← Chapters

အနုပညာ

Vol. 10 Ch. 137

အနုပညာ

Vol. 10 Ch. 137

ရှရန်သည် စီတုအန်းကဲ့သို့ အန္တရာယ်များသော်လည်း သူ၏လူသေဓာတ်ပုံသည် အလွန်အစွမ်းထက်သောကြောင့် ကောင်းမင်သည် သူ့ကိုလက်လွှတ်ရန် ဆန္ဒမရှိပေ။သေလုနီးပါးနာမကျန်းဖြစ်နေသော ပန်းချီဆရာသည် အရိပ်ကမ္ဘာက သူ့ကိုလက်ဆောင်ပေးခဲ့သော လူသေဓာတ်ပုံကိုသုံး၍ ကပ်ဆိုးခေတ်တွင် ကစားသမားအားလုံးကို ဦးဆောင်နိုင်ခဲ့သော ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။

ရှရန်၏ဒရာမာဆန်လှသောဘဝသည် ရုပ်ရှင်တစ်ခုအတွက် အပြည့်စုံဆုံးဖြစ်သည်။ဘယ်သူမှ ရှရန် သို့မဟုတ် သူ့အတွေးများကို အမှန်တကယ်နားလည်နိုင်လိမ့်မည်မဟုတ်ချေ။သူ၏ များစွာသောလုပ်ဆောင်ချက်များသည် နားမလည်နိုင်ဖွယ်ရာဖြစ်သည်။ဥပမာအားဖြင့် ကောင်းမင်သည် အနာဂတ်များစွာကို မြင်ပြီး သူ့ကိုသတ်ရန် ဆုံးဖြတ်လိုက်သည်ကို သူရှာတွေ့ခဲ့ချိန်တွင် သူ့ရွေးချယ်မှုသည် မည်သူမှမမြင်ဖူးသည့် အနာဂတ်အချိန်စီး‌ကြောင်းများတွင် ပုံစံတစ်ခုဖြင့် သူ့ကိုယ်သူ လူသေဓာတ်ပုံနှင့်ပေါင်းစပ်လိုက်ရန်ဖြစ်သည်။ထိုနည်းလမ်းဖြင့် ယင်းသည် မည်သည့်အနာဂတ်အချိန်စီး‌ကြောင်းဖြစ်ပါစေ လက်တွေ့ဖြစ်ရပ်အဖြစ် ရောက်လာနိုင်တော့မည်မဟုတ်ချေ။

ကောင်းမင်သည်ကား သေနှင့်နေပြီးသော လူတစ်ယောက်ကို မသတ်နိုင်ပါပေ။ရှရန်သည် ကောင်းမင်ကို မသတ်နိုင်သော်လည်း သူ့အား အစားထိုးရန် မတူညီသည့်နည်းလမ်းတစ်ခုကို အသုံးပြုခဲ့လေသည်။

"သူက မယုံနိုင်ဖွယ်စွမ်းရည်ရှိပေမယ့် ကမ္ဘာကြီးကို လျစ်လျူရှုခဲ့တယ် ၊ သူဟာ အမြဲတမ်းအေးဆေးပြီး ဂုဏ်သိက္ခာရှိပေမယ့် အမှောင်ထဲမှာ လူသားတွေကို အမဲလိုက်နေခဲ့တယ် ၊ သူ့မှာ ပြင်းထန်တဲ့ ရောဂါတစ်ခုရှိလို့ ဒီလောကကြီးမှာ ကြာကြာမနေနိုင်တော့ပေမယ့် သူက ကံကြမ္မာကို ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး ၊ ရှုပ်ထွေးလွန်းတဲ့ လူတစ်ယောက်နဲ့ ဆက်ဆံရတာက ဓားဖျားထိပ်မှာ ကခုန်နေသလိုပဲ "

