နှင်တံ ဥပဒေသ
Vol. 014 Ch. 1366
ကျန်းချန်ချင်းသည် မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီရှစ်ခု ဂိုဏ်းမှ လူများနှင့် အတူရပ်နေသည်။ ထိုနေရာတွင် သူတို့၏ လူများဖြင့် ပြည့်နေသည်။
ကျူးယန့် နတ်ဆိုး အိမ်ရှေ့စံသည် သူတို့ကို ရွေးချယ်ရန် နှစ်ခုပေးခဲ့သည်။ ဝင်္ကပါကို ချိုးဖျက်ခြင်း မဟုတ်လျှင် နတ်ဆိုးမင်းသား မင်းသမီးများကို စိန်ခေါ်ရန် ဖြစ်သည်။
"တစ်ခုက အလုပ်မဖြစ်ဘူး ဆိုရင် နောက်တစ်ခုကို ရွေးကြည့်ကြတာပေါ့" တစ်ယောက်က တီးတိုးပြောလိုက်သည်။
သူတို့ ရွေးချယ်ရန် အတွက် ဝင်္ကပါအဆင့်မှာ သုံးဆင့် ရှိသည်။ သူတို့ ကျရှုံးလျှင်ပင် ဒဏ်ရာ ကြီးကြီးမားမား ရရှိမည် မဟုတ်ပေ။
သို့သော် သူတို့က နတ်ဆိုး မင်းသားများကို စိန်ခေါ်ရန် ရွေးချယ်လိုက်ပါက သူတို့အနေနှင့် ရွေးချယ်စရာမှာ မိမိကိုယ်ကိုယ် သိမြင်ခြင်း အဆင့်သာ ဖြစ်ရပေမည်။
ဤနတ်ဆိုး လေးယောက်သည် အဆင့်တူတွင် ရှိနေကာ သူတို့ထဲမှ သုံးယောက်က မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ဖြစ်ပြီး တစ်ယောက်က နတ်ဘုရားဆေးကြော သန့်စင်ခြင်းအဆင့် ဖြစ်သည်။ နတ်ဘုရားဆေးကြော သန့်စင်ခြင်း အဆင့်မှာ တောင်ပံလူသား မျိုးနွယ်မှ မိန်းကလေးဖြစ်ကာ ကျန်မင်းသား သုံးပါသည် မိမိကိုယ်ကိုယ် သိမြင်ခြင်း အဆင့်များ ဖြစ်ကြသည်။
သူတို့အားလုံးကို စိန်ခေါ်၍ အနိုင်ရရန်မှာ ခက်ခဲခြင်းက သေးသေးမွှားမွှား မဟုတ်ပေ။
ထို့ပြင် ရှုံးနိမ့်ခြင်း၏ အကျိုးဆက်မှာလည်း အတော်လေး ပြင်းထန်ပေသည်။ ကောင်းကင် နတ်ဆိုးမြို့က ပြိုင်ဘက်၏ နယ်မြေဖြစ်သည့် အတွက် ပြိုင်ဘက်က သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။ သူတို့က ထိုသို့ အန္တရာယ်များသည့် အကျိုးဆက်ကို မခံယူရဲကြပေ။
ဤတိုက်ပွဲသည် မမျှတသည့် တစ်ဖက်သတ် ဖြစ်သော်လည်း သူတို့က ပြိုင်ဘက်၏ စည်းမျဉ်းများကို လိုက်နာရန်အပြင် မရှိပေ။
နတ်ဆိုးမင်းသား သုံးပါးကြားတွင် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက မည်သည့် လှုပ်ရှားမှုမှ မလုပ်ရသေးလျှင်ပင် အခြိမ်းခြောက်နိုင်ဆုံး ဖြစ်သည်။ သူတို့က ကောင်းကင် နတ်ဆိုးမြို့တွင် စူးစမ်း လေ့လာခဲ့သည်များ အရ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ၏ တိုက်ပွဲစွမ်းရည်က အံ့သြဖွယ် ကောင်းလောက်အောင် ပြိုင်ဘက်ကင်း ဖြစ်ပြီး သူက ကောင်းကင် နတ်ဆိုးမြို့၏ အဆုံးမဲ့နယ်မြေ အတွင်း သူ့မျိုးဆက်တွင် အသန်မာဆုံးအဖြစ် ကျော်ကြားပေသည်။
ထိုဖြစ်ရပ်တွင် နတ်ဆိုးမင်းသား သုံးပါးလုံးကို စိန်ခေါ်၍ အနိုင်ယူရန်မှာ အလွန်ခက်ခဲပြီး ရှုံးနိမ့်နိုင်ချေ အများဆုံး ဖြစ်သည်။ ယခင်က တစ်ဖက် ပြိုင်ဘက်ကို အားအင် ကုန်ခန်းစေရန် တစ်ယောက်ချင်း ဆက်တိုက် စိန်ခေါ်သည့် ဗျူဟာမျိုးက အလုပ်ဖြစ်ဖူးသည်။ သို့သော်ဤ နတ်ဆိုးသုံးပါးကို အရင်ဆုံး စိန်ခေါ်ခဲ့သည့် တန်ခိုးရှင်မှာ ရှုံးနိမ့်သည့်အပြင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
