← Chapters

တိဘက်မှ ရှေးဟောင်းကျောက်စိမ်းကန်

Vol. 7 Ch. 87

တိဘက်မှ ရှေးဟောင်းကျောက်စိမ်းကန်

Vol. 7 Ch. 87

အဆုံးတွင် အန်လင်းသည် ကြောက်မက်ဖွယ် စွမ်းအားများ၏ ဖိအားများအောက် ဦးညွှတ် လိုက်ရသည်။

ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ ပုဂ္ဂိုလ်လေးဦးမှ တောင်းဆိုနေခြင်း ဖြစ်သည့်အတွက်  ဆက်လက်ပြီး အချိန်ဆွဲမနေ နိုင်တော့ချေ။

အန်လင်းသည် လက်မောင်းအတွင်းသို့ ဆေးထိုးပြွန် ဝင်လာသည်ကို မြင်ရသည့် အခါတွင် သူ့နှလုံးသားလေးအား ဆုပ်ကိုင် လိုက်သကဲ့သို့ နာကျင် လာတော့သည်။

ဆေးထိုးပြွန် အတွင်းသို့ သူ၏ သွေးများသည် ဖြည်းညင်းစွာဖြင့် စီးဆင်းနေသည်ကို ကြည့်ကာ ရင်ဘက်ထဲတွင် တင်းကြပ်လာပြီး အသက်ရှုသံများသည်လည်း ပြတ်တောင်း လာလေသည်။ အန်လင်းသည် အလျင်အမြန်ပင် ခေါင်းကို တစ်ဖက်လှည့်ကာ အကြည့်လွှဲလိုက် ရသည်။

သွေးထုတ်ပြီးသည့် နောက်တွင် ဂိုဏ်းခေါင်းဆောင် လေးဦးတို့သည် နေရာတွင်ပင် စတင် လေ့လာကြတော့သည်။

သူတို့သည် သွေးအတွင်း ပါဝင်သည့် အရာများကို စစ်ဆေး လေ့လာရန် မန္တန်ဝင်္ကဘာ  တစ်ခုနှင့် သွေး၏ ဂုဏ်သတ္တိများကို စစ်ဆေးလေ့လာရန် မန္တန်ဝင်္ကဘာ တစ်ခု အသုံးပြုကြသည်။ သူတို့သည် စမ်းသပ်ရန်အတွက် အကောင်ငယ်လေးများကိုပင် အသုံးပြုလိုက် ကြသေးသည်။

ဂိုဏ်းခေါင်းဆောင်များသည် အန်လင်း၏သွေးအား သေသေချာချာ အသေးစိတ် လေ့လာသည်နှင့်အမျှ ပို၍ ဇဝေဇဝါ ဖြစ်လာကြရသည်။

အဘယ်ကြောင့်ဆိုသော် ထိုသွေးသည်... သောက်ရမ်း ပုံမှန်ဖြစ်လွန်းနေ၏။

အန်လင်း၏သွေးကို သောက်သုံးထားသည့် အကောင်ငယ်လေးများသည် အသက်ရှင်နေသည့်အပြင် ခုန်ပေါက် ဆော့ကစား နေကြသေးသည်။

“အဆိပ်သခင်ရဲ့ သွေးရော ဟုတ်ရဲ့လား... ငါထင်တာကတော့ သွေးအတုတွေများလား...”

ကောင်းကင် ရှီးဖော့ကျန်း၏ မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများ ပေါ်လွင်လျက် ရှိသည်။

“ပိုပြီး ထုတ်ယူလိုက်ရင်ကော...” တာအိုရောင်းရင်း ယူမူက အကြံပေးသည်။

အန်လင်းသည် ရဲများအား ဖုန်းဆက်ချင်လာပြီ ဖြစ်သည်။

ပိုထုတ်ချင်သေးတယ် ဟုတ်လား...

ဒီလူတွေက ဗမ်ပိုင်းယားထက်တောင် ကြောက်ဖို့ ကောင်းလိုက်တာဗျာ...

“အဆိပ်သခင်ရေ... မကြောက်ပါနဲ့နော်...”

