အနီရောင်တံဆိပ်
Vol. 10 Ch. 143
"ကျိုးကျွင်းက စီတုအန်းရဲ့စည်းမျဉ်းတွေကို ကိုယ်စားပြုတယ် ၊ လျိုယီက ကျောင်းစည်းမျဉ်းတွေကို အသုံးပြုချင်နေတယ် ပြီးတော့ တခြားအတန်း ဖော်တွေမှာလည်း ကိုယ်ပိုင်အစီအစဉ်တွေ ရှိကြတယ် "
ကောင်းမင်သည် အခန်း၁၃ရှိ မည်သူ့ကိုမှ အထင်မသေးရဲပေ။လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်နှင့်ရည်မှန်းချက်များ ရှိကြသည်။ မတူတာကတော့ သူတို့ကြားတွင် ရောနှောနေသော သရဲများသည် ပို၍အပြစ်ကင်းသည်ဟု ခံစားနေရခြင်းဖြစ်သည် ။
အမျိုးသမီးသန့်စင်ခန်းနားရှိ ကော်ရစ်ဒါတွင်ရပ်နေရင်း ကောင်းမင်သည် လက်ရမ်းကိုကိုင်၍ ချူးရှီပြောင်ကို လေ့လာနေ၏။သေဆုံးသွားပြီဖြစ်သော ကျောင်းသူများသည် သူ့ဘေးမှ ကသုတ်ကရက်ဖြတ်သွားကြသည်။
"ကောင်းမင် သွားစားကြစို့ ! "
သူ့ဖုန်း တုန်ခါလာ၏။စကားပြောဂရုမှတဆင့် စီဆန်းက မက်ဆေ့ပို့လာခြင်းဖြစ်သည်။
"မင်းတို့ အရင်သွားနှင့်လိုက် ၊ ပြီးမှ ငါလျိုယီနဲ့သွားလိုက်မယ် "
ကောင်းမင်က မက်ဆေ့ပြန်ပို့လိုက်ရာ စီဆန်းက ပြတင်းပေါက်အနီးကော်ရစ်ဒါတွင် စာအုပ်ကိုင်ထားသော ကောင်းမင်၏ဓာတ်ပုံဖြင့် အကြောင်းပြန်လိုက်သည်။ကောင်းမင်က ပြတင်းပေါက်မှခေါင်းပြူကြည့်လိုက်ရာ အောက်ထပ်မှသူ့အား လက်ယမ်းပြနေသော စီဆန်းနှင့်ဝမ်ကျားကိုတွေ့လိုက်ရသည်။
"မင်းအရမ်းအလုပ်ကြိုးစားဖို့ လိုလို့လား ၊ မင်းက ငါတို့နောက်ကွယ်မှာ တကယ်ကြီးမိန်းကလေးအိမ်သာကို သွားလေ့လာနေတယ်လား ! "
"ငါသာ လေ့လာချင်ရင် ဒီလိုနေရာမျိုးကို ရွေးမှာမဟုတ်ဘူးနော် "
ကောင်းမင်က ပြတင်းပေါက်ကို ပိတ်လိုက်သည်။စီဆန်းသည် ယခုချိန်ထိ မည်သို့အသက်ရှင်နေကြောင်း ရိုးရိုးသားသားသိချင်နေမိသည်။
သင်္ချာဆောင်မှ ကျောင်းသားများ ပိုပိုထွက်လာကြသော်လည်း လျိုယီကား သန့်စင်ခန်းထဲမှ ထွက်မလာသေးပေ။ကောင်းမင်သည် သူမအား မက်ဆေ့အနည်းငယ်ပို့လိုက်သော်လည်း အကြောင်းပြန်မလာခဲ့ချေ။သူက သန့်စင်ခန်းတံခါးဝတွင်ရပ်ပြီး အော်ခေါ်လိုက်သည်။သန်စင်ခန်းထဲတွင်ရှိသော လူအားလုံးမှာ ပျောက်ကွယ်သွားကြပုံရသည်။
"ခုက မမှောင်သေးဘူး ၊ ခွေးကြီးလည်း ထွက်လာဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး "
အကူညီမဲ့စွာဖြင့် ကောင်းမင်သည် ကျိုးစီစီအား အကူအညီတောင်းရန် မက်ဆေ့ပို့လိုက်သည်။ဆယ်မိနစ်ကြာပြီးသောအခါ ကျိုးစီစီသည် ကန်တင်းမှ သင်္ချာဆောင်သို့ ပြန်ရောက်လာ၏။သူမသည် စားမပြီးသေးသည့်ခေါက်ဆွဲပန်းကန်ကို ကိုင်ထားပြီး ဘီစကစ်နှစ်ခုယူလာကာ သူမနူတ်ခမ်းတွင် ငရုတ်သီးဆီအချို့ပေကျံနေလေသည်။