ကောင်းမင်သည် တစ်ချို့သော အကြောင်းအရာများကို တွေးတောနေခဲ့သည်။တစ်စုံတစ်ယောက်က သူကိုင်ထားသည့် ခဲတံကို ထိန်းချုပ်နေသလိုပင် မကြာခင် ပန်းချီကားတစ်ချပ် ပြီးသွားခဲ့သည်။

ကောင်းမင်က ငုံ့ကြည့်လိုက်ရာ သူသည် ငါးခုမြောက်ပန်းချီကားကို ရေးဆွဲထားခြင်းမရှိကြောင်း သဘောပေါက်မိသည်။အနုပညာဆရာမအား‌ စော်ကားခဲ့သကဲ့သို့ သူသည်ဆဋ္ဌမမြောက် ပန်းချီကားတစ်ချပ်ကို ရေးဆွဲခဲ့သည်။ စာသင်ခန်းထဲတွင် အခန်း၁၃ မှ ကျောင်းသားအားလုံး ကောင်းမင်ကလွဲလို့ အသတ်ခံခဲ့ရခြင်းဖြစ်သည်။

အခြားကျောင်းသားတိုင်း၏ အာရုံသည် ကင်းဗတ်ထဲသို့ ဆွဲခေါ်ခံခဲ့ရသည်။သူတို့၏ဝိဉာည်များသည် ကင်းဗတ်စများထဲသို့ ဆွဲခေါ်ခံခဲ့ပြီး ဖြစ်ပုံပေါ်သည်။နံရံပေါ်ရှိ ထူးဆန်းပြီး အရုပ်ဆိုးလှသည့် နာရီသည် အချိန်ကုန်ဆုံးမှုကို ဖော်ပြနေ၏။ တစ်မိနစ်ကုန်ဆုံးလာတိုင်း အနုပညာခန်းထဲတွင် သွေးများ ပိုထူထပ်လာလေသည်။

သွေးများသည် ပြန့်ကျဲနေသည်။အနီရောင်ဆေးသားများက နေရာအနှံ့ပင်။ဘေးအခန်းရှိ တားမြစ်ဇုန်ထဲမှ ရယ်သံသည် ပို၍ကျောချမ်းစရာဖြစ်လာခဲ့သည်။ မိနစ်လက်တံသည် ၂၉မိနစ်တွင် အေးခဲသွားသကဲ့သို့ ရပ်တန့်သွားသည်။ကျောင်းသားများ မိန်းမောနေရာမှနိုးထလာသည်။သူတို့သည် အနီရောင်ပြောင်းသွားသည့် စာသင်ခန်းကို ကြည့်ရှုလိုက်ကြသည်။သူတို့၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများ တိုးပွားလာခဲ့သည်။

"နေပါဦး ! ဒီအခန်းက အခန်း၂၁၀၃မဟုတ်ဘူးပဲ ၊ နံရံတွေကို သတိထားကြည့်ကြ ! ဒါက အခန်း ၂၁၀၄ပဲ ! "

တံခါးအနီးတွင်ထိုင်နေသော ချောင်စုန့်က ကြောက်ရွံ့စွာပြောလိုက်သည်။

"ငါတို့က တားမြစ်ဇုန်ထဲကို ဘယ်အချိန်က ဝင်ခဲ့တာလဲ "

လူတိုင်းသည် သူတို့၏ ပန်းချီကားများကို အလွန်စိတ်ရောက်နေကြသဖြင့် ထို‌နေရာကို ဘယ်လိုရောက်သွားမှန်း ဘယ်သူမှ မသိလိုက်ကြပေ။

"ဒါက ပန်းချီကားပဲ ၊ ငါတို့ပန်းချီဆွဲနေတုန်းက ငါတို့ရဲ့ စိတ်နဲ့ အသိစိတ်ကို အနုပညာဆရာမက နာကြည်းခြင်းအခန်းထဲ တိုက်ရိုက်ဝင်‌ခိုင်းလိုက်တာပဲ "

