ကျောင်းသားကောင်စီ၏ သားရဲတွင်း
Vol. 10 Ch. 148
"စုံစမ်းစစ်ဆေးရေးဌာနကို အဓိကဌာနသုံးခုခွဲထားတယ် ၊ စုံစမ်းစစ်ဆေးရေးဌာခွဲ၊ သုတေသနဌာနခွဲ နဲ့ လုံခြုံရေးဌာနခွဲတို့ပဲ ၊ အနီရောင်ဆက်သွယ်ရေးစက်နဲ့ အေးဂျင့်တွေက တခြားဌာနတစ်ခုကများလား "
ဌာနချုပ်သည် ထိုဘတ်စ်ကားသုံးစီးအား ဘယ်ကရခဲ့သည်လဲကို စိတ်ကူးရခက်ပေသည်။၎င်းတို့သည် မသက်မသာ ခံစားချက်များ ပေးစွမ်းနေ၏။၎င်းတို့သည် ဘတ်စ်ကားများထက် မီးသဂြိုလ်မှ အသံများနှင့်တူ၏။ သင်္ချာဆောင်အနီးတွင် ဘတ်စ်ကားသုံးစီး ရပ်လိုက်ပြီး တံခါးများအားလုံး ပွင့်လာကြသည်။
ပထမဘတ်စ်ကားပေါ်မှ မြူမှုန်များ လွင့်ပျံလာလေသည်။ မြေပြင်ပေါ်ရှိ ရေအိုင်ထဲတွင် ခြေရာများ ထွက်ပေါ်လာခဲ့သည်။ ဘတ်စ်ကားပေါ်တွင် မမြင်ရသည့် ခရီးသည်များ ထိုင်နေကြသည်ဟု ခံစားရသည်။
ငါးမိနစ်ကြာပြီးနောက် ဒုတိယဘတ်စ်ကားပေါ်မှ မိုးကာအင်္ကျီတစ်ခု ဖြည်းညင်းစွာ တွားထွက်လာ၏။အသွေး အသားတို့သည် မုန်တိုင်းထဲ စီးဝင်သွားကြသည်။ဦးထုပ်၏အနားစွန်းက ထိုလူ၏မျက်နှာကို အပြည့်အ၀ဖုံးကွယ်ထားသည်။ မိုးကာအင်္ကျီသည် ဘတ်စ်ကားပေါ်မှ ဆင်း၍ ရုံးခန်းအဆောက်အအုံထဲသို့ ဝင်သွားလေသည်။
တတိယဘတ်စ်ကားပေါ်မှ စုံစမ်းရေးမှူးများသည် ဒုတိယဘတ်စ်ကားမှ သွေးများကို ဆေးကြောသန့်စင်ပြီးနောက်မှသာ ဆင်းလာဝံ့ကြသည်။မြို့တော်အရှေ့ပိုင်းဌာနယူနီဖောင်းဖြင့် ဒရိုင်ဘာသည် လူတိုင်းအား ရုံးခန်းအဆောက်အဦးဆီသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။
"ဒုတိယဘတ်စ်ကားထဲက သွေးနီရောင်မိုးကာအင်္ကျီက ဘာများလဲ ၊ ဒါက ဌာနချုပ်ရဲ့ လျှို့ဝှက်လက်နက်လား ဒါမှမဟုတ် စီတုအန်းရဲ့ နောက်ထပ်အိမ်မွေးခွေးတစ်ကောင်လား "
ကောင်းမင်သည် အသစ်ရောက်လာသူများကို သတိပေးချင်သော်လည်း သူတို့သည် သူ့အား ယုံကြည်ကြမည်မဟုတ်ကြောင်းကို သူသိသည်။စီတုအန်းနှင့်နှိုင်းယှဉ်ရလျှင် ထိုလူများသည် သူ့ကိုယုံကြည်စရာအကြောင်းပြချက်မရှိပေ။
"ဒါက ပထမစစ်ကူ အဖွဲ့ဖြစ်မယ် "
ကောင်းမင်သည် ထိုအခြေအနေအား စီစွေ့အိမ်ရာအခြေအနေဖြင့် နှိုင်းယှဉ်ကြည့်လိုက်သည်။
"သားစားကြူးနတ်ရဲ့ တည်ရှိမှုမရှိတာကြောင့် စီတုအန်းက ဒီစုံစမ်းရေးမှူးတွေကို စတေးမှာ မဟုတ်ဘူး ၊ လောလောဆယ်တော့ ပိုင်ရှောင်နဲ့ ချင်ထျန်းက လုံခြုံနေဦးမှာ "
