← Chapters

 မိန်းမလှစစ်တပ်

Vol. 7 Ch. 90

 မိန်းမလှစစ်တပ်

Vol. 7 Ch. 90

အရိုးဖြူ နယ်မြေ အတွင်းရှိ ကောင်းကင်သည် မီးခိုးရောင်သန်းကာ မှုန်မှိုင်းလျက်ရှိသည်။

လျှို့ဝှက်နယ်မြေ အတွင်းရှိ အလင်းရောင်သည် မှိန်ဖျော့ကာ မည်းမှောင်နေသည်။ နယ်မြေ တစ်ခုလုံး ထိုကဲ့သို့ပင် ဖြစ်သည်။

အလင်းတန်းတစ်ခု ထွက်ပေါ် လာပြီးနောက် အန်လင်းနှင့် စုရှောင်လန်တို့သည် အရိုးဖြူ နယ်မြေအတွင်း ဆင်းသက် လာကြသည်။

ပတ်ပတ်လည်တွင် ရှိနေသည့် အဖြူရောင် အရိုးများအား ကြည့်ကာ အန်လင်း၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပေါ်လာသည်။

အရိုးအများစုသည် လူအရိုးများ ဖြစ်ကြပြီး မျိုးနွယ် မသိရသည့် သားရဲများ၏ အရိုးစုများလည်း ရှိနေသည်။

အရိုးစုများနှင့် အခြားအရာများသည် မြေပြင်ပေါ်တွင် ကြဲပြန့်လျက် ရှိကြပြီး အံ့ဩဖို့ကောင်းသည့် မြင်ကွင်းတစ်ခုအား ဖြစ်ပေါ်စေသည်။

“ဒီနေရာမှာ လူသေတေချည်းပဲ ရှိနေတာ... သက်ရှိ တစ်ယောက်တောင် ရှိပုံမရဘူ...” အန်လင်းသည် ပတ်ပတ်လည်အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

မည်းနက်နေသည့် မြေပြင်သည် အရိုးဖြူများဖြင့် ပြန့်ကျဲလျက် ရှိနေပြီး နေရာ တစ်ခုလုံးသည် အသေကောင်များဖြင့် ပြည့်နေပုံရသည်။ မြင်ကွင်းထဲတွင် သက်ရှိတစ်ဦးမျှ ရှိမနေချေ။

“ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘဲ မနေနဲ့...” စုရှောင်လန်သည် သတိအပြည့်နှင့် ပြောသည်။ “ဆရာမ ယွဲ့ရင် ပြောလိုက်တယ်လေ... ဒီမန္တန်ဝင်္ကဘာက မရှင်းလင်းတာ အချိန်အတော်ကြာပြီ... အဲဒါကြောင့် မကောင်းတဲ့ အရာတွေ အများအပြား ရှိနေနိုင်တယ်...” စုရှောင်လန်သည် သူမ၏ဓားအား ထုတ်ယူထားပြီး ဖြစ်သည်။

အန်လင်းသည် ခေါင်းညိတ်လိုက်ပြီးနောက် သတိကြီးစွာဖြင့် အရှေ့သို့ လျှောက်လှမ်းသွားသည်။ အရိုးဖြူ နယ်မြေသည် ၂ စတုရန်း ကီလိုမီတာခန့်သာ ကျယ်ဝန်းလေသည်။

အန်လင်းတို့ နှစ်ဦးသည် အရိုးဖြူနယ်မြေအတွင်း လျှောက်လှမ်း နေရင်းနှင့် ပတ်ဝန်းကျင် တဝိုက်သည်လည်း ပြောင်းလဲနေသည်ပုံ ပေါ်သည်။

