မုန်တိုင်း ချဉ်းကပ်လာခြင်း
Vol. 003 Ch. 279
ရွှီယီက ခေါင်း အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသော လူသေ အလောင်းအား ကြည့်လိုက်သည်။ သူ၏ အမူအရာကား အလွန် သုန်မှုန်နေသည်။ လူသတ်သမားက လျှို့ဝှက်ချက်အား ထိန်းသိမ်းရန် ဤသို့သော နည်းကို အမှန်တကယ် သုံးခဲ့သည်။
လူအများအပြားက ထိုနေရာကို ရောက်ရှိနေကြပြီး ဖြစ်ကာ လုပ်ကြံခံရသူက ရီဖူရှင်းမှန်း သိလိုက်ကြသည်။
တစ်စုံတစ်ယောက်က ကော့တေး၏ တပည့်အား လုပ်ကြံလိုသည်။ ထိုအဖြစ်က လူအများအား ထိတ်လန့် ကြောက်ရွံ့စေသည်။ ဤကိစ္စကား အလွန် အရေးကြီးပေသည်။
ချင်ပြည်ထောင် နန်းတော်၌ လူတချို့က ယူချင်းနှင့် ရီဖူရှင်းအား ဖိနှိပ်လိုခဲ့ကြကာ ယူချင်းအား ဒဏ်ရာ ရစေသည်။ ထို့ကြောင့် ဒွန်ဟွာကလန်မှ နိုဘယ်၏ အစွမ်းများ ဖျက်ဆီးခံခဲ့ရသည်။
တခြား တစ်ဖက်တွင် လက်ရှိ အဖြစ်အပျက်က ထိုစဉ်ကထက် များစွာ အရေးကြီးပေသည်။ ဤကိစ္စက လုပ်ကြံမှု ဖြစ်သည်။ ထို့အပြင် ထိုလူက ရီဖူရှင်းအား သေစေလိုသည်။ အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ ရည်ရွယ်ချက်က ရှင်းလင်းနေသည်။ အကယ်၍ ဤလုပ်ကြံမှုက ထိပ်သီး အင်အားစု တစ်ခု၏ အကြံအစည်ဆိုလျှင် ကြီးမားသော သွေးစွန်းမှုများ ဖြစ်လာတော့မည် ဖြစ်သည်။
ယနေ့ ဖြစ်ပျက်ခဲ့သမျှအား လူအများက ပြန်တွေးမိကြသည်။ ရီဖူရှင်းက ချိန်ရှင်းမူအား အနိုင်ယူကာ ချင်ပြည်ထောင်မှ ချင်မင်အား ရိုက်ချက် တစ်ချက်မျှဖြင့် လွင့်စဉ်သွားစေပြီး ဒွန်ချင် ကျောင်းတော်အား မျက်နှာပျက် စေခဲ့သည်။
ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ကများ ဤလုပ်ကြံမှုကို ကြံစည်ခဲ့ ကြသည်လား။
ထိုအင်အားစု နှစ်ခုကား အမှန်ပင် သံသယ ဖြစ်ဖွယ်ရာ ကောင်းသည်။ ဤသို့သော အခြေအနေတွင် တစ်စုံတစ်ယောက်က ရီဖူရှင်းအား သတ်ရန် ကြံစည်လျှင် ကော့တေးက ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်ကို သံသယ ဖြစ်မည်မှာ သေချာသည်။ သူတို့က အဘယ်ကြောင့် ဤသို့ စွန့်စားမည်နည်း။
သို့မဟုတ်လျှင် သူတို့က စစ်ဖြစ်လိုသည်လား။ သို့မဟုတ်လျှင် တခြား အင်အားစု တစ်ခုက ကော့တေးနှင့် ထိုအင်အားစု နှစ်အခုအကြား မီးမွှေးကာ စစ်ဖြစ်စေလိုသည်လား။
ကော့တေးနှင့် ကျောင်းတော်က ဤကိစ္စအား မည်သို့ ဖြေရှင်းကြမည်နည်း။
လူအများအပြား ရီဖူရှင်း အနီးကို ရောက်လာသည်။ ယိရှောင်ရှီက ရီဖူရှင်း၏ အနီးကို ကပ်လာကာ မေးသည်.... "မင်း ဒဏ်ရာ ရထားလား...."
