ရောင်ပြန်ဟပ်မှုနှင့် စိတ်လှည့်စားမှု
Vol. 7 Ch. 89
မြေကမ္ဘာအင်မော်တယ် မင်းယွမ်သည် အကြားအမြင် ပညာရပ်အား သင်ကြားပေးသည့်ဆရာ ဖြစ်သည်။ သူ၏ ဟောပြောချက်များသည် အသည်းကွဲသမားလေး အကြားအမြင် ပညာရှင်ထက် ပိုအစွမ်းထက်သလို တိကျသည်။
ထို့ကြောင့် အန်လင်းသည် သူ၏ခန့်မှန်းချက်အား ကြားလိုက်ရသည့်အခါ အံ့ဩ တုန်လှုပ်သွားတော့သည်။
အချိန်အတော် ကြာပြီးနောက်တွင် သူသည် စိတ်သောကရောက်စွာ မေးလာသည်။
“ဆရာရေ... ကျွန်တော်သွားလို့ မရဘူးလားဟင်...”
မြေကမ္ဘာအင်မော်တယ် မင်းယွမ်သည် ဖျော့တော့စွာ ပြုံးလိုက်ပြီး “မင်းရှောင်ဖယ် ချင်လာတာနဲ့ ရှောင်ဖယ်လို့မရတဲ့ အကြိမ် ပိုများလာလိမ့်မယ်... ကံကြမ္မာဆိုတာက ကြိုတင် မမြင်နိုင်မှုတွေကြား တည်ရှိနေတာ... အဲဒါကြောင့် ကံကြမ္မာကို ရှောင်လွှဲဖို့ ကြိုးစားမယ်ဆိုရင် မမြင်နိုင်တဲ့ အရာတွေကို ကျော်လွန်နိုင်မှသာ အောင်မြင်နိုင်လိမ့်မယ်...”
အန်လင်းသည် ရှုံ့မဲ့လာပြီး “ဆရာရေ... ကျွန်တော့်ကို သေချာလေး ရှင်းအောင်ပြောပြပါဦး...”
“အင်း... ရှောင်လွဲလို့ မရဘူးကွာ... ကံဆိုတာက ငါပြုပြင်ပြောင်းလဲလို့ ရတဲ့ အရာမဟုတ်ဘူး...” မြေကမ္ဘာ အင်မော်တယ် မင်းယွမ်သည် အကျဉ်းချုံးကာ ဖြေလိုက်သည်။
အန်လင်း : “…”
မြေကမ္ဘာအင်မော်တယ် မင်းယွမ်သည် အန်လင်း၏ ပုခုံးအား လက်ဖြင့်ပုတ်ကာ နှစ်သိမ့်လိုက်ပြီး “တိမ်တိုက်တွေမှာတောင် ငွေနားကွပ်တွေ ရှိနေသေးတာကွာ... အချိန်တွေ ကြာလာပြီဆိုရင် မင်းကြုံတွေ့ရတဲ့ အခက်အခဲတွေက ကြီးမားတဲ့ အခွင့်အရေးတွေကို ယူဆောင် လာလိမ့်မယ်... ဒါက မင်းပိုပြီး သန်မာလာမယ့် အခွင့်အလမ်းတောင် ဖြစ်လာနိုင်သေးတယ်...”
