← Chapters

ကောင်းကင်ထက်လျှံနဂါးဟိန်းသံ ၊ မရပ်မနားလျှပ်စီးသွား

Vol. 25 Ch. 348

ကောင်းကင်ထက်လျှံနဂါးဟိန်းသံ ၊ မရပ်မနားလျှပ်စီးသွား

Vol. 25 Ch. 348

အခန်း (၃၄၈) ကောင်းကင်ထက်လျှံနဂါးဟိန်းသံ ၊ မရပ်မနားလျှပ်စီးသွား

လင်ကျိုးက အချိန်ချိတ်ဆက်စမ်းချောင်းနားသို့ မချဉ်းကပ်ခဲ့ပေ။

သူက ခရမ်းရောင်လျှပ်စီးများတဖျတ်ဖျတ်လက်နေသော လေးညှို့ကိုတင်လျှက် ထက်ရှသောမြားတစ်စင်းဖြင့် ရန်ကျောက်ကဲအား ချိန်ရွယ်ထားသည်။

ထိုလေးညှို့က “ကောင်းကင်တုန်လှုပ်လေးညှို့” ဖြစ်ပြီး အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခု ဖြစ်၏။

ကောင်းကင်မိုးကြိုးခန်းမကဲ့သို့ ထိပ်သီးသိုင်းဂိုဏ်းကြီးများတွင်ပင် အဆင့်မြင့်မှော်ဝင်ပစ္စည်းဆိုသည်က ရှားပါးပစ္စည်း ဖြစ်သည်။ ဂိုဏ်းထဲတွင် အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်နှင့်အထက် အကြီးအကဲများသည်သာ တစ်ခုစီ ကိုင်ဆောင်နိုင်ကြသည်။

“ကောင်းကင်တုန်လှုပ်လေးညှို့” ကတော့ အလွန်ထူးခြားသည့် လေးညှို့တစ်လက်ဖြစ်သည်။

ယခင်က ဤလေးညှို့ကို လင်ကျိုး၏ဖခင် လင်ထျန်းဖုန်း ကိုင်ဆောင်လေသည်။

ဝါဒတောင်နှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း တိုက်ပွဲပြင်းထန်နေစဉ် ဝါဒတောင်ပင်မအစီအရင် ထိခိုက်စေရန်အတွက် လင်ထျန်းဖုန်းက ဤလေးညှို့အသုံးပြုကာ ‘နေဆန့်ကျင်’ ကို ပစ်ခတ်ခဲ့သည်။ လင်ထျန်းဖုန်း ဝါဒတောင်တိုက်ပွဲသို့မသွားခင် လေးညှို့ကို လင်ကျိုးအား ပေးအပ်ခဲ့သည်။

လင်ထျန်းဖုန်း သေဆုံးသွားပြီးနောက် ခန်းမသခင်’ချန်လီ’ က လင်ကျိုးထံမှ အဆင့်မြင့်မှော်ဝင်လေးညှို့ကို ပြန်လည်သိမ်းဆည်းခြင်းမရှိခဲ့ပေ။ ဆိတ်ဆိတ်နေခြင်းဖြင့် ထိုလေးညှို့ကို လင်ကျိုးလက်ထဲ ဆက်လက်ပေးအပ်ထားခဲ့သည်။

“ကောင်းကင်တုန်လှုပ်လေးညှို့” ၏ ဖိအားကို ခံစားမိသည့်အခါ ရန်ကျောက်ကဲ လှမ်းကြည့်လိုက်သည်။ ထိုအခါ သူ့ကို လေးဖြင့်ချိန်ထားသော လင်ကျိုးကို တွေ့ရသည်။

ဝါဒတောင်တိုက်ပွဲအပြီးတွင် လင်ကျိုး၏ ကျင့်ကြံခြင်းအရှိန်အဟုန်က အလွန်လျှင်မြန်လာသည်။ ယခုဆိုလျှင် သိုင်းဆရာသခင်အဆင့်သို့ပင် ရောက်နေသည်မှာ မယုံနိုင်စရာပင်။ လင်ကျိုးက သက်တူရွယ်တူများကြားတွင် ထူးခြားသူတစ်ယောက်ဖြစ်သည်ဟု ဆိုနိုင်၏။

