံးများနှင့် လွပ်လပ်ပေါ့ပါးသော ဟန်ပန်မျိုး ရှိသည်။ ယင်းက ဘုန်းကြီးတစ်ပါးဟု ဆိုခြင်းထက် မြင့်မြတ်ခမ်းနားသော မင်းသားတစ်ပါး၏ ပုံစံနှင့် ပို၍ ဆင်တူနေ၏။ သူ့ဆရာသည် ထိုကဲ့သို့ သူမျိုးအား မည်သို့ သိရှိခဲ့သည် ဆိုသည်ကို စွန်းယန်ဝမ် အလွန်သိချင်သွားသည်။ သူသည် မိုဝူရွှယ် သူ့အား သင်ပြပေးထားသော သိုင်းလောက၏ ယဉ်ကျေးမှုအတိုင်း လက်သီးနှစ်ဖက်ကို ဆုပ်လိုက်ပြီး ခါးကိုအနည်းငယ်ကိုင်းကာ ဦးညွှတ်ဂါရဝပြုလိုက်၏။
“ဆရာနဲ့ စီနီယာကို ဂါရဝပြုပါတယ်…”
ဘုန်းတော်ကြီးက နူးညံ့ညင်သာစွာ ပြုံးလိုက်ပြီး လက်ရှည်ဝတ်ရုံကြီးကို လေထဲတွင် ရမ်းကာ ပြောလိုက်သည်။
“သူက ညီငယ်လေးယန်ဝမ်ဆိုတာလား…”
စွန်းယန်ဝမ် သည် ရုတ်တရက် သူ့၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် မမြင်နိုင်သော လျှို့ဝှက်စွမ်းအား တစ်ခု ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည်။ တစ်ခုကံကောင်းသွားသည်က သူ့ခြေထောက်တွင် သွေးကြောတစ်ခု ပွင့်သွားခဲ့ပြီ ဖြစ်သောကြောင့် ခြေထောက်သည် ကြမ်းပြင်ပေါ်တွင် မြဲမြံစွာ ကပ်တွယ်နေပြီး အနည်းငယ် ယိမ်းယိုင်သွားရုံမှအပ ရုပ်ပျက်ဆင်းပျက် အခြေအနေမျိုးအထိ ဖြစ်မသွားခဲ့ပေ။ သူရုတ်တရက် ဒေါသ “ထောင်း”ခနဲ ထွက်သွားပြီး မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ လုပ်ရသည့်အကြောင်းအား ဖြေရှင်းချက်တောင်းရန် ပြင်လိုက်စဉ် ဘုန်းတော်ကြီး၏ အနည်းငယ် အံ့အားသင့်စွာ ပြောဆိုလိုက်သော အသံ ထွက်ပေါ်လာသည်။
“ညီငယ်လေးယန်ဝမ်က မူလစွမ်းအင် အခြေခံအုတ်မြစ်ကို လအနည်းငယ်ပဲ သင်ထားရသေးတယ် ဆိုပေမယ့် သွေးကြော တစ်ခုကို ဖွင့်ထားနိုင်ပြီဆိုတော့ တကယ့်ကို အရည်အချင်း ရှိတဲ့သူပဲ… သိပ်ကောင်းတယ်…”
“ဒီစကားကတော့ ဆရာကိုယ်စား ကျွန်တော် လက်ခံပါတယ်…”
စွန်းယန်ဝမ် အနည်းငယ် ကျေနပ်သွားသည်။ ဘုန်းတော်ကြီး က ဆက်ပြောလိုက်သည်။
“ညီငယ်လေးယန်ဝမ်က သဘောတူတယ် ဆိုရင်တော့ ကျုပ် သူ့ကို တိုင်ရီကျောင်းတော်ကို ခေါ်သွားပါမယ်…”