"သိပ်ကြီးကြီး မားမားတော့ မဟုတ်ဘူး...." ရီဖူရှင်းက ခေါင်းယမ်းလိုက်သည်။ သူက မတ်တတ်ရပ် နိုင်သေးသည်။ ကံကောင်းစွာပင် သူက နောက်လူတချို့နှင့် ထွက်လာခဲ့သည်။ သူ တစ်ယောက်တည်း ဆိုပါက ထိုအဆင့်မြင့် အကာနာ တန်ခိုးရှင်၏ တိုက်ခိုက်မှုက သူ့အတွက် အမှန်ပင် အသက် အန္တရာယ် ရှိပေသည်။ မည်သူက သူ့အား သတ်လိုသနည်း။
ပတ်ဝန်းကျင် တစ်ခုလုံး လေးလံ ထိုင်းမှိုင်းနေသည်။ ကျောင်းတော်၏ တောင်ကုန်း အကြီးအကဲများ ဖြစ်သော ဇုန်းဇွီနှင့် ကျူးချိန်တို့လည်း ရောက်လာကြသည်။ ရွှီယီ၏ ရှေ့ကို လျှောက်လာကာ ကျူးချိန်က မေးသည်... "ဘာဖြစ်ခဲ့တာလဲ...."
"ကျုပ်ညီငယ်လေးက လုပ်ကြံမှု တစ်ခုနဲ့ ကြုံခဲ့တယ်..." ရွှီယီက သုန်မှုန်စွာ ပြောသည်။ သူက ထိုသို့ ပြောပြီး ရီဖူရှင်း အနီးကို ကပ်လာသည်။ ထိုအခိုက်တွင် ရီဝူချင်း၊ ယူချင်းနှင့် တခြားလူများ အားလုံးက သူ့အနီးတွင် စုစည်း ရောက်ရှိနေကြပြီး ဖြစ်သည်။
"သဲလွန်စရှိလား..." ရွှီယီက မေးသည်။
+
ရီဖူရှင်းက ခေါင်းယမ်းသည်... "အဲဒါက မြေဓာတ် အထူးပြု မှော်ဆရာပဲ... သူက သိုင်းပညာကိုလည်း လေ့ကျင့်ပြီး အဆင့်မြင့် အကာနာ တန်ခိုးရှင်ပဲ... ကျွန်တော်တို့ တည်းခိုခန်းက ထွက်ပြီး သိပ်မကြာခင် လူသတ်ချင်တဲ့ အငွေ့အသက်ကို ခံစားရတယ်... သူက အပြင်မှာ စောင့်နေတာ..."
"မင်း ဘယ်သူ့ကို သံသယ ဖြစ်သလဲ..." ရွှီယီက မေးသည်။
ရီဖူရှင်းက အနည်းငယ် စဉ်းစားလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ သဲလွန်စမရှိဘဲ မည်သူက စေခိုင်းသည်ကို သိရန် ခက်ခဲပေသည်။ ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နှင့် ယန်မိသားစုတို့က သူ့အား လုပ်ကြံရန် အဖြစ်နိုင်ဆုံး ဖြစ်သော်လည်း တခြား အဖွဲ့အစည်းများ ကလည်း သူတို့အကြား ပြဿနာဖြစ်ရန် တမင် လုပ်ခြင်းလည်း ဖြစ်နိုင်သည်။
တော်ဝင် ချန်ကျောင်းတော်က လုပ်သည်လည်း ဖြစ်နိုင်သည်။ လျိုဂျန်လန်၏ အဆင့်ဖြင့် သူက ဤသို့သော လူသတ်သမားကို စေလွှတ်နိုင်စွမ်း မရှိပေ။ သို့သော်လည်း လျိုဂျန်လန်၏ ရည်းစားက ထိုသို့သော စွမ်းအားရှိသည်။ သို့သော် သက်သေမရှိဘဲ ဤမျှ အရေးကြီးသော ကိစ္စအား မှတ်ချက်ချရန် မလွယ်ကူပေ။
"တည်းခိုခန်းကို အရင်ပြန်ကြမယ်...." ကျူးချိန်က ပြောသည်။ ရွှီယီက ခေါင်းညိတ်သည်။ ထို့နောက် သူတို့က လူသတ်သမား၏ အလောင်းကိုပါ သယ်ဆောင်ကာ တည်းခိုခန်းသို့ ပြန်သွားကြသည်။
ခေ့ကေးမြို့ကို မမြင်ရသော ဖိအားများ ဆင်းသက် လာသည်။ မကြာမီ ရီဖူရှင်းအား လုပ်ကြံသည့်ကိစ္စက တစ်မြို့လုံးကို တောမီးပမာ ပြန့်သွားသည်။
နှစ်ပေါင်းများစွာ ကြာအောင် အေးချမ်းခဲ့သော အရှေ့မြေရိုင်း ဒေသကား ယခု လွန်စွာ ကြီးမားသော မုန်တိုင်းကြီး တစ်ခု တိုက်ခိုက်လာပြီဟု လူအများက ခံစားကြရသည်။
