နဂါးပျံအစောင့်များကို ဖမ်းထားခြင်း
Vol. 3 Ch. 32
“စီနီယာအစ်ကို!”
ပိုင်ယွမ်ကျိမျက်လုံးများ တောက်ပသွားပြီး သူမမျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့လေသည်။
တကယ်တော့ ကျန်းယန်နှင့်အခြားဆရာဦးလေးများလည်း အခုလှုပ်ရှားလိုက်သူက ချင်ယွင်ကျိမှန်း သိကြ၏။
အဘယ်ကြောင့်ဆိုသော် အဇူရာတိမ်ဂိုဏ်း၌ ချင်းယွင်ကျိတစ်ယောက်တွင်သာ အခုလို စွမ်းအားမျိုး ရှိသောကြောင့်ဖြစ်သည်။
ကျန်းယန် ကြောင်အနေခဲ့၏။ သူ့ဆရာဒီလောက်ကြောက်စရာကောင်းလိမ့်မည်ဟု သူအမှန်တကယ်ပင် ထင်မထားခဲ့ဖူးပေ။
အခြားအဇူရာတိမ်မောင်နှမများက ဝိညာဉ်အခြေတည်အဆင့်သာဖြစ်သောကြောင့် သူ့ဆရာကိုလည်း အဲ့လောက်သာဖြစ်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတစ်ခေါက်က လင်းယွမ်ကျိက သူ့ဆရာနှင့်လန်ကျားအထွတ်အမြတ်မြေက တန်ချိုးရွှေအကြောင်းပြောပြမှသာ သူ့ဆရာ ခွန်အားက မြင်ရသလောက်မရိုးရှင်းမှန်း သူသိသွားခဲ့ရခြင်း ဖြစ်၏။
သို့သော် အခုမြင်လိုက်ရသည်ကတော့ ကျန်းယန်စိတ်ကူးထားသည်ထက် အများကြီး ပိုနေခဲ့သည်။
သူ့နှလုံးသားထဲ စိတ်လှုပ်ရှားမှုများလိမ့်တက်လာခဲ့ပြီး အမတကျင့်ကြံခြင်းဆိုတာ ဒါကွလို့ စိတ်ထဲ အော်ဟစ်နေခဲ့မိ၏။
ဧရာမလက်ကြီးက နဂါးလှေကို ဆုပ်ကိုင်ကာ မြေပြင်ပေါ် ကိုင်ပေါက်ပစ်လိုက်သည်ကို သူမြင်ခဲ့ရသည်။ ထိုစဉ် သူ့စိတ်ထဲအတွေးတစ်ချက် လက်သွားပြီး အမြန်အော်ပြောလိုက်၏။
“အဲ့တာကို မဖျက်ဆီးပါနဲ့ သူတို့ကိုလည်းမသတ်ပါနဲ့ ကျွန်တော်တို့ သူတို့ကို အသက်ရှင်အောင်ထားပြီး ပြန်ပေးဆွဲထားလို့ ရတယ် ပိုက်ဆံတွေကို မဖြုန်းတီးပါနဲ့”
ယခုအချိန်တွင် အဇူရာတိမ်ဂိုဏ်း၌ ငွေကြေးမည်မျှအထိ လိုအပ်နေပါသနည်း။
စစ်ထူမင်ယွဲ့ထံမှ တစ်သန်းရရှိထားသော်လည်း ထိုအရာက လုံလောက်ဖို့ အေ၀းကြီးလိုနေသေးသည်။
ယခုတွင် တိမ်တောင်အင်ပါယာ၏ နဂါးပျံအစောင့်တပ်သား သုံးထောင် မင်းသားတစ်ပါးနှင့် လှေပျံတစ်စီးရှိနေပြီဖြစ်ရာ ထိုအရာများအားလုံးပေါင်းလျှင် မည်မျှ တန်ဖိုးရှိသွားပါမည်နည်း။
