အန္တရာယ်ထဲက အဇူရာတိမ်ဂိုဏ်း
Vol. 3 Ch. 31
လင်းယွမ်ကျိနှင့်ရှုပိုင်တို့ တိုက်ပွဲထဲ ရောက်ရှိသွားခဲ့ပြီး အချိန်တိုအတွင်း အနိုင်အရှုံးမပေါ်ခဲ့ပေ။
လှေပျံပေါ်ရှိ အဝါရောင်၀တ်စုံနှင့်လူ လင်းယွမ်ကျိတို့တိုက်ပွဲကိုကြည့်နေရင်း သူ့ဘေးရှ်ိ အနီရောင်၀တ်စုံ၀တ် မိန်းမစိုးဘက်လှည့်ကာ မေးလိုက်၏။
“သူတို့က ဘယ်အဆင့်မှာလဲ”
“အရှင်မင်းသားကို လျှောက်တင်ပါတယ် သူတို့က ဝိညာဉ်အခြေတည်အဆင့်နှောင်းပိုင်းဖြစ်နိုင်ပါတယ်” မိန်းမစိုး ဖြေလိုက်သည်။
မင်းသားအနည်းငယ်ပြုံးလိုက်ကာ
“ဝိညာဉ်အခြေတည်အဆင့်နှောင်းပိုင်းလား အဇူရာတိမ်ဂိုဏ်းက တကယ်ကို ကျဆင်းသွားခဲ့တာပဲ ဒီလိုသာဆို သူတို့က ဘာလို့တည်ရှိနေရဦးမှာလဲ နှစ်ငါးထောင်အမွေအနှစ်ရှိတဲ့ဂိုဏ်းကြီးတစ်ဂိုဏ်းက ဒီလောက်လေးပဲလား လှေပျံကို ပြန်အသက်သွင်း အဇူရာတိမ်ဂိုဏ်းဆီ ဦးတည်”
လှေပျံသည် ပြန်လည်အသက်၀င်လာခဲ့ပြီး အဇူရာတိမ်ဂိုဏ်းဆီ ဦးတည်သွားလေတော့သည်။
ကျန်းယန်မျက်ခုံးများအနည်းငယ်တွန့်ကွေးသွားပြီး လှေပျံကိုကြည့်ရှုရန် လေထဲသို့ ခုန်တက်လိုက်ကာ ပြောလိုက်၏။
“မင်းတို့က စစ်ပွဲစချင်နေတာလား”
ဂိုဏ်းကိုပထမအကြိမ်ချဉ်းကပ်လာခြင်းက ကျင့်၀တ်များကို ဂရုမစိုက်တာဟု ပြော၍ရသော်လည်း ဒုတိယအကြိမ်ချဉ်းကပ်ခြင်းတွင်တော့ ပိုပြီးရှုပ်ထွေးသော ရည်ရွယ်ချက်များ ရှိနေခဲ့ချေပြီ။
လင်းယွမ်ကျိက သူတို့ကိုတားဖို့ထွက်လာချိန်တွင် တစ်ဖက်က ရှုပိုင်ကိုလွှတ်လိုက်ပြီး ရှေ့ဆက်တက်လာခြင်းက တိမ်တောင်အင်ပါယာသည် အဇူရာတိမ်ဂိုဏ်းကို ဆန့်ကျင့်တော့မည်ဟု ညွှန်ပြနေခဲ့သည်။
“ဒါက မင်းတို့အဇူရာတိမ်ဂိုဏ်းလိုချင်တာပဲမဟုတ်လား”
မင်းသား ကျန်းယန်ကိုကြည့်ကာ မထူးခြားဟန်ဖြင့် ပြောလိုက်၏။
“တိမ်တောင်အင်ပါယာရဲ့ အရင်းအမြစ်တွေကို ခိုးကတည်းက မင်းတို့အဇူရာတိမ်ဂိုဏ်းက အတော်များသွားပြီ နဂါးပျံအစောင့်တွေကို တိုက်ခိုက် လှေပျံကိုသိမ်းယူသွားတာကတော့ စစ်ပွဲကိုကြေငြာလိုက်တာပဲ မင်းတို့အဇူရာတိမ်ဂိုဏ်းက အရင်စတာဖြစ်လို့ ငါတို့မယဉ်ကျေးတာကို အပြစ်မတင်ပါနဲ့”
ကျန်းယန် ရင်ထဲ ရှင်းပြ၍မရသော ဒေါသများ လျှံတက်လာခဲ့သည်။
