လင်းယွမ်ကျိ၏ ခွန်အားအစစ်
Vol. 3 Ch. 36
အဇူရာတိမ်ဂိုဏ်းတွင် ကျန်းယန် သူ့ဗီလာအသစ်၌ ကဗ္ဗည်းများရေးထိုးရန် ဟော်လင်းကျိကို ဖိတ်ခေါ်ခဲ့၏။
“ဆရာဦးလေး ကျွန်တော်ဆရာဦးလေးကိုမျှော်နေတာ”
ဟော်လင်းကျိ စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့်
“နောက်ဆုံးတစ်ခေါက် မင်းခြံ၀န်းလေးထဲက ကဗ္ဗည်းတွေထိုးတာပြီးဖို့ အချိန်တွေအများကြီးယူခဲ့ရတာ အခုမင်းက ငါ့ကိုဒီအိမ်ကြီးတစ်ခုလုံးကို ကဗ္ဗည်းတွေနဲ့ဖုံးစေချင်နေတာလား”
ကျန်းယန် ခပ်တည်တည်ပြန်ပြောလိုက်သည်။
“ဦးလေးက အရမ်းကျွမ်းကျင်လို့ပါ ဆရာဦးလေး နောက်ပြီး ဦးလေးကဗ္ဗည်းထိုးနေတာကြည့်ရင် ကျွန်တော်ပညာလည်းရလို့ပါ နောက်ဆို ကျွန်တော်လည်းကျွမ်းကျင်သွားတဲ့အခါ ကျွန်တော့်ကဗ္ဗည်းပညာကို ဘယ်သူသင်ပေးလဲမေးရင် ဦးလေး ပါလို့ ကျွန်တော်ရဲရဲကြီး ဖြေပစ်မှာ ပြီးတော့ ကျွန်တော့်အိမ်ပြီးသွားတာနဲ့ ဦးလေးစိတ်ကြိုက် ကြိုက်သလောက်နေလို့ရတယ်”
ဟော်လင်းကျိပြုံးလိုက်ကာ အသာအယာခေါင်းညိတ်လိုက်ပြီး
“မင်းတကယ်ပဲ အဆောင်ပညာကို လေးလေးနက်နက်လေ့လာဖို့လိုတယ် မင်းမှမလေ့လာရင် နှမြောစရာကောင်း…”
သူကျန်းယန်၏ မူလအပျက်အဆီးရွှေအမြုတေအကြောင်းတွေးလိုက်မိပြီး ကျန်းယန်သာ အဆောင်ပညာတတ်မြောက်သွားပါက ဘယ်လောက် စွမ်းအားကြီးသွားမလဲ တွေးနေမိသည်။ ထိုအချိန်တွင် လူတိုင်းက ကျန်းယန်၏အဆောင်ပညာကိုသူသင်ပေးခဲ့ပါသည်ဟု ပြောနေကြလျှင် ဘယ်လောက် ပျော်စရာကောင်းလိုက်ပါမည်နည်း။
“ငါက စုတ်ချက်တောင်ထွတ်မှာနေရတာ အတော်လေး သက်တောင့်သက်သာရှိပါတယ် ဘာလို့ဒီကိုလာရမှာလဲ” ဟော်လင်းကျိ သူ့စိတ်ဝိညာဉ်စုတ်တံကိုထုတ်ကာ ကျန်းယန်အတွက် ကဗ္ဗည်းများ စတင်ရေးသားပေးခဲ့၏။
“လေကဗ္ဗည်းကွက် ဆွဲဖို့ မမေ့နဲ့ဦးနော် ဆရာဦးလေး ငြင်သာတဲ့လေပြည်လေညှင်းတွေက တကယ်ပဲ စိတ်ကိုလန်းဆန်းစေတယ်” ကျန်းယန်ဘေးမှ လမ်းညွှန်နေခဲ့သည်။
“နောက်ပြီး အာရုံစိုက်နိုင်စွမ်းမြှင့်ပေးတဲ့ ကဗ္ဗည်းကလည်း ကျင့်ကြံခြင်းအတွက် အရေးကြီးတယ် ဆရာဦးလေး ကျေးဇူးပြုပြီး ရေကန်ထဲမှာ သန့်စင်ကဗ္ဗည်းရောဆွဲပေးထားဦးနော် ဒါဆိုကျွန်တော်ရေကန်ကို ရေလဲစရာမလိုတော့ဘူး အို့ ကျွန်ေတာ် ငါးတွေမွေးထားဖို့လည်း စီစဉ်ထားသေးတော့ စိတ်ဝိညာဉ်စုစည်းကဗ္ဗည်းလို လိုသေးတယ်….အဓိကကတော့ အဲ့တာတွေပါပဲ ဆရာဉီးလေး အဲ့ဒီကဗ္ဗည်းတွေက ဆရာဦးလေးအတွက်တော့ ဘာမှမဟုတ်ပေမယ့် ကျွန်တော့အတွက်တော့ အတော်ခက်နေသေးတယ်”
