ခံစားမှုစွမ်းရည်၏ အကျိုး၊ စွမ်းရည် ရရှိခြင်း၊ အစ်မလျောင်
Vol. 8 Ch. 106
ကျန်းကျဲ့က ပန်းချီ သေတ္တာကို သယ်ယူ လျက် ပန်းပု ပညာရှင်အိမ်မှ ထွက်ခွာလာပြီး သရုပ်ဖော်ရန် သင့်တော်မည့် ရှုခင်းများကို ရှာဖွေလေသည်။
သူ နေရာတစ်ခုကို ရွေးချယ်ပြီးနောက် စနစ်၏ မျက်နှာပြင် ကို ဖွင့်ကြည့်လိုက်၏။
မူလက အဘိုးအဘွား ကို ကူညီထောက်ပံ့လိုသည့် ရည်ရွယ်ချက်ဖြင့် စုတ်တံအနည်းငယ် ဝယ်ယူရန်သာ စဉ်းစားခဲ့သော်လည်း မထင်မှတ်ဘဲ အသုံးဝင်သော စုတ်တံများကို ရရှိခဲ့ရုံသာမက ထိုပညာရှင်ကြီး၏ လက်ရာကို လေ့လာခွင့်ရခဲ့ခြင်းမှ မမျှော်လင့်ထားသည့် အကျိုးကျေးဇူးတစ်ခုကိုပါ ရလိုက်လေသည် ။
သူက ဇာတ်ကောင်၏ ဂုဏ်သတ္တိများထဲတွင် ‘ခံစားမှုစွမ်းရည်’ ဟူသော ကဏ္ဍတစ်ခု ပိုနေသည်ကို တွေ့ လိုက်ရသည်။
စနစ်၏ ရှင်းပြချက်အရ ထိုခံစားမှုစွမ်းရည်က အလှအပကို ခံစားသိရှိနိုင်ခြင်းတွင် အဓိကအားဖြင့် ထင်ရှားစေကြောင်း သိရလေ သည်။
သေသေချာချာ ပြောရလျှင် ၎င်းက အနုပညာခံစားမှု ပါရမီကို တိုးမြှင့်ပေးခြင်းပင် ဖြစ်သည်။
အလှအပကို ခံစားသိရှိနိုင်ခြင်း၌ အချို့သူများက ထက်မြက်ကြပြီး အချို့မှာမူ နှေးကွေးတတ်သည်။
လူအများစုက လေ့ကျင့်မှုများမှတစ်ဆင့် အနုပညာခံစားမှု အသိ ကို မြှင့်တင် နိုင်ကြသည်။ ပါရမီရှင်ဟု ခေါ်ဆိုကြသူများပင်လျှင် အလှအပကို ခံစားမှုက အမြဲတမ်း တိကျသည်လည်း မဟုတ်၊ အချိန်တိုင်း ရှိနေသည်လည်း မဟုတ်ပေ ။
ပန်းချီဆရာအများအပြားက စိတ်ကူးဉာဏ်ရှာဖွေရန် လိုအပ်သလို၊ ဖန်တီးမှု ပြုလုပ်ရာတွင်လည်း တစ်ဆို့မှုများနှင့် ရင်ဆိုင်ရစမြဲပင်။
ပန်းချီဆရာတစ်ဦး စိတ်ကူးဉာဏ် ရရှိချိန်တွင် ပုံမှန်အဆင့်ထက် ကျော်လွန် ဖန်တီးနိုင်ပြီး၊ စိတ်ကူးဉာဏ် မရရှိသည့်အခါမျိုးတွင်မူ ပုံမှန်လေ့ကျင့်ထားမှုဖြင့်သာ ဖန်တီးမှုကို ပျမ်းမျှအဆင့်တွင် ထိန်းထားရလေသည် ။
ကျန်းကျဲ့က မိမိ၏ အနုပညာခံစားမှုကို လေ့ကျင့်ပျိုးထောင်ခြင်းအား အလွန်အလေးထားသည်။
စနစ်က စွမ်းရည် များကို ပေးနိုင်သော်လည်း ထိုစွမ်းရည်များက အလှအပ၏ အရသာကို ခံစားသိရှိခြင်းကို မရရှိစေ နိုင်ပေ ။
