တိမ်တောင်အင်ပါယာ၏ ညှိနှိုင်းမှုများ
Vol. 3 Ch. 35
နဂါးပျံအစောင့်များ အဇူရာတိမ်ဂိုဏ်းတွင် အလုပ်ရှုပ်နေချိန်တွင် ရှုပိုင် တော်ဝင်မြို့တော်သို့ ပြန်ရောက်လာခဲ့၏။
သူသည် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ဖြစ်သော်လည်း အဇူရာတိမ်ဂိုဏ်းတွင် တိုက်ခိုက်လာခဲ့ရရုံသာမက ထိုမျှဝေးသော ခရီးကို အလျင်အမြန်ပျံသန်းလာခဲ့ရသောကြောင့် ပင်ပန်းနေခဲ့သည်။
ရှုပိုင် ဧကရာဇ်နှင့်တွေ့ခွင့်တောင်းပြီး တစ်ယောက်တည်းရောက်လာသောကြောင့် ဧကရာဇ်ကြောင်သွားခဲ့၏။
“ငါ့နဂါးပျံအစောင့်တပ် ဘယ်မှာလဲ ငါ့တတိယသားရောဘယ်မှာလဲ” ဧကရာဇ်လီရှီချင်း ရှုပိုင်ကိုတစ်ချက်ကြည့်လိုက်ကာ
“ဘာလို့ မင်းတစ်ယောက်တည်းပြန်လာတာလဲ”
သူခံစားချက်မကောင်းတော့ပေ။
ရှုပိုင် ပူဆွေးနေသောအမူအရာဖြင့် ပြောလိုက်သည်။
“အရှင်မင်းကြီး တတိယမင်းသားနဲ့နဂါးပျံအစောင့်တပ်က အဇူရာတိမ်ဂိုဏ်းလက်ထဲ ကျရောက်သွားခဲ့ရပါတယ်”
“ဘာ” လီရှီချင်း ရေရွတ်လိုက်မိ၏။
သူ့တွင် သားများစွာရှိပြီး တတိယသားတော်တစ်ပါးကို ဆုံးရှုံးလိုက်ရရုံဖြင့် ကိစ္စသိပ်မရှိလှပေ။
သို့သော် နဂါးပျံအစောင့်တပ်ကတော့ အင်ပါယာတစ်ခုလုံး၏ အရင်းအမြစ်များဖြင့် ဆယ်စုနှစ်နှင့်ချီကာ ရင်းနှီးမြှုပ်နှံထားသော အင်အားစုတစ်ခုဖြစ်ပေသည်။
တိမ်တောင်အင်ပါယာလို ကျယ်၀န်းလှသော အင်ပါယာကြီးတစ်ခုအတွက်ပင် ကျင့်ကြံသူထောင်ချီ စုဆောင်းနိုင်ဖို့က မလွယ်လှပေ။
နောက်ဆုံးတွင် အင်ပါယာထဲရှိ ပါရမီကောင်းသူများမှာ ဂိုဏ်းများ၏ယူဆောင်သွားခြင်းကိုသာ ခံရခြင်းဖြစ်၏။
ပါရမီနည်းသူများလျှင်ပင် ဂိုဏ်းထဲတွင် တိုးတက်မည့်လမ်းစကို ရှာဖွေနိုင်လေရာ ဘယ်သူက အင်ပါယာ၏စစ်သားအဖြစ် အမှုထမ်းလိုတော့ပါမည်နည်း။
ပိုအရေးကြီးသောအရာမှာ ဤအဖြစ်အပျက်ကြောင့် လီရှီချင်း၏ရည်မှန်းချက်များ ပျက်ဆီးသွားခဲ့ရခြင်း ဖြစ်သည်။
သူသည် တစ်နေ့တွင်သူ့တပ်ဖွဲ့တစ်ခုလုံးက ရွှေအမြုတေအဆင့်သို့ရောက်ရှိပြီး ရွှေအမြုတေစစ်တပ်ဖြစ်သွားကာ ရပ်တန့်မရတော့မည့် အချိန်ကို မျှော်လင့်နေခဲ့ဖူး၏။
အခုတော့ ထိုအိပ်မက်များအားလုံးက ဒီတိုင်းပျောက်ကွယ်သွားရပြီပေလော။
ထိုအကြောင်းတွေးနေရင်း လီရှီချင်း ဒေါသကြောင့်သွေးပင်အန်တော့မလို ခံစားလိုက်ရကာ နဂါးခုံကို ဝုန်းကနဲရိုက်ချလိုက်ပြီး နားကွဲလုမတတ် ကျယ်လောင်သောအသံကြီးဖြင့် ပြောလိုက်သည်။