စွန်းယန်ဝမ် သည် ဘုန်းတော်ကြီး၏ စကားကို နားထောင်ရင်း တစ်စုံတစ်ခု မူမမှန်သည်ကို ခံစားရပြီး ဆရာဖြစ်သူ၏ မျက်နှာကို ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်၏။ မိုဝူရွှယ် က အသာအယာ ပြုံးလိုက်ပြီး ပြောသည်။
“ယန်ဝမ်… ငါ့တပည့်လေး… ငါက မိသားစုပြင်ပက သိုင်းပညာကိုပဲ မင်းကို သင်ပေးနိုင်တာ… တကယ့် စစ်မှန်တဲ့ သိုင်းပညာမျိုး မင်းကို ပေးနိုင်မှာ မဟုတ်ဘူး… ပြီးတော့ ငါ့မှာလည်း လက်စားချေရမယ့် ကိစ္စက ရှိနေသေးတယ်… ငါက သိုင်းလောကထဲမှာ အမြဲတမ်း လှည့်ပတ် သွားနေရလိမ့်မယ်… မင်းကို အမြဲတမ်း ခေါ်သွားဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး… အဲဒါကြောင့် မင်းအတွက် ဆရာအသစ်တစ်ယောက် ရှာလိုက်တာ… သူက ဆောင်ယန်ဂိုဏ်းက ကျန်းယွမ်ချောင် ဘုန်းတော်ကြီးပဲ… အခု မင်းရှေ့က လူက ကျန်းယွမ်ချောင် ဘုန်းတော်ကြီးရဲ့ ပထမဆုံး တပည့်ပဲ… သူကလည်း ကျန်းမိသားစုဝင်ဖြစ်ပြီး နာမည်က ချင်းရှီ လို့ခေါ်တယ်… မင်း ဒီနေ့ပဲ ဆရာတူအစ်ကို ကျန်းချင်းရှီ နဲ့ လိုက်သွားရမယ်…”
စွန်းယန်ဝမ် သည် ယခုကဲ့သို့ ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သော်လည်း ဤမျှ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟုတော့ မမျှော်လင့်ထားပေ။ သူသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး မိုဝူရွှယ် ကို သုံးကြိမ်တိုင် ဦးညွှတ်အရိုအသေ ပေးလိုက်၏။
“တပည့်က အရင်တုန်းက သာမန်ဆိုင်အကူလေး တစ်ယောက်ပါ… ဒီဘဝမှာ ဆရာ့ရဲ့ ကူညီစောင့်ရှောက်မှုသာ မရှိခဲ့ရင် အိုမင်းသေဆုံးတဲ့အထိ အချိန်တွေကို ဖြုန်းတီးမိပြီး ဆင်းရဲဒုက္ခတွေနဲ့ ရုန်းကန်သွားရမှာ သေချာပါတယ်… အခုအချိန်မှာ ဆရာ့ရဲ့ ကျေးဇူးတရားကို ဘယ်လိုမှ ပြန်မဆပ်နိုင်တဲ့ အတွက် အရည်အချင်း မပြည့်ဝတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ မကျေမနပ် ဖြစ်မိတယ်… ကျွန်တော်က ဆရာ့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်နေခဲ့တယ်… ဆရာ့ကို နောက်ထပ် နှစ်နည်းနည်းလောက် အလုပ်အကျွေး ပြုချင်ပေမယ့်လည်း အခြေအနေက အဲဒီလောက်ကြီး အခွင့်အရေး မပေးခဲ့ဘူး…”