မြေပြင်မှနေ အနက်ရောင် မြူခိုးမျှင်များ ထွက်ပေါ် လာသည်ကြောင့် အန်လင်းနှင့် စုရှောင်လန်တို့သည် သတိကြီးစွာ ရှိနေကြသည်။ ရုတ်တရက် ဆိုသလိုပင် လူသားအရိုးစုသည် မြူခိုးနက်များ အတွင်းမှ ထွက်လာပြီး အန်လင်းဆီသို့ ဦးတည် လာနေသည်။

ထိုအရိုးစုသည် အန်လင်းထံသို့ ဆွဲဆောင်မှုရှိသည့် အမူအရာဖြင့် လမ်းလျှောက် လာနေပြီး ဝဲဘက်လက်အား တင်ပါးတွင်တင်ကာဖြင့် သူ၏ တင်များအား အနည်းငယ် မြှင့်တင်လိုက်သည်။ အရိုးစုသည် ဦးခေါင်းအား အသာငဲ့စောင်းကာဖြင့် နူးညံ့ကာ ရင်းနှီးသည့် လေသံဖြင့် “ဒီအစေခံက မလှဘူးလား သခင်...”

အန်လင်း : “…”

စုရှောင်လန် : “…”

အန်လင်းနှင့် စုရှောင်လန်တို့၏ မျက်နှာရှိ ထူးဆန်းသည့် အမူအရာများကို မြင်သည့်အခါတွင် အရိုးစုသည် သူ၏ ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်သည်။

ထို့နောက်တွင် စကားတစ်ခွန်းမျှ မဆိုဘဲနှင့် အနောက်သို့လှည့်ကာ မြူခိုးနက်များ အတွင်းသို့ ဝင်ရောက်သွားသည်။

သုံးစက္ကန့်မျှ ကြာပြီးနောက်တွင် ဆွဲဆောင်မှု ပြင်းထန်သည် အမျိုးသမီး တစ်ဦးသည် မြူခိုးနက်များ အတွင်းမှ လျှပ်ပေါ်သည့် ဝတ်စုံကို ဝတ်ဆင်လျက် ထွက်ပေါ် လာပြန်သည်။

သူမ၏ ရင်သားများကို ပွတ်သပ်ကာဖြင့် နီထွေးသည့် နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီးနောက် “သခင့်ရဲ့ ဒီအစေခံက မလှဘူးလားလို့...”

အန်လင်း : “…”

စုရှောင်လန် : “…”

ထိုအလှလေးသည် အရိုးစုထက် စောစီးစွာ ထွက်ပေါ်လာမည် ဆိုပါက သူတို့နှစ်ဦး၏ တုံ့ပြန်ချက်များသည် ယခုထက် ပိုမို ကောင်းမွန် နိုင်ပေသည်။

ယခုတော့ဖြင့်....

အန်လင်းသည် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းခြင်း မရှိဘဲနှင့် တောင်ခွင်းလက်သီးကို ပစ်လွှတ်လိုက်လေသည်။

ဘုန်း...

ဧရာမရွှေ လက်သီးကြီးသည် လှပသည့် အမျိုးသမီးထံ ကျရောက်သွားပြီးနောက် သူမ၏ မူလပုံစံဖြစ်သည့် အရိုးစုဘဝသို့ ပြန်လည် ရောက်ရှိ သွားစေသည်။

အရိုးစုအား ဖျက်ဆီးပြီးသည်နှင့် အန်လင်း၏အရှေ့တွင် ရှိနေသည့် မြူခိုးနက်များသည်လည်း လွင့်စင် သွားတော့သည်။

“ဒီလျှို့ဝှက်နယ်မြေရဲ့ ထွက်ပေါက်ကို ရှာတွေ့ဖို့အတွက် မြူခိုးနက်တွေထဲက အရိုးစုတွေကို ရှင်းလင်းပစ်ဖို့ လိုတယ်နဲ့တူတယ်...” ပျောက်ကွယ်သွားသည့် မြူခိုးနက်အား ကြည့်ကာ အန်လင်း၏ မျက်နှာတွင် သဘောပေါက် နားလည်သည့် အမူအရာ ပေါ်လာသည်။