သို့သော် သိုင်းဆရာသခင်တစ်ယောက်ဖြစ်ရုံနှင့် အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခု၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မည် မဟုတ်သေးပေ။ မည်သို့ပင်ဖြစ်စေ အဆင့်မြင့်မှော်ဝင်လက်နက်ဆိုသည်က အလယ်ဆင့်မှော်ဝင်လက်နက် ၊ အဆင့်နိမ့်မှော်ဝင်လက်နက်များနှင့်ယှဉ်လျှင် ပိုမိုစွမ်းအားမြင့်မားသည့် လက်နက်တစ်ခုဖြစ်နေဆဲပင်။

ထိုပြင် “ကောင်းကင်တုန်လှုပ်လေးညှို့” ထက်တွင် တင်ထားသောမြားတံက သာမန်မြားတစ်စင်း လုံဝမဟုတ်ပေ။

လေးညှို့ထက်မှ မြားအလင်းတန်းက တောက်ပနေပြီး ရန်ကျောက်ကဲသည် သူ၏နောက်ကျောဘက် ၊ နှလုံးသားတည်ရှိရာနေရာ၏ ဘေးနားတွင် အေးစိမ့်မှုကို ခံစားနေရာသည်။

အရှေ့တွင် ကြမ်းတမ်းပြင်းထန်သော ဓားဝိညာဉ် ၊ အနောက်တွင် ကြောက်မက်ဖွယ်ရာ မြားတစ်စင်း။

ကျန်းရှော်၏ ဓားချက်က အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းကို သိပ်သည်းသွားစေပြီး နက်မှောင်သောဓားအလင်းရောင်က ရန်ကျောက်ကဲထံ ဝင်ရောက်လာသည်။ ထိုဓားသိုင်းက အနက်ရောင်အိပ်မက်ဆိုးတောင်၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော မဟူရာနတ်ဓားသိုင်းပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လင်ကျိုးကလည်း လေးကြိုးကိုလွှတ်လိုက်လေသည်။

“ကောင်းကင်တုန်လှုပ်လေးညှို့” မှ ခရမ်းရောင်အလင်းတန်းများ ပေါက်ကွဲထွက်သွားပြီး မိုးခြိမ်းသံများ ဆူညံစွာထွက်ပေါ်လာကာ  မိုးမြေတစ်ခွင်ကို ထိတ်လန့်တုန်လှုပ်စေသော မြားတစ်စင်းက ရှည်လျားသည့် ခရမ်းရောင်သက်တံ့တစ်စင်းပမာ  ရန်ကျောက်ကဲထံ ဝင်ရောက်လာသည်။

ရန်ကျောက်ကဲ အသက်ပြင်းပြင်းရှူရင်း မျက်ဝန်းများက တည်ကြည်လေးနက်သွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ ပရမ်းပတာကြယ်တာရာချီစွမ်းအားများက ချက်ချင်း အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။

သို့သော် ယခင်ကကဲ့သို့ ရေခဲပမာအေးစက်သော ချီစွမ်းအား ၊ သို့မဟုတ် မီးတောက်ပမာ တောက်လောင်ပူပြင်းသော ချီစွမ်းအားအဖြစ် ပြောင်းလဲသွားခြ်း မဟုတ်ပေ။

လျှပ်စစ်စီးဆင်းသံများ လေထဲတွင်ထိုးခွင်းထွက်ပေါ်လာပြီး မိုးကြိုးလျှပ်စီးများက မြွေများအလား ကြမ်းတမ်းစွာခုန်ပေါက်လျှက် အရုဏ်မတက်မီ နောက်ဆုံးမှောင်ထုကို နေရောင်ခြည်ကိုယ်စား လင်းလက်သွားစေသည်။

ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများက ပြင်းထန်သောလျှပ်စီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

ထို့နောက် ရန်ကျောက်ကဲ၏ ဦးခေါင်းထက်တွင် သာမန်ကျောက်တုံးတစ်ခုအလား စက်ဝန်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအရာက စွမ်းအားများလျော့နည်းပြီး ငြိမ်သက်နေသည့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစပင် ဖြစ်သည်။