အဇူရာတိမ်ဂိုဏ်း၏ မိုင်းတွင်းများကို ခိုးတူးနေပြီး သူတို့ကပဲ ဂိုဏ်းကခိုးယူသည်ဟု ပြောနေသေး၏။ ထို့အပြင် နဂါးပျံအစောင့်များက သူတို့ကိုစတင်အမဲလိုက်ခဲ့ခြင်းဖြစ်ပြီး ထိုအရာကိုပင် သူတို့ကပဲ နဂါးပျံအစောင့်များကို စတိုက်ခိုက်သလို ပြောနေခဲ့ပြန်သည်။
“မင်းရဲ့အမြင်က တိမ်တောင်အင်ပါယာကို ကိုယ်စားပြုနိုင်လား” ကျန်းယန် မေးလိုက်၏။
အနီရောင်၀တ်မိန်းမစိုး ရှေ့တက်လာကာ မိတ်ဆက်လိုက်သည်။
“အရှင်မင်းသားက တိမ်တောင်အင်ပါယာရဲ့ တတိယမင်းသားပါ ဒီတစ်ကြိမ်အဇူရာတိမ်ဂိုဏ်းနဲ့ ရင်ဆိုင်ရာမှာ အပြည့်အ၀တာ၀န်ရှိပါတယ်”
တတိယမင်းသား ကျန်းယန်ကို အေးစက်စက်ပြုံးပြလိုက်ကာ
“အခု ငါ့ဆန္ဒက တိမ်တောင်အင်ပါယာကို ကိုယ်စားပြုမပြု သိပြီလား”
ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။
“အရမ်းကောင်းတယ် စလိုက်ကြတာပေါ့”
“ဆရာဒေါ်လေး ၄ ၀င်္ကပါကို အသက်သွင်းလိုက်တော့”
ပိလင်းကျိ ၀င်္ကပါပြားတစ်ခုကို ထုတ်လိုက်ပြီး ချက်ချင်းဆိုသလို အဇူရာတိမ်ဂိုဏ်းပတ်ပတ်လည်ကို မြူခိုးအလွှာတစ်ခုက ဖုံးအုပ်သွားခဲ့လေသည်။
“ဆရာဦးလေး၅ အပေါက်တွေကို ဖြည့်ပေး”
ဟော်လင်းကျိ စိတ်ဝိညာဉ်စုတ်တံတစ်ချောင်းကိုကိုင်ကာ လေထဲတွင် မှော်ကဗ္ဗည်းများ ဆွဲလေတော့သည်။
ထိုစဉ် လှေပျံပေါ်ရှိ တတိယမင်းသား မိန်းမစိုးကို လက်ယမ်းပြကာ ညွှန်ကြားလိုက်၏။
“မိန်းမစိုးရှီ အဇူရာတိမ်ဂိုဏ်း ဂိုဏ်းအကာအကွယ်၀င်္ကပါရဲ့ ပြောင်းလဲမှုတွေကို စောင့်ကြည့်ထား ပြီးရင် ပြစ်ချက်ရှာပြီး ချိုးဖျက်ပစ်”
“နားလည်ပါပြီ” မိန်းမစိုး ခေါင်းညိတ်ပြလိုက်လေသည်။
“နဂါးပျံအစောင့်တပ် ငါ့အမိန့်ကိုနာခံ ရန်သူတွေကို ထိုးဖောက်ကြ” တတိယမင်းသား အော်ပြောလိုက်၏။
လှေပျံပေါ်ရှိ နဂါးပျံအစောင့်တပ်သား ၃၀၀၀ အမိန့်ကို လက်ခံရရှိသွားခဲ့သည်။ သူတို့ထဲရှ်ိ တပ်သား ၁၀၀၀သည် မှော်ကဗ္ဗည်းများထိုးထားသော လေးများနှင့် အဆောင်မြှားများကို ထုတ်လိုက်ကြ၏။
အမိန့်ရသည်နှင့် စိတ်ဝိညာဉ်မြှားများက အဇူရာတိမ်ဂိုဏ်း၀င်္ကပါဆီ ပြေး၀င်ကုန်ကြတော့သည်။
“ဝုန်းးး”
နားကွဲလုမတတ် ပေါက်ကွဲသံကြီးက ၀င်္ကပါကို လှုပ်ယမ်းသွားစေခဲ့၏။