“ရိုင်းလိုက်တဲ့ အဇူရာတိမ်ဂိုဏ်း ငါက ညှိနှိုင်းဖို့ လူပို့လိုက်တဲ့အချိန် သူတို့က ငါ့လူတွေကိုတောင် ဖမ်းထားသေးတယ်ပေါ့ မင်းဆရာကိုပင့်ဖိတ်လိုက် ငါအဇူရာတိမ်ဂိုဏ်းကိုမဖျက်ဆီးရရင် ဒီဒေါသကို မြိုသိပ်ထားလို့ ရတော့မှာမဟုတ်ဘူး”
ရှုပိုင်အမြန်ပြောလိုက်၏။
“အရှင်မင်းကြီး နဂါးပျံအစောင့်တပ်က အရေးကြီးသလို တတိယမင်းသားကလည်း အရေးကြီးပါတယ် အဇူရာတိမ်ဂိုဏ်းကသူတို့ကို ဖမ်းထားပြီး ပြန်ရွေးဖို့ ပြောလိုက်ပါတယ်”
“သူတို့ကို ပြန်ရွေးလို့ရတယ်လား” ဒေါသထွက်နေသော အင်ပါယာသူ့ကိုယ်သူအနည်းငယ်ပြန်ထိန်းလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ ရှုပိုင်ကိုဒေါသတကြီးကြည့်၍ ပြောလိုက်သည်။
“မင်းကဘာလို့ ဖြစ်ခဲ့တာတွေအကုန်လုံးကို အမြန်ပြောမပြတာလဲ”
ရှုပိုင်ဖြစ်ပျက်ခဲ့သမျှကို ခါးသက်စွာ ပြန်ပြောပြလိုက်၏။
“အဇူရာတိမ်ဂိုဏ်းမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခု ပုန်းအောင်းနေဦးမယ်လို့ ကျွန်တော်တို့ တစ်ခါမှ မျှော်လင့်မထားခဲ့ဖူးပါဘူး အဲ့ဒီလူနဲ့ရင်ဆိုင်ရတဲ့အခါ လူတိုင်းခုခံဖို့ အင်အားမဲ့သွားပြီး အဇူရာတိမ်ဂိုဏ်းလက်ထဲကျရောက်သွားခဲ့ရပါတယ်”
အင်ပါယာ အေးစက်စက်ထေ့ငေါ့လိုက်သည်။
“အဲ့ဒီ တတိယမင်းသားက အရမ်းမောက်မာပြီး လွှမ်းမိုးချင်လွန်းတယ် ဒင်းကညှိနှိုင်းဖို့ပြောလိုက်တဲ့ ငါကိုယ်တော့်စကားကို လျစ်လျူရှုပြီး ကိစ္စတွေကို လက်လွှတ်စံပယ်ကိုင်တွယ် ပစ်ရသလား”
ရှုပိုင်တိတ်ဆိတ်၍သာ နေခဲ့ပြီး စိတ်ထဲတွင်တော့ ဧကရာဇ်ကသာ ထိုကဲ့သို့ဆောင်ရွက်ဖို့ သဲလွန်စမပေးခဲ့လျှင် တတိယမင်းသားက အဲ့လိုပြုမူရဲမှာလားဟု တွေးနေခဲ့၏။
ထို့အပြင် တော်၀င်မိသားစုမှ မိန်းမစိုးရှီလို ဝိညာဉ်အခြေတည်အဆင့်များကိုပင် ပို့ခဲ့ပြီး အဘယ်ကြောင့် အခုမှ အဇူရာတိမ်ဂိုဏ်းကို အပြစ်ပြုလိုခြင်းက သူ့ဆန္ဒမဟုတ်မှန်း ပြောနေရသနည်း။
သူ့လုပ်ရပ်များက နံရံကိုခေါင်းနဲ့တိုက်ခြင်းသာ ဖြစ်သွားခဲ့သည်။
သူ့ဒေါသများကို မြိုသိပ်လိုက်ပြီးနောက် ဧကရာဇ် ရှုပိုင်ကိုမေးလိုက်၏။
“အဇူရာတိမ်ဂိုဏ်းပိုင်ဆိုင်ထားတဲ့အင်အားကိုမင်းတွက်ချက်နိုင်လား”
ရှုပိုင် အီလည်လည်ပြုံးလိုက်ကာ