"တခြား အစီအစဉ်နဲ့ပဲ ဆက်သွားကြတာပေါ့" ကျန်းချန်ချင်းက အေးစက်စွာ ပြောလိုက်သည်။ သူက မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီရှစ်ခု အင်အားစုများ၏ ပေါင်းစည်းမှုသည် ကောင်းကင် နတ်ဆိုးမြို့မှ နတ်ဆိုးတော်ဝင် မျိုးဆက်များကို ရှုံးနိမ့်လိမ့်မည်ဟု မယုံကြည်ပေ။
"ကောင်းပြီ" လူများက ပြန်ဖြေကာ ခေါင်းညိတ်လိုက်သည်။ မကြာခင်တွင် လူတစ်ယောက်က ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်း၏ အရှေ့သို့ ခြေလှမ်းလာပြီး တည်ငြိမ်စွာ ကြည့်လိုက်သည်။
သူက လျှပ်တစ်ပြက် အတွင်း လေထဲသို့ ခုန်တက်ကာ ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းသို့ ဆင်းသက်လိုက်သည်။ ထိုသူသည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သာမန်ထက် ထူးကဲစွာ ချောမောလှသည်။ သူက ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်း၏ ပွဲကြည့်စင်ထက်မှ နတ်ဆိုး တော်ဝင်မျိုးဆက် လေးဦးဆီသို့ မော့ကြည့်လိုက်ပြီး ပြောသည်။
"ကျွန်တော်က ကျင်းအင်ပါယာ ဂိုဏ်းက တပည့်တစ်ယောက်ပါ။ အရှင်မင်းသားတို့ဆီက လမ်းညွှန်ပြသမှုကို တောင်းခံပါရစေ"
ကျင်းအင်ပါယာ ဂိုဏ်းက ဒဏ္ဍာရီရှစ်ခု ဂိုဏ်းမှ တစ်ခု ဖြစ်သည်။ သူတို့၏ တပည့်များသည် ကန်းကျင့်၏ သတ်ဖြတ်ခြင်း မိုးကြိုးကို အထူးပြု ကျင့်ကြံကြပြီး သူတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ကျော်ကြားပေသည်။
[ကျင်း = ရွှေ(gold)]
ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းသို့ ခြေချလာသည့် တန်ခိုးရှင်သည် ကျင်းအင်ပါယာ ဂိုဏ်းတွင် မိုးကြိုးလမ်းစဉ်ကို နားလည် သဘောပေါက်မှု မြင့်မားပြီး ထူးချွန်သည့် တပည့် ဖြစ်သည်။
ပွဲကြည့်စင် အထက်မှ နတ်ဆိုး လေးယောက်သည် သူ့ကို အထင်အမြင် သေးစွာနှင့် ရှုတည်တည် ကြည့်လိုက်သည်။
"ညီသုံး ... မင်း သွားချင်လား" ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက ထောင်းထျယ့် နတ်ဆိုးသားရဲကို မေးလိုက်သည်။
"ကောင်းပြီ" ထောင်းထျယ့် နတ်ဆိုးသားရဲက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး အဖြေပေးလိုက်သည်။ သူက လူသားမျက်နှာနှင့် ဖြစ်သော်လည်း သူ၏ ပါးစပ်ကြီးကို ဖွင့်ဟလိုက်သည့်အခါ ထောင်းထျယ့်သားရဲ အဖြစ်သို့ ပြောင်းလဲသွားပြီး မြင်ရသည်မှာ ကြောက်မက်ဖွယ် ကောင်းသွားလေသည်။
သူ့တွင် လူသားဦးခေါင်း ရှိသော်လည်း အမြီးရှိသည့် ထောင်းထျယ့်ခန္ဓာနှင့် ဖြစ်သည်။ သူ၏ ခြေလေးဖက်ကို အောက်သို့ နင်းလိုက်ပြီး သူ၏ ခန္ဓာမှ ရက်စက်သည့် အသက်စွမ်းအားများကို ထုတ်လွှတ်နေသည်။
ထောင်းထျယ့်သည် အန္တရာယ်ရှိလှသော နတ်ဆိုးသားရဲ အမျိုးအစားဟု ဆုံးဖြတ်၍ ရပေသည်။