ရေခဲကန်တွင် စွမ်းအားကုန်အသုံးပြုပြီးနောက် ရက်အတန်ကြာပြီဖြစ်သည့်တိုင် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ၏ စွမ်းအားအနှစ်သာရက ပုံမှန်အတိုင်း ပြန်မဖြစ်သေးပေ။ သို့သော် စွမ်းအားမြင့်မားသောသိစိတ်ဝိညာဉ်တစ်ခုက မိုးမြေတုန်လှုပ်စေသော ကြောက်မက်ဖွယ်ရာစွမ်းအားကို ထုတ်လွှတ်လိုက်သည့်အခါ ထိုအရာက ပြန်လည်နိုးထလာခဲ့သည်။

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ရန်ကျောက်ကဲ၏ဓားသွားထက်သို့ ကျရောက်လာပြီး ဓားသွားနှင့် တစ်သားတည်းပေါင်းစပ်သွားသည်။ ရန်ကျောက်ကဲက တိမ်လွှာနဂါးဓားသိုင်းကို အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်းဖြင့် ပေါင်းစပ်လိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ကျယ်လောင်သော မိုးခြိမ်းသံတစ်သံထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွား၏။

ကောင်းကင်ထက်မှထွက်ပေါ်လာသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မိုးခြိမ်းသံကြီးက ကြီးမားသောနဂါးကြီးတစ်ကောင် ဟိန်းဟောက်လိုက်သည့်အလား ထင်မှတ်ရသည်။

မိုးကြိုးတိမ်တိုက်များဖြစ်တည်လာပြီး ပကတိကောင်းကင်မိုကြိုးက ရန်ကျောက်ကဲ၏သိုင်းစွမ်းနှင့် တစ်သားတည်း‌ပေါင်းစပ်သွားကာ ကောင်းကင်မိုးခြိမ်းသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

များပြားလှစွာသော လျှပ်စီးမြွေကြီးများနှင့် မိုးကြိုးနဂါးကြုံးဝါးသံများက ပြင်းထန်ကြမ်းတမ်းသောမိုးကြိုးသွားများနှင့်အတူ ရန်ကျောက်ကဲ၏ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်။

ကောင်းကင်နဂါးကြီးတစ်ကောင်က လျှပ်စီးလက်သည့်အလား လေထဲမှဆင်းသက်လာပြီး သူ၏နဂါးအကြေးခွံများကို လှုပ်ခါလိုက်ရာ မိုးကြိုးသွားများက စွမ်းအားပြင်းထန်စွာ ဆင်းသက်လာသည်။

ဒေါသပြင်းထန်နေသော ကောင်းကင်နဂါးကြီးက ကျယ်လောင်သောကြုံးဝါးသံတစ်သံပြုလုပ်လိုက်ပြီး ကျန်းရှော်၏ မဟူရာနတ်ဓားဖြင့် ထိန်းချုပ်ထားမှုများကို ချိုးဖျက်ပစ်လိုက်သည်။ ထို့နောက် လင်ကျိုး၏ ခရမ်းရောင်လျှပ်စီးမြားချက်ကို အဝေးသို့ ခါထုတ်လိုက်ပြီး မဟူရာနတ်ဓားကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။

အနက်ရောင်ဓားအလင်းတန်းက ပြင်းထန်စွာပေါက်ကွဲထွက်သွားပြီး အနက်ရောက်ဟာရီကိန်းမုန်တိုင်းမှာလည်း အက်ကွဲသွားသည်။

လျှပ်စီးကြောင်းများ ပြန့်ကျဲထွက်ပေါ်လာပြီး ကျောက်စိမ်းအလင်းတန်းတစ်ချက် လင်းလက်သွားသည်။ ကျန်းရှော် ချက်ချင်းနောက်ပြန်ဆုတ်သွားပြီး သွေးများဖြာထွက်လာသည်ကို တွေ့ရသည်။

