ပန်းချီကားသုံးချပ်
Vol. 10 Ch. 138
"ရှရန်ရဲ့ လူသေဓာတ်ပုံက နိူးဆွခံလိုက်ရပြီ ဒါပေမယ့် အဲ့ဒီဓာတ်ပုံက ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ငါအခုထိ မသိသေးဘူး "
ကျောင်းသားများသည် စူးစမ်းရန် ဘန်ဂလိုထဲ ဝင်လာကြသည်။ကောင်းမင်သည် သူတို့ကို တားဆီးချင်သော်လည်း ဘယ်အကြောင်းပြချက်ကို သုံးရမှန်းမသိပေ။သူတို့မျက်နှာများပေါ်မှ ကယ်တင်ခံရသည့်အမူအရာများကို ကြည့်ရင်း သူတို့အားအမှန်တရားကို ပြောရက်သည့်နှလုံးသားမရှိတော့ပေ။
အနုပညာဆရာမသည် ကျောင်းစည်းကမ်းများကို လိုက်နာပေသည်။သူမသည် သူတို့၏တစ်စိတ်တစ်ပိုင်းကိုသာ သတ်ဖြတ်လိုခြင်းဖြစ်သော်လည်း ရှရန်၏ခြောက်ခုမြောက်ပန်းချီကားထဲတွင်မူ ကောင်းမင်ထက် အခန်း၁၃ရှိ ကျောင်းသားအားလုံးသည် အစိတ်အပိုင်းများအဖြစ် လှီးဖြတ်ရခဲ့ရခြင်းဖြစ်သည်။
"ငါတို့ သဲလွန်စတွေရှာဖို့ ပိုကြိုးစားလုပ်ဖို့ လိုတယ် ၊ ဒီဘန်ဂလိုထဲမှာ အနုပညာဆရာမရဲ့ လျှို့ဝှက်ချက်တွေ ဝှက်ထားတာဖြစ်ရမယ်! "
ချင်ကျွင်းရန်သည် သူ၏ အသုံးနည်းသော ဦးနှောက်ကို တစ်ကြိမ် အသုံးချလိုက်သည်။
"သရဲနီက ငါတို့ကို အကြောင်းပြချက်မရှိဘဲ လွှတ်ထားမှာ မဟုတ်ဘူး၊ သူက ငါတို့ရဲ့ အကူအညီလိုနေတာဖြစ်မယ် ! "
"အမှန်ပဲ "
စီဆန်းက တံခါးဘေးတွင် ရပ်နေ၏။သူ့မျက်လုံးထဲရှိ ထိတ်လန့်တုန်လှုပ်မှုကား ပျောက်ကွယ်သွားချေပြီ။
"သူကို အပေါက်ဆိုးတဲ့ချစ်စရာကောင်းသူလေးဖြစ်မယ်လို့ ငါမမျှော်လင့်ထားဘူး ၊ ဒီလိုအခြေအနေမျိုးမှာ ငါတို့က သူ့ကြောင့် ဒီလိုအတင်းအကြပ် လုပ်ရတယ်လို့ ဟန်ဆောင်ရမယ်၊ ဒါမှ ငါတို့က သူ့ကိုမျက်နှာသာ ပေးနိုင်ပြီး ကိုယ့်ကိုကိုယ် ကာကွယ်နိုင်လိမ့်မယ် "
အကောင်းမြင်နေခြင်း မရှိသူမှာ ဝမ်ကျားတစ်ယောက်သာဖြစ်သည်။သူက ကောင်းမင်နှင့်နီးကပ်စွာနေလိုက်ပြီး
"ငါ မကောင်းတဲ့ခံစားချက်တွေရနေတယ် ၊ ၅၁ယောက်မြောက်ကျောင်းသားက ငါတို့ထင်တာထက် ပိုရက်စက်တယ် ၊ ကာယချိန်တုန်းကအခြေအနေအရ ပုံမှန်အားဖြင့်သူက လမ်းကြောင်းနှစ်ခုကို ပြင်ဆင်ထားလိမ့်မယ် ၊ ပထမတစ်ခုက ထောင်ချောက်ဆီသွားပြီး နောက်တစ်ခုက ချောက်နက်ထဲခေါ်သွားလိမ့်မယ် "
ဝမ်ကျား၏ ခွဲခြမ်းစိတ်ဖြာမှုမှာ တိကျသော်လည်း အရေးကြီးသည့်အချက်ကို လွဲချော်နေခဲ့သည်။
ကျိုးကျွင်းက အနက်ရောင်ဆက်သွယ်ရေးစက်ကို ထိတွေ့လိုက်သည်။စီတုအန်းမှ ပေးထားသောသတိပေးချက်များသည် သူ့အား အထောက်အပံ့မပေးနိုင်တော့ချေ။
"အစီအစဥ်ရဲ့ ဘယ်အပိုင်းက ပျက်သွားတာလဲ"
"ဒုတိယထပ်ကို လာကြဟေ့ ! ဒီမှာ အလောင်းတစ်လောင်းရှိနေတယ် ! "
စီဆန်းသည် ဒုတိယထပ်ကော်ရစ်ဒါမှ အော်ဟစ်လိုက်သည်။
"အနုပညာဆရာမရဲ့ အသံအရဆိုရင် သူက အမျိုးသမီးဖြစ်ရမှာလေ ၊ ဘာလို့ ယောက်ျားအလောင်းကြီးဖြစ်နေရတာလဲ "
"မသွားကြနဲ့ဟ!"