တကယ်တော့ ကျန်းယန် သူ့ဖာသူထိုကဗ္ဗည်းများကို ဆွဲနိုင်ပေသည်။ သို့သော်လည်း သူ့လက်ရာက အရည်အသွေးနှင့်ကြာရှည်ခံမှုအပိုင်း၌ ဟော်လင်းကျိနှင့်ယှဉ်၍ရမည်မဟုတ်ပေ။ ကြာရှည်ခံမှုကတော့ အရေးအကြီးဆုံးသာ ဖြစ်၏။
တတိယမင်းသား လီရှောင်ကျဲ ဗီလာထဲမှ သန့်ရှင်းလတ်ဆတ်သောလေကို ခံစားလိုက်ရသည်နှင့် သက်တောင့်သက်သာရှိမှုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။
“ငါနန်းတော်မှာလည်း ဒီလိုနေရာတစ်ခုရဖို့ ကြံရမယ်” တတိယမင်းသား အားကျစွာ ပြောလိုက်၏။
ကျန်းယန်တတိယမင်းသားကိုတစ်ချက်ကြည့်လိုက်ကာ
“မင်းကလူချမ်းသာတစ်ယောက်ပဲ အိမ်တစ်အိမ်ဆောက်ဖို့က ပြဿနာမရှိပါဘူး ဒါပေမယ့် ငါ့ဆရာဦးလေးလို အဆောင်ပညာရှင်တစ်ယောက်ကို ငှားဖို့ကတော့ လွယ်မှာမဟုတ်ဘူး သူနဲ့ငါနဲ့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကြောင့်သာ ငါကသူ့ကိုဖိတ်ခေါ်နိုင်တာ”
သူထိုအခွင့်အရေးကိုယူကာ ဟော်လင်းကျိကို ဖားလိုက်သည်။
တတိယမင်းသား အားကျဟန်ဖြင့် ခေါင်းကိုယမ်းလိုက်ပြီး
“ဒါဆိုရင်တော့ ငါဒီအကြောင်းကို အိပ်မက်ပဲမက်နိုင်တော့မှာပေါ့”
လတ်တလောတွင် သူသည် အဇူရာဂိုဏ်း၏ဓားစာခံဖြစ်နေကာ နဂါးပျံအစောင့်များနှင့် အတူတူ အလုပ်တွဲလုပ်နေရသော်လည်း ထိုကိစ္စကြောင့်ပင် သူတပ်သားများနှင့် ပိုပြီး နီးကပ်လာခဲ့၏။ အလုပ်လုပ်ရတာ ပင်ပန်းသော်လည်း မြို့တော်၏ အမြဲသတိထားနေရသော ခံစားချက်နှင့်ကွဲပြားသည့် ဤလွတ်လပ်မှုကို သူသဘောကျနေခဲ့သည်။
သို့သော် မကြာခင် သူ့ပျော်ရွှင်မှုလေး လွင့်ပျယ်သွားခဲ့ရ၏။
“ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက စုမင်ယန်နဲ့ဂျူနီယာညီလေးတုန်လု တိမ်တောင်အင်ပါယာက တောင်ပိုင်းဘုရင်ရှန်းကျွင်း မင်းဆရာ ကျန်းယု တို့နဲ့အတူ အဇူရာတိမ်ဂိုဏ်းကို လာပြီး လည်ပတ်နေတယ်”
ပျင်းတိပျင်းရွဲပြောလိုက်သောအသံတစ်သံ အဇူရာတိမ်ဂိုဏ်းတောင်ခြေမှ ဟိန်းထွက်လာခဲ့သည်။
“ကျန်းယန် သူတို့နဲ့သွားညှိနှိုင်းဖို့ မင်းဦးဆောင်လိုက်” ချင်ယွင်ကျိ ရုတ်တရက်ပေါ်လာခဲ့၏။
“ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကလူတွေကို လျစ်လျူရှုထားလိုက် ညှိနှိုင်းစရာရှိတာကိုသာ ညှိနှိုင်းခဲ့”