"ငါ့အတွက် ဘီစကစ်ယူလာပေးတာလား "
"ငါကန်တင်းက ထွက်လာတော့ ဘီစကစ်တွေမြင်လိုက်လို့လေ ၊ နင်မစားရသေးဘူး ထင်လို့ "
ကျိုးစီစီသည် ကောင်းမင်နှင့်မျက်လုံးချင်း မဆုံဝံ့ပေ။သူမ၏နှလုံးသားတွင် ပဍိပက္ခဖြစ်နေ၏။သူမသည် ကောင်းမင်က မြူးဇစ်ဘောက်လူသတ်သမားမှန်း သိသော်လည်း သူသည်ထိုကဲ့သို့ လူစားမဟုတ်မှန်းတွေးမိလေသည်။
"ကျေးဇူးပဲ ၊ နင့်ကို ငါအကောင်းဆုံး ကာကွယ်ပေးပါမယ် "
ကောင်းမင်သည် ရူးရူးနှမ်းနှမ်းကတိများ မပေးခဲ့ချေ။သို့သော်လည်း သူတို့ကိုယ် သူတို့သာ ဂရုစိုက်တတ်သော ကျောင်းရှိလူများထဲတွင် ကောင်းမင်၏ကတိပေးသံသည် ကြင်နာပြီး အလွန်နွေးထွေး၏။
ကောင်းမင်နဲ့ကျိုးစီစီသည် ခုံချင်းကပ်သူငယ်ချင်းများဖြစ်ကြသည်။သူတို့ထဲမှတစ်ယောက်သည် ကောင်းမွန်သည့်အကျင့်စရိုက်တစ်ခုရှိသော်လည်း အဆင့်မကောင်းပေ။အခြားတစ်ယောက်ကား အကျင့်ကောင်းမရှိသော်လည်း အဆင့်ကောင်းပေသည်။အတန်းက သူတို့အား ချီးဦးနှောက် နှင့် တေမိမင်းသား ဟုနာမည်ပြောင်ပေးထားလေသည်။
"ကောင်းမင်...."
ကျိုးစီစီက သတ္တိမွေးလိုက်သည်။သူမသည် သူ့အား တကယ်မြူးဇစ်ဘောက်လူသတ်သမားဟုတ်မဟုတ် မေးချင်နေမိသည်။
"ဘာဖြစ်လို့လဲ "
ကျိုးစီစီသည် အတော်ပင်ပြောင်းလဲသွားကြောင်း ကောင်းမင်ခံစားရသည်။သူမ၏ တက်ကြွပျော်ရွှင်တတ်သော အကျင့်ဟောင်းမရှိတော့ပေ။သူမ၏ ကိုယ်ဟန်အနေထားပင်လျှင် ပို၍ မိန်းမသားဆန်လာခဲ့သည်။
"အဲ့ဒီညက ငါဖုန်းခေါ်ခဲ့တုန်းကလေ..."
ကျိုးစီစီ၏ ငရုတ်ဆီများပေနေသော နူတ်ခမ်းတစ်စုံက လှုပ်ရှားသွားသည်။သူမသည် မေးချင်သော်လည်း ထိုအရာက သူမတို့၏ခင်မင်မှု ပျက်စီးသွားမည်ကို ကြောက်ရွံ့ပေသည်။မိုးရေများသည် ပြတင်းပေါက်တွင် စီးကျနေကြသည်။ကျောင်းလော်စပီကာသည် လွန်ခဲ့သည့် နှစ်များစွာက ပေါ့ပ် သီချင်းတစ်ပုဒ်ကို ထုတ်လွှင့်ထား၏။ကျောင်းဆင်းပြီးနောက် ကျောင်းယူနီဖောင်းဖြင့် နှစ်ယောက်သားသည် ကော်ရစ်ဒါတွင် ရပ်နေကြသည်။ကောင်လေးသည် ကောင်မလေး ယူလာသည့် အစားအစာကို ကိုင်၍ စောင့်နေစဉ် ကောင်မလေးသည် ဆန့်ကျင်ဘက်ခံစားချက်များဖြင့် တွေဝေနေရှာ၏။
ကျိုးစီစီစကားမပြောသည်ကို ကြည့်ရင်း ကောင်းမင်က ညင်သာစွာအကြံပြုလိုက်သည်။
"နင်ဘာလို့ သန့်စင်ခန်းထဲ မဝင်သေးတာလဲ "
"ဟမ်?"