အပြင်ဘက်လောကတွင် ၁၂နာရီ ကြာပြီးနောက် ကျောင်းမှသတင်း ထွက်မလာပါက ဌာနချုပ်သည် စစ်ကူအဖြစ် ပထမအသုတ်လူဦးရေ၏ နှစ်ဆကို ပို့လွှတ်လိမ့်မည်ဖြစ်သည်။ဌာနသည် စီတုအန်း၏ လှည့်စားခြင်းခံနေရခြင်းဖြစ်သည်။မည်သည့် စုံစမ်းရေးမှူးမဆို စီတုအန်းစွမ်းအားရရန်အတွက် စတေးခံဖြစ်နိုင်ပေသည်။ကောင်းမင်သည် အချိန်မရှိတော့ကြောင်း ခံစားနေရသည်။
"ကျောင်းစည်းကမ်းတွေက မီးပိတ်ပြီးတဲ့အခါ အားနည်းနေကြတယ် ၊ စီတုအန်းက ဒီအခွင့်အရေးကို အသုံးချပြီး လူတွေကို သူ့ဘက်ပိုပါဝင်ခိုင်းလိုက်တာပဲ၊ ငါ အရမ်းကြီး နောက်ကောက်ကျနေလို့မရဘူး "
ကောင်းမင်သည် မှောင်မဲနေသော ရုံးခန်းအဆောက်အဦးကို ကြည့်ရှုလိုက်သည်။သူ့တွင် ခွေးကြီးပါမလာသောကြောင့် ထိုကိစ္စများထဲ သူပြေးမဝင်ရဲပေ။သူက သင်္ချာဆောင်သို့ ပုန်းလျှိုးကွယ်လျှိုး သွားလိုက်သည်။သင်္ချာဆောင်သည် ညဘက်တွင် လုံးဝကွာခြားနေ၏။စာသင်ခန်းများထဲတွင် တစ်ဦးနှင့်တစ်ဦးပြေးလိုက်နေသော အရိပ်များရှိလေသည်။မနက်ခင်းတွင် များစွာသော ကျောင်းသားများ အတန်းတက်ရန် ဖိအားပေးခံရသော်လည်း ညဘက်တွင်မူကား 'လူများစွာ'သည် ထိုနေရာတွင် စေတနာ့ဝန်ထမ်းလုပ်၍ အချိန်ပိုဆင်းနေကြလေ၏။
ခြံဝင်းထဲတွင် ကောင်းမင်ကဲ့သို့ စုံစမ်းစစ်ဆေးရေးဌာနအား စူးစမ်းနေသော ကျောင်းသားများစွာရှိသည်။တစ်ချို့သည် သူတို့ခေါင်းများကို ခြံစည်းရိုးမှ တဆင့် ထိုးထည့်နေကြပြီး တစ်ချို့မှာ သူတို့၏ခန္ဓာကိုယ်များကို တစ်ပိုင်းစီခွဲ၍ ဆီးဆောပေါ်တွင် ထိုင်နေကြသည်။သူတို့သည် ဘတ်စ်ကားများကို လက်ညိုးထိုး၍ အချင်းချင်း တီးတိုးပြောဆိုနေကြ၏။
"ဒီအခြေအနေမှာတောင် သူတို့က အတင်းအဖျင်းပြောနေကြပုံပဲ "
ကောင်းမင်သည် ညဘက်ရှိ ကျောင်းသားအုပ်စုကို ဖြတ်ကျော်လာရင်း လေးလွှာသို့ ရောက်လာခဲ့သည်။သူကား အမျိုးသမီးသန့်စင်ခန်းနားတွင် ရစ်ဝဲရစ်ဝဲလုပ်နေခဲ့၏။သူက တံခါးခေါက်ရမလားဟု တုံ့ဆိုင်းနေစဉ် လုံခြုံရေးအစောင့်တစ်ယောက်က ထောင့်ကိုလှည့်လာပြီး သူ့အားလှည့်ကြည့်လိုက်သည်။
"ကျွန်တော် လူတစ်ယောက်ရှာဖို့ ရောက်လာတယ်ဆိုရင် ခင်ဗျားယုံမလား "