သူက ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းသို့ ခြေချလာသည့်အခါ သူ၏ ဦးခေါင်းသည် နတ်ဆိုးသားရဲ အသွင်သို့ ပြောင်းလဲသွားသည်။ ရက်စက် ကြမ်းကြုတ်သည့် အရှိန်အဝါနှင့် သူ၏ ထက်ရှသော သွားများ ပေါ်ပေါက်လာပြီး သူ့ခေါင်းမှ ချို(ဂျို)များကလည်း ကြီးမားလာသည်။
သူသည် ကျင်းအင်ပါယာဂိုဏ်းမှ တန်ခိုးရှင်၏ ခန္ဓာတွင် ရွှေရောင် နတ်မိုးကြိုးတို့ဖြင့် တောက်ပနေပြီး ကောင်းကင်နှင့် မြေကြီးအကြား တသားတည်း ဖြစ်နေသည်ကို အထင်အမြင် သေးစွာဖြင့် တစ်ချက်သာ ကြည့်လိုက်သည်။ တောက်ပသည့် နတ်ဘုရားပြစ်ဒဏ် ရွှေရောင် အလင်းများက ကျယ်ပြောလှသည့် နေရာတွင် ပေါ်ပေါက်လာပြီး ကောင်းကင်ကို လွှမ်းခြုံ၍ နေမင်းကို ဖုံးကွယ်သွားသည်။
"ဘုန်း ..." ကောင်းကင်မှ ရွှေရောင်အလင်းများ ကျဆင်းလာသည်။ ဓားကဲ့သို့ အဆုံးမဲ့ ရွှေရောင် အလင်းတန်းများသည် ကောင်းကင်တွင် ရွေ့လျားကာ ခွဲဖြာထွက်သွားပြီး ထောင်းထျယ့်သားရဲ၏ ကြီးမားသော ခန္ဓာကိုယ်သို့ ရိုက်ခတ်သွားသည်။
ကောင်းကင်နတ်ဆိုး မြို့တစ်ခွင်လုံးတွင် ကျယ်ပြောလှသည့် ကောင်းကင် တစ်ခွင်လုံး ရွှေရောင် အလင်းတန်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ယင်းစွမ်းအားများသည် တန်ခိုးရှင်များ၏ ခေါင်းထက်တွင် တည်ရှိနေပြီး များပြားလှသည့် နတ်ဆိုး သားရဲများသည် ထိုစွမ်းအားများမှ ခြိမ်းခြောက်မှုကို ခံစားမိလေသည်။
ထောင်းထျယ့် နတ်ဆိုးကြီးသည် တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်ကာ ကန်းကျင့်၏ သတ်ဖြတ်ခြင်း မိုးကြိုးစွမ်းအားကို ခံစားမိလိုက်သည်။ သူက ခပ်တိုးတိုး ဟစ်ကြွေးလိုက်ပြီး တိုက်ပွဲ ကွင်းပြင်တွင် ရပ်နေသည့် သူ၏ ခန္ဓာကိုယ်ကြီးက တောင်တစ်လုံးစာမျှ အထိ ကြီးထွားလာခဲ့သည်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်းနှင့် သူ၏ ကြီးမားသော ခန္ဓာကိုယ်ပေါ်တွင် ပါးစပ်များ ပေါ်ပေါက်လာသည်။
ထောင်းထျယ့် နတ်ဆိုးသားရဲသည် ကောင်းကင်နှင့် မြေကြီးအကြား မဟာလမ်းစဉ်ကို ဝါးမျိုနိုင်စွမ်း ရှိသည်ဟု ဆိုရပေမည်။
နတ်ဘုရားပြစ်ဒဏ် ရွှေရောင် လျှပ်စီးမိုးကြိုးများ ကျဆင်းလာသည့်အခါ သူ၏ တောင်တမျှ ကြီးမားသော ခန္ဓာကိုယ်ပေါ်ရှိ ပါးစပ်အားလုံးက တစ်ပြိုင်တည်း ပွင့်ဟသွားသည်။ နတ်ဆိုး အရှိန်အဝါက ကျယ်ပြောသည့် ကမ္ဘာတစ်ခွင်ကို လွှမ်းခြုံသွားပြီး ကန်းကျင့်၏ သတ်ဖြတ်ခြင်း မိုးကြိုးများကို ဝါးမျိုသွားခဲ့သည်။
"ဘုန်း"
သူ ခြေလှမ်းလိုက်ပြီး ရှေ့သို့ ဦးတည်ကာ တစ်ဖန် ဟစ်ကြွေးလိုက်သည်။ ဖျက်ဆီးခြင်း နတ်ဆိုးစွမ်းအား လေပွေက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ပေါက်လာပြီး ကျင်းအင်ပါယာဂိုဏ်းမှ တန်ခိုးရှင်ကို လေပြင်းမုန်တိုင်းအတွင်း ဆွဲယူကာ လွှမ်းခြုံသွားပြီး သူ့ကို ဝါးမျိုပစ်ရန် ကြိုးစားလေသည်။