တိမ်လွှာနဂါးဓားသိုင်းနှင့် ပကတိမိုးကြိုးစွမ်းအားကို ပေါင်းစပ်ခြင်း။

တိမ်လွှာနဂါးမိုးကြိုးဓား။

ဓားစွမ်းအားက ရပ်တန့်သွားခြင်းမရှိဘဲ လမ်းကြောင်းတစ်လျှောက် ရှိနေသောအရာအားလုံးကို ခုတ်ပိုင်းဖျက်ဆီးသွားသည်။

အဝေးတွင်ရှိနေသော လင်ကျိုးက တိုက်ပွဲကိုကြည့်ရင်း အံတင်းတင်းကြိတ်လိုက်သည်။ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ရန်ကျောက်ကဲလက်ထဲတွင် အစွမ်းထက်လွန်းနေသည်ကို တွေ့မြင်ရတိုင်း သူ ဒေါသထွက်စိတ်ပျက်ရသည်ပင်။

ကောင်းကင်နဂါးဟိန်းဟောက်သံထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏လျှင်မြန်မှုက လျှပ်စီးကြောင်းတစ်ခုပမာ အဆင့်အသစ်တစ်ခုသို့ မြင့်တက်သွားသည်။

တိမ်လွှာနဂါးမိုးကြိုးဓားက ရန်ကျောက်ကဲ၏သိုင်းစွမ်းကို အလွန်အမင်းမြင့်တက်လာစေသလို ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် မိုးကြိုးတုန်လှုပ်သိုင်းပညာကိုလည်း ထောက်ပံ့ပေးသည်။ ရန်ကျောက်ကဲက ပြင်းထန်သောစွမ်းအားများကို အဆက်မပြတ်ထုတ်ဖော်နေပြီး အရှိန်အဟုန်ကလည်း လျှင်မြန်လွန်းသည်။ သူ့ပုံစံက သက်ရှိများအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက်ပမာ အရှိန်အဝါ မြင့်မားလွန်းလှ၏။

ကျန်းရှော်က ရန်ကျောက်ကဲကြောင့် ဒဏ်ရာရရှိသွားသော်လည်း နောက်ဆုတ်မသွားပေ။ ရက်စက်ကြမ်းတမ်းသော ဓားဝိညာဉ်တစ်ခု ထပ်မံထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းက ရန်ကျောက်ကဲထံ သက်ဆင်းလာသည်။

အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်၏လက်ထဲတွင် အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခုသည် စွမ်းအားအပြည့် ထုတ်လွှတ်နိုင်စွမ်းရှိပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာစွမ်းအားများက အဆင့်နိမ့်မှော်ဝင်လက်နက်များကို ချေမှုန်းပစ်ရန် လုံလောက်သည်။

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ၏စွမ်းအားဖြင့် ရန်ကျောက်ကဲ၏ တိမ်လွှာနဂါးမိုးကြိုးဓားစွမ်းအားသာ ပြင်းထန်မြင့်မားလာခြင်းမရှိပါက ကျန်းရှောင်၏ဓားချက်က ရန်ကျောက်ကဲ၏ကျောက်စိမ်းနဂါးဓားကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ရန် လုံလောက်သည်။

လင်ကျိုးက မရပ်နားဘဲ ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ကို နောက်တစ်ကြိမ်တင်လိုက်ပြီး မိုးကြိုးထစ်ချုန်းမြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။

သို့သော်...

မြားချက်က ရန်ကျောက်ကဲထံသို့ ဦးတည်ခြင်း မရှိပေ။ နှင်းလွင်ပြင်ထက်မှ ‘အချိန်ချိတ်ဆက်စမ်းချောင်း’ လေးဆီသို့ ဦးတည်လျှက်ရှိသည်။

လင်ကျိုး၏ မြားချက်က အားဟူနှင့် အချိန်ချိတ်ဆက်စမ်းချောင်းဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွား၏။

လေထဲတွင် တင်ပျဉ်ခွေထိုင်နေသော အားဟူ၏မျက်နှာက တည်ကြည်လေးနက်နေသည်။ ခရမ်းရောင်ချီစွမ်းအားအလင်းတန်းများကြောင့် သူ့မျက်နှာတစ်ခုလုံး ခရမ်းရောင်တောက်ပနေသည်။