သူ့၏ စကားဆုံးသွားသည်နှင့် မိုဝူရွှယ် မှာလည်း အလွန်စိတ်မကောင်း ဖြစ်သွားမိသည်။ သူသည် စွန်းယန်ဝမ် ထက် အသက်အနည်းငယ်သာ ပိုကြီးပြီး ဆရာ့တပည့်အဖြစ် လအနည်းငယ် အတူနေထိုင်ခဲ့သည်။ သူတို့သည် ဤလောကထဲတွင် လှည့်လည်သွားလာ နေသော ကစားဖော် သူငယ်ချင်းနှစ်ဦးနှင့်ပင် ပို၍ ဆင်တူနေခဲ့သည်။ စွန်းယန်ဝမ် သည် လိမ္မာပါးနပ်သလို အမြင်စူးရှလွန်းသူ ဖြစ်သောကြောင့် သူ့ကို ခွဲခွာရန် ဆိုသည်က မိုဝူရွှယ် အတွက်လည်း ခက်ခဲနေသည်။ သို့သော် သူသည် ကြီးမားသော သွေးကြွေးကို ထမ်းပိုးထားရပြီး အဖေဖြစ်သူနှင့် အဖိုးဖြစ်သူတို့အား သတ်ဖြတ်သွားခဲ့သော ဟူမိသားစုအား မည်သည့်နည်းလမ်းနှင့်မဆို လက်တုံ့ပြန်ရန် လိုအပ်နေခဲ့သည်။ ထို့ကြောင့် ကျင့်ကြံခြင်း လောကထဲသို့ စတင်ခြေချလာသူ စွန်းယန်ဝမ် ကို ခေါ်သွားရန် ဆိုသည်က မည်သို့မျှ မဖြစ်နိုင်ပေ။ သူက အနည်းငယ် ပေါ့ပါးသွားစေရန် ရယ်မောလိုက်၏။
“နောက်ထပ် မတွေ့ရတော့မယ့် သူတွေကျနေတာပဲ… မိန်းကလေး တစ်ယောက်လို ပုံစံမျိုးကြီး လုပ်မနေစမ်းပါနဲ့… သွား သွား… ကျန်းချင်းရှီ နဲ့ မြန်မြန်လိုက်သွားတော့…”
စွန်းယန်ဝမ် သည် ဆရာဖြစ်သူနှင့် မခွဲလိုသော်လည်း အခြေအနေကို ကောင်းစွာ နားလည်သောကြောင့် အကြိမ်ပေါင်းများစွာ အရိုအသေ ပေးပြီးမှသာ ကျန်းချင်းရှီ နှင့်အတူ တည်းခိုသည့် နေရာမှ ထွက်ခွာသွားခဲ့သည်။ မြို့ပြင်သို့ ရောက်သောအခါ ကျန်းချင်းရှီ သည် စွန်းယန်ဝမ် ၏ အခြေခံ စွမ်းအားကို စမ်းသပ်ချင်သောကြောင့် သူ့စွမ်းအား၏ ငါးဆယ်ရာခိုင်နှုန်းကို မသိမသာ ထုတ်သုံးလိုက်၏။ သို့သော် စွန်းယန်ဝမ် သည် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာနိုင်သည်ကို မြင်သောအခါ သူ အနည်းငယ် ဝမ်းသာသွားသည်။ သူ့၏ ဆရာဖြစ်သူ ကျန်းယွမ်ချောင် သည် ပင်မဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးနှင့် ဆက်ဆံရေး အဆင်မပြေခြင်းကြောင့် ဘိုးဘေး ပုံတူရှေ့တွင် ကတိသစ္စာပြုကာ ဂိုဏ်းမှခွဲထွက်လာပြီး သီးခြားဂိုဏ်းတစ်ခု တည်ထောင်ရန် ကြိုးစားနေခဲ့သည်။ သို့သော် လက်ရှိတွင် ဂိုဏ်းချုပ်နှင့် တပည့်ဖြစ်သော “သူ” တို့ နှစ်ဦးသာ ရှိသေးခြင်းကြောင့် တပည့်များကို ပိုမိုလိုအပ်လျက်ရှိသည်။ သို့သော် အရည်အချင်း ရှိပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ကာ ကြိုးစားအားထုတ်မှု အပြည့်ရှိသော လူငယ်တစ်ဦးကို မည်သည့် နေရာတွင် သွားရောက်ရှာဖွေရပါမည်နည်း။ မည်သို့ပင်ဆိုစေ သူ့ဆရာဆိုသည်မှာ ဤလောက၏ ထိပ်သီး သိုင်းဝိဇ္ဇာကြီး ငါးဦးထဲတွင် တစ်ဦးအပါအဝင် ဖြစ်သောကြောင့် အရည်အချင်း မမီသူ တစ်ဦးကို တပည့်အဖြစ် လက်ခံမိမည်ဆိုပါက ဆရာ၏ ဂုဏ်သတင်းမှာ မြောင်းထဲ စိုက်သွားပေလိမ့်မည်။ ဤစွန်းယန်ဝမ် ဆိုသည့် လူငယ်လေးသည် မိုဝူရွှယ် ၏ အသက်ကို ကယ်တင်ခဲ့ဖူးသူဟု သူကြားထားခဲ့သည်။ ထို့ကြောင့် အကျင့်စာရိတ္တပိုင်းနှင့် ပတ်သက်၍ မည်သည့် စိုးရိမ်စရာမျှ မလိုအပ်တော့ပေ။ ထို့အပြင် မူလစွမ်းအင် အခြေခံအုတ်မြစ်ကိုလည်း လအနည်းငယ်သာ သင်ယူခဲ့ရပြီး ဤမျှ အခြေခံရှိနေပြီဆိုခြင်းက သူ့၏ ပါရမီသည် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။ အရေးအကြီးဆုံး အရာက သူ့၏ ကြိုးစားအားထုတ်ချင်သည့် စိတ်ဓာတ်ဖြစ်သည်။ ထိုအရာများ အားလုံး ပြီးပြည့်စုံနေသောကြောင့် စွန်းယန်ဝမ် သည် နောင်တစ်ချိန်တွင် တိုင်ရီကျောင်းတော်၏ ဂုဏ်သတင်းကို နေလိုလလို ထင်ရှားကျော်ဇောလာအောင် ပြုလုပ်ပေးမည့်သူတစ်ဦး မုချဖြစ်လာမည်ဟု ကျန်းချင်းရှီ က ယူဆသည်။ သူတို့နှစ်ဦးသည် နေ့တစ်ဝက်ကျော်ခန့် ခရီးနှင်လာခဲ့သော်လည်း လမ်းတစ်လျှောက် လူအရိပ်အယောင်ဟူ၍ လုံးဝ မတွေ့ခဲ့ရပေ။ နှစ်ဦးစလုံးထံတွင် အတွေးများကိုယ်စီဖြင့် ရှိနေသောကြောင့် စကားတစ်ခွန်းမျှ မပြောဖြစ်ခဲ့ကြဘဲ နေဝင်ရီတရော အချိန် ရောက်သောအခါ အဆောက်အဦ တစ်ခုကို တွေ့လိုက်ရသည်။ တံခါးပေါက်နေရာတွင် တိုင်ရီကျောင်းတော် ဟူသော စာသားကို ရေးထိုးထားပြီး တံခါးက ဟောင်းလောက်ပေါက် ပွင့်နေ၏။ အစောင့်အကြပ်ဟူ၍ ခွေးတစ်ကောင်ပင် မရှိဘဲ ကျန်းချင်းရှီ က အထဲကို တန်းတန်းမတ်မတ် ဝင်သွားသည်။ စွန်းယန်ဝမ် စိတ်ထဲတွင် အနည်းငယ် ပျော်ရွှင်သွားပြီး တွေးလိုက်မိသည်။