“ဟုတ်ကဲ့ပါ ဆရာ” ကျန်းယန် ပြန်ပြောလိုက်သည်။
ကဗ္ဗည်းဆွဲနေသော ဟော်လင်းကျိလည်း ခဏရပ်လိုက်ပြီး
“ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက လူတွေလည်း ရောက်နေကြတာလား ဒါဆို ကျန်တာကိုနောက်မှဆွဲပြီး အရင်ဆုံး တိမ်တောင်အင်ပါယာက ဧည့်သည်တော်တွေကို ကြိုလိုက်ကြတာပေါ့”
ကျန်းယန် တတိယမင်းသားကိုတစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး
“မင်းကိုယ်ကို ရွှံ့နည်းနည်းသုတ်လိုက် နည်းနည်းစုတ်စုတ်ပြတ်ပြတ်ပုံစံဖြစ်အောင် လုပ်ထား ငါ့အတွက် ဥယျာဉ်တစ်ခု သွားတူးပေးနေ အဲ့တာက ငါမင်းကိုသင်ပေးနိုင်တာ အကုန်ပဲ”
“ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကိုထပ်သင်ပေးပါဦး ကျွန်တော်တကယ်ပဲ တိုးတက်ချင်တယ်” တတိယမင်းသား ရိုးရိုးသားသား တောင်းဆိုလိုက်သည်။
ဤကာလအတွင်း သူကျန်းယန်ဆီမှ ဗျူဟာများနှင့် နည်းစနစ်ပရိယာယ်များစွာ သင်ယူနိုင်ခဲ့ပြီး နှစ်ယောက်တည်းရှိချိန်ဆိုလျှင် သူကျန်းယန်ကို ဆရာဟုပင် ခေါ်နေပြီ ဖြစ်၏။
“မြင်လား မင်းထပ်ပြီးစိတ်မရှည်ဖြစ်နေပြန်ပြီ” ကျန်းယန် ခေါင်းယမ်းကာ တတိယမင်းသားကိုပြောလိုက်လေသည်။
“အာဏာနဲ့နိုင်ငံရေးကစားပွဲမှာ စိတ်မရှည်ခြင်းက မင်းရန်သူပဲ”
တတိယမင်းသားတွေးတောလိုက်ပြီးနောက် ပေါက်ပြားကိုကောက်ကာ ဉယျာဉ်တစ်ခု စတင်တူးလေတော့သည်။
ကျန်းယန် အဇူရာတိမ်ဂိုဏ်း တောင်ဂိတ်တံခါးသို့ရောက်ချိန်တွင် ရှုပိုင်နှင့်အခြားသူများကို ဂိတ်တံခါးအပြင်တွင် မြင်လိုက်ရ၏။ သူယဉ်ကျေးစွာပင် နှုတ်ဆက်လိုက်သည်။
“အဇူရာတိမ်ဂိုဏ်းက ကျန်းယန် ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို ကြိုဆိုပါတယ် ကျေးဇူးပြုပြီး တောင်ပေါ်ကို လိုက်ခဲ့ပေးကြပါ”
သူေတာင်ေပါ်လုိက်လာရန် လက်ဟန်ပြလိုက်ပြီး ရှေ့ကပျံသန်းသွားခဲ့၏။
ကောင်းကင်ဒဏ္ဍာရီဂိုဏ်းနှင့်တိမ်တောင်အင်ပါယာကသူများလည်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သူ့နောက်မှ လိုက်သွားခဲ့သည်။
လမ်းတွင် ရှုပိုင် သူ့နဂါးပျံအစောင့်တပ်သားများသည် သူတို့၀တ်စုံများကို ၀တ်ထားရင်း သစ်ပစ်ခုတ်သူကခုတ် တွင်းတူးသူကတူး လုပ်နေကြသည်ကို ကြည့်ကာ ရှုပိုင်ဒေါသများ အလိပ်လိုက်ထွက်လာခဲ့၏။ သူတန်ဖိုးထားရသော သူ့ရဲဘော်တပ်သားများက အဇူရာတိမ်ဂိုဏ်းတွင် အလုပ်သမားလာလုပ်နေရခြင်းပေလော။ အရင်ကအဖြစ်အပျက်သာ ဖြစ်မထားခဲ့လျှင် သူဒေါသထွက်သွားမှာ သေချာပေသည်။ သို့သော် အခုတော့ သူဘာမှမပြောရဲခဲ့ပေ။
