မတိုက်ခိုက်ပဲ ဆုတ်ခွာခြင်း
Vol. 3 Ch. 37
စုမင်ယန်၏အမူအရာအေးခဲသွားကာ လင်းတစ်လှည့်မှောင်တစ်လှည့်ဖြစ်သွားခဲ့သည်။
သူအစက အဇူရာတိမ်ဂိုဏ်း၏ အသန်မာဆုံးသူကို ခေါ်ထုတ်ချင်ခဲ့ခြင်းဖြစ်ပြီး သူသည် နတ်ဝိညာဉ်အဆင့်တစ်ယောက်ဖြစ်သောကြောင့် အနည်းဆုံးတော့ ထိုသူ့ကိုကြည့်ကာ ဂိုဏ်း၏ခွန်အားကို ခန့်မှန်းနိုင်မည်ဖြစ်၏။
သို့သော် မျှော်လင့်မထားဘဲ သူထာ၀စဉ်စိမ်းဓားနှင့်စိတ်ဝိညာဉ်အကာအကွယ်၀တ်ရုံကိုသာ ထွက်လာအောင်လုပ်မိသွားသည်။
သူသည် နတ်ဝိညာဉ်အဆင့်တစ်ယောက်သာဖြစ်သောကြောင့် စိတ်ဝိညာဉ်အကာအကွယ်၀တ်ရုံ၏စွမ်းအားကို ချိုးဖျက်နိုင်စွမ်းရှိမည် မဟုတ်ပေ။ အကယ်၍ တစ်ယောက်ချင်းသာ တိုက်ခိုက်ရမည်ဆိုလျှင် သူအပြင်းအထန်ဒဏ်ရာရသွားစေနိုင်ကာ သေပင်သေသွားနိုင်၏။
ထိုကဲ့သို့သောအခြေအနေမျိုးတွင် သူမည်ကဲ့သို့ တိုက်ခိုက်ရဲပါမည်နည်း။
သူမည်သို့ ထိုနေရာကို လိုက်သွားရဲပါမည်နည်း။
အဇူရာတိမ်ဂိုဏ်းသည် နှစ်ငါးထောင်သမိုင်းရှိသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သောကြောင့် ထိုဂိုဏ်းတွင် မည်သည့်အစွမ်းထက်ရတနာများ ထပ်ရှိနေပါဦးမည်နည်း။
အခြေအနေမကောင်းသည်ကိုတွေ့သောအခါ တောင်ပိုင်းဘုရင် အမြန်၀င်ပြောလိုက်သည်။
“ငါက ဒီစီနီယာနှစ်ယောက်ကို ၀င်မပါဖို့ ပြောခဲ့တာပါ တကယ်တော့ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက စီနီယာနှစ်ယောက်က ရည်ရွယ်ချက်ကောင်းနဲ့ လာခဲ့တာပါ ငါတို့ တိမ်တောင်အင်ပါယာကလည်း ဒီတစ်ကြိမ်ရည်ရွယ်ချက်ကောင်းတွေနဲ့ လာတာဖြစ်ပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့အရင်းအမြစ်တွေ အများကြီး ယူလာခဲ့ပါတယ် ဒါပေမယ့် ငါကရွှေအမြုတေအဆင့်လေးတစ်ယောက်ပဲ ဆိုတော့ လမ်းခရီးမှာ ဒီအရင်းအမြစ်တွေကို မကာကွယ်နိုင်မှာ ကြောက်ရပါတယ် အဲ့တာကြောင့်ဒီစီနီယာနှစ်ယောက်ကို ခေါ်လာခဲ့ရတာပါ
ဒီလိုအရေးကြီးကိစ္စမျိုးမှာ မင်းတို့ဂိုဏ်းက ဒီလိုတပည့်လေးတစ်ယောက်မဟုတ်ဘဲ အကြီးအကဲတစ်ယောက်ကို
ဦးဆောင်ခိုင်းသင့်တာမဟုတ်လား
အဲ့တာကြောင့်လည်း စီနီယာစုက ဒေါသမထိန်းနိုင်ဘဲ ဖြစ်သွားခဲ့ရတာပါ”