“ထပ်ပစ်ကြ”
နောက်ထပ် တပ်သား၁၀၀၀ လေးမြှားများဖြင့် ၀င်္ကပါကို ပစ်လိုက်ကြပြန်သည်။
“တတိယအသုတ် ဆက်ပစ်”
တတိယမင်းသား ထေ့ငေါ့လိုက်၏။
“အမတကျင့်ကြံခြင်းဆိုတာ ဘာများ အရမ်းထူးခြားနေလို့လဲ ငါတို့လက်ထဲမှာ သုတ်သင်ခံလိုက်ရတဲ့ အမတဂိုဏ်းတွေ ဘယ်လောက်တောင်ရှိသွားပြီလဲ ငါတို့လည်း ကျင့်ကြံနိုင်နေတာပဲလေ တိမ်တောင်အင်ပါယာရဲ့ အရင်းအမြစ်တွေအားလုံးနဲ့လည်း နဂါးပျံအစောင့်တပ်ကို ထောက်ပံ့ပေးထားသေးတယ် မင်းတို့ဂိုဏ်းက ငါတို့နဲ့ယှဉ်နိုင်မယ်လို့ တကယ်ထင်နေတာလား ငါတို့က မင်းတို့နဲ့ရင်ဆိုင်ဖို့ အကြောင်းပြချက်တစ်ခုကိုပဲ စောင့်နေခဲ့တာကွ”
သူတပ်ဖွဲ့ကို ဆက်လက်အမိန့်ပေးနေပြီး မြှားများက ၀င်္ကပါကို ဆက်တိုက်ထိမှန်နေခဲ့သည်။
အဆောင်မြှားများက သာမန်မြှားများထက် များစွာပိုပြီး စွမ်းအားကြီးနေခဲ့၏။
ထို့ကြောင့်လည်း တစ်ခါပစ်လျှင် လူတစ်ယောက် ၁၀၀၀သာ ပစ်လို့ရခြင်းဖြစ်ပြီး သုံးသုတ်ခွဲကာပစ်နေရခြင်း ဖြစ်သည်။
သို့သော်လည်း ထိုမြှားတစ်ထောင်အားကပင် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်၏ စွမ်းအားထက် ကျော်လွန်နေခဲ့၏။
ဤသို့တိုက်ခိုက်နေလျှင် နောက်ဆုံးတွင် အဇူရာတိမ်ဂိုဏ်း၏ ၀င်္ကပါက ကျိုးပြတ်သွားလိမ့်မည်ဟုလည်း တတိယမင်းသားယုံကြည်ချက်ရှိနေခဲ့သည်။
အဇူရာတိမ်ဂိုဏ်းထဲတွင် ပိလင်းကျိ ကောင်းကင်မြေပြင်စွမ်းအားကိုသုံးကာ ၀င်္ကပါကိုထိန်းချုပ်နေပြီး သူ့လက်ထဲရှိ ၀င်္ကပါးပြားက အလင်းရောင်အနည်းငယ်တောက်ပနေခဲ့၏။
ပိလင်းကျိ အံကိုကြိတ်လိုက်ကာ
“ဒီခွေးကောင်တွေက အဇူရာတိမ်ဂိုဏ်းကို အပြစ်ပြုရဲတယ်ပေါ့ သူတို့ပေးကိုပေးဆပ်ရမယ် အဖိုးကြီး ၅ နင် ကဗ္ဗည်းကို ပိုမြန်မြန်ဆွဲပေးလို့မရဘူးလား ၀င်္ကပါကွက်တွေက အချိတ်အဆက် ပြတ်ကုန်တော့မယ်…”
ဟော်လင်းကျိ ပြန်ပြောလိုက်သည်။
“ငါဆွဲနေတာက လုံလောက်အောင်မမြန်ဘူးလား နင့်၀င်္ကပါက အလုပ်ရော လုပ်ရဲ့လား”
“ဘယ်လိုလုပ် အလုပ်မလုပ်ဘဲနေမှာလဲ ထိန်းထားနေတာ မတွေ့ဘူးလား” ပိလင်းကျိ ဒေါသတကြီးပြန်ပြောလိုက်၏။
“စီနီယာအစ်ကို ၃ ညီမလေးကို စိတ်ဝိညာဉ်စွမ်းအားပြန်ဖြည့်ဖို့ ဆေးပေးဦး”