ကျိုးကျွင်း၏ အမူအရာသည် သူအတန်းပြန်တက်လာကတည်းက တစ်ခါမှညင်သာခြင်းမရှိခဲ့ပေ။သူ့အတန်းဖော်များသည် အလွန်ကံဆိုးကြပြီး သူ့စကားနားထောင်ရန် ငြင်းဆန်ခဲ့ကြသည်။

"နာကြည်းခြင်းအခန်းလား"

စီဆန်းက သူ့မေးစေ့ကို ကုတ်လိုက်သည်။

"အဲ့တာက ဘာကြီးလဲ "

ကျိုးကျွင်းသည်ပင် ပို၍မျက်မှောင်ကြုံ့လာခဲ့သည်။

သွေးနီရောင် ဆေးရည်များသည် သူတို့အဝတ်များတွင် တစ်စက်စက်ကျနေ၏။သူတို့၏ကျောင်းယူနီဖောင်းများတွင် ပန်းများပွင့်လာသကဲ့သို့ဖြစ်သည်။

"အားလုံးပဲ မင်းတို့အများစုက မှန်ကန်တဲ့ရွေးချယ်မှုကို ပြုလုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုလိုက်ပါတယ် ၊ ဒါပေမယ့်လည်း သတင်းဆိုးတစ်ချို့ကို မင်းတို့ကို ပြောပြပါရစေ ၊ တကယ်တော့ လေးခုမြောက်ပန်းချီကားနဲ့ ငါးခုမြောက်ပန်းချီကား နှစ်ခုလုံးကို လူသတ်သမားက ရေးဆွဲထားတာပါ "

အနုပညာဆရာမ၏အသံသည် ရှိသမျှကင်းဗတ်စတိုင်းမှ ထွက်ပေါ်လာ၏။ယင်းသည် များစွာသောကျောင်းသားများကို အထိတ်တလန့်ဖြစ်သွားစေသည်။

"ဒီကိစ္စမှာ ငါတို့က မှန်ကန်တဲ့ရွေးချယ်မှုမလုပ်ခဲ့ကြဘူးလို့ ဆိုလိုတာလား "

စီဆန်းသည် ရုတ်တရက် ပိုနေလို့ကောင်းသွားသည်။

"ပန်းချီကား နှစ်ချပ်ကို လူသတ်သမားနှစ်ယောက်က ရေးဆွဲခဲ့တာပဲ တစ်ယောက်ဟာ အသတ်ခံရသူလည်းဖြစ်တယ် ဘာကြောင့်လဲဆိုတော့ သူတို့ထဲက တစ်ယောက်က နောက်တစ်ယောက်ကို ပြန်သတ်ခဲ့လို့ပဲ "

အနုပညာဆရာမသည် ဇာတ်လမ်းပြောရသည်ကို ပျော်ရွှင်နေပုံရသည်။၎င်းသည် သူမ၏ကိုယ်ပိုင်အတွေ့အကြုံဖြစ်ပေလိမ့်မည်။

"တကယ့် နောက်ဆုံးလူသတ်သမားက ဘယ်ပန်းချီကို ဖန်တီးတာလဲ ၊ ရွေးချယ်မှုက မင်းတို့ဆီမှာပဲ "

ကျောင်းသားအချို့သည် စိတ်ရှုပ်နေကြဆဲဖြစ်သည်။သို့သော် ကောင်းမင် ၊ ကျိုးကျွင်း ၊ ဝမ်ကျားနှင့်ကျန်လူများသည် သတိအနေအထားဖြစ်သွားကြသည်။

အနုပညာဆရာမ၏ ဆိုလိုရင်းမှာ စတုတ္ထနှင့် ပဉ္စမမြောက် ပန်းချီကားများကို ရွေးချယ်ခဲ့သော ကျောင်းသား အချင်းချင်းကို သတ်ဖြတ်စေလိုခြင်းဖြစ်သည်! ။အသက်ရှင်နေသောအဖွဲ့သည် လူသတ်သမားဖြစ်လိမ့်မည်ဖြစ်ပြီး သေဆုံးသွားသောအဖွဲ့သည် နစ်နာသူများဖြစ်သွားပေလိမ့်မည်။