နဂါးလှေကိုကိုင်ကာ မြေပေါ်ထပ်ပစ်ချဖို့ ကြံနေသော တိမ်လက်ကြီးလည်း ကျန်းယန်စကားကိုကြားသောအခါ ရပ်တန့်သွားခဲ့၏။ ထို့နောက် နဂါးလှေကို မြေပေါ်သာ အသာအယာပြန်ချပေးလိုက်သည်။
ထိုအချိန်တွင် နဂါးပျံတပ်သားသုံးထောင်တောင့်တင်းနေပြီး လှုပ်ပင် မလှုပ်ရဲခဲ့ကြပေ။
တတိယမင်းသားလည်း ကုန်းပတ်ပေါ်တွင် ဖြူဖျော့နေပြီး သူ့အရင်က မောက်မာမှုမျိုး မရှိတော့တာလည်း ကြာပြီ ဖြစ်သည်။
မိန်းမစိုးရှီကတော့ အသေအချာပင် သေဆုံးသွားခဲ့ချေပြီ။
ကျန်းယန်အရင်ဆုံး ပိလင်းကျိဘေးသို့သွားကာ စိတ်ပူဟန်ဖြင့် မေးလိုက်၏။
“ဆရာဒေါ်လေး ၄ အဆင်ပြေရဲ့လား”
ပိလင်းကျိ လက်မြှောက်ကာ ၀င်္ကပါပြားကိုပြန်သိမ်းလိုက်ပြီး သူမနှုတ်ခမ်းထောင့်ရှ်ိ သွေးများကိုသုတ်လိုက်ကာ ဒေါသတကြီးပြောလိုက်လေသည်။
“နင်ကငါတစ်ခုခုဖြစ်သွားဖို့ မျှော်လင့်နေတာလား ဒါက ၀င်္ကပါကျိူးပြတ်သွားလို့ တန်ပြန်ထိသွားတဲ့သက်ရောက်မှုလေးတစ်ခုပဲ ဘာအရေးကြီးတာမှမဟုတ်ဘူး ဒါပေမယ့် ဒီတစ်ကြိမ် ကောင်းချီးရလိုက်တယ်လို့တောင်ပြောလို့ရတယ် ငါ့၀င်္ကပါက အရင်တုန်းက မမြင်နိုင်ခဲ့တဲ့ အားနည်းချက်တွေကိုဒီတစ်ကြိမ် တွေ့လိုက်ရတယ်”
ပိလင်းကျိ သူမ၀င်္ကပါ၏တိုးတက်မှုများအကြောင်းဆွေးနွေးနေသည်ကို တွေ့သောအခါ သူမဒဏ်ရာကအမှန်တကယ်ပင် မပြင်းထန်မှန်း ကျန်းယန် သိသွားခဲ့၏။
ထို့နောက် သူနဂါးလှေနားချဉ်းကပ်သွားကာ တတိယမင်းသားနှင့်နဂါးပျံအေစာင့်များကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းတို့အားလုံး လှေပေါ်က ထွက်လာပြီး ဒူးထောက်ထိုင် မင်းတို့လက်တွေကို ခေါင်းပေါ်မှ တင်ထားကြ လှုပ်ရဲတဲ့ဘယ်သူမဆို သေရမယ် ဆရာဦးလေး ၅ ဒီကိုတစ်ချက်လာကြည့်ပါဦး ဒီနဂါးလှေကို သိမ်းကြရအောင်”
သူ့အဆောင်ပညာက ဟော်လင်းကျိနှင့်မယှဉ်နိုင်သေးပေ။ ထို့ကြောင့် ဤမျှကြီးသော နဂါးလှေမျိုးကို ဟော်လင်းကျိကသာ ကိုင်တွယ်နိုင်ပေလိမ့်မည်။
နဂါးပျံအစောင့်များ နာခံစွာပင် လှေပေါ်မှဆင်းလာခဲ့ကြပြီး ကျန်းယန်ပြောသလို မြေပေါ်ဒူးထောက်ထိုင်ကာ လက်များကို ခေါင်းပေါ်တင်ထားခဲ့ကြ၏။
ဘာလို့ သူတို့လက်များကိုခေါင်းပေါ်တင်ခိုင်းသလဲတော့ သူတို့မသိကြပေ။ သူတို့က ကျန်းယန်ခိုင်းသလို လိုက်လုပ်ခဲ့ကြခြင်းသာ။