“အခုလို ရှင်းပြတဲ့အတွက် ကျေးဇူးပါ ဆရာ...” အန်လင်းသည် ဝမ်းမြောက်စွာ ဆိုလိုက်သည်။
မြေကမ္ဘာ အင်မော်တယ် မင်းယွမ်၏ ရှင်းပြချက်ကြောင့် အန်လင်းသည် ပို၍ စိတ်သက်သာရာ ရလာသည်။ မြေကမ္ဘာ အင်မော်တယ် မင်းယွမ်သည် ရယ်မောကာဖြင့် ခေါင်းညိတ် လိုက်သည်။
သူသည် အန်လင်းအပေါ် ကောင်းမွန်သည့် အမြင်ရှိသည်။ ခမ်းနား ကြီးကျယ်သည့် လူနှင့်ခွေး အတွဲ၏ အကြောက်အရွံ့မဲ့စွာ တိုက်ခိုက်ပုံများသည် သူ့စိတ်ထဲတွင် ရှင်းလင်း ပြတ်သားစွာ ကျန်ရှိနေတုန်းပင် ဖြစ်သည်။ ထိုလူနှင့်ခွေး အတွဲသည် သူ့အား ကံကြမ္မာနှင့် ကံတရားကို ပိုမိုနက်ရှိုင်းစွာ နားလည် နိုင်စေခဲ့သည်။ ထို့ကြောင့် မျှော်လင့်မထားသည့် အရာများကို လုပ်လေ့ရှိသည့် ထိုလူငယ် အပေါ်တွင် မြင့်မားစွာ တွေးထင်ထားခြင်း ဖြစ်သည်။ လာမည့် လမ်းခရီးတွင် ထိုလူငယ်လေးသည် ကြီးမားသည့် ဆုလာဘ်များအား ရယူနိုင်လိမ့်မည်။
…
နောက်တစ်နေ့တွင် စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့ နှစ်ဦးသည် ပြန်လည် ရောက်ရှိလာကြသည်။ သူတို့နှစ်ဦးသည် ပြန်လည် ရောက်ရှိလာသည်နှင့် အန်လင်း၊ မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်၊ မြေကမ္ဘာ အင်မော်တယ် မင်းယွမ်တို့နှင့်အတူ တိဘက်မှ ရှေးဟောင်း ကျောက်စိမ်း ရေကန်သို့ ဦးတည်ကာ ထွက်ခွာကြလေသည်။
ယခုထမ်းဆောင်ရမည့် တာဝန်သည် ကောင်းကင်ဘုံပိုင်နက်မှ ဦးဆောင်သည့် စစ်ဆင်ရေး ဖြစ်သည့် အတွက်ကြောင့် ထျန်းလင်းလင်းနှင့် တုန်ဖန်ရွှယ်တို့အား လိုက်ပါခွင့် မပြုပေ။
အန်လင်းသည် ထျန်းလင်းလင်းထံမှ လင်းရီ၏ ပုံအား ယူလာခဲ့သည်။ အကယ်၍ လင်းရီသည် အန္တရာယ် ကျရောက်နေသည်ကို တွေ့ပါက သေချာပေါက် ကူညီမည်ဟုလည်း ကတိပေးခဲ့သည်။
ထို့နောက်တွင် အန်လင်းနှင့် စုရှောင်လန်တို့သည် မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်၏ စာအုပ်ပေါ်သို့ ခုန်တက်ကာ တိဘက်သို့ ဦးတည်လျက် ပျံသန်းသွားကြသည်။
ရွှမ်ယွမ်ချန်နှင့် မြေကမ္ဘာအင်မော်တယ် မင်းယွမ်တို့သည်လည်း သူတို့၏ ဓားပျံများကို စီးနင်းကာဖြင့် နီးကပ်စွာ လိုက်ပါလာကြသည်။ တိဘက် တောင်တန်းများသည် ပျမ်းမျှအားဖြင့် မီတာလေးထောင်ကျော် မြင့်ပြီး ‘ကမ္ဘာကြီး၏ အမိုး’ ဟု ဖော်ပြလေ့ရှိသည်။
ထို့အပြင် သူတို့ခရီး၏ ဦးတည်ရာသည် ရှေးဟောင်း ကျောက်စိမ်းရေကန် ဖြစ်သည်။ ထိုရေကန်သည် ပင်လယ်ရေ မျက်နှာပြင်အမြင့် မီတာ ခြောက်ထောင်ကျော်တွင် ရှိသည့် တောင်တန်းများ အလယ်တွင် တည်ရှိသည်။
တစ်နာရီကြာ ပျံသန်းပြီးသည့် နောက်တွင် သူတို့၏ မျက်ကွင်းထဲတွင် နှင်းများ ဖုံးလွှမ်းနေသည့် အဆုံးမရှိသည့် တောင်တန်းကြီးအား မြင်လိုက်ကြရသည်။ မြင့်သထက်မြင့်အောင် ပျံသန်းနေရင်းဖြင့် ကောင်းကင်သည် တိမ်များ ကင်းစင်ကာ ကြည်လင်လာသည်။ အောက်ခြေတွင် မည်သည့် အပင်နှင့် တိရိစ္ဆာန်များကို မဆို မမြင်တွေ့ရတော့ချေ။ အက်ကွဲနေသည့် ကျောက်တုံးများနှင့် ရေခဲမြစ်များကိုသာ မြင်နိုင်သည်။