“အရှင်မင်းကြီးကျွန်တော်က ဝိညာဉ်အခြေတည်အဆင့်လေးတစ်ယောက်ပါ ဘယ်လိုလုပ် အဇူရာတိမ်ဂိုဏ်းရဲ့ အင်အားကို တွက်ချက်နိုင်မှာလဲ ဒါပေမယ့် နဂါးပျံအစောင့်တွေကြုံခဲ့ရတဲ့ အခြေအနေအရ သူတို့အင်အားက ဝိညာဉ်အခြေတည်အဆင့်ထက် ကျော်လွန်နေတာတော့ သေချာပါတယ် အဲ့တာက နတ်ဝိညာဉ်အဆင့်လား တာအိုပေါင်းစည်းခြင်းအဆင့်လားဆိုတာတော့ မသဲကွဲပါဘူး နောက်ပြီး အဲ့လို ပုဂ္ဂိုလ်တွေ ဘယ်နှစ်ယောက်ရှိနေမှန်းလည်း မသိပါဘူး နောက်ဆုံးတော့ အဇူရာတိမ်ဂိုဏ်းက သက်တမ်းထောင်ချီရှိတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းပဲလေ သူတို့အတိမ်အနက်ကို တွက်ချက်ဖို့ ခက်ခဲလှပါတယ် အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်းကိုဆန့်ကျင်ဖို့က ဉာဏ်ရှိတဲ့ဆုံးဖြတ်ချက်တော့ မဟုတ်လောက်ဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်”
ဧကရာဇ်တင်းမာသော မျက်နှာထားဖြင့်
“တတိယမင်းသားက ဘာလို့ဒီလိုဆုံးဖြတ်ချက်မျိုး ချခဲ့သလဲ ငါမသိဘူး ဒါပေမယ့် သူပြန်လာတဲ့အခါ ငါသူ့ကို အပြစ်ပေးမယ်ဆိုတာတော့ သေချာတယ် နဂါးပျံအစောင့်တပ်ကို ပြန်ရွေးရမယ့်ကိစ္စကိုရော မင်းဘယ်လိုထင်လဲ”
ရှုပိုင်အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ကာ
“အရှင်မင်းကြီး ဒီကိစ္စကိုတော့ ကျွန်တော်မျိုး အဆင်အခြင်မဲ့မပြောရဲပါဘူး”
သူသည်နဂါးပျံအစောင့်တပ်၏ တပ်မှုးဖြစ်သောကြောင့် ဤကဲ့သို့သောကိစ္စမျိုးကို ဧကရာဇ်ကိုဆုံးဖြတ်ခိုင်းခြင်းကသာ ပိုသင့်တော်ပေသည်။
အကယ်၍သူသာ နဂါးပျံအစောင့်တပ်အပေါ် အလွန်စိတ်ပူနေဟန်ပြမိပါက ထိုအရာမှတစ်ဆင့် အနာဂတ်တွင် ပြဿနာများ ဖြစ်လာနိုင်၏။
ဧကရာဇ် မျက်ခုံးများတွန့်ကွေးနေပြီး ထိုကိစ္စကို မင်းဆရာနှင့် ဆွေးနွေးသင့်မသင့် တွေးတောနေခဲ့သည်။
အတန်ကြာစဉ်းစားပြီးနောက် သူအနီးရှိ မိန်းမစိုးတစ်ယောက်ကို ညွှန်ကြားလိုက်၏။
“မင်းဆရာကို သွားဖိတ်ခဲ့”
ဤတစ်ကြိမ် အဇူရာတိမ်ဂိုဏ်းကို ပေးရမည့်လျော်ကြေးက တော်ရုံမဟုတ်လောက်သောကြောင့် ထိုမျှပမာဏ ပေးလိုက်ရပါက ကောင်းကင်ဒဏ္ဍာရီဂိုဏ်း၏ အကျိုးအမြတ်ကိုလည်း ထိခိုက်လာစေနိုင်ပေသည်။
မကြာခင်တွင် မင်းဆရာရောက်ရှိလာပြီး အဖြစ်အပျက်ကိုကြားပြီးနောက် သူအမြန်မေးလိုက်၏။
“တပ်မှူးရှုပိုင် အဇူရာတိမ်ဂိုဏ်းဘက်က လှုပ်ရှားခဲ့တာဘယ်သူလဲ”
“ကျွန်တော်ဘယ်သူ့ကိုမှ မမြင်ခဲ့ရပါဘူး တိမ်တွေကနေ ဖြစ်တည်လာတဲ့ ဧရာမလက်ကြီးတစ်ဖက်ကိုပဲ မြင်ခဲ့ရတာပါ” ရှုပိုင် ရိုးရိုးသားသား ဖြေလိုက်သည်။
မင်းဆရာ လေးလေးနက်နက်ပြောလိုက်၏။