“လာပြီ” တန်ချန်ကျိ ဆေးတစ်လုံးပစ်ပေးလိုက်လေသည်။
ကျန်းယန် မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“ဒီဝင်္ကပါက ထိန်းထားနိုင်ပါဦးမလား ဆရာဦးလေး ဒါက ဂိုဏ်းအကာအကွယ်၀င်္ကပါရဲ့ လုပ်နိုင်စွမ်း အကုန်ပဲလား”
နှစ်ငါးထောင်သမိုင်းရှိဂိုဏ်းက ဒီလောက်ထိ အားနည်းသွားခဲ့ရခြင်းပေလော။
ပိုင်ယွမ်ကျိ ခေါင်းယမ်းလိုက်ကာ
“ဒါက အကာအကွယ်၀င်္ကပါမဟုတ်ဘူး ဒါက မင်းဆရာဒေါ်လေးလုပ်ထားတဲ့ ၀င်္ကပါသက်သက်ပဲ ဆက်လုပ်ထား စီနီယာအစ်မ”
ပိလင်းကျိ ဟောက်လိုက်၏။
“ပါးစပ်ပိတ်ထား နင်ကဘာမှမလုပ်ရတော့ ဒါမျိုးဘေးကပြောနေနိုင်တာပေါ့”
ကျန်းယန် ခေါင်းသာ အကူအညီမဲ့စွာ ယမ်းလိုက်မိသည်။ သူသည် အဇူရာတိမ်ဂိုဏ်းနှင့်ရှိတာ သိပ်မကြာသေးသောကြောင့် အများကြီး မသိခဲ့ပေ။
သူသည် အမည်ခံဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော်လည်း ဆရာဦးလေးများက သူ့ကို သိပ်မျက်နှာသာမပေးခဲ့ကြပေ။ ထို့ကြောင့် အဇူရာတိမ်ဂိုဏ်း၏ လျှို့ဝှက်ချက်အစစ်များကို သူမသိရပေ။
သို့သော်လည်း ယခုအခြေအနေကိုကြည့်ရသလောက်တော့ သိပ်ပြီးမကောင်းလှပေ။
ထိုအခိုက်တွင် စစ်ထူမင်ယွဲ့နှင့်အခြားတပည့်များလည်း တောင်ဂိတ်တံခါးကို ရောက်လာခဲ့ကြ၏။
အပြင်ဘက်ရှိ တပ်သားသုံးထောင်၏စွမ်းအားကိုမြင်သောအခါ ချွန်းရှောင် စိုးရိမ်သွားခဲ့သည်။
“သခင်မလေး ကျွန်မတို့ ဘာလုပ်သင့်လဲ ကျွန်မတို့ စီနီယာချင်ကို ကျွန်မတို့ကို လာခေါ်ခိုင်းလိုက်ရမလား ဒီနေရာမှာ အန္တရာယ်များလွန်းတယ်”
စစ်ထူမင်ယွဲ့မျက်မှောင်ကြုံ့ကာ အနည်းငယ် ပဟေဠိဖြစ်သွားခဲ့၏။ အဇူရာတိမ်ဂိုဏ်းက ဤမျှအားနည်းခြင်း ဖြစ်နိုင်ပါသလော။
ဂိုဏ်းအကာအကွယ်၀င်္ကပါကပင် တပ်သားသုံးထောင်၏ ဖြိုခွဲခြင်းကို ခံနေခဲ့ရသည်။
ဂိုဏ်းတွင် နှစ်ငါးထောင်သက်တမ်းရှ်ိဂိုဏ်းတစ်ဂိုဏ်း၏ အရှိန်အဝါမျိုး လုံး၀ရှိမနေခဲ့ပေ။
“စိတ်မပူပါနဲ့ ဆရာကတစ်ချက်မှ မလှုပ်ရှားရသေးဘူး” စစ်ထူမင်ယွဲ့ခေါင်းယမ်းလိုက်ကာ
“သူဒီမှာရှိနေသရွေ့ နဂါးပျံအစောင့်တပ်က ခြိမ်းခြောက်မှုမဟုတ်ဘူး”
“ဒါပေမယ့် ဒီအခြေအနေမှာ ဆရာဂိုဏ်းထဲမှာမရှိလို့ ပေါ်မလာနုိင်ဘူးဆိုရင်တော့….”