ယခုတစ်ကြိမ် မမျှော်လင့်ဘဲ ရရှိလိုက်သော ခံစားမှုစွမ်းရည် ဂုဏ်သတ္တိက ထိုစွမ်းရည်ကို ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းက ရုတ်တရက် ဉာဏ် ပွင့်ခြင်း မှ ရရှိနိုင်ပြီး မရေမရာ ဖြစ်နေသည့် အနုပညာခံစားမှုအား ဖြည်းဖြည်းချင်း စုဆောင်းလေ့ကျင့်သည့် နည်းလမ်းဖြင့် ပျိုးထောင်နိုင်သော အခြေအနေသို့ ရောက်ရှိစေသည်။
ကျန်းကျဲ့က သူ့တွင် ကံစမ်းမဲနှိုက်ရန် အခွင့်အရေးတစ်ကြိမ် ကျန်ရှိနေသေးသည်ကို တွေ့ လိုက်ရသည်။
သူက ကံစမ်းမဲနှိုက်သည့် မျက်နှာပြင် ကို ဖွင့်ကြည့်လိုက်ရာ ရယူနိုင်သည့် ဆုလက်ဆောင်များမှာ နည်းပါးနေသည်ကို တွေ့ရလေသည်။
စနစ်က ရှင်းပြလေ သည်။
ကျန်းကျဲ့က စုတ်တံပြုလုပ်သော ပညာရှင်၏ လက်ရာကို လေ့လာခဲ့ခြင်းကြောင့်သာ ကံစမ်းမဲနှိုက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည့်အတွက် ရယူနိုင်သော စွမ်းရည်များက ထိုအရာနှင့် ဆက်နွှယ်လေသည်။
သူက ကံစမ်းမဲနှိုက်လိုက်သောအခါ ဆုသေတ္တာ လေးတစ်ခုကို ရရှိခဲ့သည်။
ပိုင်ရှင်သည် 'စာလုံးထွင်းခြင်းစွမ်းရည် ' ကို ရရှိခဲ့သည်။
ကျန်းကျဲ့က ရယူရန် နှိပ်လိုက်သည်နှင့် သတင်းအချက်အလက်တသ်ခုက ဦးနှောက်အတွင်းသို့ စီးဝင်လာ၏။
သူက ထိုအချက်အလက်များကို ချေဖျက် နားလည်လိုက်သောအခါ စာလုံးထွင်းခြင်းစွမ်းရည်က ဝါးနှင့် သစ်သားကဲ့သို့သော ပစ္စည်းများပေါ်တွင် စာလုံးများ ထွင်းခြင်းဖြစ်ကြောင်း သူ နားလည်လိုက်လေသည်။ ဤစွမ်းရည်က ကြွေထည်များနှင့် နည်းပညာအသစ် ပစ္စည်းများပေါ်တွင်ပါ အသုံးပြု နိုင်သေးသည် ။
သူက ဤကဲ့သို့သော စွမ်းရည် ကို ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။
ဤစွမ်းရည်က လောလောဆယ် အသုံးမဝင်သေးသော်လည်း စွမ်းရည် များများ တတ်ထားခြင်းက အမြဲ အသုံးဝင်လေ၏။ ငွေကြေးသုံးခြင်း ဖြင့် စွမ်းရည် ကို ရရှိနိုင်ခြင်းက အလွန် တွက်ခြေကိုက်သော နည်းလမ်းပင်။
ကျန်းကျဲ့က ကံစမ်းမဲနှိုက်ပြီးနောက် အခုမှ ဝယ်လာသော စုတ်တံများကို တစ်ချောင်းချင်းစီ ထုတ်ယူကာ သေသေချာချာ ကြည့် နေသည်။
သူက အလေ့အကျင့်ရှိသည့် စုတ်တံကိုင်နည်းဖြင့် စုတ်တံကို ကိုင်ထားပြီး စာရေးဟန် ပြုလုပ်ကြည့်သောအခါ လက်တွင် အလွန်ပင် သက်သောင့်သက်သာ ရှိနေသည်ဟု ခံစားရလေသည်။