ဟော်လင်းကျိ လှေပျံကြီးနားကပ်သွားကာ လှေပျံပေါ်ရှိ အဆောင်များကို အသည်းအသန်လေ့လာလေတော့သည်။
ဤအရာက သူ့အကြီးဆုံးအကျိုးအမြတ်ကြီးသာ ဖြစ်၏။
“အရှင်မင်းသား တတိယမင်းသား မင်းဆင်းမလာသေးဘူးလား ငါကိုယ်တိုင်မင်းကို လာဆွဲချရမှာလား” ကျန်းယန် တတိယမင်းသားကို မထူးခြားဟန်ဖြင့် ပြောလိုက်လေသည်။
“ငါက တော်၀င်မိသားစုကကွ မင်း…”
ကျန်းယန် အေးစက်စက်ထေ့ငေါ့လိုက်၏။
“တကယ်လို့ ငါသာမင်းအသက်ကိုချမ်းသာမပေးရင် မင်းအခုဆိုသေနေပြီ အခုဆင်းလာခဲ့ မဟုတ်ရင် ငါကိုယ်တိုင်လုပ်ရလိမ့်မယ်”
သူတတိယမင်းသားအပေါ် ကြိုက်နှစ်သက်မှု မရှိပေ။
တတိယမင်းသားခေါင်းကိုငုံ့ကာ လှေပေါ်မှ ဆင်းလာသော်လည်း သူ့မျက်လုံးထဲတွင်တော့ အာဃာတများဖြင့် ပြည့်နှက်နေခဲ့သည်။
ကျန်းယန် လူတိုင်းကို လှေပျံပေါ်မှ မောင်းထုတ်ပြီးနောက် လှေပေါ်ရှိ မျိုးစုံသော အဆောင်များနှင့် မြှားများကို သိမ်းယူခဲ့၏။ လှေကိုစွမ်းအင်ထောက်ပံ့ပေးသော စိတ်ဝိညာဉ်ကျောက်တုံးများပင် သူတွေ့ခဲ့ရသေးသည်။
ကောင်းကင်ယံရှ်ိ ပြင်းထန်စွာတိုက်ခိုက်နေသော လင်းယွမ်ကျိနှင့်ရှုပိုင်တို့တိုက်ပွဲကလည်း ရပ်တန့်သွားခဲ့ချေပြီ။
နဂါးပျံအစောင့်များ အဇူရာတိမ်ဂိုဏ်းဆီ ဦးတည်သွားခဲ့ကြစဉ်က လင်းယွမ်ကျိပြန်ဆုတ်ကာ ဂိုဏ်းကိုသွားကူမည်ဟု သူထင်ထားခဲ့၏။ ထို့ကြောင့်လည်း လင်းယွမ်ကျိ ပြန်မဆုတ်နိုင်အောင် ဖိအားပေး တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်ကျိက အခုလို ပြန်ဆုတ်ဖို့ လုံး၀စိတ်ကူးရှိမနေတာကိုတော့ သူမျှော်လင့်မထားခဲ့မိပေ။
နောက်မြင်ကွင်းကို မြင်ပြီးနောက်တွင်တော့ ဘာတွေဖြစ်နေသလဲဆိုတာ ရှုပိုင်နားလည်သွားခဲ့၏။
သူလင်းယွမ်ကျိကိုတုန်လှုပ်စွာ ကြည့်လိုက်ကာ မေးလိုက်သည်။
“မင်းတို့အဇူရာတိမ်ဂိုဏ်းမှာ ဒီလိုပညာရှင်တစ်ယောက်ရှိနေတာလား”
အကယ်၍ သူသာ အစကတည်းက အဇူရာတိမ်ဂိုဏ်းတွင် အခုလိုပညာရှင်တစ်ယောက်ရှိမှန်း သိနေခဲ့လျှင် အခုလောက်မောက်မာခဲ့လိမ့်မည် မဟုတ်ပေ။
လင်းယွမ်ကျိ အေးစက်စက်ခပ်ဟဟရယ်လိုက်ကာ
“ငါတို့မပြီးသေးဘူးလေ ဆက်လိုက်ကြရအောင်”