ပလ္လင်ပေါ်သို့ တက်လှမ်းနိုင်သူများမှာ စုမင်ယန်ထက် အများကြီးပိုပြီး အပြောကောင်းတာတော့ သေချာပေသည်။
သူဆိုလိုချင်နေသည်မှာ အဇူရာဂိုဏ်းက အစက ညှိနှိုင်းချင်ပါသော်လည်း အခုတော့ လာရောက်ညှိနှိုင်းနေသူများနှင့် တိုက်ခိုက်ချင်နေပါသလောဟု ဆိုလိုနေခြင်း ဖြစ်၏။
ကျန်းယန်ပြုံးလိုက်ကာ ဤကိစ္စကိုထားလိုက်တော့ဖို့ ဆုံးဖြတ်လိုက်ပြီး ပြောလိုက်သည်။
“ဒီကိစ္စက တကယ်ပဲ ကျွန်တော့်အမှားပါ ကျွန်တော်ကရှင်းလင်းအောင်မပြောလိုက်မိဘူး ကျွန်တော့်နာမည်ကျန်းယန်ပါ ကျွန်တော့်ဆရာက ဂိုဏ်းသခင် ချင်ယွင်ကျိ အခုကျွန်တော့်ဆရာက တံခါးပိတ်ကျင့်ကြံနေပြီး အခြားဦးလေးတွေကလည်း သူတို့ကျင့်ကြံခြင်းနဲ့သူတို့အလုပ်ရှုပ်နေကြလို့ လက်ရှိဂိုဏ်းရဲ့ ကိစ္စတွေကို ကျွန်တော်ကပဲ စီမံနေပြီး အမည်ခံဂိုဏ်းသခင် ဝာာ၀န်ကို ယူထားရပါတယ်”
စုမင်ယန်နှင့်အခြားသူများ ကျန်းယန်ကိုမကြည့်ဘဲ မနေနိုင်ခဲ့ပေ။ အဇူရာတိမ်ဂိုဏ်းသည် ရွှေအမြုတေအဆင့်တစ်ယောက်ကို အမှန်တကယ်ပင် ဂိုဏ်းသခင်တာ၀န်ပေးထားခြင်းပေလော။
ကြည့်ရသည်မှာ အဇူရာတိမ်ဂိုဏ်းသည် အမှန်ပင် ကပ်ဘေးစိုက်နေပုံပင်။
နဂါးများကောင်းကင်ပေါ် ထိုးတက်နေချိန်တွင် ဘယ်သူမှသူ့ကို အလွယ်တကူအပြစ်မပြုရဲကြပါသော်လည်း မြေပေါ်ပြန်ကျလာချိန်တွင်တော့ လူတိုင်းက တစ်ကိုက်လောက် ကိုက်ကြည့်ဖူးချင်ကြပေသည်။ ဤအရာမှာ သဘာ၀ပင်။
စုမင်ယန်မျက်လုံးများ အရောင်တစ်ချက်လက်သွားပြီး သူ့စိတ်ထဲ အတွေးပေါင်းစုံပေါ်ပေါက်လာခဲ့၏။
လင်းယွမ်ကျိ အေးစက်စက်ပြောလိုက်သည်။
“မင်းတုိ့ကအတော်ယဉ်ကျေးမှုမရှိတာပဲ အမည်ခံဂိုဏ်းသခင်က မင်းတို့ကို နှုတ်ဆက်နေတာတောင် မလုံလောက်သေးဘူးလား ငါတို့အဇူရာတိမ်ဂိုဏ်း ကျဆင်းနေတာနဲ့ပဲ မင်းတို့က အနိုင်ကျင့်ချင်တာလား”
စုမင်ယန်အသက်ပြင်းပြင်းတစ်ချက်ရှူကာ ပြောလိုက်၏။
“ကျွန်တော်တကယ်ပဲ ရိုင်းပြသွားမိပါတယ်”
သူ့ကျင့်ကြံခြင်းက ပိုမြင့်ပါသော်လည်း ကျန်းယန်က လက်ရှိအမည်ခံဂိုဏ်းသခင်ဖြစ်သောကြောင့် ဝါအားဖြင့် သူ့ထက် ပိုကြီးသွားခဲ့သည်။ ထို့အပြင် သူ့စိတ်ထဲတွင်လည်း အခြားအစီအစဉ်များ ရှိနေသောကြောင့် သူခြေလှမ်းအနည်းငယ် ပြန်ဆုတ်ထားရပေဦးမည်။