တာအိုရောင်းရင်း ဘုန်းတော်ကြီးသည် သူ၏ လက်များကို ခါယမ်းကာဖြင့် ကြင်နာစွာ ပြုံးပြပြီးနောက် “သာမန်သက်ရှိတွေအတွက် ဒီသွေးက အဆိပ် မဟုတ်ဘူး... ဖြစ်နိုင်ကတော့ သွေးထဲမှာပါတဲ့ လျှို့ဝှက် စွမ်းအားတွေက သွေးမျိုးနွယ်စုဝင် တွေကိုပဲ ပြင်းထန်တဲ့အဆိပ် ဖြစ်စေပုံရတယ်...”

ထိုသို့ပြောရင်း အန်လင်းဆီသို့ စိတ်အားထက်သန်မှု အပြည့်ဖြင့် လှည့်ကြည့်လာသည်။

“အဆိပ်သခင်ရေ... ဒီရောင်းရင်းကြီးက အကူအညီ တောင်းစရာ.......”

အန်လင်းသည် ကြောက်လန့် တကြားဖြင့် ချက်ချင်းဆိုသလို အော်လိုက်သည်။

“လက်မခံဘူး...”

“အမ်...”

တာအိုရောင်းရင်း ဘုန်းတော်ကြီးရှုရန်၏ မျက်နှာတွင် ကိုးရိုးကားရား နိုင်သည့် အမူအရာများ ပေါ်လာသည်။ ဘာမှတောင် မပြောရသေးဘူးလေ။ ဘာလို့များ ငြင်းပယ်ရတာတုန်း။ သူက အဲလောက်တောင် ကြောက်လန့်နေတာလား...

အန်လင်း၏ အမူအရာကို မြင်သည့်အခါတွင် ဝိညာဉ်ငယ်ရှီသည် အတွေးတစ်ခု ပေါ်လာသည်။

“ဒီအချိန်မှာတော့ ပြိတ္တာဧကရာဇ်ကို နှိမ်နင်းဖို့က ကျင့်ကြံခြင်းလောက တစ်ခုလုံးရဲ့ အရေးအကြီးဆုံး ပြဿနာပဲ...”

“ငါသိထားသလောက်ဆိုရင် ပြိတ္တာဧကရာဇ်နဲ့ သွေးနတ်ဘုရား နှစ်ကောင်လုံးက သူတို့ရဲ့ သိုလှောင် လက်စွပ်တွေကို ယူဆောင်တတ်တဲ့ အကျင့်ရှိတယ်... မင်း ငါတို့နဲ့ ပူးပေါင်းပြီး မင်းရဲ့သွေးကို အရမ်းပြင်းထန်တဲ့ အဆိပ်လက်နက် ထုတ်ဖို့ ပေးနေသ၍ အဲဒီ သိုလှောင် လက်စွပ်ထဲက တစ်ကွင်းပေးမယ်ကွာ... ဘယ်လိုလဲ...”

‘အရမ်းပြင်းထန်တဲ့ အဆိပ်နက်လက်’ ဆိုသည့် စကားလုံးအား ကြားလိုက်ရသည့် အခါတွင် အန်လင်းသည် ဒေါသတကြီး ဖြစ်လာတော့သည်။

သို့သော်လည်း သူ၏သွေးအတွက် သိုလှောင်လက်စွပ် တစ်ကွင်း ရရှိမည်ဟူသည့် အချက်မှာ အလွန် မက်လောက်စရာပင် ဖြစ်သည်။ ပြိတ္တာဧကရာဇ်နှင့် သွေးနတ် ဘုရားတို့သည် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ အင်အားကြီးသူများ ဖြစ်သည့်အတွက် သိုလှောင် လက်စွပ်များသည် သူတို့၏ ရတနာများ ထိန်းသိမ်း ထားရှိသည့် နေရာဖြစ်သည်။ ထိုကဲ့သို့သော သိုလှောင် လက်စွပ်ဖြင့် ဆွဲဆောင်ခြင်းသည် လက်ခံနိုင်လောက်သည့် အရာ မဟုတ်ပေဘူးလား။

ထိုသို့ဖြင့် အန်လင်းသည် အတွေးထဲ နစ်မြောနေလေသည်။ တစ်မိနစ် ကြာပြီးသည့်နောက်...