"မင်းတို့ ဘာကို စောင့်နေကြတာလဲ မင်းတို့ရဲ့သူငယ်ချင်းတွေကိုတိုက်ခိုက်ရင်း မင်းတို့ အသက်ရှင်နိုင်တယ် ၊ ဒါက မင်းတို့အကောင်းဆုံး လုပ်ခဲ့တဲ့ဟာ မဟုတ်လား "

အနုပညာဆရာမက ပျက်ရယ်ပြုလိုက်သည်။

"အမြန်လုပ်ကြစမ်း ၊ မင်းတို့သူငယ်ချင်းတွေရဲ့သွေးကို သုံးပြီး ပန်းချီကားအသစ်တစ်ခု ဖန်တီးလိုက်ကြ ၊ ငါ့အခန်း ၂၁၀၄ကို ပိုနီရဲလာအောင် လုပ်ကြ !"

အနီရောင်ဆေးရည်များသည် မိုးရွာချသကဲ့သို့ ဖြစ်နေသည်။အနုပညာဆရာမ၏အသံသည် ပိုစူးရှလာသလို ပိုကြောက်စရာကောင်းလာသည်။

"မင်းတို့မှာ အချိန်တစ်မိနစ်ကျန်သေးတယ် ၊ မင်းတို့မရွေးချယ်ရင် မင်းတို့အားလုံး ဒီမှာသေရမယ်! "

နံရံများပေါ်တွင် သွေးနီရောင်မျက်နှာပန်းချီကားများ ပေါ်ထွက်လာ၏။ သူတို့သည် လူအစစ်များကို နံရံထဲတွင် မြှုပ်ထားသည့်နှယ် အလွန်အစစ်အမှန်ဆန်၏။

"ငါတို့ ဘာလုပ်ကြမလဲ "

အရပ် ၁.၈မီတာရှည်သောစီဆန်းသည် ဝမ်ကျားနှင့်တုပိုင်ကြားတွင် ဂနာမငြိမ်ဖြစ်နေလေသည်။သူ့အခန်းဖော်များသည် လေးခုမြောက်ပုံကိုဆွဲခဲ့ပြီး သူက ငါးခုမြောက်ပုံကို ဆွဲခဲ့ခြင်းဖြစ်သည်။

"ငါတို့ သူ့စကားကို နားထောင်စရာမလိုပါဘူး ဟုတ်တယ်မလား ၊ ဘာလို့ ငါတို့မလွတ်နိုင်ရမှာလဲ "

"လွတ်မယ် ဟုတ်လား ၊ နာကြည်းခြင်းအခန်းတွေဆိုတာ သရဲနီတွေ သေခဲ့တဲ့နေရာကွ ၊ သူ့ခွင့်ပြုချက်မရှိပဲ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး "

ကျိုးကျွင်းသည် သူ့ယူနီဖောင်းထဲ တိတ်တဆိတ်လက်လှမ်းလိုက်သည်။ဌာနယူနီဖောင်းတွင် အထူးပြုလုပ်သော ဓားများပါရှိသည်။

"အနုပညာမပြီးမချင်း စာသင်ခန်းထဲက ဘယ်သူမှ ထွက်သွားလို့မရဘူး "

ပန်းချီကားများထဲမှ အနုပညာဆရာမ၏အသံက ထွက်ပေါ်လာ၏။ပန်းချီကားတိုင်းရှိ ကျောင်းသားတိုင်းသည် သွေးမျက်ရည်များ စီးဆင်းလာကြသည်။၎င်းသည် ကြောက်စရာကောင်းပြီး အဓိပ္ပါယ်မဲ့နေပုံရသည်။

"မင်းတို့က လူတွေကို ပိုကာကွယ်ချင်ရင် မဲထည့်လို့ရတယ် ၊ အများစုက အနိုင်ရမယ် ၊ ဒါက ပုံမှန်အားဖြင့် မင်းတို့လိုက်နာခဲ့ကြတာမလား "