“အရှေ့မှာ ရောက်တော့မယ်...” မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် ရုတ်တရက် ပြောလာပြီးနောက် သူမ၏ စာအုပ်ကြီးအား ဖြည်းညင်းစွာ ဆင်းသက် လိုက်သည်။ အန်လင်းသည် အရှေ့သို့ ကြည့်လိုက်သော်လည်း ရေပြင်ကျယ်ကိုသာလျှင် မြင်တွေ့ရသည်။
ထိုရေကန်အား မည်သည့်အတွက် ရှေးဟောင်း ကျောက်စိမ်းရေကန်ဟု ခေါ်ဆိုရခြင်းကို နားလည်သွားပြီ ဖြစ်သည်။ အဝေးမှ ကြည့်မည်ဆိုလျှင် စိမ်းဖန့်နေသည့် ရှေးဟောင်း ကျောက်စိမ်း အပိုင်းအစနှင့် တူလွန်းပေသည်။ ကန်ရေပြင်သည် ကြည်လင်ကာ ငြိမ်သက်လျက်ရှိပြီး မိုးပြာရောင် ရေလှိုင်းများ လွန့်လူးလျက် ရှိနေသည်။
ပတ်ဝန်းကျင် တစ်ဝိုက်သည် အေးစက်လျက် ရှိသော်လည်း ကန်အတွင်းရှိ နေရသည် ချောမွေ့ကာ နူးညံ့မည့်ဟန်ရှိပြီး လူတစ်ဦးအား ပျော်ရွှင်ကာ စိတ်ငြိမ်သက်စေသည်။
ကြမ်းတမ်းသည့် မြေပြင် အနေအထား ရှိနေခြင်းကြောင့် သွားလာရန် ခက်ခဲ့သည့် နေရာ မဟုတ်လျှင် ထင်ရှား ကျော်ကြားသည့် နေရာတစ်ခု ဖြစ်ပေလိမ့်မည်။
ယခုအခါတွင် လူသားကျင့်ကြံသူ များစွာတို့သည် ရှေးဟောင်း ကျောက်စိမ်းရေကန်၏ ပတ်လည်တွင် ရှိနေကြသည်။ ထိုကျင့်ကြံသူများသည် စုံစမ်းစစ်ဆေးရန် လာရောက်ကြသူများ ဖြစ်သည်။
ထိုကျင့်ကြံသူများသည် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်နှင့်အတူ ကောင်းကင်မှ ဆင်းသက်လာသည့် အခြားသူများအား မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာများတွင် လေးစားမှုများ ထင်ဟပ်လာကြသည်။
သေမျိုးကမ္ဘာတွင် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ရောက်ရှိသည့် ကျင့်ကြံသူများအား ကျင့်ကြံခြင်းလောက၏ ထိပ်တန်းအဆင့်သို့ ရောက်ရှိကြသူများ အဖြစ် သတ်မှတ်ကြလေသည်။
ထိုလူများသည် စစ်ဆေး လေ့လာရန် ရောက်ရှိလာကြခြင်း ဖြစ်သည်ကြောင့် အခြားသော ကျင့်ကြံသူများသည် အနှောင့်အယှက် ပေးဝံ့လိမ့်မည် မဟုတ်ကြချေ။
“တခြား ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေရဲ့ ပိုင်နက် သတ်မှတ်ထားတဲ့ အငွေ့အသက် အကြွင်းအကျန်တွေ ရှိနေပါလား... ကြည့်ရတာ သူတို့လည်း ဒီကို ချက်ချင်း ရောက်လာကြပုံပဲ... ဘာမှတော့ ရှာတွေ့တဲ့ပုံ မရှိဘူး...” မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် ရှေးဟောင်းစာအုပ်ရှိ စာရွက်တချို့အား လှန်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။
သူမ ပြောဆိုသည့်အရာမှာ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး၏ အမှတ်အသားဖြစ်သည်။ ကျင့်ကြံသူများ ဉာဏ်အလင်း ရရှိသည့်အခါတွင် ထိုကဲ့သို့ အရာများ ဖန်တီးထားကြခြင်း ဖြစ်သည်။
အန်လင်းသည် ယုံကြည်မှုများ ပြည့်လျှံလျက် ရှိနေသည့် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်အား ကြည့်လိုက်သည်။ ယခုအချိန်သည် သူမ၏ အစွမ်းများကို ထုတ်ပြရမည့် အချိန်ဖြစ်သည်။
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် ဆက်လက်ပြီး ...