ရွှေရောင် လျှပ်စီးများက တိုက်ပွဲ စင်မြင့်ပေါ်တွင် တိုက်ရိုက် ပေါက်ကွဲလာကာ ကျင်းအင်ပါယာဂိုဏ်းမှ တန်ခိုးရှင်သည် ကောင်းကင်သို့ တက်လိုက်ပြီး မိုးကြိုး စွမ်းအားများနှင့် ကြောက်မက်ဖွယ် လေပွေကို ဖယ်ရှားလိုက်သည်။
နတ်ဆိုးစွမ်းအား လေပွေက အပေါ်သို့ ဆက်လက်၍ ရစ်ပတ်တက်လာသည်။ ထိုတန်ခိုးရှင်သည် ခံစားချက် ကင်းမဲ့စွာဖြင့် သူ၏ နောက်မှ သက်စောင့်ဝိညာဉ်ကို ထုတ်ဖော်ကာ ရွှေရောင်ဓားများ ဖန်တီးလိုက်သည်။
သူက လက်ဝါးကို ယမ်းလိုက်ပြီး ကန်းကျင့်၏ အဆုံးမဲ့ သတ်ဖြတ်ခြင်း မိုးကြိုးများက သူအရှေ့တွင် ဓားတစ်လက်အဖြစ် ပေါင်းစည်းသွားသည်။ မရေတွက်နိုင်သည့် ရွှေရောင် နတ်ဓားများသည် ကောင်းကင်ထက်တွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ထွက်ပေါ်လာသည့် မိုးချုန်းသံများက လူတိုင်း၏ နားစည်ကို ရိုက်ခတ်လာသည်။ နတ်မိုးကြိုးများက ကျဆင်းလာပြီး မဟာလမ်းစဉ်နှင့် တစ်သားတည်း ဖြစ်လာခဲ့သည်။ အလယ်တွင် ဖြစ်တည်နေသည့် ရွှေရောင်ဓားကြီးက ကောင်းကင်ဘုံ ကိုးဆင့်ကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရပေသည်။
မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်း ရှစ်ခုမှ တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေကြသည်။ ဤတစ်ကြိမ်၌ ရွေးချယ်လိုက်သည့် စိန်ခေါ်သူမှာ ဒဏ္ဍာရီဂိုဏ်း ရှစ်ခုတွင် ထိပ်ဆုံးအဆင့် ပုဂ္ဂိုလ်များထဲတွင် ရပ်တည်နေသော ထူးချွန်သူတစ်ဦး ဖြစ်သည်။ အကယ်၍ သူတို့ ရှုံးနိမ့်ခဲ့လျှင်လည်း အန္တရာယ် ကင်းကင်းနှင့် ပြန်ဆုတ်ခွာနိုင်စွမ်း ရှိပေသည်။
နောက်ထပ်တစ်ကြိမ် ဟစ်ကြွေးသံကို ဖော်ထုတ်လိုက်ပြီး ကြီးမားလှသော နတ်ဆိုးသားရဲ ထောင်းထျယ့်သည် မူလခန္ဓာကိုယ်သို့ ပြန်လည် ပြောင်းလဲထားကာ ခြေလေးချောင်းပေါ်တွင် ရပ်နေပြီး သူ၏ ကြီးမားသော ပါးစပ်များကတော့ တစ်ချိန်တည်းတွင် ဖွင့်ဟထားသည်။ ကြောက်မက်ဖွယ် နတ်ဆိုး တိမ်တိုက်မုန်တိုင်းက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာပြီး ကြီးမားသည့် လေပွေက ကောင်းကင်ကိုပက် ဝါးမျိုချင်နေသည်ဟု ထင်မှတ်ရကာ ကျယ်ပြောသည့် ကောင်းကင် တစ်ခွင်လုံးသည် ကြောက်မက်ဖွယ် တိမ်တိုက်များနှင့် ပြည့်နှက်သွားခဲ့သည်။
ကြီးမားသည့် နတ်ဆိုးသားရဲ ထောင်းထျယ့်၏ အရိပ်အားလုံးက ကောင်းကင်သို့ တက်သွားပြီး ကောင်းကင်ရှိ ရွှေရောင်နတ်ဓားများကို ဝါးမျိုဖျက်ဆီးပစ်ရန် ကြိုးစားလေသည်။
ကျင်းအင်ပါယာဂိုဏ်းမှ တန်ခိုးရှင်များသည် တည်ငြိမ်နေခဲ့သည်။ သူတို့၏ လက်များက ရွှေရောင် နတ်စာလုံးတို့ကို ရေးဆွဲလိုက်ကြသည်။ မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ် မိုးကြိုးများသည် ရွှေရောင်နတ်ဓားများ အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို ထိုးဖောက်ဖြတ်သန်းကာ ကမ္ဘာကြီးကို ဖွင့်လှစ်လိုက်သည်။