“ဆရာ အချိန်းအပြောင်းမှာ ငါ့ဘဝက အေးအေးဆေးဆေး ကျင့်ကြံနိုင်တော့မယ် ဆိုတာကလည်း မကောင်းတာတော့ မဟုတ်ပါဘူး…”
သူသည် ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်သောကြောင့် သူ့စိတ်သည် များစွာ တည်ငြိမ်ရင့်ကျက် လာခဲ့သည်။ ကျန်းချင်းရှီ ကဲ့သို့ ကျောင်းဝန်းအတွင်းကို ဝုန်းဒိုင်းကြဲ ဝင်မသွားဘဲ အဝတ်အစားများကို အနည်းငယ် သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့်လိုက်ပြီး ခန္ဓာကိုယ်ပေါ်တွင် ကပ်ညှိနေသော ဖုန်မှုန့်များကို ဦးစွာ ခါချလိုက်သည်။ ထို့နောက်မှသာ ရိုသေမှု အပြည့်ရှိပြီး တည်ကြည်သော မျက်နှာ အမူအရာဖြင့် ကျောင်းဝန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သက်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီး တစ်ပါးသည် ကျောင်းခြံဝန်းအတွင်း မုဒြာဟန်ဖြင့် ထိုင်ကာ ဈာန်ဝင်စားနေ၏။ သို့သော် သူထိုင်နေသည့် အောက်တွင် မည်သည့် ဖျာတစ်ချပ်မျှ မရှိသလို အခြား မည်သည့် ထိုင်စရာမျှလည်း မရှိဘဲ ရေများအပြည့် ရှိနေသည့် စည်ပိုင်းကြီး တစ်ခု ဖြစ်နေသည်။ ဘုန်းတော်ကြီးသည် ရေမျက်နှာပြင်၏ အထက် နှစ်လက်မခန့်အကွာ လေထဲတွင် မြောက်တက်နေပြီး အောက်ဘက်ရှိ ရေမျက်နှာပြင်သည် လှိုင်းကြက်ခွပ်ကလေးများ ဖြစ်ပေါ်နေ၏။ ယင်းကို ကြည့်ပါက ကြီးမားသော စွမ်းအားတစ်ခုက ရေပြင်ကို တွန်းကန်ထားခြင်းကြောင့် ဖြစ်မှန်း သိသာသည်။ ထိုမြင်ကွင်းကို မြင်သောအခါ စွန်းယန်ဝမ် သည် အံ့အားသင့်လွန်းသောကြောင့် အောက်မေးရိုးများပင် ပြုတ်ကျသည် အထိ ဖြစ်သွားခဲ့သည်။ ဤကမ္ဘာမှ သိုင်းပညာရှင်များသည် ဤမျှအထိ အံ့အားသင့်ဖွယ် ကောင်းနေမည်ဟု သူမည်သည့်အခါကမျှ မတွေးခဲ့ဖူးပေ။ ဟူဖုန်းဝေ သည် အပြာရောင် ဓားချီကို ပေဝက်ခန့်အထိ ထုတ်ဖော်ပြခဲ့ပြီး ယခုတစ်ခါ ဤဘုန်းတော်ကြီးက သူ့အား ပို၍ပင် အံ့ဩစေခဲ့သည်။
“မဟုတ်သေးဘူး… ငါ မှားနေပြီ… ဒါက ငါ့ဆရာလေ… သူက ရေပေါ်မှာတောင် အေးအေးဆေးဆေး ကျင့်ကြံနေနိုင်တယ် ဆိုတော့… ဒါတွေက ဘယ်လိုမျိုး ထူးခြားတဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေလဲ…”