ထိုပညာရှင်၏ စုတ်တံပုံစံက ဆယ်စုနှစ်တစ်ခု၊ နှစ်ခုခန့်က ပုံစံများကို ဆက်လက် အသုံးပြုထားခြင်း ဖြစ်၏။ ဝါးအဝါရောင်နှင့် အနီရောင်ဖောက်ထားသည့် စုတ်တံကိုယ်ထည်၊ ချည်မျှင် ထည့်ထားသည့် ပုံစံတို့က စာလုံးထွင်းခြင်းမှအပ အခြား အလှအပ မပါဘဲ ငွေကြေးအားလုံးကို စုတ်တံထိပ်ပိုင်း တွင်သာ အသုံးပြုထားလေ သည်။
သို့သော်လည်း ၂၀၀၁ ခုနှစ်တွင်မူ ဈေးကွက်၌ လှပ သော စုတ်တံများသာ ခေတ်စားနေသည် မဟုတ်ပါလား။ စုတ်တံကိုယ်ထည်၏ ဈေးနှုန်းက စုတ်တံထိပ်ပိုင်းထက်ပင် ပိုများနေသော်လည်း၊ ထိပ်ပိုင်း၏ အရည်အသွေးများမှာ မသင့်လျော်သလို ဖြစ်နေသည်။
ထိုပညာရှင်၏ စုတ်တံများ ရောင်းရခက်ရခြင်း အကြောင်းရင်းမှာ ဈေးနှုန်းအပြင် ပိုအရေးကြီးသော အကြောင်းရင်းမှာ အပြင်ပန်း ပုံစံက အလွန်ရိုးရှင်းလွန်းနေခြင်းပင်။
ကျန်းကျဲ့က ဤရိုးရှင်းမှုကို မကောင်းဘူးဟု မထင်ပါ။
ဤရိုးရှင်းသော စုတ်တံပုံစံက ဆယ်စုနှစ်များစွာကတည်းက ဈေးကွက်နှင့် ဝယ်ယူသူများက အသိအမှတ်ပြုထားပြီး စုတ်တံ၏ မူလလုပ်ဆောင်ချက်နှင့် အလှတရားကို အများဆုံး ဖော်ပြနိုင်သည်ဟု ခံစားမိသည်။
အသစ်တိုးလာသော ခံစားမှုစွမ်းရည်ကြောင့် ကျန်းကျဲ့က ဤရိုးရှင်းမှုတွင် ပါဝင်သည့် ထူးခြားသော အလှတရားကို ရှင်းလင်းစွာ ခံစားနေရ သည်။
စုတ်တံ၏ ကိုယ်ထည်က သင့်လျော်သော အထူ ရှိပြီး၊ လက်တွေ့အသုံးဝင်မှု လိုအပ်ချက်နှင့် ကိုက်ညီနေပါ၏။ စုတ်တံ၏ အလျားကိုလည်း တွက်ချက်ပြီး အကြိမ်ကြိမ် စမ်းသပ်ထားသဖြင့် ကိုင်တွယ်နည်း အမျိုးမျိုးနှင့် အံဝင်ခွင်ကျ ရှိသည်။ ဤရိုးရှင်းသော စုတ်တံမျိုးက လက်ထဲတွင် ကိုင်ကာ အသုံးပြုသည့်အခါမှသာ ၎င်း၏ ဆွဲဆောင်မှုကို ခံစားရမည် ဖြစ်လေသည်။ စုတ်တံကို သေချာဂရုစိုက် ထိန်းသိမ်းထားပါက၊ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ဟောင်းနွမ်းလာပြီး ထူးခြားသော ဆန်းကြယ်မှုကို ဖော်ပြပေးဦးမည် ဖြစ်ပေသည်။
ကျန်းကျဲ့က စွမ်းရည် နှင့် အနုပညာခံစားမှုဟူသော နှစ်ထပ်ကွမ်း အကျိုးကျေးဇူးကို ရရှိခဲ့ပြီဖြစ်၍ ဝမ်းသာသော စိတ်ဖြင့် ပန်းချီဆွဲခြင်းကို စ လိုက်သည်။
ညနေ ၅ နာရီ။
ဆရာ ယင်က ဖြည်းညှင်းစွာ လျှောက်လာပြီး ကျန်းကျဲ့ကို သတိပေးလေသည်။