ထိုအချိန်တွင် အားလုံးသော ရွှေရောင်နတ်ဓားများက ကောင်းကင်မှနေ၍ ကျဆင်းလာသည်။ ရွှေရောင် အလင်းတန်းများက ကောင်းကင်ကို လွှမ်းခြုံထားပြီး အစွမ်းထက် စွမ်းအင်များကို ထုတ်လွှတ်နေသည်။
တိုက်ပွဲကွင်းပြင်သည် ကန်းကျင့်၊ သတ်ဖြတ်ခြင်းမိုးကြိုးနှင့် နတ်ဆိုးစွမ်းအား လေပွေတို့ဖြင့် လွှမ်းခြုံခံထား ရသည်။ ကောင်းကင်ထက်တွင် ပေါက်ကွဲသံများနှင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ် ထိခတ်သံများက လူအများ၏ နှလုံးသားကို တုန်ယင်စေခဲ့သည်။
များပြားလှသည့် ရွှေရောင် နတ်ဓားများက ထောင်းထျယ့် နတ်ဆိုးသားရဲ အရိပ်များ၏ ဝါးမျိုခြင်းကို ခံရကာ ဖျက်ဆီးပစ်ခံ နေရသည်။ အားအကောင်းဆုံး ရွှေရောင်နတ်ဓားသည် ထောင်းထျယ့်သားရဲ၏ ခန္ဓာအစစ်အမှန်ဆီသို့ ပြေးဝင်သွားကာ ကောင်းကင်တွင် ထောင်သောင်းချီသော အလင်းတန်းများအဖြစ် တောက်လောင်နေသည်။
ဒဏ္ဍာရီဂိုဏ်းရှစ်ခု တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။ နှစ်ဖက်လုံးက အစွမ်းရှိသမျှ အကုန်တိုက်ခိုက် နေသည့်အတွက် တိုက်ပွဲက အလွန် ပြင်းထန်နေပေသည်။ ယခင် သူတို့ ဝင်္ကပါကို စိန်ခေါ်သောအခါက သူတို့သည် သူတို့၏ စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်ရန် အခွင့်အလမ်း မရှိခဲ့ပေ။
နတ်ဆိုးတော်ဝင် မျိုးဆက်များက အစွမ်းထက်သော်လည်း မရေတွက်နိုင်သည့် နတ်ဆိုးသားရဲများ ထိန်းချုပ်နေသည့် ဝင်္ကပါများက တစ်ယောက်ချင်း တိုက်ခိုက်မှုထက် ပို၍ ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။
သို့သော် စိန်ခေါ်ခြင်း၏ အကျိုးဆက်က ပို၍ အန္တရာယ်များပြီး ဤနတ်ဆိုးမင်းသားက အလွန် ရက်စက်ကြမ်းတမ်း လှပေသည်။
စွမ်းအားများ ထိခတ်ခြင်းမှ ကောင်းကင် အက်ကွဲခြင်း အသံကဲ့သို့သော ဆူညံသံများက ကောင်းကင်ထက်တွင် ထွက်ပေါ်နေသည်။ လူတိုင်းသည် ထိုကြီးမားသည့် ခန္ဓာကိုယ်ကြီး ကျဆင်းလာသည်ကို စူးစိုက်ကြည့် နေကြပြီး ဘုန်းခနဲ အသံနှင့်အတူ ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်း တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ယင်းသည် သွေးများဖြင့် ရွှဲရွှဲစိုနေသည့် ထောင်းထျယ့် နတ်ဆိုးသားရဲကြီး ဖြစ်လေသည်။
အခြား တစ်ဖက်မှာတော့ ကျင်းအင်ပါယာဂိုဏ်းမှ တန်ခိုးရှင်သည်လည်း ချည့်နဲ့စွာ လွင့်ပျံထွက်သွားပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း သွေးများဖြင့် ရွှဲနစ်နေခဲ့သည်။
အားကောင်းသည့် စွမ်းရည်များနှင့် များပြားလှသော တန်ခိုးရှင်များသည် အဆုံးသတ် တိုက်ကွက်ကို မျက်မြင်တွေ့ခဲ့ကြသည်။ အားအကောင်းဆုံး ရွှေရောင် နတ်ဓားသည်ပင် ထောင်းထျယ့် နတ်ဆိုးသားရဲကို ဒဏ်ရာအကြီးအကျယ် ရစေရန် မစွမ်းသာခဲ့ဘဲ ဒဏ်ရာ အနည်းငယ်သာ ပေးခဲ့သည်။ သို့သော် ကျင်းအင်ပါယာဂိုဏ်းမှ တန်ခိုးရှင်သည်တော့ ပြင်းထန်စွာ ထိခိုက်မိပြီး ဒဏ်ရာအများအပြား ရရှိခဲ့ပေသည်။