သူ့ပြိုင်ဘက်နှင့်တွေ့ဖို့က ရှားပါးသောအခွင့်အရေးဖြစ်သောကြောင့် ဆက်မတိုက်ခိုက်ပါက နှမြောစရာဖြစ်သွားပေလိမ့်မည်။
“ဆက်တိုက်ဖို့ လိုသေးလို့လား” ရှုပိုင် ခါးသက်သက်ပြုံးလိုက်၏။
ဤတစ်ကြိမ်တွင် သူတို့အတော်လေး ဆုံးရှုံးမှုကြီးမားသွားခဲ့ရသည်။
“တကယ်လို့ မင်းမတိုက်ခိုက်ချင်ရင်လည်း အရှုံးပေးလိုက်လေ” လင်းယွမ်ကျိ ခပ်ငေါ့ငေါ့ပြောလိုက်၏။
“မင်းအခြေတည်ဝိညာဉ်ကို ချိတ်ပိတ်လိုက် မဟုတ်ရင် ငါတို့ဆက်တိုက်ခိုက်ကြတာပေါ့”
ရှုပိုင်သက်ပြင်းချလိုက်ပြီး မြေပြင်ပေါ် ဆင်းသက်လိုက်ကာ သူ့အခြေတည်ဝိညာဉ်ကို ချိတ်ပိတ်လိုက်ရလေသည်။
ထွက်ပြေးဖို့တော့ သူမစဉ်းစားပေ။ မိန်းမစိုးရှီ၏ ကံကြမ္မာအရ သူထွက်ပြေးနိုင်မည်လည်း မဟုတ်ပေ။
ကျန်းယန် လှေပျံပေါ်ရှာဖွေပြီးနောက် ရှုပိုင်ဆီသွားလိုက်ကာ ပြောလိုက်၏။
“ခင်ဗျားအခု ပြန်လို့ရပြီ”
“မင်းငါတို့ကို လွှတ်ပေးနေတာလား” ရှုပိုင် မယုံနိုင်ဖြစ်သွားခဲ့သည်။ ဒီကိစ္စကို ဒီလိုပဲ ဖြေရှင်းနိုင်လိုက်ခြင်းပေလော။
ကျန်းယန် အေးအေးဆေးဆေးပြောလိုက်၏။
“ပြန်ပြီး မင်းသခင်ကိုသွားပြောလိုက် နဂါးပျံအစောင့်တပ်သား သုံးထောင် မင်းသားတစ်ပါးနဲ့နဂါးလှေပျံတစ်စင်းက ဘယ်လောက်တန်လဲလို့ တကယ်လို့ သူတွက်ပြီးရင် ငွေပို့လိုက် တန်ဖိုးညီတဲ့ အခြားပစ္စည်းတွေဆိုလည်းရတယ်
အို့ ဒီကိစ္စအပြင် အရင်ကကိစ္စတွေကိုလည်း မရှင်းရသေးဘူး ငါတို့အဲ့တာတွေအတွက်လည်း ဖြေရှင်းချက်လိုတယ်”
ရှုပိုင် ကြက်သေသေသွားခဲ့သည်။
ဤအရာက ပြန်ပေးဆွဲခြင်းတစ်ခုပေလော။
သူကြုံတွေ့ခဲ့ရသော ကျင့်ကြံသူများအားလုံးက စိတ်အခြေမြင့်သူများသာ ဖြစ်ကြသောကြောင့် အခုလိုပြန်ပေးဆွဲသည့် ကျင့်ကြံသူမျိုးကို သူတစ်ခါမှ မကြုံခဲ့ဖူးပေ။
ချက်ချင်းပင် သူ့အမူအရာပြောင်းလဲသွားခဲ့၏။
ဤသတင်းကိုသာကြားလျှင် ဧကရာဇ်ဘယ်လောက်တောင် ဒေါသထွက်နေမလဲ သူမြင်ယောင်နေခဲ့မိသည်။
သို့သော် ယခုအချိန်တွင် ရွေးချယ်စရာမရှ်ိခဲ့ပေ။
“ငါ….ကျေးဇူးပြုပြီး ငါတို့လူတွေကို ကောင်းကောင်းဆက်ဆံပေးပါ ငါအမြန်ဆုံး သတင်းပို့လိုက်ပါ့မယ်” ရှုပိုင် ခါးသက်သက်ပြောလိုက်၏။