ကော့တေး၏ တပည့် တစ်ယောက်က လုပ်ကြံခံရသည်။ နောက်ကွယ်မှ စေခိုင်းသူအား တွေ့ရှိခြင်း မရှိသေးပေ။ ထိပ်သီး အင်အားစု တစ်ခုက စေခိုင်းသည်မှာ ထင်ရှားသည်။ သာမန် အင်အားစုများက ဤသို့ မလုပ်ရဲပေ။ လုပ်ရန် အကြောင်း ပြချက်လည်း မရှိပေ။ ရီဖူရှင်းက ထိပ်သီး အင်အားစုများမှ အပ တခြား အင်အားစုများနှင့် ပြဿနာ မဖြစ်ဖူးပေ။ ခြွင်းချက်ကား ယန်မိသားစု တစ်ခုသာ ရှိသည်။
ဖူယွန်ဓားကလန်မှ လူများကလည်း ထိုသတင်းအား နားစွင့် နေကြသည်။ ဤလုပ်ကြံမှုက ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့မှ စေခိုင်းခြင်း အမှန်ဖြစ်ရန် သူတို့က မျှော်လင့် နေကြသည်။ ဤသို့ဆိုလျှင် အလွန် ကောင်းမွန်သော ပွဲတစ်ခုကို သူတို့ မြင်တွေ့ရလိမ့်မည်။
လစန္ဒာကလန်မှ အဖွဲ့ဝင်များက ရီဖူရှင်း လုပ်ကြံခံရမှု အတွက် အလွန် အံ့အားသင့် ကြရသည်။ ဟွာဂျီယူသာ သိလျှင် သူ့အတွက် အလွန် စိုးရိမ်ပေလိမ့်မည်။
သတင်းက တော်ဝင် ချန်ကျောင်းတော်ကို ရောက်သော်အခါ သူတို့အကြား ဆွေးနွေး ဝေဖန်မှုများ ရှိကြသည်။ သူတို့ကလည်း လုပ်ကြံရန် စေခိုင်းခဲ့ခြင်း မရှိခဲ့ကြပေ။ ဟာစီရိုက သူမ၏ စိတ်အား တည်ငြိမ်အောင် ကြိုးစားနေသည်။ သူမ၏ အဆောင်ကို ရောက်သောအခါ မျက်နှာက ဖြူလျော့သွားသည်။
လုပ်ကြံမှုက မအောင်မြင်ခဲ့ပေ။
ထို့အပြင် အချိန်တို အတွင်းတွင် ထိုလုပ်ကြံမှုက လွန်စွာ ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ခေ့ကေးမြို့က အချိန်တစ်ခု ကြာသည့်တိုင် အေးချမ်းတော့မည် မဟုတ်သည်မှာ ထင်ရှားသည်။
သူမအား သံသယ ဝင်မည်လော။
မဖြစ်နိုင်ပေ။ ဟူတောင်က သူမအပေါ် လွန်စွာ သစ္စာရှိကာ တစ်ချိန်လုံး အမှောင်ထဲတွင် ရှိနေသူဖြစ်သည်။ သူကဲ့သို့သော အကာနာအဆင့် တန်ခိုးရှင်ကား ခေ့ကေးမြို့တွင် ရေတွက်၍ပင် မကုန်ပေ။ ထို့အပြင် သူမက လျှို့ဝှက်စွာ စေခိုင်းခဲ့ခြင်း ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ဟူတောင်ကား သေဆုံးသွားပြီး ဖြစ်သည်။
+
လူသေက လျှို့ဝှက်ချက်အား ထိန်းသိမ်း နိုင်သည်။
ထို့အပြင် ဟူတောင်ကား ခေ့ကေး မြို့သား မဟုတ်ပေ။ သူ့အား မည်သူမှ မသိကြပေ။
အားနည်းချက်ကို ပြောပါဆိုလျှင် ရှာလျို တစ်ယောက်သာ ရှိပေသည်။ သို့သော် ရှာလျိုက တော်ဝင် ချန်ကျောင်းတော်ကို လုံးဝ သစ္စာဖောက်မည် မဟုတ်ပေ။
ထိုသို့ တွေးမိလျှင် ဟာစီရို အနည်းငယ် စိတ်အေး သွားရသည်။
လူသေက ပုံပြင် မပြောပေ။
သူမက သာမန်အတိုင်း နေသွားရန်သာ လိုပေသည်။
ဟူတောင်က သေသွားမှတော့ လျှို့ဝှက်ချက်က သူနှင့်အတူ မြေကြီးထဲ ပါသွားတော့မည် ဖြစ်သည်။
ကော့တေးနှင့် ချင်ပြည်ထောင်တို့ တိုက်ခိုက်ကြပါစေ။