“ဒါက လူတစ်ဦးတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူး အဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းအကာအကွယ်၀င်္ကပါဖြစ်တဲ့ အဇူရာမဟာတိမ်၀င်္ကပါရဲ့ စွမ်းအားပဲ အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်းရဲ့ စွမ်းအားက ဒီလောက်မကြီးမားလောက်ဘူး သူတို့မှာ နတ်ဝိညာဉ်အဆင့်တစ်ယောက် ရှိကောင်းရှိနေနိုင်တယ် ဒါပေမယ့် တာအိုပေါင်းစည်းခြင်းအဆင့် မရှိတာတော့ သေချာတယ်
အဇူရာတိမ်ဂိုဏ်း ကျဆင်းနေခဲ့တာ အတော်ကြာသွားပြီ သူတို့မှာသာ တာအိုပေါင်းစည်းခြင်းအဆင့်ရှိနေခဲ့ရင် သူတို့ဒီအခြေအနေထိ ရောက်သွားမှာ မဟုတ်ဘူး
အထွတ်အမြတ်မြေတွေနဲ့ အစွမ်းထက်ဂိုဏ်းကြီးတွေမှာသာ တာအိုပေါင်းစည်းခြင်းအဆင့်တွေက ရှ်ိတတ်တာ ဥပမာပြောရရင် နာမည်ကျော်တဲ့ လန်ကျားအထွတ်အမြတ်မြေက တာအိုပေါင်းစည်းခြင်းအဆင့် ပညာရှင် အကြီးအကဲတန်ချိုးရွှေလိုပေါ့”
ဧကရာဇ် လီရှီချင်းအကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ကာ
“မင်းဆရာ အဇူရာတိမ်ဂိုဏ်းမှာ နတ်ဝိညာဉ်အဆင့်တစ်ယောက်ရှိနေရင်တောင် အဲ့တာက ပြဿနာကြီးဖြစ်နေတုန်းပါပဲ
ဒီတစ်ကြိမ် နဂါးပျံအစောင့်တပ်က အဇူရာတိမ်ဂိုဏ်းထဲမှာ ပိတ်မိနေကြတယ် နောက်ပြီး ငါ့အချစ်ဆုံး တတိယသားရောပဲ …အဇူရာတိမ်ဂိုဏ်းက သူတို့ကိုပြန်ရွေးဖို့ အခြေအနေတွေ သတ်မှတ်ပေးလိုက်တယ်လေ အုပ်ချုပ်သူတစ်ယောက် အဖေတစ်ယောက်အနေနဲ့ ငါ့မှာ သဘောတူလိုက်ဖို့ကလွဲ ရွေးချယ်စရာမရှိဘူး အဲ့တာကြောင့် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကို ဆက်သရတဲ့ အရင်းအမြစ်တွေက သိသိသာသာ လျော့နည်းသွားရလိမ့်မယ်”
မင်းဆရာမျက်လုံးများ ကျဉ်းမြောင်းသွားကာ ဆက်ပြောလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်တို့ ဘာလို့ ကျွန်တော်တို့ဂိုဏ်းကို ဒီကိစ္စသတင်းပို့ပြီး သူတို့ကို မဖျန်ဖြေခိုင်းရမှာလဲ ဒီလိုဆို ကျွန်တော်တို့ တတိယမင်းသားနဲ့နဂါးပျံအစောင့်တပ်ကို ကုန်ကျစားရိတ်အသက်သာဆုံးအခြေအနေနဲ့ ပြန်ခေါ်လာလို့ ရကောင်းရနိုင်တယ်”
ဧကရာဇ်ပျော်ရွှင်စွာ ပြုံးလိုက်ကာ
“ဒီလိုဖြစ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ”
မင်းဆရာလည်း ပြုးလိုက်ပြီး
“ဒါဆို ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကိုဆက်သရတဲ့ အရင်းအမြစ်ကတော့ လျော့လို့မဖြစ်ဘူးနော်”
“သေချာတာပေါ့” ဧကရာဇ် သဘောတူလိုက်လေသည်။
သူထိုကိစ္စကို စိတ်မရှိခဲ့ပေ။ ဘာပဲဖြစ်နေနေ သူတို့က အလွန်များပြားသော ပမာဏကို အမြဲဆက်သနေရသည်သာ။
ထို့နောက် မင်းဆရာ ပျံသန်းထွက်ခွာသွားခဲ့၏။