စုရှောင်လန်သည်လည်း သဘောတူလက်ခံသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူမသည် မျက်မှောင်ကြုတ်ကာ သုန်မှုန်လျက် ရှိနေသည်။

“ခန့်မှန်းရသလောက်တော့ မြူခိုးနက်တွေက ရာနဲ့ချီပြီး ရှိနေတယ်... သူတို့ကို တစ်ခုချင်း ဖျက်ဆီးမယ်ဆိုရင် အချိန်ကုန်ရုံတင် မကဘဲ ငါတို့ရဲ့ စွမ်းအင်တွေလည်း အများကြီး ဆုံးရှုံးရလိမ့်မယ်...”

အန်လင်းသည် စုရှောင်လန် ပြောသည်ကို ခေတ္တမျှ စဉ်းစား ကြည့်ပြီးနောက် သူ့မျက်လုံးများမှာ အရောင်လက်လာသည်။

“လာလေ... အရင်ဆုံး စမ်းသပ်ကြည့်တာပေါ့...”

ထိုသို့ ပြောရင်းနှင့်ပင် အန်လင်းသည် မြူခိုးနက် တစ်ခုဆီသို့ ပြေးသွားလေသည်။ အခြားသော အလှလေး တစ်ဦးသည် မြူခိုးနက်ထဲမှ ထွက်ပေါ်လာပြီး အန်လင်းအား စနောက်ကျီဆယ် လာပြန်သည်။ ထိုအလှလေးအား မြင်သည့်အခါတွင် အန်လင်းသည် ချက်ချင်း ဆိုသလို နောက်ပြန်လှည့် ပေးတော့သည်။

“မသွားပါနဲ့ သခင်ရယ်...”

အန်လင်း ထွက်ပြေးသွားသည်ကို မြင်သည့်အခါတွင် အလှလေးမှာ အလွန်အမင်း ပူပင်သောက ရောက်ရလေသည်။ သူမသည် အန်လင်းအနောက်မှ ပြေးကာဖြင့် လက်ချောင်း ထိပ်များမှနေ အေးစက်သည့် အလင်းဓားများ ထုတ်လွှတ်လိုက်သည်။

“ရှောင်လန်ရေ... ငါက အရိုးဖြူနယ်မြေ တစ်ခုလုံးကို ပတ်ပြေးပြီး အရိုးစုတွေကို ဆွဲထုတ်မယ်...”

“နင်က ဒီမှာနေပြီး အဖျက်စွမ်းအား ကြီးမားတဲ့ အင်မော်တယ် မန္တန်ကို ပြင်ဆင်ထားလိုက်...”

အန်လင်းသည် အလှလေး၏ လိုက်လံဖမ်းဆီးခံ နေရင်းနှင့်ပင် စုရှောင်လန်အား အော်ပြောလိုက်သည်။ ထို့နောက်တွင် သူသည် အခြားသော မြူခိုးနက် တစ်ခုထံ ပြေးသွားပြန်သည်။

“အင်း... ဒီအကြံကောင်းတယ်... အချိန်ကုန်လည်း သက်သာတယ်... စွမ်းအင်လည်း ချွေတာရာ ရောက်တယ်...”

စုရှောင်လန်၏ မျက်လုံးများသည် တောက်ပလာပြီးနောက် သူမသည် ချက်ချင်း ဆိုသလိုပင် မီးလျှံမန္တန်တစ်ခုအား စတင် ပြင်ဆင်တော့သည်။

အန်လင်းမှာ မြူခိုးနက်များ အနီးသို့ ရောက်ရှိသည့် အခါတိုင်းတွင် အလှလေးတစ်ဦး ထွက်ပေါ်လာပြီး သူ့အနောက်သို့ ပြေးလိုက်တော့သည်။ ထိုအလှလေးများ၏ ပုံပန်းသွင်မှာသည် တူညီလျက် ရှိကြသည်။

အနောက်သို့ လှည့်ကြည့်လိုက်သည့် နောက်တွင် ကိုရီးယားအလှလေး တစ်သိုက်သည် သူ့အား လိုက်လံ ဖမ်းဆီးနေသည်နှင့်ပင် တူနေသေးသည်။ သူတို့ အားလုံးတို့သည် စကားတစ်ခွန်းကို သာလျှင် အော်ဟစ်နေကြသည်။

“ထွက်မသွားပါနဲ့ သခင်ရယ်...”