"ကျန်းကျဲ့၊ ပြန်ဖို့ အချိန်တန်ပြီ။ ညမှောင်သွားရင် လမ်းလျှောက်ရ ခက်လိမ့်မယ်။"
ကျန်းကျဲ့က ခေါင်းညိတ်လိုက်ပြီး ပန်းချီပစ္စည်းများကို သိမ်းကာ ဆရာ ယင်တို့နှင့်အတူ တည်းခိုခန်းသို့ ပြန်လာကြသည်။
ထိုအုပ်စုတွင် ကျောင်းမှ ဆရာချန်းး တစ်ဦးလည်း ပါလေ သည်။ သူက ကျန်းကျဲ့အား မေးမြန်းသည် "ဆရာကြားတာ မင်း အဲ့အဖိုးကြီး အိမ် သွားပြီး စုတ်တံတွေ ဝယ်လာတယ်ဆို"
ကျန်းကျဲ့ကလည်း ထိုပညာရှင်အတွက် ကြော်ငြာပေးလိုသည့် ဆန္ဒဖြင့် "ဟုတ်ကဲ့ အဲဒီပညာရှင်လုပ်တဲ့ စုတ်တံတွေက အရမ်းကောင်းတယ်။ ပစ္စည်းနဲ့ လက်ရာ နှစ်ခုစလုံးက အရမ်း ကောင်းတယ် "
ဆရာ ကျန်းက ပြုံးလျက် ပြောသည် "မင်းက ဆီဆေးပန်းချီမေဂျာ ကို ဝင်ခွင့်လျှောက်ထားပြီးတော့ တရုတ်ရိုးရာပန်းချီနဲ့ စာရေးလှရေး နည်းကိုလည်း စိတ်ဝင်စားနေတာလား "
ကျန်းကျဲ့က "ကျွန်တော့်လက်ရေးလှက မကောင်းဘူး။ ဒါကြောင့် စာလုံးလှရေးနည်းတွေကိုပဲ ကူးယူ လေ့ကျင့်နေတာ " ဟု ဆိုသည်။
ဆရာ ယင်က "ငယ်ရွယ် တုန်း အတတ်ပညာလေးတွေ များများသင်ထားတာ ကောင်းတယ်ကွ" ဟု ပြောလေ သည်။
လူအချို့ တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ခန်းမကြီးတွင် ယနေ့ဆွဲထားသော ပန်းချီများကို ကြည့်ကာ မှတ်ချက်ပေး နေကြသည့် လူအများအပြား စုဝေးရောက်ရှိနေကြသည်ကို တွေ့လိုက်ရသည်။ ဆရာ ယင်တို့အုပ်စုကလည်း သူတို့၏ လက်ရာများကို ခန်းမကြီးတွင် ချပြလိုက်ကြသည်။
ကျန်းကျဲ့က သစ်ပင်အိုကြီးတစ်ပင်ကို သရုပ်ဖော်ထားသည့် ပန်းချီလက်ရာတစ်ချပ်ကို ခန်းမကြီးတွင် ချပြပြီး အခြားသူများ၏ ပန်းချီများကို သွားကြည့် လေသည်။
လွန်ခဲ့သည့် နှစ်ရက်ခန့်က သူသည် အခြားသူများ၏ လက်ရာများကို ကြည့်ရှုခဲ့သော်လည်း ထူးခြား သော ခံစားမှုမျိုး မရရှိခဲ့ပေ။ ယနေ့တွင်မူ ခံစားမှုစွမ်းရည် ထပ်တိုးလာသောကြောင့် အခြားပန်းချီဆရာများ၏ လက်ရာကို ထပ်မံ ကြည့်သည့်အခါမှ ဤစွမ်းရည်၏ ကြီးမားသော စွမ်းအားကို အမှန်တကယ် နားလည်သဘောပေါက်သွားသည်။