ကျိုးစီစီက စိတ်ရှုပ်သွားသည်။
"ငါနင့်ကို မက်ဆေ့သုံးစောင် ပို့လိုက်တယ်လေ ၊ နင် နောက်ဆုံးမက်ဆေ့နှစ်စောင်ကို မဖတ်ပဲ ဒီလာခဲ့တာလား ၊ လျိုယီက သန့်စင်ခန်းထဲ ဝင်သွားကတည်းက ထွက်မလာခဲ့ဘူး ၊ ငါ သူ့ကို စိုးရိမ်နေတာ "
ကောင်းမင်က ကျိုးစီစီ၏ပုခုံးကို ပုတ်လိုက်သည်။
"အများကြီး မတွေးနဲ့ "
"အင်းပါ ငါသိပါတယ် "
ကျိုးစီစီသည် သူမခေါက်ဆွဲပန်းကန်ကို ကိုင်၍ သန့်စင်ခန်းဆီဦးတည်လိုက်သည်။
"နေဦး "
ကောင်းမင်သည် သူ့အိတ်ကပ်ထဲမှ တစ်ရှူးတစ်ထုပ်ကို ထုတ်ယူလိုက်သည်
"အဆင်ပြေပါတယ် ၊ ငါ့မှာ တစ်ခုရှိပြီးသားလေ ! "
ကျိုးစီစီ၏ နှလုံးသားသည် ထိတ်လန့်တုန်လှုပ်နေ၏။
"ငါ နင့်နူတ်ခမ်းအကြောင်းပြောနေတာ "
ကောင်းမင်က သူမနူတ်ခမ်းကို ညွှန်ပြလိုက်သည်။
"ဟမ် ?"
"ထားလိုက်ပါတော့ ဘာမှမဟုတ်ဘူး "
ကျိုးစီစီသည် လူစားထိုးမခံထားရသေးကြောင်း ကောင်းမင်အတည်ပြုလိုက်သည်။သူမသည် လွန်ခဲ့သည့်နှစ်များစွာကဲ့သို့ပင် ဖြစ်သည်။
ခေါက်ဆွဲပန်းကန်ကို ကိုင်ထားရင်း ကျိုးစီစီသည် အိမ်သာခန်းအားလုံးကို ဖွင့်ကြည့်လိုက်သည်။
"လျိုယီက ဒီမှာမရှိဘူး ! "
"ဒါဆို အိမ်သာခန်းနံရံတွေမှာ ထူးဆန်းတာတစ်ခုခုရေးထားတာတွေ တွေ့လား "
ကောင်းမင်က အမျိုးသမီးသန့်စင်ခန်းထဲ အော်ပြောလိုက်သည်။
"စာသားတွေအားလုံး ခြစ်ထုတ်ခံထားရတယ် ! ဓားသေးသေးနဲ့ ခြစ်ချသွားသလိုပဲ ၊ ကြမ်းပြင်ပေါ်မှာ ကျောင်းသားကောင်စီတံဆိပ်တစ်ခု တွေ့တယ် "
ကျိုးစီစီက ကြောက်ရွံ့နေပြီး အိမ်သာထဲမှ ပြေးထွက်လာခဲ့သည်။
"မနေ့ညက အိပ်ခန်းမှာ လျိုယီပြောတာ ငါကြားခဲ့တယ် သူ လေးခုမြောက်အိမ်သာခန်းထဲမှာ ရှိနေတုန်းက သရဲခြောက်တဲ့အိမ်သာခန်းတစ်ခုတွေ့ခဲ့ရတယ်တဲ့ ၊ သူက တစ်ဖက်သားကို ဥပဒေအကြံဉာဏ်တွေပေးပြီး ကူညီချင်ခဲ့တာ ၊ တစ်ဖက်သားရဲ့ယုံကြည်မှုကိုရဖို့နဲ့ သူက သူတို့အတွက် အများကြီးကူညီပေးခဲ့တာလား "
"သရဲတစ်ကောင်ကို ကာကွယ်ပေးတာမျိုးလား "
ကောင်းမင်က လျိုယီသည် တရားမျှတမှု၏ သင်္ကေတဖြစ်သည်ကို သိသည်။ အသံမဲ့သူ၏အသံဖြစ်ရန်မှာ သူမ၏ဒဿနများထဲမှတစ်ခုဖြစ်သည်။
"သာမန်လူတစ်ယောက်ဆို ကြောက်ရွံ့နေလောက်ပြီးပြီ ၊ လျိုယီက ကြင်နာတတ်တဲ့လူတစ်ယောက်ပဲ "
ကျိုးစီစီသည် အမျိုးသမီးသန့်စင်ခန်းမှ ထွက်လာပြီး တံဆိပ်ကို စစ်ဆေးရန် ကောင်းမင်ကို ခေါ်လိုက်သည်။
"ဒီသန့်စင်ခန်းထဲမှာ နာကြည်းခြင်းအခန်းတစ်ခု ပုန်းကွယ်နေမယ်လို့ ငါထင်တယ် ၊ လျိုယီကို သရဲနီတစ်ကောင်ခေါ်သွားတာ ဖြစ်ရမယ် "