တောင်ပိုင်းဘုရင် ရှန်းကျွင်းလည်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီး ကြိတ်၍သာ သက်ပြင်းချလိုက်မိသည်။ အဇူရာတိမ်ဂိုဏ်းက အတော်လေး လွှမ်းမိုးလွန်းလှပြီး ဤတစ်ကြိမ်ညှိနှိုင်းမှုက ခက်ခဲကြမ်းတမ်းမှာ သေချာ၏။
ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကလူများကတော့ ထိုအရာကို ပြဿနာဟုမမြင်ခဲ့ပေ။ သူတို့မျက်လုံးထဲတွင် နဂါးပျံအစောင့်ဆိုသည်မှာ ဟာသတစ်ခုသာ ဖြစ်နေခဲ့သည်။ တိမ်တောင်အင်ပါယာတွင် နဂါးပျံအစောင့်တပ်ဆိုပြီး နာမည်တစ်ခုတည်ဆောက်ထားနိုင်ပါသော်လည်း စုမင်ယန်တို့အတွက်တော့ ထိုသူများက လက်တစ်ဖက်ဝေ့ရုံဖြင့် ရှင်းပစ်နိုင်သော ပမွှားလေးများသာ ဖြစ်ကြ၏။
သူတို့အဓိကစိတ်အပူဆုံးအရာက အဇူရာတိမ်ဂိုဏ်းတွင် ဘယ်လောက်အင်အားကျန်နေသေးသလဲ ဆိုတာသာ ဖြစ်သည်။
“ဒါကတော့ ကျွန်တော်နေတဲ့နေရာပါ ဆောက်လုပ်ရေးတွေမပြီးစီးသေးလို့ နည်းနည်းတော့ရိုးရှင်းနေတယ် ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့” ကျန်းယန် ပျူငှာစွာ ပြောလိုက်၏။
ထိုအခိုက်တွင် တောင်ပိုင်းဘုရင် ဥယျာဉ်ထဲတွင် တွင်းတူးနေသော ပုံရိပ်တစ်ခုကို သတိထားမိသွားပြီး သူ့ဒေါသများ အလိပ်လိုက်တက်လာခဲ့သည်။ သေချာအနီးကပ်ကြည့်ပါက ထိုအရာက တတိယမင်းသားဖြစ်မှန်း သိသာနေခဲ့၏။ ဤအရာမှာ အမှန်တကယ်ပင် တော်၀င်အာဏာကိုစော်ကားမော်ကားပြုနေခြင်းသာ ဖြစ်ပေသည်။
အလျင်အမြန်ပင် ဤအရာက အဇူရာတိမ်ဂိုဏ်းသူတို့လွှမ်းမိုးမှုကို ပြသသည့်ပုံစံဖြစ်မှန်း သူနားလည်သွားခဲ့၏။ ချက်ချင်းဆိုသလို သူအစီအစဉ်တစ်ခု ချလိုက်သည်။ သူတတိယမင်းသားဆီလျှောက်သွားလိုက်ပြီး တတိယမင်းသားမျက်နှာပေါ်ရှိ ရွှံ့များကိုဖယ်ပေးလိုက်ပြီး ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။
“အရှင်မင်းသား နာကျင်ခဲ့ရပါပြီ”
“ဦးလေးဘုရင်” တတိယမင်းသား တောင်ပိုင်းဘုရင်ကိုကြည့်နေရင်း ကယ်တင်ရှင်ကိုတွေ့လိုက်ရသလို သူ့မျက်နှာပေါ် မျက်ရည်များ စီးကျလာခဲ့သည်။
“ဦးလေးဘုရင် နောက်ဆုံးတော့ ရောက်လာပြီ!”