ကောင်းမင်က သူတို့အား သတိပေးလိုက်သော်လည်း သူ့အတန်းဖော်များက သူ့စကား နားမထောင်ကြပေ။
ကျိုးကျွင်း၏ဦးဆောင်မှုနှင့်အတူ သူတို့သည် ဒုတိယထပ်ကို ဦးတည်လိုက်ကြသည်။
ပန်းချီစတူဒီယိုထဲတွင် စုတ်ပြတ်ပျက်စီးနေသောကင်းဗတ်စများနှင့်အတူ အလောင်းတစ်လောင်းရှိနေသည်။ ၎င်းသည် အိပ်ပျော်နေသကဲ့သို့ ဧရာမ ကင်းဗတ်များအလယ်တွင် လဲလျောင်းနေ၏။
"သူက အနုပညာဆရာမရဲ့ ယောက်ျားများလား ၊ သူ့ပန်းချီတွေက အနုပညာဆရာမရဲ့ ပန်းချီတွေထက် ပိုကောင်းတယ်လို့ ဘယ်လိုတောင်ခံစားနေရတာလဲ "
စီဆန်းသည် ကြုံရာပန်းချီတစ်ချပ်ကို ကောက်ယူကြည့်လိုက်သည်။သာမာန်လူသားများ၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်ဖန်တီးထားသည့် ပန်းချီကားသည် သူ့အား များစွာသက်ရောက်စေ၏။သူသည် ပန်းချီကားကို မနှစ်မြို့သလို ခံစားခဲ့ရသော်လည်း ပန်းချီကားအတွင်းရှိ သေမင်းနတ်ဘုရားသည် သူ့ဝိညာဉ်ကို နှစ်သက်နေခဲ့ခြင်းဖြစ်သည်။
"ဒီလောကထဲမှာ တကယ်ပဲ သေမင်းနတ်ဘုရားတစ်ပါးရှိနေတာလား "
"ငါက သေမင်းနတ်ဘုရားကို မဆွဲခဲ့ပါဘူး အဲ့တာက ကောင်းမင်လေ "
ပန်းချီကားထဲရှိလူသည် ရုတ်တရက်သူ့မျက်နှာဖုံးကို ချွတ်လိုက်ပြီး စီဆန်းအား ပြုံးပြလိုက်သည်။
စီဆန်းသည် အလွန်လန့်ဖျတ်သွားပြီး ပန်းချီကားကို အဝေးလွှင့်ပစ်လိုက်သည်။
"ချီးပဲ !"
အလောင်းကို စစ်ဆေးနေသော ကျိုးကျွင်းသည် ခေါင်းမော့လိုက်ရာ ပန်းချီကားနဲ့ တိုက်မိသွားသည်။သူက လက်သီးများကို တင်းကျပ်စွာဆုပ်လိုက်ရာ လက်မောင်းနောက်ရှိ သွေးကြောများထောင်ထလာ၏။
"ဘာမှ မလုပ်ပဲ ငကြောင်လိုလုပ်နေတာတွေ ရပ်လိုက်စမ်း !"