“တကယ်လို့ ဆရာဂိုဏ်းထဲမှာမရှိရင် နည်းနည်းတော့ ဒုက္ခများသွားလိမ့်မယ်” စစ်ထူမင်ယွဲ့လည်း စတင်စိုးရိမ်လာခဲ့သည်။
သူမသည် ချင်းယွင်ကျိအပေါ် အလွန်ယုံကြည်မှုရှိ၏။ သို့သော်လည်း ချင်းယွင်ကျိရှိမနေလျှင်တော့ အခြေအနေများကို ကိုင်တွယ်နိုင်ပါဦးမည်လား သူမလည်း မသိပေ။
ထိုစဉ် တပည့်လေးများလည်း တိုက်ပွဲအကြောင်းဆွေးနွေးနေခဲ့ကြသည်။
အဝောာ်များများကတော့ တိုက်ပွဲကိုကြည့်ကာ စိုးရိမ်နေခဲ့ကြ၏။
သူတို့ဂိုဏ်းကိုအခုမှ၀င်ရုံပဲရှိသေးတယ် ဂိုဏ်းက ဖျက်ဆီးခံရတော့မည်လော။
“အဲ့တာကိုကြည့် အဲ့တာ ငါတို့ နဂါးပျံအစောင့်တပ်လေ”
ချောင်ယင် အခြားသူများ သူ့သရုပ်မှန်ကို သတိပြုမိသွားမှာ လုံး၀မစိုးရိမ်ပဲ ဂုဏ်ယူစွာပြောနေခဲ့သည်။
“ငါတို့ နဂါးပျံအစောင့်တပ်က ပြိုင်ဘက်ကင်းပဲ သူတို့၀င်လာတာနဲ့ သူတို့အနိုင်မယူနိုင်တဲ့ ရန်သူဆိုတာ မရှိဘူး”
၀မ်ပေါင်လဲ့လည်း နဂါးပျံအစောင့်တပ်ကို ကြည့်ရှုနေခဲ့၏။
သူ့စိတ်ထဲတွင်လည်း အနည်းငယ် စိတ်ပျက်နေခဲ့သည်။ သူ့အခုမှရှာတွေ့ထားသော နောက်ခံက ပျက်ဆီးပြီး သူ့ကလဲ့စားကလည်း အငွေ့ပျံသွားရပေတော့မည်။
“စီနီယာချင် ကျွန်တော်တို့ ၀င်မကူညီသင့်ဘူးလား”
အဇူရာတိမ်ဂိုဏ်းအပြင်ဘက်တွင် ကျန်းကျိချိုးနှင့်ချင်ယွီရှုတို့ ဂိုဏ်းကိုတိုက်ခိုက်နေသောနဂါးပျံအစောင့်တပ်ကို ကြည့်ရှုနေခဲ့ကြလေသည်။
သူတို့ထိုအရာကို သတိထားမိတာကြာပြီဖြစ်သော်လည်း တိုက်ရိုက်၀င်မပါဘဲ တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့ကြ၏။
ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်အနေနှင့် အကယ်၍ သူ့အနားတွင်သာ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်မရှိလျှင် ကျန်းကျိချိုး ထွက်ပြေးတာ ကြာပြီဖြစ်သည်။
သူသည် ဂိုဏ်းမှ ကျင့်စဉ်တစ်ခုရရှိထားသော်လည်း သူနှင့်ဂိုဏ်းကြားဆက်ဆံရေးက အပေးအယူတစ်ခုလိုသာ ဖြစ်၏။