အလှလေးများအလယ်တွင် အသွင်ပြောင်းခြင်း ကျရှုံးသွားသည့် အရိုးစုတချို့ ရှိနေသေးသည်။ ထိုအရိုးစုများသည်လည်း ဆွဲဆောင်မှုရှိစွာ အော်ဟစ်နေကြခြင်း ဖြစ်သည်။

“ထွက်မသွားပါနဲ့ သခင်ရယ်...”

အရိုးစုများအား ကြည့်ကာ အန်လင်းသည် ကြက်သီး မွေးညင်းများပင် ထလာတော့သည်။

ဒီသောက်မျိုးမစစ် အရိုးစုတွေက လူတွေကို မဖြားယောင်းခင် မှန်လေးဘာလေး မကြည့်ကြဘူးလား...

အန်လင်းသည် အရိုးဖြူနယ်မြေ တစ်ခုလုံးသို့ ပြေးနေသည်မှာ တစ်ပတ် ပြည့်တော့မည် ဖြစ်သည်။ မိန်းမလှရာချီနှင့် ဖွဲ့စည်းထားသော တပ်မကြီးသည် သူ့အနောက်တွင် စုဆုံလျက် ရှိနေကြပေသည်။

မြေပြင်တွင် ပြန့်ကျဲနေသည့် အရိုးများကို နင်းဖြတ်သွားသည့် အခါတွင် ထွက်ပေါ်လာသည့် အသံများမှာ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

အရိုးစုများ အော်ဟစ်နေသည့် ‘ထွက်မသွားပါနဲ့ သခင်ရယ်...’ ဟူသည့် သွေးဆောင် ဖြားယောင်းသည့် အော်သံမှာလည်း ပို၍ ကျယ်လောင်လာပြီး ဆွဲဆောင်နိုင်မှု မရှိတော့ချေ။ ထိုအသံသည် အနည်းငယ်ပင် ထိတ်လန့် ကြောက်မက်ဖွယ် ကောင်းလာသေးသည်။ စုရှောင်လန်သည် သူမ၏ မီးလျှံမန္တန် ဝင်္ကဘာအား ပြင်ဆင်နေခြင်းမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။

သူမ၏ဓားကို အသုံးပြုကာ မြေပြင်ပေါ်တွင် စက်ဝိုင်းသဏ္ဌာန် ရေးဆွဲကာဖြင့် မန္တန်ဝင်္ကဘာ၏ သက်ရောက်နိုင်မည့် အကွာအဝေးအား စီရင်လိုက်သည်။

အန်လင်းသည် အနောက်သို့ လှည့်ကြည့်လိုက်သည်။ အလှလေး တစ်ဦးတစ်ယောက်မျှ ကျန်မနေခဲ့သည်ကို မြင်ရသည့်အခါတွင် စိတ်သက်သာရာ ရစွာဖြင့် ပင့်သက် ရှိုက်လိုက်သည်။ သို့သော်လည်း သူ့ထံတွင် အနည်းငယ် စိတ်ပျက်သည့် အရိပ်အယောင် ရှိနေလေသည်။