ကောင်းမင်သည် ညဘက်အချိန်၏ကျောင်းကြီးကို ပိုသဘောကျပေသည်။ယမန်နေ့ညက လုံခြုံရေးအစောင့်ကို သူတွေ့ခဲ့ရသည်။ သူသည် ခြံစည်းရိုးပေါ်မှ ခုန်ချသွားသော ကျောင်းသားကို လိုက်ရှာနေခဲ့ခြင်းဖြစ်သည်။သူသည် ကျောင်းသားဆိုးအား ဖမ်းမိလုနီးပါးဖြစ်ခဲ့သည်။
"မိန်းကလေးအိမ်သာထဲ မင်းဝင်လို့မရဘူး ၊ မင်းကျောင်းစည်းကမ်းကို ချိုးဖောက်တာက ဘာမှမဖြစ်ဘူး ၊ ဒါပေမယ့် အခြေခံလူ့ကျင့်ဝတ်ကိုချိုးဖောက်ရင်တော့ ငါတခြားလမ်းက လှည့်မသွားနိုင်ဘူး "
လူ၏ဦးခေါင်းပေါ်ရှိ ဦးထုပ်သည် အချိန်မရွေးပြုတ်ကျသွားနိုင်သကဲ့သို့ မရေမရာရှိနေ၏။
"ကျွန်တော်က ဒီကို စာပို့ဖို့လာခဲ့တာပါ ၊ အဲ့ဒီစာတွေက ကျောင်းအုပ်ယန်ဆီက စာတွေပါပဲ ၊ သူက ကျွန်တော့်ကို ကျောင်းသားတွေကို ကောင်းကောင်းကာကွယ်ပေးစေချင်တာလေ "
သူဒုက္ခကြုံလျှင် ကောင်းမင်သည် ယန်ရှီကျီး၏နာမည်ကို ယူသုံးရမည်ဖြစ်သည်။တစ်ဖက်လူသည် ယန်ရှီကျီး၏မိတ်ဆွေဖြစ်ပါက သူတို့သည် ကောင်းမင်၏မိတ်ဆွေများဖြစ်ပေမည်။သူတို့သည် ယန်ရှီကျီး၏ ရန်သူများဖြစ်ပါက ကောင်းမင်သည် ဆက်ထိန်းချုပ်ထားရန် မလိုအပ်ပေ။
"ကျောင်းအုပ်ယန်လား "
အစောင့်က သူ့ဦးထုပ်ကို ဖြောင့်ဖြောင့်တန်းတန်းဖြစ်ရန် နံပါတ်တုတ်ကို ထုတ်သုံးလိုက်သည်။
"ငါ့ကို အဲ့စာတွေ ပေးပါဦး ငါတစ်ချက် ကြည့်ချင်မလို့ "
"ကျွန်တော်က ဘာလို့ခင်ဗျားကိုယုံရမှာလဲ "
ရှရန်၏လူသေပုံတူအား တိတ်တဆိတ်ထုတ်ထားလိုက်သည်။
"မင်း တစ်ကျောင်းလုံးကို သွားမေးကြည့်လို့ရတယ် ၊ ငါ ဟူပြောင်ကို ဘယ်သူမသိဘူးလဲလို့ "
အစောင့်က ဂုဏ်ယူစွာပြောလိုက်သည်။
"ဒီကျောင်းမှာ အဆိုးဆုံးအနိုင်ကျင့်တတ်တဲ့သူ တောင်မှ ငါ့ကိုမြင်ရင် ဦးညွှတ်ရတယ် ၊ နေ့ဘက် ကျောင်းအုပ်ယန်က ကျောင်းကို စီမံခန့်ခွဲတယ် ဒါပေမယ့် ညဘက်ဆိုရင်တော့ ဒီကျောင်းမှာ ငါက ဘော့စ်ပဲကွ ၊ ကျောင်းလုံခြုံရေးက ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာ မင်းမသိဘူးလား "
"ခင်ဗျားနာမည်က အထင်ကြီးစရာပါပဲ "
ကောင်းမင်သည် ထိုလူဆီမှ ဒုက္ခပေးစိတ်မရှိကြောင်း ခံစားမိသဖြင့် စာတချို့ကို သူ့ဆီပေးလိုက်သည်။ဟူပြောင် စာများကို ဖတ်နေစဉ် ကောင်းမင်က ထိုလူ၏မျက်နှာနှင့် အလုပ်အိုင်ဒီကို လေ့လာလိုက်သည်။တင်းယွမ်ပေးခဲ့သော ဖိုင်များတွင် ဟူပြောင်၏ဖိုင်များကို ကောင်းမင် မြင်ခဲ့ရပြီးဖြစ်သည်။