ထိုညတွင် ခေ့ကေးမြို့မှ လူအများအပြားက အိပ်စက်ခြင်းပင် မရှိကြပေ။ ကျောင်းတော်မှ လူအများအပြားက တည်းခိုခန်းမှ ထွက်ခွာကာ သဲလွန်စများ လိုက်ရှာကြသည်။ ထိပ်သီး အင်အားစုများက သူတို့အား စောင့်ကြည့်နေကြောင်း သိကြသည်။ ထိုအရာက အလွန် ရိုင်းစိုင်းသော အပြုအမူ ဖြစ်သော်လည်း မည်သူမှ ဘာမှ မပြောပေ။
ကော့တေး၏ တပည့်အား သတ်ရန် ကြိုးစားမှုမှာ ထိပ်သီး အဖွဲ့အစည်း တစ်ခုက ကြံစည်ခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ ထို့ကြောင့် အင်အားစုများက သူတို့အား စောင့်ကြည့်ခြင်း အတွက် မပျော်မရွှင် ဖြစ်ရသော်လည်း သူတို့က တစ်ခုမှ မပြောနိုင်ပေ။ ဤသို့သော အကြောင်းပြချက်ဖြင့် မည်သူမှ ကျောင်းတော်အား မဆန့်ကျင်လိုကြပေ။
ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ ပင်လျှင် လွန်စွာ တိတ်ဆိတ်နေသည်။ ကော့တေးက သူတို့အား ဦးဆုံး သံသယ ရှိမည်ကို သိသည်။ ဤသို့သော အခြေအနေတွင် စစ်က အချိန်မရွေး ဖြစ်သွားနိုင်သည်။
ခေ့ကေးမြို့က ထိုသို့ တင်းမာသော အခြေအနေဖြင့် ညအား ဖြတ်သန်းခဲ့သည်။ နောက်တစ်နေ့တွင် တစ်မြို့လုံးကား ရီဖူရှင်းကို လုပ်ကြံမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများဖြင့် ပြည့်နေသည်။
ဒွန်ချင် ကျောင်းတော်တွင် လူအများအပြားက တိုက်ပွဲစင်မြင့် အနီးတွင် စုစည်းနေကြသည်။ ယှဉ်ပြိုင်ပွဲက ပုံမှန်အတိုင်း ကျင်းပမည်ဖြစ်သည်။ ဒွန်ချင်ကျောင်းတော်က သုံးလ ဆက်တိုက် ကျောင်းသားသစ် လက်ခံမည် ဖြစ်သည်။ ထိပ်သီး အင်အားစုများ လာရောက်ခြင်း မရှိသည့်တိုင် စိန်ခေါ်ပွဲများ အဆက်မပြတ် ရှိနေပေသည်။ သို့သော် အခြေအနေက တစ်နည်းနည်းဖြင့် ထူးဆန်းနေသည်။ လွန်ခဲ့သော နှစ်ရက်က ဤနေရာကား စိတ်အား ထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။ ယခုကား မမြင်ရသော ဖိအားတစ်ခုက ဒွန်ချင်ကျောင်းတော် တစ်ခုလုံးကို ပြည့်နှက်နေသည်။
ကွဲပြား ခြားနားသော အင်အားစုများက တဖြည်းဖြည်း ရောက်ရှိ လာနေကြသည်။ ချင်ယွီက တိုက်ပွဲ စင်မြင့်ပေါ်သို့ လျှောက်သွားကာ ယှဉ်ပြိုင်ပွဲ စတင်ပြီ ဖြစ်ကြောင်း ကြေညာသည်။ သို့သော် ရုတ်တရက် ကောင်းကင်တွင် စွမ်းအားမြင့် တန်ခိုးရှင် တစ်အုပ်စု ပျံသန်း လာနေသည်။ ချက်ချင်းပင် လူအများက ထိုအရပ်ကို လှည့်ကြည့် လိုက်ကြသည်။
သူတို့ကား ကျောင်းတော်မှ ဖြစ်ကြသည်။
ထိုအုပ်စုအား ကျောင်းတော်၏ တောင်ကုန်း အကြီးအကဲ နှစ်ယောက်ဖြစ်သူ ဇုန်းဇွီနှင့် ကျူးချိန်တို့က ဦးဆောင် လာကြခြင်း ဖြစ်သည်။ အေးစက်သော မျက်နှာများဖြင့် သူတို့က တိုက်ပွဲ စင်မြင့်ပေါ်သို့ တိုက်ရိုက် ပျံသန်း တက်ရောက် လာကြသည်။ ချင်ယွီကလည်း သူတို့အား စိုက်ကြည့် လိုက်သည်။ ကျူးချိန်က ချင်ယွီအား မေးသည်.... "ချင်ပြည်ထောင်က ရှင်းပြချက် မပေးတော့ဘူးလား...."