“ဒါပေမယ့်လည်း ပြဿနာတွေကိုဖန်တီးတာထက် ဖြေရှင်းလိုက်တာက ပိုကောင်းပါတယ် တိမ်တောင်အင်ပါယာက တကယ်ပဲ အရင်က အဇူရာတိမ်ဂိုဏ်းကိုစော်ကားခဲ့မိပါတယ် အခုတော့ သူတို့လည်း သင်ခန်းစာရနေကြပါပြီ သူတို့နောက်တစ်ကြိမ်အလွယ်တကူ စော်ကားရဲမှာ မဟုတ်တော့ပါဘူး ကျွန်တော့် ဂျူနီယာတူလေးကလည်း အခုတိမ်တောင်အင်ပါယာမှာ မင်းဆရာအဖြစ် တာ၀န်ထမ်းဆောင်နေတယ်လေ။ အဲ့တာကြောင့် ကျွန်တော်ကပဲ အဇူရာတိမ်ဂိုဏ်းကို ကျွန်တော့်ကိုမျက်နှာသာပေးဖို့ တောင်းဆိုပါရစေ ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းအနေနဲ့ ဒီလောက်ကိစ္စလေးကို ဘာလို့သဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးပြီး ငြိမ်းချမ်းရေးကိုမဖော်ဆောင်နိုင်ရမှာလဲ ဟုတ်တယ်မလား” စုမင်ယန် ဆက်ပြောလိုက်သည်။
ကျန်းယန် ထေ့ငေါ့လိုက်၏။
“စီနီယာစု အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက်ကို လေ့ကျင့်ပေးဖို့ အရင်းအမြစ်ဘယ်လောက်ကုန်ကျလောက်လဲ အဲ့ဒီအရင်းအမြစ်တွေကို စိတ်ဝိညာဉ်ကျောက်တုံးနဲ့တွက်ရင် စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ကုန်ကျနိုင်လဲ”
“စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက်လို့ ထင်ပါတယ်”
“နောက်ပြီး လူသုံးထောင်တင်ခေါ်နိုင်တဲ့ စစ်လှေပျံကြီးတစ်စင်းဆိုရင်ရော စိတ်ဝိညာဉ်ကျောက်တုံးနဲ့တွက်ရင် ဘယ်လောက်တန်လောက်လဲ”
“အဲ့တာက…စိတ်ဝိညာဉ်ကျောက်တုံး သိန်းချီကျသင့်မှာ သေချာပါတယ်”
ကျန်းယန် အနည်းငယ်ပြုံးလိုက်ကာ
“စီနီယာပြောသလိုသာဆို အခြေခံတည်ဆောက်ခြင်းအဆင့် ၃၀၀၀နဲ့ စစ်လှေပျံကြီးတစ်စင်းဆိုရင် စိတ်ဝိညာဉ်ကျောက်တုံး သန်းနဲ့ချီပြီး တန်နေမှာပေါ့ ဟုတ်တယ်မလား စီနီယာ့မျက်နှာက စိတ်ဝိညာဉ်ကျောက်တုံးသန်းနဲ့ချီပြီး တန်လို့လား ပြောပါဦး ကျွန်တော်ရိုင်းတာမဟုတ်ပါဘူး ဒါပေမယ့် ဒါကနည်းနည်းတော့ မလွန်ဘူးလား”
စုမင်ယန် သူ့မျက်နှာကိုလှောင်ပြောင်ခံလိုက်ရသောကြောင့် သူ့အမူအရာက မည်းမှောငိသွားခဲ့၏။