ကျောင်းလုံခြုံရေး ဟူပြောင်သည် ဟန်သဲ့ရှုရှန်းအကယ်ဒမီရှိ ပျောက်ဆုံးသူများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။သူသည် အလွန်အမင်းအရှက်မဲ့ပြီး ရှည်လျားသော ဇာတ်လမ်းများကို ပြောတတ်သူဖြစ်သည်။ သူဘာမှ မလုပ်ပဲနေနိုင်သောနည်းလမ်းတစ်ခုဆို ရှာတွေ့နိုင်လျှင် သူသည် ထိုနည်းလမ်းကိုရှာလိမ့်မည်ဖြစ်သည်။ အခြားအစောင့်များသည် စည်းကမ်းဖောက်ဖျက်သောကျောင်းသားများကို မမြင်ချင်ယောင်ဆောင်သော်လည်း ဟူပြောင်သည် စည်းကမ်းဖောက်ဖျက်မှုအား သူ့မျက်စိရှေ့မှောက်တွင်ပြုလျင်ပင် မျက်မမြင်ကဲ့သို့ ပြုမူနေမည်ဖြစ်သည်။
ကာယဆရာနှင့် ယိုလျန်းတို့ဖြင့် နှိုင်းယှဉ်လျှင် ဟူပြောင်သည် ပို၍ 'လူကောင်း' ဖြစ်သည် ။ သူ့စွမ်းအားကို ဘယ်သူမှ မသိကြပေ။သူသည် ညဘက်တွင် ကျောင်းဝင်းတစ်ဝန်းလုံးအား ကင်းလှည့်နေတတ်သူဟုသာ လူအများက သိကြသည်။သူသည် ကျောင်းသားများကို ကြွားဝါရန် သို့မဟုတ် ကျောင်းဥယျာဉ်ရှိ ငယ်ရွယ်သော စုံတွဲလေးများကို လိုက်ဖမ်းရန်ဖြင့်သာ အချိန်ဖြုန်းနေခဲ့သည်။
ဟွမ်မင်ဌာနမှ ဟူပြောင်အတွက် မှတ်ချက်များမှာ "အန္တရာယ်မရှိလောက်အောင် အလွန်ပျင်းသော သရဲနီတစ်ကောင် " ဟူ၍ဖြစ်သည်။
"ငါက အရမ်းဆက်ဆံရလွယ်တဲ့သူပါ ဒါပေမယ့် ယန်ရှီကျီးက ငါ့ကို ကျောင်းကင်းလှည့်တာဝန်ပေးထားခဲ့တယ် ၊ ဒါကြောင့် ညတိုင်း ငါကင်းလှည့်ရလိမ့်မယ် "
ဟူပြောင်သည် ကောင်းမင်၏အတွေးများကို ဖြတ်မြင်နေပုံရသည်။
"မင်း ဒီစာတွေကို အိမ်သာထဲက ကလေးမလေးကို ပေးဖို့ ရောက်လာတာမလား ၊ သူက ဒီနေရာကနေ ပြောင်းသွားပြီကွ "
"အဲ့မိန်းကလေးက ဘယ်သူလဲ ၊ သူက ဟန်သဲ့ကိုယ်ပိုင်ကျောင်းအကြောင်း လျှို့ဝှက်ချက်အများအပြားကို သိနေပုံရပြီး လျှို့ဝှက်စည်းမျဉ်းတွေအများကြီးကို ရင်းနှီးတယ်၊ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က သူ့လျှို့ဝှက်ချက်တွေကို သိပြီးနောက်ပျောက်သွားခဲ့တာဗျ "
ကောင်းမင်သည် ဟူပြောင်ကား လူကောင်းဖြစ်သည်ဟုတွေးမိသောကြောင့် သူနှင့်စကားဆက်လက်ပြောဆိုနေခဲ့သည်။
"သူ့ နာမည်က ယန်ရှောင်ယုတဲ့ ၊ သူက ယန်ရှီကျီးရဲ့ မွေးစားသမီးပဲ ၊ သူ့မျက်နှာပေါ်မှာ မြေပုံကြီးတစ်ခုလို မွေးရာအမှတ်တစ်ခုရှိတယ် သူဟာ အရင်က အိမ်သာထဲမှာ တခြားကျောင်းသူတွေ အနိုင်ကျင့်တာကို ခံခဲ့ရတယ် ၊ သူ့ကို ကာကွယ်ဖို့ ယန်ရှီကျီးက မွေးစားသမီးအဖြစ် တာဝန်ယူလိုက်တာပဲ "