"ပန်းချီကားထဲက လူက အသက်ရှင်နေတယ်ကွ ! "
စီဆန်းသည် လူကောင်းတစ်ယောက်ဖြစ်သည်။သူကြောက်ရွံ့သွားပြီးနောက် လျင်မြန်စွာပင် အခြားလူများကို သတိပေးလိုက်သည်။
"ပန်းချီကားတွေနား မနေကြနဲ့ ! ဝေးဝေးနေကြ "
သူ့သတိပေးချက်သည် အချိန်ကိုက်ဖြစ်သော်လည်း မူမမှန်မှုများက ဖြစ်ပွားခဲ့ပြီဖြစ်သည်။
လျိုယီကိုင်ထားသည် ပန်းချီကားထဲမှ သွေးစွန်းနေသောဓားတစ်ချောင်း ထွက်ကျလာလေသည်။
အတန်းခေါင်းဆောင် ယွမ်ဟွေ့သည် ပင်လယ်မွန်းစတားဟု အမည်ပေးထားသော အနုပညာအပိုင်းအစတစ်ခုဘေးတွင် ရပ်လျက်ရှိသည်။ပန်းချီကားကို အပြာရောင်အဆင်းအမျိုးမျိုးဖြင့် ဖန်တီးထားသော်လည်း တစ်နည်းအားဖြင့် နက်ရှိုင်းသောပင်လယ်၏ ခံစားချက်ကို ဖန်တီးထားသည်။ ယွမ်ဟွေ့၏ ခန္ဓာကိုယ်သည် ရှေ့သို့ဆက်လက် တိုးကပ်နေလေ၏။အပြာရောင်များကြားထဲတွင် တစ်ခုခုကွယ်ဝှက်ထားသည်ဟု သူခံစားရသော်လည်း ထိုအရာကို မမြင်နိုင်ခဲ့ချေ။
"အဲ့ဒီမှာ တစ်ခုခုရှိနေသလိုပဲ "
ယွမ်ဟွေ့၏မျက်နှာသည် ကင်းဗတ်နှင့် ထိလုနီးပါးဖြစ်နေချေပြီ။သူသည် သုတ်ဆေး၏ မွှေးကြိုင်သော အနံ့များကို အနံ့ခံမိရုံသာမက ပင်လယ်၏ ရနံ့ကို ရှူရှိုက်မိနေသည်။
နက်ရှိုင်းလှသောပင်လယ်ပြင်ထဲမှ တစ်စုံတစ်ခုချည်းကပ်လာနေပြီဖြစ်သည်။ထိုအချိန်တွင် ယွမ်ဟွေ့သည် စီဆန်း၏သတိပေးသံကို ကြားလိုက်ရသည်။သူလှည့်ကြည့်လိုက်သောအချိန်တွင် ပန်းချီကားအတွင်းမှ ဧရာမပါးစပ်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။ပင်လယ်ရေများက နေရာအနှံ့ပက်ဖျန်းသွား၏။သွားစွယ်များသည် ယွမ်ဟွေ့ကို ကိုက်ချီလိုက်ပြီး သူ့အား ပန်းချီပင်လယ်ထဲသို့ ဆွဲခေါ်သွားတော့သည်။
ကျောင်းသားများစွာက အော်ဟစ်လိုက်ကြသည်။ဧရာမမေးရိုးကြီးကြောင့် သူတို့ကြောင်အနေကြတော့သည်။ယွမ်ဟွေ့၏ ခန္ဓာကိုယ်သည် စုတ်ပြဲသွားပြီးနောက် သွေးမထွက်သော်လည်း ကြောက်စရာကောင်းသော အပုပ်နံ့ကို ထုတ်လွှတ်လိုက်လေသည်။
ယွမ်ဟွေ့သည် စကားပင်မပြောလိုက်နိုင်ပဲ ပန်းချီကားအတွင်း ပျောက်ကွယ်သွားချေပြီ။ပင်လယ်မွန်းစတားသည် ပုံမှန်ပြန်ဖြစ်သွားလေသည်။ယင်းသည် အပြာရောင်အဆင်းတစ်ခုသာ ဖြစ်ပေသည်။