အလှလေးများ၏ လိုက်လံဖမ်းဆီး ခံရခြင်းမှာ ထူးခြားသည့် အတွေ့အကြုံတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ဘဝတွင် ပထမဆုံးအကြိမ် ထိုသို့ လိုက်လံဖမ်းဆီး ခံဖူးခြင်း ဖြစ်သည်။ ဤသည်မှာ အတုအယောင်မှန်း သိနေသော်လည်း အန်လင်းသည် အတော်လေး ပျော်ရွှင်နေမိသည်။

စုရှောင်လန်၏ စက်ဝိုင်းအတွင်းသို့ အလှလေးအားလုံး ရောက်ရှိသည်နှင့် အန်လင်းသည် ချက်ချင်းဆိုသလို မန္တန်ဝင်္ကဘာ အပြင်သို့ ပြေးထွက်လိုက်သည်။ ပြီးနောက် သူသည် အနောက်သို့လှည့်ကာ ထိုအဖွဲ့အား ကြည့်လိုက်သည်။

ဤအချိန်တွင် သူ့မျက်လုံးသည် ရွှေရောင်တလက်လက် တောက်ပလျက်ရှိနေပြီး ကြီးမားသည့် စွမ်းအားများသည် တဟုန်းဟုန်း လောင်ကျွမ်းလျက် ရှိနေသည်။ ချက်ချင်း ဆိုသလိုပင် အလှလေး ထက်ဝက်ကျော်သည် မြေပြင်သို့ လဲကျသွားပြီး ပြန်ထရန်ပင် မဖြစ်နိုင်တော့ချေ။

အားကောင်းသည့် အငွေ့အသက်များအား ထုတ်လွှတ်ထားသည့် အလှလေးများသည်ပင်လျှင် စက္ကန့်ပိုင်းအတိုင်း ယိမ်းယိုင် လာကြသည်။

တစ်ချိန်တည်းမှာပင် စုရှောင်လန်သည် လက်တံဆိပ်တော် တစ်ခု အသုံးပြုလိုက်သဖြင့် မြေပြင်တွင် ဝိုင်းထားသည့် မီးလျှံမန္တန် ဝင်္ကဘာသည် မြင့်မားသည့် အပူရှိန်ဖြင့် စတင် လောင်ကျွမ်းလေသည်။ ခေတ္တမျှ ကြာပြီးနောက်တွင် လောင်ကျွမ်းလျက် ရှိသည့် မြေပြင်မှ မီးတောက်များ တစ်ဟုန်ထိုး မြင့်တက် လာတော့သည်။

ဘုန်း...

မီးလျှံများ အားလုံးသည် မန္တန်ဝင်္ကဘာအတွင်း ရှိနေသည့် အလှလေးများ အားလုံးကို လွှမ်းခြုံသွားသည်။

မီးလျှံမန္တန်ဝင်္ကဘာ အတွင်းတွင် အလှလေးများ အားလုံးတို့သည် မူလသွင်ပြင်သို့ ပြန်လည်ရောက်ရှိ သွားကြပြီ ဖြစ်သည်။

အရိုးစုများသည် သနားစဖွယ် အော်ဟစ် နေကြပြီးနောက် တစ်ခုပြီးတစ်ခု လဲကျသွားတော့သည်။ မီးလျှံများသည် တဖြည်းဖြည်း ငြိမ်းသက်လာပြီး နောက်တွင် ပျောက်ကွယ် သွားလေသည်။ အလှလေးများ အားလုံးတို့သည်လည်း အဖြူရောင် အရိုးများအဖြစ်သို့ ပြောင်းလဲ သွားပြီးနောက် မြေပြင်ပေါ်တွင် ပြန့်ကျဲလျက် ရှိသည်။ အနက်ရောင် မီးခိုးများသည် ထိုအရိုးများထံမှ တလူလူ လွင့်လျက် ရှိသည်။

တစ်ချိန်တည်းမှာပင် အရိုးဖြူနယ်မြေ အတွင်းရှိ မြူခိုးနက်များသည် စတင်ကာ လွင့်စင်လာပြီ ဖြစ်သည်။