နတ်ဝိညာဉ်အဆင့်ဆရာကြီးတစ်ယောက်ဖြစ်သောသူ့ကို ဘယ်သူက မလေးမစားဆက်ဆံရဲပါမည်နည်း။ သို့သော် အဇူရာတိမ်ဂိုဏ်းတွင်တော့ သူသည် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်၏ ခြိမ်းခြောက်ခြင်းကို ခံနေရကာ ရွှေအမြုတေအဆင့်တစ်ယောက်၏ လှောင်ပြောင်ခြင်းကိုပါ ခံနေခဲ့ရသည်။
သို့သော် သူဒေါသမထွက်ရဲခဲ့ပေ။
ကောလာဟလများထွက်နေသော အဇူရာတိမ်ဂိုဏ်း ဂိုဏ်းအကာအကွယ်၀င်္ကပါကိုထားဦး အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ပစ္စည်းနှစ်ခုကိုင်ထားသော လင်းယွမ်ကျိကပင် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ သူမည်သို့ အဆင်အခြင်မဲ့ ပြုမူရဲပါမည်နည်း။
သူ့နှလုံးသားထဲတွင် အဇူရာတိမ်ဂိုဏ်းကို အနီရောင်ကြက်ခြေခတ်များဖြင့် မှတ်သားထားပြီး ဖြစ်၏။
ကျန်းယန်အမူအရာလည်း လေးနက်သွားကာ အေးစက်စက်ပြောလိုက်သည်။
“စီနီယာမသိေလာက်သေးတာ တစ်ခုလည်း ရှိသေးတယ် နဂါးပျံအစောင့်တပ်သား ၃၀၀၀က အဇူရာတိမ်ဂိုဏ်းကို ဧည့်သည်အဖြစ်လာခဲ့တာ မဟုတ်ပါဘူး သူတို့က အဇူရာတိမ်ဂိုဏ်းကို တိုက်ခိုက်ခဲ့တာပါ တကယ်လို့ အဇူရာတိမ်ဂိုဏ်းရဲ့ အုတ်မြစ်ကသာ မခိုင်ခဲ့ဘူးဆိုရင် အကျိုးဆက်က ဘာတွေဆက်ဖြစ်သွားနိုင်မလဲ
တကယ်လို့ တစ်ယောက်ယောက်က ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကို အဲ့လိုပြုမူခဲ့ရင်ရော စီနီယာက ဒီတိုင်းထားလိုက်ပြီး ငြိမ်းချမ်းရေးယူလိုက်မှာလား
တကယ်လို့ စီနီယာအဲ့မှာရပ်နေပြီး ကျွန်တော့်ကို အချက်နည်းနည်းလောက် ပါးရိုက်ခွင့်ပြုမယ်ဆိုရင်တော့ ကျွန်တော်လည်း တိမ်တောင်အင်ပါယာကိစ္စကို ဒီတိုင်းထားပေးလိုက်မယ်
ဘာပြောဦးမလဲ စီနီယာ”
“ခွေးကောင်လေး မင်းငါ့ကိုအဲ့လိုပြောရဲသလား!” စုမင်ယန် ဒေါသတကြီးမအော်ဘဲ မနေနိုင်တော့ပေ။
ကျန်းယန်စုမင်ယန်ကို ရယ်စရာတစ်ခုကို ကြည့်နေဟန်ဖြင့် ကြည့်လိုက်ပြီး
“ဘာလဲ စီနီယာကိစ္စဖြစ်လာတော့ကျ သဘောထားမကြီးနိုင်တော့ဘူးလား ကျွန်တော်က တစ်ချက်မှတောင် မလှုပ်ရသေးဘူးနော် စကားနည်းနည်းပဲပြောရသေးတာ ဒါတောင်ဒေါသထွက်နေပြီ မဟုတ်လား ကြည့်ရတာ စီနီယာ့ဒေါသက အတော်လေး အကန့်အသတ်ရှိနေပုံပဲနော် စီနီယာ”