“ဒီနေရာရဲ့ လျှို့ဝှက်ချက် တချို့ကို မသိဘူးဆိုရင် သူ့ရဲ့ လျှို့ဝှက်ဆန်းပြား မှုတွေကိုလည်း ရှာဖွေ တွေ့ရှိနိုင်မှာ မဟုတ်တော့ဘူး...”
“ကောင်းကင်မှ အလင်းရောင်က ရေပြင်မှာ ရောင်ပြန်ဟပ် သလိုမျိုး စိတ်ကူးနဲ့ လက်တွေ့ဆိုတာက အမြဲရောနှော နေတတ်တယ်...”
“အားလုံးပဲ ဒီကိုလာပြီး ငါ့ဘေးမှာ လာရပ်ကြ...”
မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် အန်လင်းတို့အား အမူအရာပြလိုက်သည်။ အန်လင်းနှင့် အခြားသူများသည် ဇဝေဇဝါ ဖြစ်လာကြသည်။ မြေကမ္ဘာ အင်မော်တယ် မင်းယွမ်ပင်လျှင် စိတ်ရှုပ်ထွေး လာတော့သည်။ သို့သော်လည်း သူတို့အားလုံးတို့သည် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်၏ တောင်းဆိုချက်အား လက်ခံကာ သူမဘေးသို့ သွားလိုက်ကြသည်။
ထို့နောက်တွင် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် ဖုန်းတစ်လုံးအား ထုတ်လိုက်ပြီးနောက် အင်မော်တယ် မန္တန်တစ်ခုအား အသုံးပြုကာ လေထဲတွင် ရပ်တန့် စေလိုက်သည်။
“လာကြ... လာကြ... လာကြ... ရှုခင်းက အရမ်းကို အသက်ရှု မှားလောက်တယ်... လူတိုင်းပဲ ကင်မရာကို ပြုံးပြီးတော့ ကြည့်မယ်...”
အန်လင်း : “…”
စုရှောင်လန် : “…”
မြေကမ္ဘာအင်မော်တယ် မင်းယွမ် : “…”
…
ချပ်
ဖုန်းသည် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်၏ အပြုံးလှလှနှင့် အခြားသူ လေးဦး၏ အေးစက်စက် အမူအရာများကို ဖမ်းယူ ရိုက်ကူးလိုက်သည်။
သူတို့၏ နောက်တွင် လှပသည့် ရှေးဟောင်း ကျောက်စိမ်း ရေကန်နှင့် ကြီးမား ကျယ်ပြန့်သည့် နှင်းတောင်တန်းတို့ တည်ရှိ နေလေသည်။
“ကောင်းပါပြီ ယွဲ့ရင်ရေ... ငါတို့က အဖွဲ့လိုက် ဓာတ်ပုံလည်း ရိုက်ပြီးပြီဆိုတော့ ရှေးဟောင်း ကျောက်စိမ်း လျှို့ဝှက် နယ်မြေထဲကို ဝင်ဖို့ အချိန်ကျပြီလို့ မထင်ဘူးလား...”