အဆုံးမှာတော့ ထောင်းထျယ့် နတ်ဆိုးသားရဲက ကျင်းအင်ပါယာဂိုဏ်းမှ တန်ခိုးရှင်ထက် ပို၍ အစွမ်းထက်ပေသည်။ နတ်ဆိုးသားရဲများတွင် သဘာဝအလျောက် ရုပ်ပိုင်းဆိုင်ရာ အားသာချက် ရှိသော်လည်း လူသားတန်ခိုးရှင် များကတော့ ကျင့်စဉ် နည်းလမ်းများတွင် ပို၍ အစွမ်းထက်ပေသည်။
ထိုအချိန်တွင် ကောင်းကင်ကို ဖြန်ကာ မိုးကြိုးလျှပ်စီး လင်းလက်သွားကာ ဒဏ္ဍာရီဂိုဏ်း ရှစ်ခုမှ အခြားသော တန်ခိုးရှင်တစ်ဦးက ယှဉ်ပြိုင်ကွင်းထက်သို့ တက်လာခဲ့သည်။ သူသည် သိုလှောင်လက်စွပ်ကို ထုတ်ကာ ပစ်ပေးလိုက်ပြီး ချက်ချင်းပင် ထောင်းထျယ့် နတ်ဆိုးသားရဲကြီးကို တိုက်ခိုက်လိုက်သည်။ ကောင်းကင်ထက်တွင် မိုးကြိုးလျှပ်စီးများ လွှမ်းခြုံနေ၏။
ပွဲကြည့်စင်ထက်မှ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူတို့က အခုထိ သူတို့ကို အားကုန် ပင်ပန်းအောင် လုပ်ချင်နေ သေးသည်လား။
လူအုပ်ထဲမှ ရီဖူရှင်းသည် ထိုတိုက်ပွဲကို ဂရုတစိုက် ကြည့်နေခဲ့သည်။ ထောင်းထျယ့် သားရဲက ထိုတန်ခိုးရှင်ကို ပထမအချီမှာပင် ရှုံးနိမ့်စေခဲ့သော်လည်း မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်း ရှစ်ခုမှာ သာမန် အင်အားစုများ မဟုတ်ပေ။ အကယ်၍ သူတို့သာ တိုက်ခိုက်ရန်အတွက် အရည်အချင်း ရှိသည့် တန်ခိုးရှင်များကို ဆက်လက် စေလွှတ်နေလျှင် ဤနတ်ဆိုး မင်းသားများ အခက်တွေ့ရ ပေလိမ့်မည်။
ရီဖူရှင်း မျှော်လင့်ထားသလိုပင် ဒုတိယတိုက်ပွဲက အညှာအတာ ကင်းမဲ့လှသည်။ ထောင်းထျယ့် နတ်ဆိုးသားရဲသည် သူ၏ ပြိုင်ဘက်ကို ရှုံးနိမ့်စေသော်လည်း ဒဏ်ရာအချို့ ရရှိခဲ့သည်။
တိုက်ပွဲကို လိုက်၍ ကျူးယန့် နတ်ဆိုး အိမ်ရှေ့စံသည် မိုးကြိုးနတ်ကလန်မှ မင်းသားကို ထောင်းထျယ့် နတ်ဆိုးသားရဲ နေရာတွင် အစားထိုးစေသည်။ သူက တိုက်ခိုက်ရာတွင် ထောင်းထျယ့် နတ်ဆိုးသားရဲထက် ပို၍ ကောင်းမွန်ပေမဲ့ သူ ရင်ဆိုင်ရသည့် ပြိုင်ဘက်ကလည်း ပေါ့သေးသေး မဟုတ်ပေ။ အဆက်မပြတ်သော တိုက်ပွဲများကို ဆင်နွှဲပြီးနောက် သူ၏ မူလခန္ဓာကိုယ်မှ နဂါးကြေးခွံ ချပ်ဝတ်သည်ပင် ကျိုးပဲ့ကာ သွေးများဖြင့် စွန်းထင်းသွားခဲ့ ရသည်။ တိုက်ပွဲတွင် သူနှင့် ပြိုင်ဘက် နှစ်ယောက်လုံး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
အခြားသော ပုဂ္ဂိုလ်တစ်ဦးက ယှဉ်ပြိုင်ကွင်းပေါ်သို့ တက်လာခဲ့ပြီး ကောင်းကင်တွင် မိုးကြိုး ပုံရိပ်ယောင်များ ထင်ဟပ်လာသည်။
နဂါးတစ်ကောင်၏ အသံက ကောင်းကင်တွင် စစ်ဗုံတစ်ခု၏ အသံကဲ့သို့ မြည်ဟည်း တုန်ခါနေပြီး ကြီးမားသည့် နဂါးကြီးက ကောင်းကင်ကို လွှမ်းမိုးသွားသည်။
"ညီနှစ် ပြန်လာခဲ့တော့"
ပွဲကြည့်စင်ထက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ မိုးကြိုးနတ်ကလန်မှ မင်းသားက ဆက်လက် တိုက်ခိုက်ချင်နေသည့် အခါ ကျူးယန့်နတ်ဆိုး အိမ်ရှေ့စံသည် ပလ္လင်ထက်မှ ထလိုက်ကာ ကောင်းကင်သို့ လှမ်းသွားခဲ့သည်။