အန်လင်းသည် ပါးစပ်မှ ငြင်းဆိုနေဆဲ ဖြစ်သော်လည်း နာခံစွာဖြင့် အိပ်ယာထက်တွင် လဲလျောင်းနေလေပြီ ဖြစ်သည်။

လာစမ်းပါ၊ ကမ္ဘာကြီးရဲ့ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းမှုအတွက် သူ၏သွေးတင်မက ခန္ဓာကိုယ်ကိုပါ စွန့်လွှတ်ဖို့ရာ ဆန္ဒရှိ၏။

အဟမ်း... နည်းနည်းတော့ အပိုတွေ ဖြစ်သွားတယ်...

မည်သို့ပင် ဆိုစေကာမူ အဆုံးသတ်တွင် အန်လင်းသည် သွေးလီတာဝက်ခန့် လှူလိုက်ရသည်။

တိုက်ပွဲကြီး ဖြစ်ကြသည့်အခါတွင် လူသား ကျင့်ကြံသူများသည် အန်လင်း၏ သွေး သုတ်လိမ်းထားသည့် လက်နက်များ ဝှေ့ယမ်းကာဖြင့် သွေးမျိုးနွယ်စုအား တိုက်ခိုက်ကြပုံကို မြင်ယောင်မိသည်။

…

နောက်ဆုံးတွင် ဂိုဏ်းခေါင်းဆောင် လေးဦးတို့သည် ဝမ်းမြောက်စွာ၊ ကျေနပ်ပီတိဖြစ်စွာဖြင့် ရောက်ရှိလာတော့မည့် တိုက်ပွဲအတွက် ကြိုတင် ပြန်ဆင်ရန် ပြန်လည် ထွက်ခွာ သွားကြသည်။ အန်လင်းသည် အိပ်ယာထက်တွင် ဖျော့တော့စွာဖြင့် လဲလျောင်းလျက် ရှိနေသည်။ သူ့ခန္ဓာကိုယ်မှာ ခြောက်ကပ်သွားခြင်းမျိုး မဟုတ်ဘဲ အဝတ်အရည် ညှစ်လိုက်သကဲ့သို့ သန့်ရှင်း သွားသည်ဟု ခံစားနေရသည်။

ကမ္ဘာမြေက ကြောက်ဖို့ ကောင်းလိုက်တာ... ကောင်းကင်ဘုံ ပိုင်နက်ကိုပဲ ပြန်ချင်တယ်လို့...

ရွှမ်ယွမ်ချန်သည် ပင်လယ်ထဲတွင် ပျော်မွေ့နေသည်။ စုရှောင်လန်မှာလည်း ကောင်းကင်တွင် ပျော်ရွှင်နေဆဲ ဖြစ်သည်။

ဓားအင်မော်တယ်မြစ်စိမ်းသည် မထွက်ခွာခင် အန်လင်း၏ ကူညီမှုအတွက် ဆေးလုံးနှင့် ဆေးရည် အမြောက်အများကို ပေးခဲ့သည်။ အန်လင်းသည် ထိုဆေးလုံးများနှင့် ဆေးရည်များအား ကြည့်လိုက်သည်။

စွမ်းအင်ပြန်လည် ဖြည့်တင်းပေးသည့် ဆေးများ၊ အင်မော်တယ် မန္တန်များအား ခေတ္တမျှ စွမ်းအားတိုးစေသည့် ဆေးများ၊ တည်ငြိမ်ကာ အာရုံစူးစိုက်မှုအား တိုးလာစေသည့် ဆေးများ၊ ကာမ အားတိုးဆေးများ၊ အရိုးသန်မာ အားကောင်းစေသည့် ဆေးများ ... ဆေးများ၊ ဆေးများ စသည်... သို့သော်လည်း သွေးပြည့်တင်း လာစေသည့် ဆေး တစ်မျိုးပင် မပါချေ။

“အား.... ဘဝကြီးက ခက်ခဲလိုက်တာ...” အန်လင်းသည် အိပ်ယာပေါ်တွင် လဲလျောင်းကာ ညည်းညူလိုက်သည်။