ထို့ကြောင့် အဇူရာတိမ်ဂိုဏ်းအပေါ် သူဒီလောက် သံယောဇဉ်မရှိလှပေ။
ချင်ယွီရှု မျက်မှောင်ကြုံ့နေပြီး ဂိုဏ်းကိုကြည့်ကာအနည်းငယ်လည်း ပဟေဠိဖြစ်နေခဲ့သည်။
ချင်ယွင်ကျိသည် အခုထိ မလှုပ်ရှာသေးဘူးလော။
လင်းယွမ်ကျိသည် သူတို့ကို လုပ်ကြံပြောသွားခြင်းဖြစ်ပြီး ချင်ယွင်ကျိနှင့် တန်ချိုးရွှေတို့ကြားက တိုက်ပွဲ တကယ်မရှိခဲ့ခြင်းပေလော။
ထို့အပြင် လင်းယွမ်ကျိကလည်း ရှုပိုင်နှင့်လက်ရည်တူတိုက်ခိုက်နေခဲ့၏။ အဘယ်ကြောင့် အဇူရာတိမ်ဂိုဏ်းက ထိုမျှအားနည်းနေရပါသနည်း။ ဤနေရာရှိ တကယ့်ဇာတ်လမ်းက ဘာဖြစ်နိုင်ပါသနည်း။
သို့သော် ချင်ယွီရှု ဝင်ပါဖို့တော့ စိတ်ကူးမရှိပေ။ စစ်ထူမင်ယွဲ့အန္တရာယ်ကင်းနေသေးသရွေ့ သူဘာမှလုပ်မည် မဟုတ်ပေ။
ထိုအခိုက်တွင် နဂါးပျံအစောင့်တပ်က ၁၇ကြိမ်မြောက် ပစ်ခတ်ပြီးနောက် မိန်းမစိုးရှီ ရုတ်တရက်လှုပ်ရှားလိုက်လေသည်။
လျက်တပြတ်ဆိုသလို နက်မှောင်နေသော ကြာပွတ်တစ်ချောင်းက ၀င်္ကပါကို ရိုက်ခတ်လာခဲ့ပြီး ရုတ်ချည်းဆိုသလို နောက်မြှားတစ်သုတ်ကလည်း ထိမှန်သွားခဲ့၏။
“ဝုန်းးး”
နားကွဲမတတ် မြည်သံကြီးထွက်ပေါ်လာပြီး ပိလင်းကျိ ၀င်္ကပါက ကျိုးပြတ်သွားခဲ့လေသည်။
၀င်္ကပါအမြုတေကိုကိုင်ဆောင်ထားသော ပိလင်းကျိလက်များ တုန်ရီလာပြီးနောက် ၀င်္ကပါပြားက လေထဲလွင့်ထွက်သွားခဲ့၏။
အကျိုးသက်ရောက်မှုအနေနှင့် သူမပါးစပ်ထဲက သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။
“စီနီယာအစ်မ” ပိုင်ယွမ်ကျိ ရေရွတ်လိုက်ပြီး ပိလင်းကျိဘေးသို့သွားကာ သူမကို ဖေးကူလိုက်၏။
သူမကောင်းကင်ရှိ လှေပျံကိုကြည့်ကာ ကြမ်းကြုတ်စွာ ပြောလိုက်သည်။
“ငါ့စီနီယာအစ်ကို နာကျင်အောင်လုပ်ရဲတယ်ပေါ့ နင်တို့တော့ အန္တရာယ်ရှိသွားပြီ”
တတိယမင်းသား အေးစက်စက်ထေ့ငေါ့လိုက်၏။
“အန္တရာယ်လား အဇူရာတိမ်ဂိုဏ်းက ဘယ်လိုအန္တရာယ်မျိုးပေးနိုင်လဲ ငါတွေ့ချင်မိတယ် ဒီနေ့ကစပြီးတော့ အဇူရာတိမ်ဂိုဏ်းက ဖျက်ဆီးခံလိုက်ရလိမ့်မယ်!”