မကြာမီ သူကိုယ်တိုင်မှာလည်း ဤကဲ့သို့သော နတ်ဘုရားနည်းလမ်းများကို သင်ယူနိုင်တော့မည်ကို တွေးမိသောအခါ စွန်းယန်ဝမ် ၏ ရင်သည် ဒီရေလှိုင်းများပမာ တဝုန်းဝုန်း ခုန်ပေါက်ရိုက်ခတ် သွားတော့သည်။ သူသည် မြေပြင်ထက်သို့ အလျင်အမြန် ဒူးထောက်ချလိုက်ပြီး ရိုသေစွာ ဂါရဝါ ပြုလိုက်၏။
“တပည့် စွန်းယန်ဝမ် က ကျေးဇူးရှင် ဆရာတော်ကို ဂါရဝပြုပါတယ်…”
စွန်းယန်ဝမ် သည် ထုံးတမ်းဓလေ့များအတိုင်း ရှစ်ကြိမ်တိတိ အရိုအသေပေးလိုက်သည်။ ဘုန်းတော်ကြီးသည် ကျောင်းဝင်းအတွင်း သူတို့ဝင်လာသည်ကို သိနေသော်လည်း ချက်ခြင်း ထလာခြင်းမရှိဘဲ တစ်ခုခုကို အရိုအသေ ပေးပြီးမှသာ စည်ပိုင်းကြီးထက်မှ အပေါ်သို့ ဖြည်းဖြည်းချင်း မြောက်တက်သွားပြီး မြေပြင်ပေါ်သို့ ဆင်းလာသည်။ သူ့၏ အရပ်အမောင်းသည် လွန်စွာမြင့်မားပြီး ခြောက်ပေ သုံးလက်မခန့်မျှ ရှိသည်။ စွန်းယန်ဝမ် ၏ ယခင်ကမ္ဘာတွင် ဆိုပါက ထိုအရပ်အမောင်း တစ်ခုတည်းဖြင့် ဘက်စကတ်ဘောသမား တစ်ဦး ဖြစ်သွားနိုင်ဖွယ် ရှိသည်။ ဘုန်းတော်ကြီး၏ မျက်နှာသွင်ပြင်သည် ချောမောခန့်ညားခြင်း မရှိသော်လည်း ကြည့်ရဆိုးသည့် ရုပ်ရည်မျိုးလည်း မဟုတ်ဘဲ သာမန်ရွက်ကြမ်းရည်ကျို ရုပ်ရည်မျိုးသာ ဖြစ်သည်။ သူက ပြုံးကာ ပြောလိုက်၏။
“ငါ့ဆရာနဲ့ မိုမိသားစုက ဘိုးဘေးတွေက သိပ်ကို ရင်းနှီးခင်မင်ကြတဲ့ မိတ်ဆွေတွေပဲ… ငါနဲ့ မိုဝူရွှယ် ဆိုတာကလည်း တော်တော်လေး ရင်းနှီးတဲ့ သူတွေပဲ… သူ့အနေနဲ့ တပည့်လက်ခံဖို့အတွက် ခက်ခဲနေလို့ မင်းကို ငါ့ဆီကို လွှဲပေးလိုက်တာပဲ… ငါက ကျန်းချင်းရှီ ကို ခေါ်ပြီး ပင်မဂိုဏ်းကနေ ခွဲထွက်လာပြီးတော့ ဒီနေရာမှာ တိုင်ရီဂိုဏ်းကို အသစ်တည်ထောင်ခဲ့တယ်… ငါတို့ဂိုဏ်းမှာ ဂိုဏ်းသား တပည့်တွေ အများကြီးလိုအပ်နေတယ် ဆိုပေမယ့် အရည်အချင်းမရှိဘဲ အရေအတွက် တိုးနေတာတွေ… ဒါမှမဟုတ် အကျင့်စာရိတ္တ မကောင်းတဲ့သူတွေ… ပျင်းရိတတ်တဲ့ တပည့်မျိုးတွေကို ငါက လက်မခံဘူး… ဒါပေမဲ့ ကျန်းချင်းရှီ ကိုယ်တိုင် မင်းကို ခေါ်လာတာဖြစ်လို့ သူက မင်းကို သဘောတူ လက်ခံလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ… ငါ့ရဲ့ သဘောထားက သူ့ရဲ့သဘောထား