သူ့အနေဖြင့် မြားချက်ကို ရှောင်တိမ်းရန်မှာ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အောက်ဘက်ရှိစမ်းရေထဲတွင် ရွှေရောင်မီးအိမ်များက လင်းလက်နေဆဲဖြစ်ပြီး ရှီကျွင်းနှင့် သူ့အမေဖြစ်သူက တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။

အားဟူက သူ၏ကြယ်တာရာချီစွမ်းအားများဖြင့် ရှီကျွင်းနှင့် ယင်ယွီကျန်းတို့၏အခြေအနကို ထိန်းညှိပေးထားရသဖြင့် လင်ကျိုး၏မြားချက်ကို ခုခံနိုင်မည် မဟုတ်ပေ။

သူ၏မှော်ဝင်ပစ္စည်းကို ထုတ်ဖော်အသက်သွင်းကာ လင်ကျိုး၏ မိုးကြိုးထစ်ချုန်းမြားချက်ကို အတင်းကျပ် ပိတ်ဆို့ရန်သာ တတ်နိုင်သည်။

ရန်ကျောက်ကဲက အားဟူကို သွားရောက်မကူညီနိုင်စေရန် ကျန်းရှော်က အပြင်းအထန် ပိတ်ဆို့ထားသည်။

ရန်ကျောက်ကဲ ကြုံးဝါးသံတစ်သံပြုလုပ်လိုက်ပြီး ကျန်းရှော်၏တိုက်ခိုက်မှုကို ကွေ့ပတ်ရှောင်တိမ်းကာ သူဖန်ဆင်းထားသောကောင်းကင်နဂါးပုံရိပ်ကြီးက ဓားဝိညာဉ်အလင်းတန်းနှင့်အတူ စမ်ချောင်းထက်သို့ ချက်ချင်းရောက်ရှိသွားသည်။

ကျန်းရှော်၏ဓားအလင်းတန်းကလည်း တောင်များပြိုကျကာ ပင်လယ်ပြောင်းပြန်လှန်စေမည့် အရှိန်အဟုန်ဖြင့် ရန်ကျောက်ကဲနောက်မှ အရိပ်တစ်ခုပမာလိုက်ပါသွားသည်။

အနောက်ဘကမှ ဓားချက်ဝင်ရောက်လာကြောင်း သိရှိသော်လည်း ရန်ကျောက်ကဲက အရေးမစိုက်နိုင်သေးဘဲ သူ၏ဓားကိုဝှေ့ယမ်းကာ လင်ကျိုး၏မြားချက်ကို အရင်ဆုံးခတ်ထုတ်လိုက်၏။

ပြီးမှ ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက်ဖြန့်လိုက်ရာ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးပေါ်လာသည်။ ထိုအမွှေးတိုင်အိုးလေး၏ ထူးဆန်းသောစုပ်ယူအားကိုအသုံးပြုပြီး ရန်ကျောက်ကဲက ကျန်းရှော်၏တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။

ရန်ကျောက်ကဲ ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိကြောင်း ရိပ်မိလိုက်သည်နှင့် လင်ကျိုးက ကျယ်လောင်သောကြုံးဝါးသံတစ်သံပြုလုပ်ရင်း နောက်ထပ်မြားတစ်စင်း ပစ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန်းရှော်က တိုက်ကွက်ပြောင်းလဲလိုက်၏။ မုန်တိုင်းပမာ ကြမ်းတမ်းပြင်းထန်သောဓားအလင်းတန်းက ချက်ချင်းပင်နွေဦးလေပြေအလားပြောင်းလဲသွားပြီး လှပစွာဖြင့် ရန်ကျောက်ကဲထံ ဝင်ရောက်လာသည်။

သို့ပေသိ ဤသိမ်မွေ့လှပသောဓားချက်က အမှတ်တကယ်ပင် အသက်အန္တရယ်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည်ပင်။

ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက တိကျသည့်ဦးတည်ချက်မှ ‌ရောက်ရှိလာသည့် တိုက်ခိုက်မှုများကိုသာ ဝါးမျိုစုပ်ယူတတ်လေသည်။