အနုပညာဆရာမပြောသည်က အဓိပ္ပာယ်ရှိသည်ဟုထင်ရသည်။ ကျောင်းသားများသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသော်လည်း မည်သူမှ ပထမဆုံး စကားမပြောရဲကြပေ။

"ငါတို့ တကယ်ဒီလိုလုပ်ဖို့ လိုအပ်လို့လား "

စီဆန်းသည် ဝမ်ကျား၏အကြည့်ပြောင်းလဲလာသည်ကို သတိထားမိသောအခါ အနောက်ခန်းဆီပြေးသွားလိုက်သည်။သူက ထိုတံခါးကို ဖွင့်ချင်နေခြင်းဖြစ်သည်။

"မင်းတို့အားအင်တွေကို ဖြုန်းမနေနဲ့ "

ကျိုးကျွင်းသည် နာကြည်းခြင်းအခန်းများအကြောင်းအား ကောင်းကောင်းသိနေခဲ့သည်။သရဲနီသည် သူတို့အား အလွယ်တကူလွတ်ပေးလိမ့်မည်မဟုတ်ချေ။

စီဆန်းသည် တံခါးကို အလွယ်တကူတွန်းဖွင့်နိုင်ခဲ့သည်။အနုပညာနဲ့ စီဆန်းအပါအဝင် အားလုံးကြောင်အသွားကြသည်။

"သရဲနီက တံခါးကို သော့ခတ်ဖို့မေ့သွားတာလား "

ရူးကြောင်ကြောင်အတွေးတစ်ခုက ကျိုးကျွင်းစိတ်ထဲ ပေါ်လာလေ၏။ထို့နောက် ကျောင်းသားများသည် အနုပညာခန်းမှထွက်သွားရန် အရူးအမူးပြေးလွှားနေကြောင်း သူမြင်လိုက်ရသည်။လူတိုင်းသည် အနုပညာခန်းမှ ထွက်လာကြသော်လည်း တံခါးအပြင်ဘက်အခြေအနေကို သူတို့မြင်တွေ့လိုက်သောအခါ စိတ်ရှုပ်သွားကြသည်။

အနုပညာခန်းအပြင်ဘက်သည် ကျောင်းကော်ရစ်ဒါမဟုတ်ပဲ ဘန်ဂလိုတစ်လုံးအတွင်းတွင် ဖြစ်နေခြင်းဖြစ်သည်။ဘန်ဂလိုသည် ကျယ်ကျယ်ဝန်းဝန်းရှိသည်။အထပ်နှစ်ထပ်ရှိပြီး အခန်းများစွာရှိသည်။နေရာတိုင်းတွင် အနီရောင်ဆေးသားများရှိနေလေသည်။

"နောက်ထပ် နာကြည်းခြင်းအခန်းတစ်ခုလားး "

ကျိုးကျွင်းက အခန်းနှစ်ခုရှိ‌ရာနေရာသည် ရောယှက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိလိုက်သည်။အနီရောင်ဆေးရည်များသည် အတူတကွအရည်ပျော်ကျနေကြသည်။အခန်း၂၁၀၄အတွင်းမှ လူသားမျက်နှာများသည် ခြယ်မှုန်းထားသော မိတ်ကပ်များကဲ့သို့ တဖြည်းဖြည်းပျောက်ကွယ်သွားကြသည်။

လူအုပ်ကြားတွင်ရှိသော ကောင်းမင်သည် အလွန်စိတ်လှုပ်ရှားနေ၏ ။ သူသည် ယင်းဘန်ဂလိုနဲ့ အလွန်ရင်းနှီး‌လေသည်။ ၎င်းနေရာသည်ရှရန်၏ ဘန်ဂလိုဖြစ်ပြီး သူသေဆုံးသော နေရာလည်းဖြစ်သည်။

All Chapters