"ဒါက သာမန်ကျောင်းသားကောင်စီ တံဆိပ်နဲ့ မတူဘူးနော် "
သန့်စင်ခန်းထဲမှ ကျိုးစီစီယူလာခဲ့သော တံဆိပ်သည် အနီရောင်ဖြစ်သည်။၎င်းအား စက်ဖြင့်ချုပ်ထားခြင်းမဟုတ်ပဲ လက်ဖြင့်ချုပ်ထားခြင်းဖြစ်သည်။တံဆိပ်ပေါ်ရှိ ကျောင်းသင်္ကေတသည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းမဟုတ်ပဲ ဟန်သဲ့ရှုရှန်းအကယ်ဒမီဟူ၍ ဖြစ်သည်။စာတစ်ကြောင်းကို တံဆိပ်အတွင်းရေးသားထား၏။၎င်းမှာ "ကျောင်းသားကောင်စီမှာ လူသားတစ်ယောက်မှ မရှိဘူး ! သူတို့အားလုံးကို ငါသတ်ပစ်မယ် ! "
"သန့်စင်ခန်းထဲက သရဲနီက ကျောင်းသားကောင်စီရဲ့မူလခေါင်းဆောင်များလား "
ကောင်းမင်သည် တံဆိပ်ကို ဆက်လက်စစ်ဆေးချင်နေသော်လည်း ထောင့်ဘက်မှလှည့်လာသော ကျောင်းသားကောင်စီအဖွဲ့ဝင်နှစ်ယောက်ကို မြင်လိုက်ရသည်။သူတို့သည် အလွန်လျင်မြန်စွာ သွားနေ၏။ကောင်းမင်သည် လျင်မြန်စွာပင် ကျိုးစီစီအား သူ့နောက်တွင်ကာ၍ တံဆိပ်ကိုဝှက်ထားရန်ပြောလိုက်သည်။
"ကျောင်းဆင်းနေပြီ ၊ မင်းတို့နှစ်ယောက် ဒီမှာဘာရစ်သီ ရစ်သီလုပ်နေကြတာလဲ ၊ အမျိုးသမီးသန့်စင်ခန်းဧရိယာတစ်ဝိုက်က မှောင်လာပြီးရင် အရမ်းအန္တရာယ်များတယ်ကွ! "
ကျောင်းသားကောင်စီအဖွဲ့ဝင်များသည် အနည်းငယ်စက်ရုပ်ဆန်သော်လည်း အခြားကျောင်းသားများနှင့်နှိုင်းယှဉ်ရလျှင် သူတို့သည် ထာဝရနုပျိုနေသကဲ့သို့ အလွန်ငယ်ရွယ်လှသည်။
"ကျွန်တော်တို့ အခုသွားမလို့ပါပဲ "
"နေဦး! "
ကျောင်းသားတစ်ယောက်က ရုတ်တရက်သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
"ဒီအဆောက်အဦးက စာသင်ဖို့အတွက်ပဲ ၊ မင်းတို့ စားသောက်ချင်ရင် ကန်တင်းကိုသွားကြ ! "
ကျိုးစီစီက ခေါက်ဆွဲပန်းကန်သည် ဆွဲလုခံလိုက်ရသည်။ကျိုးစီစီမှာ ကျောင်းသားကောင်စီဝင်နှစ်ယောက် အမျိုးသမီးသန့်စင်ခန်းထဲဝင်၍ တံခါးကိုပိတ်လိုက်သောအချိန်အထိ ကြောင်အနေဆဲဖြစ်သည်။
"မှောင်လာတော့မယ် ၊ နင်အိပ်ဆောင်ကို ပြန်သွားသင့်နေပြီ "
ကောင်းမင်က ခွေးကြီး၏လူသေဓာတ်ပုံကို ထုတ်ယူလိုက်သည်။
"နင်ကရော "
ကျိုးစီစီမှာ ကြင်နာတတ်သူဖြစ်သည်။သူမက ကောင်းမင်အတွက် စိုးရိမ်နေပေသည်။
"ငါ ကျောင်းသားကောင်စီရဲ့စွမ်းအားအရင်းအမြစ်ကို အဖြေရှာဖို့လိုတယ် "