မကြာမီ ဖြစ်ပွားတော့မည့် တိုက်ပွဲအတွက် သူ့အနေနှင့် စိုးရိမ်နေရန် မလိုအပ်ပေ။ ကောင်းကင်ဘုံ ပိုင်နက်သည် ထိုတိုက်ပွဲအား ရင်ဆိုင်ရန်အတွက် မြေကမ္ဘာ အင်မော်တယ်များ စေလွှတ်လိမ့်မည် ဖြစ်သည်။

မြေကမ္ဘာအင်မော်တယ်များသည် အလွန်စွမ်းအား ကြီးသည့်တွက် တောင်ပိုင်းကောင်းကင် တံခါးပေါက်ကို ဖြတ်သန်းကာ တည်နေရာ ရွှေ့ပြောင်းလာမည် ဆိုလျှင် သူတို့ ဖြတ်သန်းလာမည့် ဟင်းလင်းပြင်သည် အလွန်မတည်မငြိမ် ဖြစ်လာမည် ဖြစ်သည်။ ထို့အတွက်ကြောင့် ပြင်ဆင်ရန် ရက်အနည်းငယ် လိုအပ်ပေသည်။

နေ့စွဲများအား ကြည့်ပြီးနောက်တွင် အန်လင်း၏ ခန့်မှန်းချက်အရ မြေကမ္ဘာ အင်မော်တယ်များသည် တစ်ရက် နှစ်ရက်အတွင်း ရောက်ရှိလာကြမည် ဖြစ်သည်။ ကျင့်ကြံသူများ ဂရုကို ဖွင့်လိုက်သည့်အခါ လူတိုင်းသည် တိဘက်မှ ရှေးဟောင်းကျောက်စိမ်း ရေကန်အကြောင်း ပြောနေသည်ကို တွေ့လိုက်ရသည်။

ယမန်နေ့ ညအချိန်တွင် တိဘက်မှ ရှေးဟောင်း ကျောက်စိမ်း ရေကန်အနီးတွင် သဘာဝလွန် ဖြစ်စဉ်များ ဖြစ်ခဲ့ပုံပေါ်သည်။ တောင်တန်းများဆီမှ ငါးရောင်ခြယ် သက်တန့်များ ထွက်ပေါ်လာသည်။ အချိန်ကြာလာသည်နှင့် အမျှ ကျယ်လောင်သည့် အသံများသည်လည်း ကျောက်စိမ်း ရေကန်အတွင်းမှ ထွက်ပေါ်လာသည်။ ထိုဖြစ်ရပ်သည် ကျင့်ကြံသူများစွာ၏ စိတ်အာရုံအား အထူးဖမ်းစား သွားတော့သည်။

ထိုဖြစ်ရပ်များသည် ပြိတ္တာဘုရင်၊ သွေးနတ်ဘုရားတို့နှင့် ဆက်စပ်နေမည်ဟု အချို့က ခန့်မှန်းကြသည်။ ကျင့်ကြံသူ များစွာသည် ရှေးဟောင်း ကျောက်စိမ်း ရေကန်သို့ သွားရောက် လေ့လာကြသည်။ သို့သော်လည်း မည်သည်ကိုမျှ ရှာဖွေတွေ့ရှိခြင်း မရှိကြပေ။

ထျန်းလင်းလင်းနှင့်အတူ တစ္ဆေများအား ဖမ်းဆီးမည်ဟူသော တာအိုရောင်းရင်း လင်းရီသည် မျှော်လင့်မထားသည့် ကိစ္စရပ်များအား စုံစမ်းရန်အတွက် တိဘက်တွင် ရောက်ရှိနေသည်။ သို့သော်လည်း ယခုအခါတွင် ထိုလူထံမှ မည်သည့် သတင်းအစအနမျှ မကြားရပါ။

ဒေါက်ဒေါက်ဒေါက် …

သူ့အခန်းတံခါးအား လာခေါက်နေလေသည်။

ဘယ်သူကများ ဟိုတယ်ကို ပြန်လာတာများလဲ... ရွှမ်ယွမ်ချန် တို့တွေက အဝေးကြီးမှာ ရောက်နေတာလေ... မဖြစ်နိုင်ပါဘူး...