ချင်ယွီက မျက်မှောင်ကြုတ် လိုက်ကာ ပြောသည်... "မနေ့ညက ဖြစ်ခဲ့တာ အတွက် ချင်ပြည်ထောင်ကလည်း အရမ်း အံ့အားသင့်ရတယ်.... တကယ်လို့ လိုအပ်မယ်ဆိုရင် ကျုပ်တို့ကလည်း အတတ်နိုင်ဆုံး ပူးပေါင်းပေးမယ်...."
" ဒီလောက်ပဲလား...." ကျူးချိန်၏ မျက်နှာက အေးစက်သွားသည်။
"တောင်ကုန်း အကြီးအကဲ ကျူးချိန်... ဒါဆို ခင်ဗျား ဘာလိုချင်လဲ..." ချင်ယွီက မျက်နှာ မည်းမှောင်လျက် ပြောသည်။
"ဒါက ခေ့ကေးမြို့ပဲ... ချင်ပြည်ထောင်ရဲ့ နယ်မြေဖြစ်တယ်... ကျောင်းတော်က ရှင်တို့ ဖိတ်ခေါ်လို့ လာတာ..." ကျူးချိန်က အေးစက်စွာ ပြောသည်။
"ချင်ပြည်ထောင်က ဒီလောက် မိုက်မဲမယ်လို့ ခင်ဗျား ထင်လား..." ချင်ယွီက ပြောသည်။
"မဖြစ်နိုင်ဘူး ဆိုတာ ဘာမှ မရှိဘူး..." ကျူးချိန်က နောက်လှည့်ကာ လူတိုင်းအား ကြည့်သည်.... "မနေ့ညက ဘာဖြစ်ခဲ့တယ် ဆိုတာ ရှင်တို့အားလုံး သိပြီး ဖြစ်မယ်လို့ ကျွန်မ ယူဆတယ်... ဒါကြောင့် ထိပ်သီး အင်အားစုတွေ အကုန်လုံးက ခေ့ကေးမြို့မှာ ကြံစည်သူ မဖော်ထုတ်နိုင် သရွေ့ ဆက်နေပေးရမယ်...."