ထိုအချိန်တွင် သန့်စင်ခန်းအတွင်းမှ အော်ဟစ်သံနှစ်သံ ထွက်ပေါ်လာလေသည်။လတ်ဆတ်သောသွေးများသည် တံခါးအောက်မှ စိမ့်ထွက်လာ၏။ကျိုးစီစီသည် အလွန်ခြောက်ခြားသွားသဖြင့် ဒယိမ်းဒယိုင်နောက်ဆုတ်လိုက်သည်။ကောင်းမင်က တံခါးကို လျင်မြန်စွာဖွင့်လိုက်သည်။ကျောင်းသားကောင်စီဝင်နှစ်ယောက်၏ခန္ဓာကိုယ်များသည် အတူတကွပူးကပ်၍ ကျိုးကြေနေကြောင်း သူမြင်လိုက်ရ၏။သူတို့သည် တစ်စုံတစ်ရာ၏ဖမ်းဆီးခြင်းခံလိုက်ရပြီး လေးခုမြောက်အိမ်သာခန်းထဲ ဆွဲသွင်းခံလိုက်ရသည်။ထို့နောက် သူတို့ပျောက်ကွယ်သွားတော့သည်
"ဒီအိမ်သာခန်းက ကျောင်းသားတွေကို လူရွေးစားတာလား ! "
လေးခုမြောက်အိမ်သာ၏ တံခါးနှင့်နံရံများသည် သွားများကဲ့သို့ ကျောင်းသားကောင်စီဝင်နှစ်ယောက်၏ အရိုးနှင့်အသားများကို ကြိတ်ဝါးနေလေသည်။
တစ်ချိန်တည်းမှာပင် အနီရောင်တံဆိပ်သည် ကျိုးစီစီ၏အိပ်ကပ်ထဲမှ တွားထွက်လာလေ၏။တံဆိပ်သည်ကျိုးစီစီ၏လက်မောင်းထဲ သူ့ဘာသာ တွယ်ကပ်သွားပြီး အသားထဲသို့ စိမ့်ဝင်သွားသည်။
"ကောင်းမင် ငါ့တစ်ကိုယ်လုံး သွေးတွေစီးဆင်းနေတယ် ! "
ကျိုးစီစီသည် တံဆိပ်က သူမအပေါ်သူ့ဘာသာတွယ်ကပ်နေခြင်းအား မတားဆီးနိုင်ပေ။
"တံဆိပ်က သွေးတွေသောက်နေတာဟ ! "
သူမ၏အော်ဟစ်သံကြောင့် ကောင်းမင်သည် တွေဝေမနေတော့ပဲ သူ့ဂျာကင်ကိုချွတ်၍ ကျိုးစီစီ၏ လက်မောင်းတစ်ဝိုက်အား စည်းနှောင်လိုက်သည်။ထို့နောက် သူသည် သူမအား ပွေ့ချီ၍ သင်္ချာဆောင်မှ ထွက်ပြေးလိုက်၏။
"တံဆိပ်ပေါ်က အမည်က လက်ရှိကျောင်းနာမည်နဲ့ မတူဘူး ၊ မူလကျောင်းသားကောင်စီခေါင်းကို ကျောင်းအုပ်ဆရာမယန်ရှီကျီးက ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးခဲ့ပုံရတယ် "
ကျောင်းသား ကောင်စီဝင်များကို နေ့ခင်းဘက် သတ်ဖြတ်ခြင်းသည် စည်းကမ်းဖောက်ဖျက်ခြင်းထက်များစွာပို၏။ များစွာသော 'အရာ' တို့သည် သင်္ချာအဆောက်အအုံဆီသို့ လျင်မြန်စွာ ပြေးလာနေကြသည်။
ကျောင်းစည်းမျဉ်းများ၏ဟန်ချက်မျှနေခြင်းကို စီတုအန်း၏စည်းမျဉ်းများနှင့် သရဲနီများက ထပ်မံချိုးဖျက်လိုက်လေသည်။
"ဘာပဲဖြစ်ဖြစ် မှောင်လာတဲ့အထိ ထိန်းထားရမယ်! "
သရဲနီများသည် ညမှောင်ပြီးနောက် အသက်ဝင်လာကြသော်လည်း ၎င်းတို့သည် ကျောင်းစည်းကမ်းများဖြင့် ချုပ်နှောင်ခံထားဆဲဖြစ်သည်။ မီးပိတ်ပြီးသည့်အချိန်တွင်မူကား သူတို့သည် စွမ်းအားအပြည့်အဝရလာကြမည်ဖြစ်သည်။
တံဆိပ်သည် သူမအသားထဲ တွယ်ကပ်နေ၏။ကျိုးစီစီသည် နှုတ်ခမ်းကို ကိုက်ထားပြီး သူမမျက်နှာက ဖြူဖျော့နေခဲ့သည်။ သူမကို ကောင်းမင်က သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ပြတင်းပေါက်ရှိ သူတို့၏ ရောင်ပြန်ပုံရိပ်များကို သူမ လှည့်ကြည့်လိုက်သည်။