အန်လင်းသည် မစဉ်းစားတတ်အောင် ရှိနေသော်လည်းပဲ အားနည်းနေသည့် ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲဖြင့် မတ်တတ် ထလိုက်ပြီးနောက် တံခါးဖွင့်လိုက်သည်။

“အတုအယောင် ဘုန်းတော်ကြီး”

ရုတ်တရက်ဆိုသလို သေးသွယ်သည့် ခန္ဓာကိုယ်လေး ပေါ်လာကာ အန်လင်းပေါ်သို့ ခုန်တက်လိုက်သဖြင့် ကြမ်းပြင်ပေါ် လဲကျ သွားမတတ်ပင် ဖြစ်ရသည်။

“ထျန်းလင်းလင်း... နူးနူးညံ့ညံ့နေစမ်း...” အန်လင်းက အော်လိုက်သည်။

သူသည် ယခုအခါတွင် အလွန်အားနည်းနေခြင်း ဖြစ်သည့်အတွက် လိုလီလေး၏ ထုရိုက်မှုကိုပင် မခံနိုင်ချေ။ ထျန်းလင်းလင်းသည် အန်လင်းအား လျစ်လျူရှုကာဖြင့် သူ့ခန္ဓာကိုယ်အား ရှားပါးသည့် ရတနာကဲ့သို့ စေ့စေ့စပ်စပ် ကြည့်ရှုနေလေသည်။

“ဘယ်လိုမှကို စဉ်းစားမရဘူး... အရမ်း ပုံမှန် ဖြစ်လွန်းနေတယ် မဟုတ်ဘူးလား... ဒီခန္ဓာကိုယ်က သွေးဘုရင်ကို သေဆုံးသွားရအောင် အဆိပ်ဖြစ်စေတဲ့ပုံလည်း မပေါ်ဘူး...” သူမက ရေရွတ်လိုက်သည်။

အန်လင်း : “…”

“ဟုတ်ပြီ... ဟုတ်ပြီ... လင်းလင်းရေ လိုက်ရှုပ်မနေနဲ့တော့... အန်လင်းက နေသိပ်မကောင်းတာ မမြင်ဘူးလား...”

ထိုအချိန်မှာပင် နွေးထွေးကာ နူးညံ့သည့်အသံလေး ထွက်ပေါ်လာသည်။

အန်လင်းသည် ကော်ရစ်ဒါသို့ ကြည့်လိုက်သည့် အခါတွင် လှပသည့် တုန်ဖန်ရွှယ်အား မြင်လိုက်ရသည်။ သူမသည် တိတ်ဆိတ်စွာဖြင့် ရပ်နေပြီး မျက်နှာတွင် တည်ငြိမ်သည့် အပြုံးတစ်ခု ချိတ်ဆွဲထားသည်။

“အာ... ကောင်းသော နေ့လည်ခင်းပါ ကောင်းကင်နတ်မိမယ် တည်ငြိမ်ရေ...”

အန်လင်း၏ စူပါဖန် စိတ်ဆန္ဒသည် ဝုန်းခနဲ ဝင်ရောက် လာခဲ့သည်ကြောင့် ချက်ချင်းဆိုသလို တက်ကြွလာပြီး လျင်မြန်စွာပင် အော်ဟစ် နှုတ်ဆက်လိုက်လေသည်။

တုန်ဖန်ရွှယ်သည် ကုန်ပစ္စည်းများ ဝယ်ယူလာသည့် အိတ်ကို သူမလက်တွင် ကိုင်ကာ ပြုံးလျက် ...

“အန်လင်းရေ... လင်းလင်းနဲ့ ငါနဲ့က နင်တွေ့ကြုံခဲ့ရတာတွေကြောင့် အရမ်းကို စိတ်မကောင်း ဖြစ်နေခဲ့တာလေ... အဲဒါကြောင့် ဒီနေ့ နင့်ကို ဟင်းချက်ကျွေးမလို့...”