ဟူပြောင်သည် ကျောင်း၏အတင်းအဖျင်းများစွာကို သိပုံရသည်။
"ယန်ရှောင်ယုက သမားရိုးကျမဟုတ် ပေမယ့်လည်း သူက စာတော်ပြီး အလုပ်ကြိုးစားတယ်၊ သူက ကျောင်းသားကောင်စီမှာတောင် ပါဝင်ခဲ့တယ်…”
ထိုအခိုက် ဟူပြောင်သည် ရုတ်တရက် ကြောက်လန့်သွားပုံရသည်။ ဆက်မပြောခင် ပတ်ပတ်လည်ကို ကြည့်လိုက်၏။
"ဟန်သဲ့ရှူရှန်း အကယ်ဒမီရဲ့ကျောင်းသားကောင်စီဟာ ကျောင်းစည်းမျဉ်းတွေရဲ့ သိမ်းပိုက်တာ ခံခဲ့ရတယ် ၊ ကျောင်းသားအဖွဲ့ဝင်တွေက ဦးနှောက်ဆေးခံထားရတာ ဒါမှမဟုတ် လူစားထိုးခံထားရသူတွေပဲ ဒါပေမယ့် တချို့အကြောင်းပြချက်တွေကြောင့် ယန်ရှောင်ယုဟာ လုံးဝသက်ရောက်မခံရဘူးလေ ၊ သူက ယန်ရှီကျီးကို သတိရနေရုံသာမကဘူး ကျောင်းသားကောင်စီအသစ်ကိုလည်း ဖြုတ်ချချင်နေတာ ၊ အဲဒါကြောင့် သူဟာ အိမ်သာခန်းထဲမှာ လျှို့ဝှက်ဝှက်စာတွေနဲ့ သဲလွန်စတွေကို ချန်ထားခဲ့တာပဲ "
ကောင်းမင်မျက်နှာပေါ်ရှိ မယုံသင်္ကာအကြည့်များကို မြင်လိုက်ရသောအခါ ဟူပြောင်၏မျက်လုံးများပြူးကျယ်သွားသည်။
"ဒါ အမှန်ပဲကွ ၊ ဟန်သဲ့ကိုယ်ပိုင်အကယ်ဒမီဆိုတာ လူပတ်ဝန်းကျင် အသေးစားလေးလိုပဲ ၊ လူထောင်ပေါင်းများစွာကို ကမ္ဘာကနေ ခွဲထုတ်လိုက်တာနဲ့ လူမှုရေးအရ ခွဲခြားဆက်ဆံမှုတွေက သူ့ဘာသာ ဖြစ်ပေါ်လာမှာပဲ "
"ယန်ရှောင်ယုဘယ်မှာလဲဆိုတာ ခင်ဗျားသိလား "
"အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးနေရာပဲ "
ဟူပြောင်က စာများကို ဆန်းကြယ်စွာပင် ကောင်းမင်ထံ ပြန်ပေးလိုက်သည်။
"မနေ့က သန်မာပြီး ကြောက်စရာကောင်းတဲ့ ခွေးတစ်ကောင်နဲ့ မင်းကို ငါတွေ့လိုက်တယ် ၊ ငါတို့ရဲ့ ညစောင့်လုံခြုံရေးအဖွဲ့မှာ သန်မာတဲ့အဖော်လိုအပ်တယ်ကွ ၊ မင်းငါ့ကို အဲ့ခွေးပေးလိုက်ရင် မင်းကို ယန်ရှောင်ယုဆီ ငါလိုက်ပို့ပေးမယ်လေ "
"အဲဒီခွေးက ကျွန်တော်နဲ့အတူ ကြီးပြင်းလာတာ၊ တစ်ယောက်ယောက်ကို ရှာပေးရုံနဲ့ ခင်ဗျားကကျွန်တော်တို့နှစ်ယောက်ကို ခွဲပစ်ချင်နေတာလား! "
ကောငမင်သည် တုန်လှုပ်သွားပြီး ဟူပြောင်က ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