ပန်းချီကား အများစု၏ အသေးစိတ်များကို မကြည့်ဘဲ နည်းစနစ်များကို မဆန်းစစ်ဘဲ တစ်ချက်သာ ဝေ့ကြည့်လိုက်ရုံဖြင့် ခဏတာ ခံစားမှုပေါ် မူတည်ကာ ပန်းချီကားတစ်ချပ်၏ အလှကို သိရှိခံစားနိုင်သည်။ ထို့အပြင် ထိုလက်ရာက လှပအောင် ဆွဲထားခြင်းလော သို့မဟုတ် တူအောင်သာ ဆွဲထားခြင်းလော ပန်းချီဆွဲသူက ခံစားချက်ဖြင့် ဆွဲထားခြင်းလော သို့မဟုတ် နည်းစနစ်ဖြင့် ဆွဲထားခြင်းလောဟူသည်ကိုပါ ခွဲခြားသိမြင်နိုင်လေ သည်။
ကျန်းကျဲ့က ဤစွမ်းရည် အား မြှင့်တင်နိုင်သေးသည်ဟူ၍ စနစ်၏ ရှင်းပြချက်မှတစ်ဆင့် သိရှိရသည်။ ၎င်းက သူ၏ ကြည့်ရှုခံစားမှု စုဆောင်းလာခြင်းနှင့်အတူ ဖြည်းဖြည်းချင်း မြင့်တက်လာမည် ဖြစ်သည်ပင်။
ဥက္ကဋ္ဌ ချွေ့ ခန်းမကြီးသို့ ရောက်လာလေ သည်။
ဤဥက္ကဋ္ဌက အလုပ်များသူဖြစ်၍ တစ်နေကုန် ဤနေရာတွင် ပန်းချီဆွဲနေနိုင်သူ မဟုတ်ပေ ၊ ရံဖန်ရံခါမှသာ လာရောက်လေ့ရှိသည်။
သူက ယနေ့လက်ရာများကို ကြည့်ရင်း ကျန်းကျဲ့ရှိရာ နေရာသို့ ရောက်လာသောအခါ ကျန်းကျဲ့ကို အထူးတလည် ခေါ်ကာ စကားပြောလေသည်။ "ကျန်းကျဲ့၊ မင်းရဲ့ ဒီနေ့ပန်းချီကားကို ငါကြည့်လိုက်တယ်။ ပထမနေ့က ပုံစံနဲ့ မတူဘူး။ မင်းက စတိဗ် ဟန့်ခ်စ်ရဲ့ လက်ရာတွေကိုပါ လေ့ကျင့်ရေးဆွဲထားဖူးတယ် မဟုတ်လား"
ကျန်းကျဲ့က "ဥက္ကဋ္ဌ မြင်သည့်အတိုင်းပါပဲ။ ကျွန်တော် စတိဗ် ဟန့်ခ်စ်ရဲ့ လက်ရာတွေကို ကူးယူ လေ့ကျင့်ဖူးပါတယ်" ဟု ပြော သည်။
ဥက္ကဋ္ဌက "မင်း ဒီနေ့ဆွဲတဲ့ ပန်းချီကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ပိုပြီး လွတ်လပ် ပေါ့ပါးတဲ့ ပုံစံကတော့ ပိုပြီး စွဲဆောင်မှု ရှိတယ်" ဟု ပြောလိုက်သည်။
"ညွှန်ပြ ပေးတာ ကျေးဇူးတင်ပါတယ်"
စားသောက်ဆိုင် ဝန်ထမ်းများက စားပွဲများပြင်ပြီး ပြီဖြစ်ကြောင်း အားလုံးကို အသိပေးကြသည်။
လူအများစုကလည်း သောက်လိုက်၊ စားလိုက်နှင့် စကားဖောင်ဖွဲ့နေကြ၏။ ကျန်းကျဲ့သည် ဆရာ ယင်က ဆွဲခေါ်လာသဖြင့် သူတို့စားပွဲတွင် အတူထိုင်ကာ စား နေခဲ့သည်။
ကျန်းကျဲ့က အရက်မသောက်ဘဲ စကားဝိုင်းတွင် ရံဖန်ရံခါသာ ပါဝင်သည်။
သူတို့စားပွဲ၌ ပိန်ပိန်ပါးပါး ပန်းချီဆရာတစ်ဦးရှိပြီး သူက ဖုန်းဝင်လာ ကာ တစ်ဖက်လူနှင့် အသံကျယ်ကျယ်ဖြင့် စကားပြောနေသည်ကို တွေ့ရလေသည်။
"....ပန်းချီပြပွဲက လက်ရာတွေ ပြန်ပေးလို့ မရဘူးဟုတ်လား ပြန်မပေးရင် ငါ မပါတော့ဘူး။ ငါ့ပန်းချီကားက တစ်ချပ်ကို ယွမ်တစ်သောင်းကျော် ပေးရတာ၊ အလကားတော့ မပေးနိုင် ဘူး..."