မြေကမ္ဘာ အင်မော်တယ် မင်းယွမ်သည် ဒေါသတကြီး မေးလေသည်။
ရှေးဟောင်းကျောက်စိမ်း လျှို့ဝှက် နယ်မြေအတွင်းသို့ ဝင်ရောက်ရန် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင် တစ်ဦးတည်းသာလျှင် သိသူဖြစ်သည်။ ထို့ကြောင့် သူမသည်သာလျှင် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဦးဆောင်ပြီး ခေါ်ဆောင်သွားနိုင်သူ ဖြစ်သည်။
ယခုရောက်ရှိနေသည့် နေရာတွင် လျှို့ဝှက်နယ်မြေ ရှိနေကြောင်း ကြားလိုက်ရသဖြင့် အန်လင်းတို့ သုံးဦးမှာ တက်ကြွ လာကြသည်။
သို့သော်လည်း မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် သူမ၏ခေါင်းကို ယမ်းခါလိုက်ပြီး “အခုက ဝင်ရမယ့်အချိန် မဟုတ်သေးဘူး... ဝင်ပေါက်ကို မဖွင့်ခင်မှာ လထွက်တာကို စောင့်ရဦးမယ်... အဲအချိန် မတိုင်ခင် နင်တို့ကို ဒီတာဝန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အကျဉ်းချုပ် ပြောပြမယ်...”
ထိုသို့ပြောရင်း မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် အန်လင်းတို့အား ပြုံးပြလာသည်။
“နင်တို့တွေကို ဒီလျှို့ဝှက် နယ်မြေကို ဝင်ဖို့အတွက် ဘာလို့ ခေါ်လာရသလဲ သိလား...”
အန်လင်းတို့ အားလုံးသည် တစ်ညီတစ်ညွတ်တည်း ခေါင်းခါယမ်း လိုက်ကြသည်။ သူတို့သည် ပြိတ္တာ ဧကရာဇ်နှင့် တိုက်ခိုက်ရမည်လား။ မဖြစ်နိုင်ချေ။
ကောင်းကင်ဘုံ ပိုင်နက်သည် အန်လင်းတို့ သုံးဦးအား မလိုလားအပ်သည့် အရာများကို လုပ်ဆောင်ရန် ခွင့်ပြုမည် မဟုတ်ချေ။
“ရှေးဟောင်းကျောက်စိမ်း လျှို့ဝှက်နယ်မြေကို လျှို့ဝှက်နယ်မြေကြီး လေးခုဆိုပြီး ပိုင်းခြားထားတယ်... တာအိုခန္ဓာအဆင့် ကျင့်ကြံသူတွေပဲ ဝင်ရောက်နိုင်တဲ့ အရိုးဖြူနယ်မြေ... စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူတွေပဲ ဝင်ရောက်နိုင်တဲ့ စိတ်ဝိညာဉ် အဆီအနှစ် နယ်မြေ... ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေပဲ ဝင်ရောက်နိုင်တဲ့ ဝိညာဉ်ပိုင်းခြားခြင်း နယ်မြေနဲ့ နောက်ဆုံးတစ်ခု အဲဒီ ကျင့်ကြံသူတွေ အားလုံးကို စုဆုံပေးနိုင်တဲ့ စုဆုံခြင်းနယ်မြေ ဆိုပြီး ရှိတယ်...”
“ဪ... အဲလိုလား...” ရွှမ်ယွမ်ချန်မှ ပြောလာသည်။
“အဲဒီအဆင့်တွေက ကျွန်တော်တို့ကို ကိုယ်စားပြုနေတာပေါ့... အဲဒါဆို ကျွန်တော်တို့ အားလုံးက မတူညီတဲ့ လျှို့ဝှက် နယ်မြေတွေကို ဝင်ရောက်ပြီး တာဝန် ထမ်းဆောင်ရမှာပေါ့...”
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် ခေါင်းညိတ်ပြီးနောက် “အမှန်ပဲ... ဒီရှေးဟောင်းကျောက်စိမ်း လျှို့ဝှက်နယ်မြေ ဆိုတာက သန့်စင်တဲ့ မန္တန်ဝင်္ကဘာ တစ်ခုပဲ... ကောင်းကင်ဘုံ ပိုင်နက်ရဲ့ ကောင်းကင်ဧကရာဇ် ကျိဝေက တောင်ပံနက် မျိုးနွယ်စုရဲ့ မိစ္ဆာရှင်းဓားကို သန့်စင်တဲ့ အခါတုန်းက အသုံးပြုခဲ့တာ...”