"ဒါပေမယ့် ခင်ဗျရဲ့အခက်အခဲကို ကျွန်တော်နားလည်ပါတယ် ၊ ဒီလိုဆိုရင်ကော ကျွန်တော်ကျောင်းမှာ အရာအားလုံးလုပ်ပြီးသွားရင် ကျွန်တော့်ခွေးကို ခင်ဗျားနဲ့အတူ ခဏနေခွင့်ပေးလိုက်မယ် ၊ အဲဒီ့နောက်ပိုင်း သူဆက်နေချင်သေးရင် ခင်ဗျား သူ့ကို ရလိမ့်မယ် "
ကောင်းမင်ပြောလိုက်ချိန်တွင် သူသည် ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ပုံ ပေါက်နေသည်။
"တကယ်လား "
"သေချာတာပေါ့ "
ကောင်းမင် မလိမ့်ခဲ့ပေ။အကယ်၍ ခွေးကြီးသာ ဟူပြောင်၏နောက်သို့ အမှန်တကယ် လိုက်ချင်ပါက ဟူပြောင်အားသူနှင့် ချည်နှောင်လိုက်မည်ဖြစ်သည်။
"ငါမင်းကို ယန်ရှောင်ယုဆီ အခုလိုက်ပို့ပေးမယ် "
ဟူပြောင်သည် လိမ္မာပါးနပ်စွာ ပျော်ရွှင်နေခဲ့သည်။ သူသည် အင်တာနက်မှ ဝယ်ထားသော နံပါတ်တုတ်ကို ကိုင်ဆောင်၍ လမ်းကို ဦးဆောင်သွားလိုက်သည်။
"လူတွေက ကျောင်းသားကောင်စီမှာ သူတို့ရုံးခန်းနဲ့စာသင်ခန်းရှိမယ်လို့ထင်ကြတယ် ဒါပေမယ့် အဲ့တာမှားတယ် ၊ ကျောင်းသားကောင်စီက အိပ်ဆောင်နံပါတ်ခြောက်မှာ ပုန်းနေကြတာပဲ "
ကောင်းမင်သည် ကျောင်းသားအိပ်ဆောင်များအပေါ်အထင်အမြင်ကောင်းမရှိပေ။အနီရောင်အဝတ်အစားဖြင့် မန်နေဂျာသည် အလွန်ကြောက်စရာကောင်းသည်။သူမသည် ကောင်းမင်အား ခွေးကြီးနှင့်အတူ ထွက်ပြေးစေရန် ဖိအားပေးခဲ့သူတစ်ယောက်ဖြစ်သည်။
"ကျောင်းစည်းမျဉ်းတွေတောင်မှ အနားယူချိန်ရှိတယ် ၊ မီးတွေပိတ်ပြီးရင် ကျောင်းစည်းမျဉ်းတွေက ကျောင်းသားအိပ်ဆောင်နားတဝိုက်ပဲ ထိန်းချုပ်နိုင်တော့တာ ၊ ဒါက ငါအများကြီးတွေးတောခဲ့ပြီးတော့ ရခဲ့တဲ့ အနှစ်ချုပ်ပဲ ၊ ကျောင်းစည်းမျဥ်းတွေကို ကိုယ်စားပြုတဲ့ ကျောင်းသားကောင်စီနဲ့ ကျောင်းစည်းကမ်းတွေကို ပေါင်းစပ်ထားတဲ့ အဖွဲ့အစည်းက အိပ်ဆောင်အဆောင်တွေမှာ ပုန်းနေတာဖြစ်ရမယ် "
ဟူပြောင်သည် ယင်းအား လျှို့ဝှက်ချက်ကြီးတစ်ခုကဲ့သို့ တီးတိုးပြောလိုက်သည်။
"ကျောင်းသားအိပ်ဆောင် ခြောက်ခုရှိတယ် ၊ သီအိုရီကျကျ ပြောရရင် ကျောင်းသားတွေ အားလုံး ညဘက်ကျရင် သူ့တို့အိပ်ခန်းတွေထဲမှာ ရှိနေသင့်တယ်လေ ၊ ဒါပေမယ့် ငါက ညအတော်ကြာ စောင့်ကြည့်လေ့လာပြီးနောက်တော့ ကျောင်းသားတွေ ဘယ်လောက်ပဲ အဲ့ဒီကို ရွှေ့နေပါစေ ဆဋ္ဌမမြောက် အိပ်ဆောင်ဟာ လူမပြည့်နိုင်ဘူးဆိုတာ သိလိုက်ရတယ် "
"ဆိုတော့ ခင်ဗျားက ကျောင်းသားကောင်စီရဲ့သားရဲတွင်းက အိပ်ဆောင်နံပါတ်ခြောက်မှာ ရှိနေတယ်လို သံသယရှိတာလား ! "