တောင်ပိုင်းဘုရင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး တတိယမင်းသားကိုယ်ပေါ်က ရွှံ့များကို သုတ်ပေးလိုက်ကာ
“ကျွန်တော် အရှင့်သားကို အိမ်ပြန်ခေါ်ဖို့ ရောက်လာခဲ့တာပါ”
ထို့ေနာက် သူကျန်းယန်ဘက်လှည့်ကာ ခပ်မာမာပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်းက ကျုပ်တို့မင်းသားကိုဒီလိုပုံစံနဲ့ဆက်ဆံတာ မလွန်လွန်းဘူးလား”
“လွန်တာလား” ကျန်းယန် ထေ့ငေါ့လိုက်သည်။
“ကျုပ်ကခင်ဗျားတို့ကို ဒီနေရာကိုလာဖို့ ဖိတ်ခဲ့လို့လား အဇူရာတိမ်ဂိုဏ်းက လူတွေကို အလကားတင်ကျွေးမထားနိုင်ဘူး ဒီနေရာမှာနေရင် ဂိုဏ်းအတွက် အလုပ်လုပ်ကိုလုပ်ရမယ် ဂိုဏ်းရဲ့စည်းကမ်းတွေကို လိုက်ကိုလိုက်နာရမယ် အခုခင်ဗျားဒီရောက်နေပြီဆိုတော့ စကားကောင်းကောင်းပြောကြရအောင်ပါ မဟုတ်ရင်တော့ သူတို့အလုပ်ဆက်လုပ်နေရဉီးမှာပဲ”
တတိယမင်းသား တောင်ပိုင်းဘုရင်ကိုဆုပ်ကိုင်လိုက်ကာ
“ဦးလေးဘုရင် ကျွန်တော်အိမ်ပြန်ချင်တယ် ကျွန်တော်ဒီမှာဆက်မနေချင်တော့ဘူး”
တောင်ပိုင်းဘုရင် သူ့ဒေါသများကိုဖိနှိပ်ထားလိုက်ပြီး အေးစက်စက်ပြောလိုက်သည်။
“မင်းတို့လူတွေဘယ်မှာလဲ ငါတို့ညှိနှိုင်းကြမှာမဟုတ်လား”
ကျန်းယန် သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်ကာ
“ကျုပ်ပဲလေ ခင်ဗျားတို့ပြောစရာရှိရင် ကျုပ်ကိုပြောကြ”
သူတတိယမင်းသား၏ သရုပ်ဆောင်နိုင်စွမ်းကို ကောင်းတယ် ဒါပေမယ့် အကောင်းဆုံးတော့မဟုတ်ဘူးဟု ကြိတ်၍ အမှတ်ပေးလိုက်၏။
စုမင်ယန်မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“မင်းတို့ဂိုဏ်းရဲ့ အကြီးအကဲတွေဘယ်မှာလဲ”
ရွှေအမြုတေအဆင့်လေးတစ်ယောက်က သူတို့နှင့်ညှိနှိုင်းဖို့ ထိုက်တန်ပါမည်လော။
ထို့အပြင် အဇူရာတိမ်ဂိုဏ်းသားများကို ကြည့်ပြီး သူထိုဂိုဏ်း၏ခွန်အားကို တွက်ဆကြည့်ချင်နေသေး၏။
ကျန်းယန် စုမင်ယန်ကိုပြုံးပြလိုက်ကာ “စီနီယာ ကျွန်တော့်မှာ ဆရာတစ်ယောက်နဲ့ ဦးလေးတွေအများကြီး ရှိပါတယ် ဘယ်သူ့ကို တွေ့ချင်လို့လဲ အခုက နှစ်သစ်ကူးမရောက်သေးဘူးလေ ဂါရ၀လာပြုဖို့က စောသေးတယ်မဟုတ်လား စကားမစပ် စီနီယာတို့ အဇူရာတိမ်ဂိုဏ်းကို ဘာလို့ရောက်လာသလဲ သိပါရစေ ကျွန်တော်တို့က စီနီယာတို့ကိုတော့ ဖိတ်မထားဘူးမဟုတ်လား”
စုမင်ယန် ရုတ်ချည်းဒေါပွသွားခဲ့သည်။ သူသည် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းတွင် မည်ကဲ့သို့သော အဆင့်အတန်းရှိသူ ဖြစ်ပါသနည်း။ အခုတော့ အဇူရာတိမ်ဂိုဏ်းသို့ရောက်လာချိန်တွင် ထိုဂိုဏ်းက သူနှင့်ညှိနှိုင်းဖို့ ရွှေအမြုတေအဆင့်လေးတစ်ယောက်ကိုသာ လွှတ်လိုက်၏။
စုမင်ယန် ကျန်းယန်ကိုအေးစက်စက်ကြည့်လိုက်ကာ
“ငါဒီကို ဂျူနီယာတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အထက်မှာရှိတဲ့ အဇူရာတိမ်ဂိုဏ်းနဲ့တိမ်တောင်အင်ပါယာကြားထဲက ပဋိပက္ခကိုဖျန်ဖြေပေးဖို့ လာခဲ့တာ”
ကျန်းယန် ခပ်ဟဟရယ်မောလိုက်ကာ
“ကြားရတာတော့ စီနီယာက အဇူရာတိမ်ဂိုဏ်းအတွင် ၀င်ဆုံးဖြတ်ပေးချင်နေပုံပါလား”
စုမင်ယန် အော်ပြောလိုက်သည်။
“ဂျူနီယာ မင်းငါ့ကိုမလေးမစားပြုမူရဲရလား!