ချင်ယွင်ကျိသည် ဒီနေရာတွင်ရှိမနေသော်လည်း စောင့်ကြည့်နေမယ်ဆိုတာတော့ ကျန်းယန် သေချာသိ၏။
ထို့ကြောင့်လည်း သူစုမင်ယန်လှုပ်ရှားမှာကို လုံး၀ကြောက်မနေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ ထိုနေရာတွင်သာ ရပ်မနေဘဲ လှုပ်ရှားမိခဲ့လျှင် ဤနေရာတွင် သေဆုံးသွားရမှာ သေချာ၏။
လင်းယွမ်ကျိအေးစက်စက်ပြောလိုက်သည်။
“ကြည့်ရတာ အဖိုးကြီးတွေက သူတို့ကိစ္စမဟုတ်ရင်တော့ အကြီးကြီးတွေ လေကျယ်တတ်ကြပုံပဲ”
နတ်ဝိညာဉ်အဆင့်လေးတစ်ယောက်က အဇူရာတိမ်ဂိုဏ်းတွင် လာရောက် ရိုင်းစိုင်းချင်နေခြင်းပေလာ။
တာအိုပေါင်းစည်းခြင်းအဆင့် တန်ချိုးရွှေပင် ဤနေရာတွင် ချီးထွက်အောင်အရိုက်ခံခဲ့ရဖူးလေရာ နတ်ဝိညာဉ်အဆင့်လေးတစ်ယောက်ကိုတော့ ထည့်တွက်စရာပင် မလိုပေ။
“မင်းတို့ကငါ့ကိုစော်ကားနေတာပဲ” စုမင်ယန် ဒေါသတကြီးအော်ပြောလိုက်လေသည်။ ထို့နောက် သူတောင်ပိုင်းဘုရင်ဘက်လှည့်လိုက်ကာ
“ငါမင်းတို့ တိမ်တောင်အင်ပါယာကိစ္စတွေမှာ ထပ်၀င်မပါတော့ဘူး”
ပြောပြီးသည်နှင့် သူတုန်လုနှင့်အတူ ပျံသန်းထွက်ခွာသွားခဲ့၏။
အကယ်၍ သူသာ ဒီနေရာမှာဆက်နေခဲ့လျှင် ဒေါသမထိန်းနိုင်တော့မှာကို သူကြောက်ရွံ့နေခဲ့မိသည်။
အဇူရာတိမ်ဂိုဏ်းနှင့် မိုင်တစ်ရာကျော်အဝေးထိ ပျံသန်းပြီးသောအခါမှ သူဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်းရဲ့ အုတ်မြစ်က တကယ်ပဲကြောက်စရာကောင်းတယ် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်က အထွတ်အထိပ်အဆင့်ပစ္စည်းနှစ်မျိုးတောင် ကိုင်စွဲထားတာ…ငါ့လို နတ်ဝိညာဉ်အဆင့်တစ်ယောက်မှာတောင် အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ပစ္စည်းတစ်ခု မရှိဘူး သူ့မှာဘာလို့ ရှိနေရတာလဲ”
“စီနီယာအစ်ကိုစု အဇူရာတိမ်ဂိုဏ်းရဲ့ နှစ်ပေါင်းငါးထောင်သမိုင်းနဲ့တွက်ရင် သူတို့မှာ ရတနာတွေအများကြီးရှိနေတာ သာမန်ပါပဲ တကယ်လို့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ကိစ္စကြီးသာ ဖြစ်မသွားခဲ့ရင် အခုချိန် အဇူရာတိမ်ဂိုဏ်းက ကျွန်တော်တို့ မော့ကြည့်ဖို့ပဲ တတ်နိုင်တဲ့ ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်နေဦးမှာပဲ”