"သတင်းဆိုးက ပန်းချီထဲမှာ ပင်လယ်မွန်းစတား အစစ်တစ်ကောင်ရှိနေတယ် ဒါပေမယ့် သတင်းကောင်းကတော့ အစားခံလိုက်ရတဲ့ယွမ်ဟွေ့က အစစ်မဟုတ်ပဲ သရဲတစ်ကောင်ပဲ ! "
ကျောင်းသားများသည် အလွန်ကြောက်ရွံ့နေကြပြီးသားဖြစ်သည်။သူတို့၏ဘယ်ဘက်တွင် လူသတ်အနုပညာခန်းရှိပြီး ညာဘက်တွင် သေမင်းပန်းချီပြခန်းရှိ၏။သူတို့ကြားတွင် သရဲ ၁၃ကောင်ပင် ပုန်းအောင်းနေသေးသည်။သေချာသည်က သရဲ ၁၂ကောင်သာ ကျန်တော့ခြင်းဖြစ်သည်။
"ယီးပဲ ဒီလိုမျိုးနဲ့တန်အောင် ငါတို့က ဘာများလုပ်ခဲ့လို့လဲ "
တုပိုင်သည် မာထုံနှင့်တိုက်မိသည်အထိ နောက်ဆုတ်လိုက်သည်။
ထိုအခြေအနေတွင် ကျောင်းသားအစစ်များသာမက သရဲများသည်လည်း ကြောက်ရွံ့နေကြလေသည်။သူတို့သည် ထိုနေရာတွင် ဓားစာခံများကို ဖမ်းရန်ဖြစ်သော်လည်း အသေခံရန် ဖြစ်နေလေသည်။
ယွမ်ဟွေ့၏သေဆုံးခြင်းသည် အစသာရှိသေးသည်။ပထမထပ်မှ ကျိုက်မေ့မေ့၏အော်ဟစ်သံ ထွက်ပေါ်လာ၏။အားလုံးသည် လှေကားလက်ရန်းသို့ပြေး၍ အောက်ငုံ့ကြည့်လိုက်ကြသည်။မာထုံနဲ့ အခန်းအတူတူနေခဲ့သော ဖက်တီး၏ဝမ်းဗိုက်သည် ပေါက်ကွဲရန်အဆင်သင့်ဖြစ်သည်အထိ ဖောင်းကားနေခဲ့သည်။
"သူက စားပွဲပေါ်က သစ်သီးတွေကို စားလိုက်တာ ၊ အသီးတွေကို ခွဲစိတ်ထားတာ၊ သူတစ်ခုစားလိုက်ပြီးနောက်ပိုင်း စားတာကို ရပ်တန့်လို့မရတော့ဘူး !"
ကျိုက်မေ့မေ့က ဖက်တီးကို ညွှန်ပြလိုက်သည်။သူမမျက်နှာသည် ဖြူဖျော့လျက်ရှိသည်။
ဖက်တီးသည် ဘာတစ်ခုမှ မကြားနိုင်တော့ပေ။သူသည် ဝမ်းဗိုက်ပေါက်ကွဲသည်အထိ ပျက်စီးနေသောကင်းဗတ်စများကို စားသောက်၍ တီကောင်တစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်တွင် တွန့်လိမ်နေလေသည်။စာရွက်အပိုင်းအစများသည် နှင်းကဲ့သို့ ဖွေးဖွေးလှုပ်ကျဆင်းလာတော့သည် ။ဖက်တီး၏ မျက်နှာသည် အခြားပုံစံအဖြစ် ပျော်ဝင်သွားသည်။ထို့နောက် သူ၏ခန္ဓာကိုယ်သည် စွန့်ပစ်စက္ကူစများအဖြစ်ပြိုကွဲသွားပြီး ပျက်စီးနေသော ကင်းဗတ်စများဖြင့် တစ်သားတည်းဖြစ်သွားတော့သည်။
"ဒီမှာ ရှိနေတဲ့ ကင်းဗတ်တစ်ခုချင်းစီက သက်ရှိလူသားအစစ်တစ်ယောက်ကို ကိုယ်စားပြုတာလား "
ထိုအတွေးများဖြင့် ကျောင်းသားများက ခြောက်ခြားနေကြသည်။သူတို့၏လက်များကား အေးစက်နေတော့သည်။
"ငါ့ကို သတ် ! ငါ့ကို သတ် ! ငါ့ကို သတ်! "