“ကျေးဇူးပြုပြီး” ကျန်းယန် လက်ဟန်ပြလိုက်လေသည်။
ရှုပိုင်လည်း တတိယမင်းသားကိုခေါင်းညိတ်ပြလိုက်ပြီး ချိတ်ပိတ်ခြင်းကို ပြန်ဖွင့်ကာ ပျံသန်းထွက်ခွာသွားခဲ့၏။
ရှုပိုင်ထွက်သွားသည်နှင့် ချင်ယွီရှု တောင်ဂိတ်တံခါးဆီ ဆင်းသက်လာကာ နဂါးပျံအစောင့်သုံးထောင်နှင့် ကြီးမားလှသော လှေပျံကြီးကို ကြည့်ပြီး မရေရာဟန်ဖြင့် မေးလိုက်သည်။
“ခုနက လှုပ်ရှားသွားတာ အဇူရာတိမ်ဂိုဏ်း ဂိုဏ်းသခင်လား”
နဂါးပျံအစောင့်သုံးထောင် ခုခံနေသော နဂါးလှေ၏စွမ်းအားက ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ထက် ကျော်လွန်နေတာ သေချာ၏။
ထိုကဲ့သို့သောအခြေအနေမျိုးကို နဂါးလှေကိုတစ်ဖက်လူက အရုပ်လေးတစ်ရုပ်လို ကစားသွားခဲ့သည်။ အဓိကအချက်ကတော့ ထိုသို့ကစားနေချိန်တွင် ချင်ယွင်ကျိက လူကိုယ်တိုင်ပင် ပေါ်မလာခဲ့ပေ။ ဤအချက်က သူတို့ကြား အင်အားကွာဟမှုကို ဖော်ပြနေခဲ့၏။
ဤအရာက ချင်ယွင်ကျိ၏ ခွန်အားပေလော။
ကျန်းယန် ချင်ယွီရှုမေးခွန်းကို တိုက်ရိုက်မဖြေဘဲ ပြုံးကာ ပြောလိုက်သည်။
“ဆရာဦးလေးလင်းယွမ် စီနီယာချင်က ဂျူနီယာညီမလေးရဲ့ လုံခြုံရေးကိုစိတ်ပူနေတာ ဒီကိစ္စဖြေရှင်းမပြီးခင်အထိ သူ့ကိုဂိုဏ်းမှာ နေခွင့်ပေးလိုက်ပါ ဒီကာလအတွင်းတော့ သူ့ကိုဆရာဦးလေးပဲ ဧည့်ခံပေးပါဦး”
လင်းယွမ်ကျိ ချင်ယွီရှုကိုလက်ဟန်ပြလိုက်ကာ ပြုံးလိုက်ပြီး
“တာအိုမိတ်ဆွေ ကျေးဇူးပြုပြီး”
ချင်ယွီရှုလည်း ခေါင်းညိတ်ပြလိုက်ပြီး လင်းယွမ်ကျိနောက်လိုက်ကာ တောင်ထွတ်ဆီ လိုက်သွားခဲ့လေသည်။
အခြေအနေငြိမ်သက်သွားသည်နှင့် စစ်ထူမင်ယွဲ့ အမြန်ပြေးလာခဲ့ပြီး အခြေအနေကိုတစ်ချက်ကြည့်လိုက်ကာ ကျန်းယန်ကိုမေးလိုက်၏။
“စီနီယာအစ်ကိုကြီး အခုလှုပ်ရှားသွားတာ ဆရာ မလား”
“ဟုတ်လောက်တယ်” ကျန်းယန်လည်း သေချာမသိပေ။ နောက်ဆုံးတွင် ဂိုဏ်းထဲ၌ ပုန်းအောင်းနေသော ပညာရှင်များရှိဦးမလားဆိုတာ သူလည်းသေချာမသိပေ။
“ဟာဟား အဇူရာတိမ်ဂိုဏ်းကိုရွေးချယ်ခဲ့တာက ညဏ်အရှိဆုံးလုပ်ရပ်ဆိုတာ ညီမလေး သိနေတယ်” စစ်ထူမင်ယွဲ့ ရယ်မောလိုက်လေသည်။