မင်းဆရာနဲ့ မင်းဦးလေးတွေကိုခေါ်လိုက် တပည့်တစ်ယောက်ကို ဘယ်လိုသွန်သင်ပေးနေသလဲဆိုတာ ငါသူတို့ကို မေးကြည့်ချင်တယ်”
ထိုစဉ် လင်းယွမ်ကျိရုတ်တရက်ပေါ်လာခဲ့ကာ ခပ်အေးအေးမေးလိုက်၏။
“ငါက သူ့ဦးလေးပဲ ငါတို့တပည့်ကို ငါတို့ဘယ်လိုသင်ပြမလဲဆိုတာ ငါတို့ကိစ္စပါ မင်းအပူမပါဘူး အဇူရာတိမ်ဂိုဏ်းကလည်း မင်းကိုမဖိတ်ခေါ်ခဲ့ဘူး မင်းမကျေနပ်ရင် ထွက်သွားနိုင်တယ်”
“ဝိညာဉ်အခြေတည်အဆင့်! ငါက နတ်ဝိညာဉ်အဆင့်ပဲ မင်းကငါနဲ့စကားပြောဖို့ အဆင့်မမီဘူး ချင်ယွင်ကျိကို ခေါ်လာခဲ့”
လင်းယွမ်ကျိ အေးစက်စက်ရယ်မောလိုက်ကာ
“မင်းနားတွေကန်းနေရင် ငါမင်းကို ကုပေးနိုင်တဲ့ဆေးအချို့ကို သိတယ် ငါ့စီနီယာအစ်ကိုကြီးကို ဒုက္ခပေးစရာမလိုပါဘူး ဒါပေမယ့် ငါသတိပေးမယ်နော် မင်းကနတ်ဝိညာဉ်အဆင့်ဆိုတော့ ငါအလေးအနက်ထားပြီး တိုက်ခိုက်မှာ”
ထို့နောက် လက်တစ်ချက်ကိုဝေ့ယမ်းလိုက်ရာ ထက်ရှကာ ပြိုင်ဘက်ကင်းလှသော ဓားရှည်တစ်ချောင်းသူ့လက်ထဲတွင် ပေါ်ပေါက်လာခဲ့ပြီး စွမ်းအားများဖြင့် ပြည့်နှက်နေသော ၀တ်ရုံတစ်ခုကလည်း သူ့ကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။
“ထာ၀စဉ်စိမ်းဓား! စိတ်ဝိညာဉ်အကာအကွယ်၀တ်ရုံ!” စုမင်ယန် ရပ်နေရင်း လင်းယွမ်ကျိကို အေးစက်စက်ကြည့်ရှုနေခဲ့၏။
လင်းယွမ်ကျိ ထေ့ငေါ့လိုက်သည်။
“မင်းနားတွေက ကန်းနေပေမယ့် မင်းမျက်လုံးတွေကတော့ မကန်းသေးဘူးပဲ မင်းမှန်တယ် ဒါက အထွတ်အထိပ် စိတ်ဝိညာဉ်အဆင့်ပစ္စည်းတွေဖြစ်တဲ့ ထာ၀စဉ်စိမ်းဓားနဲ့ စိတ်ဝိညာဉ်အကာအကွယ်၀တ်ရုံပဲ မင်းက နတ်ဝိညာဉ်အဆင့်ဆိုတော့ ငါ့ထက်တစ်ဆင့်မြင့်တယ် ငါဒါတွေကိုသုံးတာ မင်းကိုအနိုင်ကျင့်ရာ မကျပါဘူး အဇူရာတိမ်ဂိုဏ်းရဲ့ မြောက်ဘက်မိုင်သုံးဆယ်အဝေးမှာ လူသူအနေအထိုင်မရှိဘူး အစွမ်းကုန်ထုတ်တိုက်မယ့် တိုက်ပွဲအတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခုပဲ ကျေးဇူးပြုပြီးတော့!”