ဒုတိယထပ် အိပ်ခန်းထဲမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြန်၏။မာထုံနဲ့ အတူ မီးဖိုချောင်ထဲ ဝင် သွားကြသည့် ကျောင်းသားများထဲမှ တစ်ယောက်သည် သူ့ခေါင်းအား နံရံဖြင့်မရပ်မနားဆောင့်နေ၏။ကျောင်းသားများက အနားကပ်သွားလိုက်ကြရာ ထိုလူ၏ခန္ဓာကိုယ်အား ပန်းချီကားထဲမှထွက်လာသော ပါးလွှာသည့်ချည်မျှင်များ ထိုးဖောက်နေကြောင်း တွေ့လိုက်ကြရသည်။သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။သူ့နောက်ရှိ ပန်းချီကားသည် ဗလာဖြစ်နေလေသည်။၎င်းအား မြင်လည်းမြင်နိုင်သလို မြင်လည်းမမြင်ရပေ။ထိုပန်းချီကား၏ အမည်သည် ကံကြမ္မာဟု ခေါ်ပေသည်။
ထိုကျောင်းသားသည် သူ့ခေါင်းပွင့်ထွက်သွားသည်အထိပင် မရပ်တန့်နိုင်ခဲ့ပေ။သူသည်လည်း သရဲတစ်ကောင်ဖြစ်ပေသည်။ပုတ်အဲ့အဲ့အနံ့အား ထပ်မံဖုံးကွယ်မထားနိုင်တော့ပါပေ။သူ၏ ပဲ့တင်ထပ်နေသော နာကျင်မှုသည် ဘန်ဂလိုတစ်ခုလုံး သက်ရောက်သွားစေသည်။
အခန်း၁၃တွင် ရောနှောနေသော သရဲသုံးကောင်ကား သေဆုံးသွားပြီဖြစ်သည်။သို့သော် သက်ရှိကျောင်းသားများသည် အလုံးစုံပျော်ရွှင်နေခြင်းမရှိပေ။
ကောင်းမင်သည် အရာအားလုံးကို စောင့်ကြည့်နေရင်း သူ့မျက်လုံးများ မှေးကျဉ်းသွားသည်။ရှရန်၏ အသံက သူ့နားထဲတွင် ထပ်မံထွက်ပေါ်လာ၏။
"မင်းလုပ်ချင်တဲ့အရာတွေကို ပြီးမြောက်အောင် ငါကူညီပေးခဲ့တယ် ၊ မင်း သူတို့ကိုသတ်ဖို့ ရည်ရွယ်ထားခဲ့တာ မဟုတ်ဘူးလား၊ သူတို့က သရဲတွေဆိုတာ မင်းသိပါတယ်၊ မင်းဘာလို့ ဘာမှမလုပ်တာလဲ ၊ ငါမင်းအတွက် ရွေးချယ်မှုလုပ်ပေးနိုင်တယ် ၊ ငါဟာ မင်းရဲ့ ပန်းချီစုတ်တံဖြစ်ပေးနိုင်တယ် "
ရှရန်သည် ကောင်းမင်အား လွှမ်းမိုးနေခြင်းဖြစ်သည်။သူသည် ထိုနည်းလမ်းကို သုံး၍ ကောင်းမင်ဖြစ်လာရန်အတွက် သူ့စိတ်ထဲတွင် ရှင်သန်နေခဲ့သည်။ကောင်းမင်သည် သူ့ဆန္ဒဖြင့် လိုက်နာခဲ့လျှင် ရှရန်သည် ကောင်းမင်အဖြစ် ပြန်လည်မွေးဖွားလာလိမ့်မည်ဖြစ်သည်။
"ငါတို့ အနုပညာအခန်းကို ပြန်သွားသင့်လား "
စီဆန်းသည် ကောင်းမင်နှင့်ဝမ်ကျားတို့ဘေးဆီ ပြန်ရောက်လာ၏။
ဆွေးနွေးရန် မလိုအပ်တော့ပေ။လူတိုင်းသည် ပထမထပ်သို့ ပြန်ပြေးလာကြပြီး ရှီဆန်းအား သူတို့၏ လုပ်ဆောင်ချက်ဖြင့်အကြောင်းပြန်လိုက်ကြသည်။