“ဒီမန္တန်ဝင်္ကဘာကို အစွန်းရောက် ဝိညာဉ်သုံးကောင် ဖျက်ဆီးခြင်း ဝင်္ကဘာလို့ခေါ်တယ်... ဒီဝင်္ကဘာက ကမ္ဘာကြီးရဲ့ စွမ်းအားတွေကို စုပ်ယူနိုင်ပြီးတော့ စွမ်းအင်စီးကြောင်း သုံးခုအဖြစ် ပိုင်းခြားလိုက်တယ်... အဲဒီ စွမ်းအင်စီးကြောင်းတွေကို မိစ္ဆာရှင်းဓားရဲ့ ဓားစိတ်ဝိညာဉ်ကို သန့်စင်တဲ့ အခါမှာ အသုံးပြုနိုင်တယ်... ပြီးတော့ ဓားစိတ်ဝိညာဉ် အသစ်တစ်ခု မွေးဖွား စေနိုင်တယ်...”
“ဒါပေမဲ့လည်း ဒီမန္တန်ဝင်္ကဘာမှာ ပြစ်ချက်တစ်ခု ရှိနေတယ်... မိစ္ဆာရှင်းဓားရဲ့ ဓားစိတ်ဝိညာဉ်ကို သန့်စင်တဲ့ အခါတုန်းက သူ့ရဲ့ အငွေ့အသက်က နယ်မြေသုံးခုကို ပျံ့နှံ့သွားပြီး စက်ဆုပ်ဖွယ်ရာကောင်းတဲ့ အရာတွေကို ဖြစ်ပေါ်စေခဲ့တယ်...”
“အဲဒီ စက်ဆုပ်ဖွယ်ရာ ကောင်းတဲ့ အရာတွေက မန္တန်ဝင်္ကဘာရဲ့ လုပ်ဆောင်မှုတွေကို ပိတ်ဆို့ တားဆီး လိုက်သလို ဖြစ်သွားတာ...”
“ငါတို့ရဲ့တာဝန်က လျှို့ဝှက်နယ်မြေ သုံးခုထဲကို ဝင်ပြီးတော့ အဲဒီ အရာတွေကို ဖျက်ဆီးပစ်ပြီးတော့ ဒီမန္တန် ဝင်္ကဘာကနေ ထွက်ခွာ သွားစေဖို့ပဲ...”
မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်၏ ဖော်ပြချက်အား ကြားလိုက်ရသည့် အခါတွင် အန်လင်းသည် ရုတ်တရက် ဆိုသလို မောပန်းလာသည်ဟု ခံစားရတော့သည်။
လက်နက်များဖြင့် ဆော့ကစားနေသည့် အင်အားကြီး ကျင့်ကြံသူ တစ်ဦးသည် အခြားသော သူများအား အကူအညီတောင်းခံကာ စေလွှတ်လိုက်သည်နှင့်ပင် တူနေသေးသည်။
ထိုအလုပ်သည် အတော်လေး အဆင့်မြင့်ပေသည်။
ကောင်းကင်ဧကရာဇ် ကျိဝေသည် အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်သည်။ တောင်ပံနက် မျိုးနွယ်စုသည် လျှို့ဝှက် ဆန်းကြယ်ကာ စွမ်းအားကြီးသည့် မျိုးနွယ်တစ်ခု ဖြစ်သည်။ ထို့အပြင် မိစ္ဆာရှင်းဓားသည်လည်း အလွန်အစွမ်းထက်သည့် အင်မော်တယ်လက်နက် ဖြစ်သည်။
“အိုး... ဟုတ်သားပဲ... ပြိတ္တာဧကရာဇ်နဲ့ သွေးနတ်ဘုရားကလည်း လျှို့ဝှက် နယ်မြေထဲမှာ ရောက်နေတာ... သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ မန္တန်ဝင်္ကဘာ အားနည်းနေတဲ့ အချိန်မှာ ဖျက်ဆီးပစ်ပြီး မိစ္ဆာရှင်းဓားကို ပြန်ယူဖို့ပဲ ဖြစ်ရမယ်...”