“တာဝန်ပြီးဆုံးပြီကွ...” စုရှောင်လန်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့လျက် ရှိပြီး အန်လင်းထံသို့ လမ်းလျှောက် သွားလိုက်သည်။ မန္တန်ဝင်္ကဘာသည် သူမအား အတော်လေး ချိနဲ့စေသည်။

“ငါတို့က စက်ဆုပ်ဖွယ်ကောင်းတဲ့ အရာတွေကို ရှင်းလင်းပြီးသွားပြီ...” အန်လင်းသည် ပတ်ဝန်းကျင်အား ကြည့်ကာဖြင့် ပြောလိုက်သည်။ “စုဆုံခြင်းနယ်မြေကို သွားတဲ့ ဝင်ပေါက်က အချိန်မရွေး ပေါ်လာနိုင်တယ်...”

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင် ပြောကြား လိုက်သည်မှာ အရိုးဖြူ နယ်မြေအား ရှင်းလင်းပြီးသည်နှင့် စုဆုံခြင်း နယ်မြေသို့ ဦးတည်နေသည့် ဝင်ပေါက် ပေါ်လာမည်ဟူ၍ ဖြစ်သည်။ ထိုဝင်ပေါက်သည် တစ်လမ်းသွားဖြစ်ပြီး အရိုးဖြူနယ်မြေ အတွင်းမှ လူများကိုသာလျှင် စုဆုံခြင်းနယ်မြေ အတွင်းသို့ သွားရောက်နိုင်ရန် ခွင့်ပြုထားခြင်း ဖြစ်သည်။

အန်လင်းနှင့် စုရှောင်လန်တို့သည် ဝင်ပေါက်အဝတွင် စောင့်ဆိုင်းရန်သာ လိုအပ်ပေသည်။ မြေကမ္ဘာ အင်မောတယ် ယွဲ့ရင်သည် စုဆုံခြင်နယ်မြေရှိ ရန်သူများအား ရင်ဆိုင်ပြီးသည်နှင့် သူတို့ထံတွင် ရှိနေသည့် စိတ်ဝိညာဉ် တံဆိပ်မှတဆင့် အသိပေး အကြောင်းကြားမည် ဖြစ်သည်။

ရုတ်တရက် ဆိုသလိုပင် မြေပြင်သည် စတင်တုန်ခါလာပြီး အရိုးဖြူနယ်မြေ အတွင်းတွင် ဧရာမတံခါးဖြူကြီး တစ်ချပ် ပေါ်လာသည်။ ထိုတံခါးချပ်သည် ကြည်လင် ရှင်းသန့်သည် အဖြူရောင် အလင်းတန်းများ တောက်ပလျက်ရှိနေပြီး အတွင်းသို့ ကြည့်ရှု၍ မရနိုင်ချေ။ ထိုတံခါးချပ်သည် လျှို့ဝှက်နယ်မြေ နှစ်ခုအား ဆက်သွယ် ပေးထားသည့် ဝင်ပေါက်သာလျှင် ဖြစ်ရမည်။

“သွားကြစို့... ဝင်ပေါက်အဝမှာ သွားစောင့် နေကြမယ်...”

ထောက် ... ထောက်

ရုတ်တရက် ဆိုသလိုပင် တံခါးဆီမှနေ ခြေသံများ ထွက်ပေါ်လာသည်။

“ဂရုစိုက်... ဝင်ပေါက်ကနေ တစ်ခုခု လာနေပုံရတယ်...” စုရှောင်လန်သည် လေးနက်သည့် အမူအရာဖြင့် တံခါးအား ကြည့်နေလေသည်။ အန်လင်းသည် ထိတ်လန့် လာပြီးနောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တောင့်လာသည်။

ဒီက တစ်လမ်းသွား မဟုတ်ဘူးလား... ဘာလို့များ လမ်းလျှောက် လာနေရတာတုန်း...

***

All Chapters