မိုးကြိုးနတ်ကလန်၏ မင်းသားက လှည့်ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိ သွားသည်။ သူသည် နောက်သို့ ရွေ့လျားသွားကာ အိမ်ရှေ့စံကို တိုက်ပွဲကွင်းပြင်၌ ချန်ရစ်ခဲ့သည်။
ဒဏ္ဍာရီဂိုဏ်း ရှစ်ခုမှ တန်ခိုးရှင်များက လေထဲမှ လျှောက်လာနေသည့် ကျူးယန့် နတ်ဆိုး အိမ်ရှေ့စံထံသို့ လှမ်းကြည့်လိုက်ကြသည်။ သူ၏ မျက်လုံးများထဲတွင် ရွှေရောင် မီးလျှံများဖြင့် တောက်ပနေပြီး နတ်ဆိုးအိမ်ရှေ့စံက ရှေ့တည့်တည့်သို့ ဦးတည်လိုက်သည်။
မိုးကြိုးအလင်းများက သူ့ခန္ဓာကိုယ်မှ တောက်ပနေပြီး ကောင်းကင်မှ ဆင်းသက်လာသည့် ရွှေရောင် နတ်မီးလျှံများနှင့် ရိုက်ခတ်သွားသည်။ တောက်ပသည့် အလင်းများက သူ့အနီးတွင် လွှမ်းခြုံနေသည်။
"ဘန်း"
ကျူးယန့် နတ်ဆိုး အိမ်ရှေ့စံသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ကောင်းကင် လေဟာနယ်သည် ပြင်းထန်စွာ တုန်ခါနေပြီး ကောင်းကင်မှ တောင်ကြီးတစ်လုံး ကျဆင်းလာသကဲ့သို့ ဖိနှိပ်ထားလေသည်။
သူသည် လက်သီးတစ်ချက် ဆန့်ထုတ်လိုက်ပြီး အဆုံးမဲ့ရွှေရောင် နတ်မီးလျှံများက ကြီးမားသည့် နှင်တံတစ်ခု အတွင်းသို့ ပေါင်းစည်းသွားသည်။
"ဘန်း"
သူက တစ်ဖန် ခြေလှမ်းလိုက်ပြီး ထိုတန်ခိုးရှင်၏ နှလုံးသားကို နင်းခြေလိုက်သကဲ့သို့ ထင်မှတ်ရသည်။ နတ်မီးလျှံများက နီးကပ်လာကာ ယင်း ကောင်းကင်ဖြိုခွဲ စွမ်းအားများသည် မိုးကြိုးဂိုဏ်းမှ တန်ခိုးရှင်ကို လွှမ်းခြုံသွားခဲ့သည်။
သူတစ်ယောက်တည်း သာလျှင် မဟုတ်ဘဲ မရေတွက်နိုင်သော တန်ခိုးရှင်များကလည်း ဖိအားကို ခံစားရပေသည်။ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက သူ၏ စွမ်းရည်ကို ထုတ်ပြသည်မှာ ပထမဆုံး အကြိမ်ပင် ဖြစ်သည်။
"ဘန်း"
နောက်ထပ်ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်နှင့် အဆုံးမဲ့ နတ်မိုးကြိုးများနှင့် လွှမ်းခြုံထားသော မိုးကြိုးဂိုဏ်းမှ တန်ခိုးရှင်၏ ခန္ဓာကိုယ်က ကောင်းကင်သို့ ပျံဝဲသွားသည်။
ထို့နောက်တွင် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ၏ လက်ထဲတွင် ရှည်လျားသည့် နှင်တံတစ်ခု ပေါ်ပေါက်လာသည်။ ရှည်လျားသည့် နှင်တံက ရွှေရောင် နတ်မီးလျှံများမှ မွေးဖွားလာကာ ရုတ်ခြည်းပင် ကြီးထွားလာပြီး ကောင်းကင်မှ ကျဆင်းလာသည်။ ရိုက်ချက်တစ်ချက်က ကောင်းကင်ကို ဖြတ်သန်းသွားသည်နှင့် ကောင်းကင်ကို ဖုံးလွှမ်းကာ နေကို အုပ်ကွယ်သွားခဲ့သည်။
မိုးကြိုးဂိုဏ်းမှ တန်ခိုးရှင်၏ မျက်နှာက သွေးဆုတ်ဖြူ ရော်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် ထောင်ချီသော မိုးကြိုးအရိမ်များအဖြစ် ပြောင်းလဲသွားပြီး နေရာအနှံ့မှ ရွေ့လျားနေသည်။ မဟာလမ်းစဉ် နှင်တံ၏ လှုပ်ရှားမှုအောက်တွင် မဟာလမ်းစဉ်သည် ဖြည်းညင်းစွာနှင့် ကျဆင်းလာနေသည်။ အဆုံးမဲ့ အရိပ်များက ဆင်းသက်လာသည်နှင့် မိုးကြိုးအရိပ်များ အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
"ဘုန်း ..."