"ကျွန်မ ပြောတာက လူတိုင်း လူတိုင်းပဲ...." ကျူးချိန်၏ အမူအရာကား လွန်စွာ တင်းမာနေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ကျောင်းတော်ကား အလွန် ရင့်လွန်းသည်။ သူတို့က ထိပ်သီး အင်အားစုများအား ခေ့ကေးမြို့မှ ထွက်ခွာရန် ခွင့်မပြုပေ။
"ဒါက မလွန်ဘူးလား...." ဖူယွန်ဓားကလန်က ရုတ်တရက် ပြောသည်။ သူတို့က ခေ့ကေးမြို့တွင် ကျန်နေကာ အဘယ်ကြောင့် ပူးပေါင်း ပေးရမည်နည်း။
"ကျွန်မတို့က ကြံစည်သူကို တွေ့တဲ့အခါ ကျောင်းတော်က ရှင်တို့ နေရာအထိ ကိုယ်တိုင်လာပြီး တောင်းပန်ပေးမယ်.... လူတိုင်းက နားလည်ပေးမယ်လို့ မျှော်လင့်တယ်..." ကျူးချိန်က ပြောသည်။ လူအများအပြားက သက်ပြင်း ချကြသည်။ ကြံစည်သူအား တွေ့ပြီးပါက သူတို့က ကိုယ်တိုင် တောင်းပန်မည်။
သူတို့က ကြံစည်သူကို မတွေ့မချင်း ရှာမည်ဟု အဓိပ္ပာယ် ရနေသည်။
"ဓားသခင်တောင်က ကျောင်းတော်နဲ့ ပူးပေါင်းပါ့မယ်...." ထိုအခိုက်တွင် ဓားသခင်တောင်က သူတို့၏ ရပ်တည်ချက်ကို ကြေညာသည်။ လူအများအပြားက စိတ်ထဲမှ ဆဲရေး တိုင်းထွာကြသည်။ ဓားသခင်တောင်ကား ကော့တေးနှင့် ဆက်စပ်နေရာ သူတို့က ပူးပေါင်းပေးမည်သာ ဖြစ်သည်။
"လျိုနိုင်ငံကလည်း ပူးပေါင်းပေးမယ်.... ကျုပ်တို့ကလည်း ဒီလို ကိစ္စမျိုး မဖြစ်စေချင်ဘူး..." လျိုနိုင်ငံက တစ်ယောက်က ပြောသည်။ အကယ်၍ ဤသို့သော လုပ်ကြံမှုက အရှေ့မြေရိုင်း ဒေသတွင် မကြာ မကြာ ဖြစ်နေခဲ့ပါက အခြေအနေများ လွန်စွာ ရှုပ်ထွေးနိုင်ပေသည်။ အနာဂတ်တွင် လူတိုင်းက ထိုသို့ လုပ်နေပါက လူငယ်မျိုးဆက် ပါရမီရှင်များ၏ ဘဝက မလုံမခြုံ ဖြစ်လာ ပေတော့မည်။
ဤကိစ္စက အမှန်ပင် အလေးအနက် ထားကာ ဖြေရှင်း ရပေမည်။ လူတိုင်းက ကျောင်းတော်၏ သဘောထားကို ခန့်မှန်း၍ ရသည်။ မုန်တိုင်းကား သည်အတိုင်း ပြီးဆုံးတော့မည့်ဟန် မရှိတော့ပေ။
"အခုလို နားလည်ပေးတာ ကျေးဇူးတင်ပါတယ်...." ကျူးချိန်က ပြောသည်။ ထို့နောက် သူမက ချင်ယွီဘက်ကို လှည့်ကာ ပြောသည်.... "နောက်ကွယ်က စေခိုင်းသူကို ကျွန်မတို့က ရှာမတွေ့ဘူးဆိုရင် ကျောင်းတော်က ဒါကို ချင်ပြည်ထောင်က လုပ်တယ်လို့ သတ်မှတ်ရလိမ့်မယ်... နှုတ်ဆက်ပါတယ်...." ထိုသို့ ပြောပြီး သူတို့က လေထဲကို ပျံသန်းကာ ထွက်ခွာ သွားသည်။
"မင်း...." ချင်ယွီက လေထဲကို ရောက်ရှိ သွားပြီးသော သူမ၏ နောက်ကျောအား ကြည့်ကာ မျက်နှာက နက်မှောင်သွားသည်။ သူတို့က နောက်ကွယ်မှ လုပ်ကြံသူအား မတွေ့ခဲ့ပါက ချင်ပြည်ထောင်အား တရားခံ သတ်မှတ်မည်။
လူအများအပြားက ထိတ်လန့် သွားကြသည်။ လုပ်ကြံမှုက ချင်ပြည်ထောင်၏ နယ်မြေဖြစ်သော ခေ့ကေးမြို့တွင် ဖြစ်ပျက်မှတော့ ကျောင်းတော်က ချင်ပြည်ထောင်၏ တာဝန်ဟုသာ သတ်မှတ်မည် ဖြစ်သည်။ ထိုအရာက ကျောင်းတော်၏ သဘောထား ဖြစ်သည်။
လူအုပ်ထဲတွင် တော်ဝင် ချန်ကျောင်းတော်မှ လူအများကြားထဲတွင် ရှိသော လျိုဂျန်လန်က သူ၏ လက်များအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ စေခိုင်းသူ မည်သူ ဖြစ်သည်ကို သူကောင်းကောင်း သိသည်။ အမိန့်က လျှို့ဝှက်စွာ ပေးခဲ့သော်လည်း ကျောင်းတော်၏ သဘောထားက သူ့အား ထိတ်လန့် ကြောက်ရွံ့စေသည်။