ဘုရားရေ

တုန်ဖန်ရွှယ်၏ စကားအား ကြားလိုက်ရသည့် အခါတွင် အန်လင်း၏ မျက်လုံးများထဲတွင် မျက်ရည်စများ ဝေ့သီ လာတော့သည်။

အလွန်ကောင်းမွန်သည့် ခံစားချက်... သူ၏ အိုင်ဒဲလ်သည် သူ့အတွက် ကိုယ်တိုင် ဟင်းချက်ပေးတော့မည်။

ကမ္ဘာကြီးပေါ်မှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ရှိနေသေးပါလား...

အန်လင်းသည် တုန်ဖန်ရွှယ်နှင့် ထျန်းလင်းလင်းတို့အား အခန်းအတွင်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်လိုက်သည်။

VVIP အခန်းတွင် မီးဖိုချောင် ပါရှိသည့်ကြောင့် တုန်ဖန်ရွှယ်နှင့် ထျန်းလင်းလင်းတို့သည် မီးဖိုချောင်ထဲတွင် ချက်ပြုတ် နေကြလေသည်။ ထိုအချိန်တွင် အန်လင်းသည် အိပ်ယာထက်တွင် လဲလျောင်းကာဖြင့် အားအင် ဖြည့်တင်းလျက် ရှိသည်။

မီးဖိုချောင်ထဲ၌ တုန်ဖန်ရွှယ်သည် သံစဉ်တစ်ခုအား ညည်းလျက်ရှိသည်။ သူမလက်ထဲရှိ ဓားသည် လျှပ်ပြက်သကဲ့သို့ပင် ဝက်သား၊ ငြုပ်သီးစိမ်း၊ မုန်လာဉနှင့် အခြားသော ဟင်းအမယ်များအား အချိုးအစားကျနစွာ လှီးဖြတ် လိုက်သည်။

ထျန်းလင်းလင်းသည်လည်း ပါဝင်ပစ္စည်းများအား ရောမွှေရန် အလုပ်များလျက် ရှိနေပြီး အာရုံနစ်လျက် ရှိနေသည်။

…

အန်လင်းသည် အိပ်ယာထက်တွင် လဲလျောင်းကာဖြင့် တုန်ဖန်ရွှယ်၏ သီချင်းညည်းသံကို နားဆင်ရင်း မီးဖိုချောင်ထဲမှ မွှေးပျံ့သည့် ရနံ့များအား ရှူရှိုက်လျက် ရှိနေသည်။ ထို့နောက်တွင် စိတ်ကျေနပ်မှု အပြည့်ဖြင့် မျက်လုံးများအား မှိတ်လိုက်တော့သည်။

…

ချန်တု၏ အစွန်အဖျားတွင်ရှိသော ပိုင်ရန် ဘုရားကျောင်း၏ တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း ဝင်္ကဘာမှ ရုတ်တရက် ဆိုသလို အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။

ဘောင်းဘီအနက်အား ဝတ်ဆင်ထားသည့် အရပ်ရှည်ကာ အချိုးအစား ကျနသည့် အမျိုးသမီးတစ်ဦး လမ်းလျှောက် ထွက်လာသည်။

သူမသည် အနီရောင် မျက်မှန်ကိုင်းအား တပ်ဆင်ထားပြီး လက်ဝဲဘက်တွင် ကြေးနီရောင် စာအုပ်တစ်အုပ် ကိုင်ဆောင်ထားသည်။ လှပကာ ထက်မြက်သည့် အသွင်ရှိသည်။

ဝတ်စုံဖြူ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူကြီး တစ်ဦးသည်လည်း ခါးတွင် ဓားတစ်လက် ချိတ်ဆွဲကာဖြင့် သန်းဝေလျက် ထွက်လာသည်။

“ယွဲ့ရင်ရေ... အခု ဘယ်ကိုသွားကြမှာလဲ...” ထိုလူကြီးက မေးလိုက်သည်။

“ဟမ်... ငါ့ရဲ့ သဘောကျစရာ ကောင်းတဲ့ ဘာသာရပ် ကိုယ်စားလှယ်လေးကို အရင် တွေ့ကြတာပေါ့...”

မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်က ပြုံးဖြီးလျက် သူမမျက်နှာတွင် မျှော်လင့် တောင့်တသည့် အမူအရာများ အပြည့်နှင့် ရှိနေလေတော့သည်။

***

All Chapters