အတိုင်းဆိုတော့ မင်း ငါ့တပည့် ဖြစ်သွားပြီ… တိုင်ရီဂိုဏ်းဟာ အခုမှ တည်ထောင်ကာစ ဂိုဏ်းသစ်တစ်ခု ဖြစ်လို့ ဘာစည်းကမ်းသတ်မှတ်ချက်မှ မရှိသေးဘူး… မင်းလည်း ဂါရဝပြုပြီးပြီ ဖြစ်လို့ ငါတို့ကြားက ဆရာတပည့် အသိအမှတ် ပြုမှုက ပြီးမြောက်သွားပြီလို့ သတ်မှတ်လိုက်ပြီ… အရင်ဆုံး မင်းနေရမယ့် နေရာကို ကျန်းချင်းရှီ က စီစဉ်ပေးလိမ့်မယ်…”
“ဆရာတူ အစ်ကို့ကို ကျေးဇူးအများကြီး တင်ပါတယ်…”
စွန်းယန်ဝမ် က ကျေးဇူးတင်စကား အလျင်အမြန် ပြောဆိုလိုက်၏။ ကျန်းချင်းရှီ က မည်သည့် စကားမျှ ပြန်မပြောဘဲ အသာအယာ ပြုံးလိုက်ပြီး ပေါ့ပါးလွတ်လပ်သည့် ဟန်ဖြင့် ထွက်သွားသည်။ စွန်းယန်ဝမ် သည် အခန်းအတွင်း လှည့်ပတ်ကြည့်ရှု စစ်ဆေးလိုက်သောအခါ ဤအခန်းသည် မူလက စတိုခန်းတစ်ခု ဖြစ်နိုင်ဖွယ်ရှိပြီး ခုတင်တစ်လုံးမျှ မရှိသလို ခုံတန်းရှည်များသာ ရှိနေသည်။ သူ့ပစ္စည်းများ ဝှက်ထားရန် နေရာမရှိသည်ကို မြင်သောအခါ စိတ်ထဲတွင် အကြံတစ်ခုရလာပြီး မျက်နှာကြက်နေရာမှ ထုတ်တန်းကို လှမ်းကြည့်လိုက်၏။ သူသည် အပေါ်သို့တက်ရန် ခုံရှည်များကို ထပ်လိုက်ပြီး အထုပ်နှင့် နတ်ဆိုးသတ်ဓားကို ထုတ်တန်းပေါ်တွင် တင်ထားလိုက်သည်။ သို့သော် အထုပ်မှ အဝတ်စအနည်းငယ်ကို အောက်သို့ တမင်တကာ တွဲလောင်းချထားပြီး မြင်သာစေရန် လုပ်ထားလိုက်၏။ ငွေစက္ကူများ ထည့်ထားသော လက်ပြတ်အင်္ကျီကိုတော့ သာမန်အဝတ်အစား များနှင့်အတူ ကြမ်းပြင်ပေါ်တွင် သည်အတိုင်း ပစ်ထားခဲ့သည်။ အမှန်တကယ်တော့ ဤဂိုဏ်း၌ ပစ္စည်းပျောက်ရန် ဆိုသည်မှာ မဖြစ်နိုင်သလောက် ဖြစ်သော်လည်း ထိုအရာများကို သူ့မသိစိတ်မှ အလိုအလျောက် လုပ်မိနေခြင်း ဖြစ်သည်။ စွန်းယန်ဝမ် သည် တစ်ယောက်တည်း အလုပ်ရှုပ်နေရင်း အားသွားသည့်အချိန်တွင် ကျန်းချင်းရှီ ၏ အပြင်ဘက်မှ ခေါ်သံကို ကြားလိုက်ရ၏။
“စွန်းညီလေး… ညစာစားဖို့ အချိန်ရောက်ပြီ…”
စွန်းယန်ဝမ် သည် တံခါးဖွင့်ကာ ထွက်လာပြီး ကျန်းချင်းရှီ ကို ဂါရဝပြုကာ ၎င်း၏ နောက်မှ လိုက်ပါလာခဲ့သည်။ ကျောင်းဝန်းအတွင်း အနည်းငယ် လှည့်ပတ်သွားပြီးနောက် ထမင်းစားဆောင် နေရာသို့ ရောက်ရှိလာခဲ့၏။