ကောင်းမင်သည် ကြွက်သားတောင့်တင်းခြင်းမရှိသော်လည်း ကြာကြာခံနိုင်ပေသည်။သူသည် အလွန်လျင်မြန်စွာပြေးလွှားနေခြင်းဖြစ်သည်။သူမသည် ဝန်ထုပ်ဝန်ပိုးဖြစ်နေ၏။သွေးများက သူမမျက်နှာပေါ်တွင် စိုရွှဲနေသည်။တံဆိပ်သည် အလယ်ဗဟိုသို့ရောက်လာခြင်းကြောင့် သူမအရေပြားပေါ်တွင် သွေးကြောငယ်များပေါ်ထွက်လာလေသည်။
၎င်းတို့သည် ကျိုးစီစီအားအခြားအရာတစ်ခုအဖြစ် ပြောင်းလဲရန် ကြံရွယ်နေပုံရသည်။ ရောင်ပြန်ဟပ်မှုတွင် ကျိုးစီစီသည် ကောင်းမင်ထက် လူသတ်သမားနှင့် ပိုတူသည်ဟု ခံစားရသည်။ကျိုးစီစီက ကြောက်ရွံ့နေခဲ့သည်။သူမသည် အခြားအတန်းဖော်များ၏ ဝိုင်းပယ်ခြင်းခံရခြင်း၊ အခြားသော သရဲနီများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရခြင်းနှင့် ကျောင်းသားကောင်စီ၏ ဖမ်းဆီးခံရခြင်း စသည်တို့ဖြစ်လာမည်ကို ကြောက်ရွံ့နေခဲ့သည်။ သူမသည် မကူညီနိုင်သော်လည်း ကောင်းမင်ကို တင်းတင်းကျပ်ကျပ်ဖက်ထားရုံသာ တတ်နိုင်တော့သည်။
"ငါတို့ ဘာအမှားများလုပ်ခဲ့လို့လဲဟာ..."
ကျိုးစီစီသည် သူမ၏ခေါင်းကို ကောင်းမင်ပုခုံးအတွင်း ဝှက်ထားလိုက်သည်။
"ငါ့မက်ဆေ့မှာ ငါသူ့ကို မလာဖို့ပြောခဲ့တယ် ၊၅၁ယောက်မြောက် ကျောင်းသားကို ငါအကုန်ပြောပြခဲ့တယ် ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးပါဘူး ၊ ငါ သူ့ကို လုံးဝ မမှတ်မိခဲ့ဘူး…”
"၅၁ယောက်မြောက်ကျောင်းသားက အသိစိတ်တစ်ခုအဖြစ်ပဲ ရှိနေဆဲဆိုရင် သူနင့်ကို ဘယ်တော့မှ ဒုက္ခပေးနိုင်မှာမဟုတ်ဘူး "
ကောင်းမင်သည် ကျိုးစီစီ၏အကျင့်စရိုက်နှင့် ရင်းနှီးပေသည်။
"အများကြီး မစိုးရိမ်ပါနဲ့ ၊ တစ်ယောက်ပဲရှင်သန်နိုင်ခဲ့မယ်ဆိုရင်တော့ အဲ့ဒါက နင်ဖြစ်မှာပါ "
သူတို့အား ကျောင်းသားကောင်စီအဖွဲ့မှ ဝန်းရံမခံရခင် ကောင်းမင်သည် ကျိုးစီစီကို ချီပိုး၍ သင်္ချာဆောင်မှ ထွက်ပြေးလာခဲ့သည်။သူတို့က ဓာတ်ခွဲခန်းအဆောက်အဦးသို့ ဦးတည်လိုက်ကြသည်။
"ကျောင်းကြီးက သင်္ချာဆောင်ကို ချိတ်ပိတ်ဖို့အတွက် ကျောင်းသားကောင်စီကို လှုပ်ရှားခိုင်းဖို့တောင် အချိန်မရှိခဲ့ဘူး၊ ငါတို့ လွတ်မြောက်အောင် လုပ်နိုင်ခဲ့တယ်ဆိုတဲ့ အချက်ကြောင့် ကျောင်းစည်းကမ်းတွေ က ကျောင်းအပေါ် ထိန်းချုပ်မှု အားနည်းလာတယ်လို့ ဆိုလိုတာပဲ "