ပြင်းထန်လှသည့် အသံတစ်ခု ထွက်ပေါ်လာပြီး အချိန်နှင့် လေဟာနယ်က အေးခဲသွားခဲ့သည်။ နှင်တံ၏ လှုပ်ရှားမှုများက ရပ်တန့်သွားပြီး နှင်တံအရိပ်များက တစ်ခုတည်း ဖြစ်လာသည်။ မိုးကြိုးဂိုဏ်းမှ တန်ခိုးရှင်၏ ခန္ဓာကိုယ်သည် နှင်တံ ရိုက်ချက်ကို ပြင်းထန်စွာ ခံလိုက်ရပြီးနောက် သူက ကောင်းကင်ထက်မှ လွင့်စင်ကာ သွေးများ အန်ထုတ်လိုက်ရသည်။
တစ်ချက်တည်းနှင့် သူက ဒဏ်ရာ အများအပြား ရရှိခဲ့သည်။ သူ၏ ခရီးစဉ်က ဤနေရာ၌ပင် ရပ်တန့်သွားခဲ့ပြီး သူက ပြန်ရတော့မည် ဖြစ်သည်။
"နှင်တံနည်းစနစ်" ရီဖူရှင်းက ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံကို ကြည့်ကာ ရေရွတ်လိုက်သည်။ ထိုလက်နက်က သူ့အတွက် အတော်လေး ရင်းနှီးနေပေသည်။
***
(Note
'ထောင်းထျယ့်' အဓိပ္ပာယ်က အစားကြူးတာကို ပြောတာ။ ထောင်းထျယ့်တွေက ဘီလူး အနွယ်ဝင်လို့လည်း ပြောကြတယ်။
'ထောင်းထျယ့်'ဆိုတာက တရုတ် ဒဏ္ဍာရီလာ သားရဲ တစ်မျိုး ဖြစ်ပြီးတော့ သူတို့ရဲ့ အထွတ်အမြတ် သားရဲတွေ ဖြစ်တဲ့ နဂါးပြာ၊ မီးငှက်၊ လိပ်နက်နဲ့ ကျားဖြူ လေးမျိုးကို ပေါင်းစပ်ထားတာပါတဲ့။
ထောင်းထျယ့်ရဲ့ ပုံစံက ခေါင်းမှာ ချိုနှစ်ခေါင်း ရှိပြီးတော့ ခြေထောက် လေးဖက်နဲ့ အမြီးတစ်ချောင်း ရှိတယ်။ ကျောဘက်မှာလည်း အတောင်လိုပုံစံမျိုး အရိုးဖြူဖြူကြီး ရှိသေးတယ်။ သူ့ရဲ့ ခေါင်းအပြင် ဗိုက်နားမှာ ပါးစပ်ကြီးတစ်ခု ရှိသေးတယ်။ ခေါင်းက ပါးစပ်ထက် အဲဒီဗိုက်က ပါးစပ်က ပိုပြဲပြီး အကြီးကြီးပဲ။ အစွယ်တွေလည်း ရှိတယ်။
ဒါက အဲဒီသားရဲနဲ့ ပတ်သက်ပြီး ကိုယ် ရှာတွေ့သလောက် ပြောပြတာပါ။
*တိုက်ခိုက်ရင် ပါးစပ်အသစ် ထွက်လာလား မလာလားတော့ မသိဘူး။ ဒီအပိုင်းမှာ ရေးထားတာတော့ သူ့ပါးစပ်က နှစ်ခုမကဘူး။ )