အင်ပါယာ၏ ပြဿနာများကိုဖြေရှင်းပေးနေသည့် ဧကရာဇ်၏ အထက်ရှဆုံးဓားဖြစ်သော နဂါးပျံအစောင့်တပ်၏ ထက်ရှမှုကို သူမကောင်းကောင်းကြီး သိ၏။ တကယ်တော့ ယွင်ထန့်အင်ပါယာတွင်လည်း ထိုကဲ့သို့သော တပ်ဖွဲ့တစ်ဖွဲ့ ရှိပေသည်။
ယခုအခါ တိမ်တောင်အင်ပါယာက ရှုံးသွားခဲ့ပြီဖြစ်ပြီး ယွင်ထန့်အင်ပါယာက သူမဒီမှာရှိမှန်း သိနေလျှင်တောင် သူတို့ဂိုဏ်းကို ဘာခြိမ်းခြောက်မှုမှ လုပ်ရဲတော့မည် မဟုတ်ပေ။
သူမအဇူရာတိမ်ဂိုဏ်းထဲတွင် အေးအေးချမ်းချမ်း နေနိုင်ချေပြီ။
တပည့်သစ်လေးများလည်း ခုနက မြင်ကွင်းကို သေချာမြင်လိုက်ကြရ၏။ သူတို့ဂိုဏ်း၏အောင်မြင်မှုကို မြင်သောအခါ လူအုပ်ထဲမှ အောင်ပွဲခံသံများ ပေါ်ထွက်လာခဲ့ကြလေသည်။
ခုနက တွန့်ဆုတ်နေသော တပည့်များပင် သူတို့နှလုံးသားယိမ်းယိုင်နေသည်ကို တွေ့လိုက်ကြရပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြ၏။
သူတို့သည် ကလေးများသာဖြစ်ကြပြီး သူတို့နှလုံးသားက ထိုမျှမခိုင်မာသေးပေ။ ထို့ကြောင့် ပြင်ပအရာများ၏ လွှမ်းမိုးမှုကို အလွယ်တကူ ခံရနိုင်ပေသည်။
ယခုလို ဂိုဏ်း၏ခွန်အားကိုမြင်လိုက်ရသလို ထိုအရာကို အရင်က ကျန်းယန်၏ဦးနှောက်ဆေးထားခြင်းများနှင့် ပေါင်းလိုက်သောအခါ သူတို့ကိုယ်သူတို့ ဂိုဏ်းသားများဟု စတင်သတ်မှတ်လာမိကြ၏။
ချောင်ယင်လို တပည့်များသာ မျက်နှာများက နှင်းလို ဖြူဖျော့နေခဲ့ကြသည်။
ပြိုင်ဘက်ကင်း တိမ်တောင်အင်ပါယာက အခုလိုရှုံးနိမ့်သွားရတာကို သူတို့မယုံကြည်နိုင်ဖြစ်နေခဲ့ကြ၏။
နဂါးပျံအစောင့်တပ်သားသုံးထောင်က မြေပေါ်ဒူးထောက်ကာ လက်များကို ခေါင်းပေါ်တင်ထားရသည့် မြင်ကွင်းမှာ…
ရုတ်ချည်းဆိုသလို ချောင်ယင်တို့ ပိုပြီးပင်လက်မခံနိုင်လောက်သည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျန်းယန် ပစ္စည်းများအားလုံးကို သိမ်းဆည်းပြီးနောက် နဂါးပျံအစောင့်တပ်သားများနား ချဉ်းကပ်သွားကာ ပြောလိုက်၏။
“တိမ်တောင်အင်ပါယာက မင်းတို့ကို ပြန်မရွေးခင် မင်းတို့အဇူရာတိမ်ဂိုဏ်းအတွက် အလုပ်လုပ်ပေးရမယ် ဂိုဏ်းမှာ လည်ပတ်ဖို့စောင့်နေတဲ့ လုပ်ငန်းတွေအများကြီးရှိတယ် အလုပ်မလုပ်ရင် အစာမကျွေးဘူး ဂိုဏ်းကမင်းတို့ကို အလကားတော့ အစားအစာမထောက်ပံ့နိုင်ဘူး”