သူသည် အားကစားအဆောက်အဦးကို ဖြတ်သွားစဉ် အတွင်းထဲ တစ်ချက်လှမ်းကြည့်လိုက်သည်။ အပြင်ဘက်တွင် မိုးများသွန်ချနေပြီး အတွင်းဘက်တွင် ရေကြီးနေလေသည်။ ကျောင်းသားကောင်စီဝင် အများအပြားသည် ရေကြီးမှုကြောင့် ရေနစ်နေခဲ့ကြသည်။
"ဘာကြောင့် ရုတ်တရက်ရေထကြီးသလဲကို သူတို့ရှာတွေ့သေးပုံ မရဘူး "
ကျိုးစီစီနှင့်ကောင်းမင်တို့သည် မည်သည့်အနှောက်အယှက်မှ မကြုံတွေ့ခဲ့ရပဲ ဓာတ်ခွဲခန်းအဆောက်အဦးထဲသို့ ဝင်လိုက်ကြသည်။ရံဖန် ရံခါတွင် ကျောင်းသားကောင်စီအဖွဲ့ဝင် တစ်ယောက်စနှစ်ယောက်စ ဖြတ်သွားတတ်သော်လည်း သူတို့သည် အနုပညာအခန်းသို့ ပြေးလွှားနေကြခြင်းဖြစ်သည်။ရှရန်နှင့် အနုပညာဆရာမကြားတွင် အခြားတစ်ခုခုဖြစ်ပွားခဲ့ပုံရသည်။
သရဲနီများသည် စည်းကမ်းများကို ဘယ်တော့မှ မလိုက်နာချေ။လှုပ်ရှားမှုကို ဦးဆောင်နေသူတစ်ဦးနှင့်အတူ သူတို့သည် နေ့မမှောင်ခင် ပရမ်းပတာဖြစ်ရန် စတင်ဖန်တီးခဲ့ကြသည်။ ကျောင်းစည်းကမ်းများသည် နေမ၀င်ခင်အချိန်အတွင်း ပြဿနာတိုင်းကို မဖြေရှင်းနိုင်ခဲ့ပါက ထိုညသည် အရာအားလုံး ပြောင်းလဲသွားမည့်အချိန် ဖြစ်နိုင်လေသည်။
ထိုအရာများထက် ကျောင်းသားကောင်စီအဖွဲ့များသာ ကူညီရန်ကြိုးစားနေကြသည်ကို ကောင်းမင်သတိပြုမိသည်။စီတုအန်းဘက်မှ ဆရာ ဆရာမများသည် ဘာတစ်ခုမှပြုလုပ်ရန် ဆန္ဒမရှိကြပေ။ထိုလူသည် အစီအစဉ်တစ်ခုခုဆွဲနေကြောင်း ကောင်းမင်ယုံကြည်သည်။
"စီစီ အဘွားအိုတစ်ယောက်နဲ့ တွေ့တဲ့အချိန်ကျရင် နင်လေးလေးစားစားနေရမယ်နော် "
သူက စတိုခန်းတံခါးကို ဖွင့်လိုက်ရရာ စင်များအနောက်မှ များစွာသော ဓားများသည် သူနှင့်ကျိုးစီစီအား ချိန်ရွယ်ထားကြလေသည်။
"ဒါက ငါတို့လူပဲ "
ခပ်လှမ်းလှမ်းမှ တင်းယွမ်၏အသံထွက်ပေါ်လာသည်။ဟွမ်မင်စုံစမ်းရေးမှူးများက လက်နက်များကို ပြန်သိမ်းလိုက်ကြသည်။
"ကောင်းမင် အပြင်ဘက်အခြေအနေ ဘယ်လိုရှိလဲ "
တင်းယွမ်က တံခါးဆီခပ်နှေးနှေးသွား၍ ပိတ်လိုက်သည်။
"ဌာနက စုံစမ်းရေးမှူးအသစ်တွေ မပို့ခဲ့ဘူးမလား "
"မပို့ခဲ့ဘူး ၊ ဒါပေမယ့် လာမယ့်နှစ်ရက်အတွင်း သူတို့က ကယ်ဆယ်ရေးမစ်ရှင်ကြီးတစ်ခု စတင်လိမ့်မယ်လို့ ငါယုံတယ် "
ကောင်းမင်သည် ဘာပြောရမှန်း မသိချေ။အကယ်၍ ဌာနချုပ်သည် သူတို့အားကယ်တင်ရန် လူများလွှတ်ခဲ့ပါက စုံစမ်းရေးမှူးများသည် သရဲနှင့်မိစ္ဆာများပြည့်နေသော ကျောင်းတစ်ကျောင်းကို ရင်ဆိုင်ရပေလိမ့်မည်။
ကောင်းမင်သည် ဟွမ်မင်၏လူများဖြင့် စကားပြောပြီး အချိန်မဖြုန်းချင်ပေ။ထို့ကြောင့် သူသည် ကျိုးစီစီကိုခေါ်၍ ယန်ရှီကျီးကို သွားရှာလိုက်သည်။