“သူတို့က လျှို့ဝှက် နယ်မြေထဲကို ဝင်ဖို့အတွက် တောင်ပံနက် မျိုးနွယ်စုရဲ့ မှော်ရတနာကို အသုံးပြုခဲ့တာ... အဲဒီနည်းကို အသုံးပြုမယ်ဆိုရင် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေမှရမယ်...”
“အဲဒါကြောင့် ရန်သူတွေက ဝိညာဉ်ပိုင်းခြားခြင်း နယ်မြေနဲ့ စုဆုံခြင်း နယ်မြေမှာပဲ ရှိမှာမို့ မင်းတို့တွေ အနေနဲ့ စိုးရိမ်ဖို့ မလိုဘူး...”
“မြေကမ္ဘာ အင်မော်တယ် မင်းယွမ်နဲ့ ငါက သူတို့ကို ဖျက်ဆီးပစ်မှာမို့...”
သူတို့ကို ဖျက်ဆီးပစ်မယ် ဟုတ်လား...
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်၏ စကားကို ကြားလိုက်ရသည့် အခါတွင် အန်လင်းသည် ပို၍ပင် ခြေကုန်လက်ပန်း ကျလာတော့သည်။
ဘာဖြစ်လို့လဲ ဟုတ်လား။
သူ့ရဲ့ သွေးတွေက အကြောင်းမဲ့ ကုန်ဆုံး သွားရတော့မှာပေါ့...
ပြိတ္တာဧကရာဇ်နှင့် သွေးနတ်ဘုရားတို့ အသတ်ခံလိုက်ရမည် ဆိုလျှင် လူသား ကျင့်ကြံသူများသည် ဘာလုပ်ဖို့ရာ ကျန်တော့မည်နည်း။ သူ့အား သိုလှောင်လက်စွပ် တစ်ကွင်း ပေးမည်ဆိုသော ကတိစကားသည်လည်း ရေစုန် မျောသွားပေတော့မည်။
ဟူး... ဘဝကြီးမှာ အမှန်တကယ်ကို အံ့ဩစရာများနှင့် ပြည့်နှက် နေလေသည်။
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် လျှို့ဝှက်နယ်မြေတွင် ရှာဖွေဖို့ရန် လိုအပ်သည်များကို ဆက်လက် ပြောကြားသည်။
ညအချိန်သို့ ရောက်ရှိလာပြီး လ အလင်းရောင်သည်လည်း ရေပြင်တွင် ရောင်ပြန်ဟပ်လျက် ရှိသည်။
ရှေးဟောင်း ကျောက်စိမ်းရေကန်၏ မျက်နှာပြင်တွင် လ၏ အဖြူရောင် အလင်းများ တောက်ပလျက်ရှိသည်။ ကျယ်ပြောသော ကောင်းကင်ကြီး၏ ကြယ်များ နက္ခတ်တာရာများသည်လည်း ရေကန်အတွင်း ထည့်ထား သကဲ့သို့ပင် ဖြစ်သည်။
…
သူတို့ငါးဦးသည် ရှေးဟောင်းကျောက်စိမ်း ရေကန်ထက်တွင် သတိအပြည့်နှင့် မတ်တတ်ရပ်လျက် ရှိနေကြသည်။ မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် တံဆိပ်တစ်ခုကို ထုတ်ယူ လိုက်ပြီးနောက် အန်လင်းနှင့် အခြားသူများ၏ ခန္ဓာကိုယ် အတွင်းသို့ အလင်းတန်းများ ပစ်လွှတ်လိုက်သည်။
“ကြယ်စင်တို့၏ အရှင်သခင်... ကျော်ကြားမှုတို့၏ ဆရာအရှင်... ခမ်းနားမှုတို့၏ နိယာမတရား... ရောင်ပြန်ဟပ်မှုနှင့် စိတ်လှည့်စားမှု _ ပြိုကွဲစေ…”
ထိုအမိန့်ပေးချက် ပြီးဆုံးပြီးနောက် သူတို့၏ ခန္ဓာကိုယ်များသည် ဖြည်းညှင်းစွာဖြင့် နစ်မြုပ်ကာ ပျောက်ကွယ်လာသည်။ အဆုံးတွင် သူတို့ အားလုံးတို့သည် ကမ္ဘာမြေပြင်မှနေ ပျောက်ကွယ် သွားတော့သည်။
**