အနီရောင်၀တ်မိန်းမစိုးလည်း အေးစက်စက်ထေ့ငေါ့လိုက်ပြန်သည်။
“ကောင်မလေး ငါတော့ဘာအန္တရာယ်မှမမြင်…”
သူ့စကားမဆုံးသေးခင်တွင် ကောင်းကင်၌ မျောနေသော တိမ်တစ်အုပ်က ရုတ်တရက် ကျဆင်းလာခဲ့၏။
ထိုတိမ်က ကောင်းကင်တွင်တစ်ချက်ပေါ်လာခဲ့ပြီးနောက် နောက်တစ်စက္ကန့်တွင် လှေပျံဆီရောက်ရှိလာခဲ့သည်။ သူ့ပုံစံက ပျော့ပြောင်းဟန်ပေါ်သော်လည်း လှေပျံနှင့် တိုက်မိသွားသောအခါ သံမဏိနှစ်ခုတိုက်မိသွားသော အသံကြီး ထွက်ပေါ်လာခဲ့၏။
“ဝုန်းးး”
ဝုန်းကနဲအသံကြီးနှင့်အတူ လှေပျံကြီးပြတ်ကျသွားခဲ့ပြီး မြေပြင်တွင် တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
လှေပျံက ပြင်ပအားနှင့်ထိတွေ့မိသောအခါ လှေပျံပေါ်ရှိ ကဗ္ဗည်းများက အလိုလိုအသက်၀င်လာပြီး လှေပျံပတ်လည်တွင် အကာအကွယ်အလွှာတစ်ခု ပေါ်ထွက်လာခဲ့လေသည်။
ထိုအခိုက်တွင် တတိယမင်းသားနှင့်မိန်းမစိုးရှီတို့တစ်ခုခုမှားနေမှန်း သတိထားမိသွားခဲ့သည်။
“အမြန် ခုခံကြ လှေပျံရဲ့ကာကွယ်နိုင်စွမ်းကို အမြင့်ဆုံးထိ မြှင့်ထားကြ” တတိယမင်းသား ကြောက်လန့်တကြား အော်ဟစ်အမိန့်ပေးလိုက်၏။
မိန်းမစိုးရှီ အလျင်အမြန်ပင်နဂါးလှေ၏ခုခံနိုင်စွမ်းကို မြှင့်တင်ရန် နဂါးလှေဆီ ပြန်လာခဲ့သည်။
နဂါးလှေကိုဖိထားသော တိမ်ကြီးက ယခုအခါတွင် လက်ကြီးတစ်ဖက်၏ အသွင်သဏ္ဍာန်အဖြစ်ပြောင်းလဲနေခဲ့ချေပြီ။
သူ့လက်ချောင်းတစ်ချက်တောက်လိုက်သောအခါ နဂါးလှေဆီပြန်လာဖို့ ကြိုးးစားနေသော မိန်းမစိုးရှီ ပေါက်ကွဲထွက်သွားပြီး သွေးမြူများအဖြစ်ပြောင်းလဲသွားကာ သဲလွန်စပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့ရ၏။
ထို့နောက်တွင်တော့ နဂါးလှေကိုဖိထားသည့် လက်ကြီးက လှေကိုကိုင်ကာ မြေပြင်ပေါ် ကိုင်ပေါက်ချလိုက်လေသည်။
နဂါးလှေပေါ်ရှိ တပ်သားသုံးထောင်လည်း ခုခံနိုင်စွမ်းလုံး၀ မရှိခဲ့ဘဲ နဂါးလှေပျက်ဆီးသွားတာကိုသာ အကူအညီမဲ့စွာ ကြည့်နေခဲ့ရ၏။
တတိယမင်းသား၏မျက်နှာဖြူဖျော့နေပြီး သူ့မျက်လုံးများထဲ အကြောက်တရားများနှင့်ပြည့်နေကာ ကုန်းပတ်ပေါ် ထိုင်ချလိုက်သည်။ သူ့တစ်ကိုယ်လုံးကလည်း တုန်ရီနေပြီး စကားတစ်ခွန်းပင် ထွက်မလာနိုင်ခဲ့ပေ။