"ကျောင်းအုပ် ၊ ဒီလိုတံဆိပ်မျိုး ခင်ဗျားမြင်ဖူးသလား ၊ တံဆိပ်မှာ ကျွန်တော်တို့ကျောင်းနာမည်ရှိတယ် "
အဘွားအိုသည် လေးနက်သောအမူအရာတစ်ခုဖြင့် ကျိုးစီစီ၏လက်မောင်းမှ တံဆိပ်ကိုမြင်သောအခါ သူမသည် မှတ်ဉာဏ်များထဲ မျောပါသွားပုံရသည်။
"ဒါလေးက ကလေးတွေအတွက် ငါကိုယ်တိုင်လုပ်ပေးခဲ့တဲ့ တံဆိပ်တစ်ခုပဲ ၊ သူတို့ရဲ့အတန်းဖော်တွေကိုစိတ်ရင်းမှန်နဲ့ဆက်ဆံပေးခဲ့တဲ့သူတွေပဲ ဒါတွေကို ရနိုင်မှာလေ ၊ မင်း ဒီတစ်ခုကို ဘယ်လိုရလာတာလဲ "
ကောင်းမင်သည် အိမ်သာထဲတွင် ဖြစ်ပျက်ခဲ့သည်များကို ယန်ရှီကျီးအား ပြောပြခဲ့သော်လည်း သူမက မယုံကြည်ပေ။
"ကျောင်းသားကောင်စီအဖွဲ့ဝင်တိုင်းကို ငါကိုယ်တိုင်ရွေးချယ်ထားတာ ၊ သူတို့အားလုံးဟာ ကျောင်းသားကောင်းတွေဖြစ်ပြီး အခြားလူတွေကို ကူညီဖို့အဆင်သင့်ရှိကြတယ် ၊ သူတို့က အခြားကျောင်းသားတွေအတွက် စံပြတွေပဲ ၊ သူတို့အတွက် ဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး "
"ကျောင်းအုပ်ယန် ၊ ခင်ဗျားရဲ့ကျောင်းသားကောင်စီက စီတုအန်းရဲ့လူတွေနဲ့အစားထိုးခံလိုက်ရပြီဗျ "
ကောင်းမင်သည် စီတုအန်းကို စွပ်စွဲရန်တွေဝေမနေပေ။
"အိမ်သာထဲမှာပုန်းနေတဲ့ကျောင်းသူက သူတစ်ယောက်ပဲ ရှင်ကျန်နေတာဖြစ်နိုင်တယ် ၊ ခင်ဗျားဆီမှာ ကျွန်တော်တို့ သူနဲ့ဆက်သွယ်နိုင်မယ့်နည်းလမ်းတစ်ခုခုများ ရှိမလား "
"စီတုအန်းက ကလေးတွေနောက် လိုက်နေတာလား ! "
ယန်ရှီကျီးက ပေါက်ကွဲသွားသည်။သူမ၏ဖုန်းကို ဆွဲထုတ်လိုက်သည်။
"ဒီညပဲ သူ့ကို ငါသွားရှာမယ် "
"အလျင်လိုဖို့ မလိုပါဘူးခင်ဗျာ ၊ ကျွန်တော် ခင်ဗျားအတွက် ကြိုးကြိုးစားစားအလုပ်လုပ်နေပါတယ် ၊ မဒမ်ကျောင်းအုပ်ကြီး ကျွန်တော့်ကို ဒီအနီရောင်တံဆိပ်ပိုင်ရှင်နဲ့ ဘယ်လိုဆက်သွယ်ရမလဲကို ပြောပြဖို့ပဲ လိုတာပါ "
ကောင်းမင်သည် ကျောင်းအုပ်ဆရာမအိုကြီးအား ထွက်သွားခွင့်မပြုရဲပေ။သူသည် ကျောင်းအုပ်ဆရာမကြီး ပတ်ဝန်းကျင်ရှိ သရဲနီများကို ပေါင်းစည်းချင်ရုံသာဖြစ်သည်။ သူမကို အသုံးချလိုခြင်းမဟုတ်ပေ။ ကောင်းမင်သည် သူမအား သူမ၏ကျောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကူညီပေးချင်ခဲ့သည်။
"ငါ့စာကိုယူသွားလိုက်ပါ ၊ ဒီကလေးတွေက ငါ့စကားတော့ နားထောင်မှာပါ "
ယန်ရှီကျီးက ကောင်းမင်အတွက် စာအနည်းငယ်ရေးပေးလိုက်သည်။
"မင်းသူတို့ကို ဒီနေရာကို လုံလုံခြုံခြုံခေါ်လာရမယ်နော် "