ယခုတိုက်ခိုက်မှုက ဦးတည်ချက်ပျောက်နေသည့်အခါ အမွှေးတိုင်အိုးလေးအနေဖြင့် သေချာသည့်ဦးတည်ချက်ကိုမတွေ့ရှိရသဖြင့် တိုက်ခိုက်စွမ်းအားကို မစုပ်ယူနိုင်ဘဲ စောင့်ဆိုင်းနေရသည်။

ယခင်က ကျောက်ဟိုထံမှ ဤအမွှေးတိုင်အိုးလေးကိုရရှိရန် ရန်ကျောက်ကဲသည်လည်း ထိုနည်းလမ်း အသုံးပြုခဲ့သည်ပင်။ ယခု ကျန်းရှော်က အလားတူနည်းလမ်းကို အသုံးပြုလာပြီ ဖြစ်၏။

ထိုအချိန် လင်ကျိုးက မိုးကြိုးထစ်ချုန်းမြားကို နောက်တစ်ကြိမ် ပစ်လွှတ်လိုက်ပြန်သည်။ သူ၏ပစ်မှတ်က အချိန်ချိတ်ဆက်စမ်းဆီသို့သာဦးတည်နေပြီး လှုပ်ရှားမရနိုင်သော ရန်ကျောက်ကဲမှာ ရွေးချယ်စရာမရှိဘဲ တားဆီးရန်သာ နည်းလမ်းသာ ရှိတော့သည်။

ရန်ကျောက်ကဲက မျက်နှာတစ်ချက်မပျက်ပေ။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်ပြီး ဘယ်ဘက်လက်ထဲတွင်ကိုင်ထားသော အမွှေးတိုင်အိုးလေးဖြင့် ခရမ်းရောင်လျှပ်စီးများတောက်ပနေသောမြားချက်ကို ပိတ်ဆို့လိုက်သည်။

တစ်ဆက်တည်းပင် သူ့လက်ထဲမှ ကျောက်စိမ်းနဂါးဓားသည်လည်း ပျံသန်းထွက်ခွာသွား၏။ ကောင်းကင်ထက်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ နဂါးဟိန်းသံကြီးထွက်ပေါ်လာပြီး စူးရှသည့်ဓားအလင်းတန်းက အဝေးတစ်နေရာမှ လင်ကျိုးထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

တစ်ချိန်တည်းမှာပင်  သူ့ခန္ဓာကိုယ်ထက်တွင် အလင်းရောင်များတောက်ပလာပြီး မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာ ထွက်‌ပေါ်လာသည်။ ကြံ့မိစ္ဈာလက်သီးသိုင်းဝိညာဉ်ကလည်း ခံစစ်အဖြစ် ပေါ်ထွက်လာပြီး ရွှေခန္ဓာအလင်းတန်းများကလည်း လွှမ်းခြုံတောက်ပလာ၏။

ဝါဒတောင်တိုက်ပွဲအပြီးတွင် ရန်ကျောက်ကဲက အစွန်းရောက်ရှစ်ပါး သိုင်းပညာရှစ်ရပ်တွင်ပါဝင်သည့် ရွှေခန္ဓာကျင့်စဉ်ကို ကျင့်ကြံခဲ့သည်။

ယခု ရန်ကျောက်ကဲက ခံစစ်သုံးလွှာဖြင့် ကျန်းရှော်၏ ပြင်းထန်သောဓားချက်ကို အံတုထားသည်။

ကျန်းရှော်က ကြုံးဝါးသံတစ်ချက်အော်ဟစ်ရင်း သူ၏စွမ်းအားကို အမြင့်ဆုံးအဆင့် မြှင့်တင်လိုက်သည်။ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်၏ ပြင်းထန်သောစွမ်းအားက အလယ်ဆင့်မှော်ဝင်လက်နက်ဖြင့် ပေါင်းစည်းသွားပြီး အနှိုင်းမဲ့ထက်ရှသော ဓားစွမ်းအားတစ်ခု ထွက်ပေါ်လာလေ၏။

All Chapters