ဧကရာဇ်အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး အတန်ကြာတွေးတောနေပြီးနောက် ညွှန်ကြားလိုက်ပြန်သည်။
“တောင်ပိုင်းဘုရင် ရှန်းကျွင်းကိုသွားဖိတ်ခေါ်ခဲ့”
တောင်ပိုင်းဘုရင်ရောက်ရှိလာသောအခါ ဧကရာဇ်အဖြစ်အပျက်ကို ပြန်ပြောပြလိုက်ပြီး ခပ်နက်နက်အသံဖြင့် ပြောလိုက်၏။
“ဒီတစ်ကြိမ် အဇူရာတိမ်ဂိုဏ်းနဲ့ ညှိနှိုင်းမှုကို မင်းကဦးဆောင်ရမယ် မင်းနဂါးပျံအစောင့်တပ်ကို ပြန်ခေါ်ကိုခေါ်လာရမယ်”
တောင်ပိုင်းဘုရင်ရှန်းကျွင်းဧကရာဇ်ကို ကြည့်လိုက်ကာ မေးလိုက်သည်။
“အရှင်မင်းကြီး ညှိနှိုင်းမှုတိုင်းမှာ အောက်ခြေမျဉ်းရှိကို ရှိရပါမယ် အရှင်မင်းကြီးရဲ့ အောက်ခြေမျဉ်းက ဘယ်လောက်ပါလဲ”
“တကယ်လို့ အဇူရာတိမ်ဂိုဏ်းက စိတ်ဝိညာဉ်ကျောက်တုံးနဲ့အရင်းအမြစ်တွေ လိုချင်တာဆိုရင် ငါတို့ပြင်ဆင်ထားတာတွေကိုပေးလိုက် တကယ်လို့ အဲ့တာနဲ့မလုံလောက်သေးရင် အကြွေးမှတ်ထားဖို့သာ ကတိပေးခဲ့လိုက်” ဧကရာဇ်အံကိုကြိတ်ကာ ဆက်ပြောလိုက်၏။
“နောက်ဆုံးမျဉ်းက အဇူရာတိမ်ဂိုဏ်းအနီးက ချင်စီရင်စုရဲ့မိုင်တစ်ထောင်နယ်မြေပဲ”
အကယ်၍ နယ်မြေတစ်ခုဆုံးရှုံးရမည်ဆိုလျှင်တောင် သူနဂါးပျံအစောင့်တပ်ကို ပြန်ခေါ်ဖို့ ဆုံးဖြတ်ထားခဲ့သည်။
သူတို့က အဇူရာတိမ်ဂိုဏ်းကို မတိုက်ခိုက်နိုင်ဘူးဆိုလျှင်တောင် အခြားသူများကိုတိုက်ခိုက်နိုင်သေးသည် မဟုတ်ပါလော။
“နားလည်ပါပြီ” တောင်ပိုင်းဘုရင် လေးလေးနက်နက်ပြန်ပြောလိုက်၏။
ချင်စီရင်စုနယ်မြေကိုသာ ပေးအပ်လိုက်ရလျှင် သူအကြီးအကျယ်အရှက်ကွဲမည်ကို သိနေသောကြောင့် တောင်ပိုင်းဘုရင် အတော်လေး၀န်ထုပ်၀န်ပိုးဖြစ်နေခဲ့သည်။
သို့သော် သူ့တွင်ငြင်းစရာနည်းလမ်းရှိမနေခဲ့ပေ။
ဧကရာဇ်သက်ပြင်းချကာ ပြောလိုက်၏။
“မင်းဆရာဆီက သတင်းကိုစောင့်နေ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက ဒီကိစ္စညှိနှိုင်းတဲ့အခါ မင်းကိုအဖော်ပြုပေးဖို့ တစ်ယောက်ယောက်တော့ပို့ပေးလိုက်မှာပဲ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက ညှိနှိုင်းတဲ့နေရာမှာ ကူညီပေးနိုင်တယ် ဒါပေမယ့် တကယ့်ဆုံးဖြတ်ချက်ကိုတော့ မင်းပဲချရမှာ”
“ကျွန်တော်နားလည်ပါပြီ” တောင်ပိုင်းဘုရင်ခေါင်းညိတ်ပြလိုက်သည်။
နှစ်ရက်ကြာပြီးနောက် မင်းဆရာနှင့်အတူ နတ်ဝိညာဉ်အဆင့်ပညာရှင်နှစ်ယောက် ပါလာခဲ့ပြီး ညှိနှိုင်းရေးအဖွဲ့နှင့်ပူးပေါင်းကာ ကောင်းကင်ဒဏ္ဍာရီဂိုဏ်း၏ လှေပျံနှင့် အဇူရာတိမ်ဂိုဏ်းဆီ ဦးတည်သွားခဲ့ကြလေသည်။