စုမင်ယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။
“ဒါပေမယ့် အခုက လွန်ခဲ့တဲ့နှစ်တစ်ထောင်မဟုတ်ဘူး သူတို့ခေတ်က ကုန်သွားပြီ တကယ်လို့ ငါတို့သာ အဇူရာတိမ်ဂိုဏ်းကို ဖျက်ဆီးပစ်နိုင်ရင် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက အမြင့်ကို ထောင်တက်သွားမှာပဲ ငါတို့ပြန်ရောက်ရင် ဒီကိစ္စကိုသေချာဆွေးနွေးဖို့ လိုတယ် လင်းယွမ်ကျိက ဝိညာဉ်အခြေတည်အဆင့်လေးတစ်ယောက်ပဲ ချင်ယွင်ကျိရဲ့ ကျင့်ကြံခြင်းကလည်း အဲ့လောက်မမြင့်လောက်ဘူး အခြားသူတွေကတော့ ပိုတောင်ထည့်ပြောနေဖို့ မတန်သေးတယ် အခုငါတို့စိတ်ပူရမှာက ငါတို့ကိုဒုက္ခပေးနိုင်တဲ့ အဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းအကာအကွယ်၀င်္ကပါပဲ”
“ဒီကိစ္စကို လောလို့မဖြစ်ဘူး” တုန်လုပြုံး၍ ခေါင်းယမ်းလိုက်ကာ
“ကျွန်တော်တို့လူတွေ အဇူရာတိမ်ဂိုဏ်းကို ပို့ထားပြီးပြီပဲ သူတို့ကြီးပြင်းလာတဲ့အခါ သူတို့က အဇူရာတိမ်ဂိုဏ်းရဲ့ ကျောရိုးဖြစ်လာပြီးတော့ ဂိုဏ်းကာ၀င်္ကပါပြဿနာကို ဖြေရှင်းပေးနိုင်ကြလိမ့်မယ် ကျွန်တော်တို့ အဲ့ဒီပြဿနာကိုဖြေရှင်းပြီးတာနဲ့ အခြားဂိုဏ်းတွေအများကြီးနဲ့ပါပေါင်းပြီး အဇူရာတိမ်ဂိုဏ်းကို ရင်ဆိုင်နိုင်တာ သေချာတယ်”
စုမင်ယန်ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် အဇူရာတိမ်ဂိုဏ်းဘက်သို့ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်ပြန်ကာ
“ဒီတစ်ကြိမ်တော့ အဇူရာတိမ်ဂိုဏ်းကံကောင်းသွားတယ် တိမ်တောင်အင်ပါယာက အရူးတွေ သူတို့ကို အရင်းအမြစ်တွေ ပေးရတော့မယ်”
တုန်လုခပ်ဟဟရယ်မောလိုက်ကာ
“အဲ့တာက ကောင်းတဲ့အရာတစ်ခုပါပဲ သူတို့အရင်းအမြစ်တွေပေးလိုက်တော့ ကျွန်တော်တို့လူတွေ မြန်မြန်ကြီးထွားနိုင်တာပေါ့”
စုမင်ယန်လည်း ထိုအကြောင်းတွေးလိုက်မိပြီး စိတ်အေးသွားခဲ့သည်။
အဇူရာတိမ်ဂိုဏ်းတွင်တော့ စုမင်ယန် နှင့်တုန်လုတို့ ထွက်ခွာသွားပြီးသည့်နောက်တွင် တိမ်တောင်အင်ပါယာနှင့်အဇူရာတိမ်ဂိုဏ်းတို့ တရား၀င် ညှိနှိုင်းရေးစားပွဲဆီ ရောက်ရှိသွားခဲ့ကြ၏။