ကျန်းကျဲ့က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
အခြားပန်းချီဆရာများကမူ မကြားချင်ယောင်ဆောင်ကာ အစားအသောက်များကို ဆက်စား၊ ဆက်သောက်နေကြသည်။
ကျန်းကျဲ့က ဖုန်းပြောနေသူကို သိပ်ပြီး မှတ်မိခြင်း မရှိပေ။
သူ အခွင့်အရေးရသည့်အခါ ဆရာ ယင်ကို မေးသည်။ "ဆရာ ယင်၊ ခုနကလူကို ဘယ်သူ့လို့ ခေါ်တာလဲ၊ ကျွန်တော် နာမည်မေ့သွားလို့ပါ"
"ကိုင်ဖန်း"
"သူ့ပန်းချီက ဈေးနှုန်း အတော်မြင့်တာလား"
ဆရာ ယင်က ပြုံး၍ ဤသို့ ပြန်ဖြေသည်။ "မင်း သူတို့နဲ့ ဖြည်းဖြည်းချင်း ဆက်ဆံကြည့်ရင် သိလာပါလိမ့်မယ်။
မင်းကတော့ သဘောထား နူးညံ့ပြီး ရိုးသားတယ်။ ဒါပေမဲ့ ပန်းချီဆရာအများစုကတော့ ကြွားဝါချင်ကြတယ်။
သူတို့က ကိုယ့်လက်ရာကို ဘယ်အဖွဲ့အစည်းက စုဆောင်းတယ် ဒါမှမဟုတ် ပန်းချီကားတစ်ချပ်ကို ဘယ်လောက်နဲ့ ရောင်းရတယ်ဆိုတာတွေကိုပဲ အမြဲ ပြောတတ်ကြတာ။ ဒါပေမဲ့ လက်ရာတွေ ရောင်းမထွက်တဲ့ အကြောင်းတွေကိုတော့ ဘယ်တော့မှ ပြောလေ့မရှိကြဘူး"
ကျန်းကျဲ့က သဘောပေါက်သွားသည်။
သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် ဒေါက်ဖိနပ်သံ တတောက်တောက်ကို အဝေးမှနေ၍ အနီးသို့ ရောက်လာသည်ကို ကြားလိုက်ရ၏။
မီးခိုးရောင် ဂါဝန်ရှည် ဝတ်ဆင်ထားပြီး ဆံပင်အနည်းငယ် ကောက် ထားသည့် အမျိုးသမီးတစ်ဦးက ဝိုင်ခွက်ကို ကိုင်ကာ လျှောက်လာသည်။
သူမက ဆရာ ယင်တို့ စားပွဲရှိ ပန်းချီဆရာများကို တစ်ဦးချင်း နှုတ်ဆက်ပြီးနောက် ကျန်းကျဲ့ဘက်သို့ လှည့်ကြည့်ကာ - "ဆရာ ယင်၊ ကျွန်မကို မိတ်ဆက်ပေးပါဦးလားရှင်" ဟု မေးလိုက်သည်။
ဆရာယင်က ထိုအမျိုးသမီးကို ငြင်းဆန်ရန် မသင့်လျော်သည့်အတွက် နှစ်ဦးသားကို အတိုချုပ် မိတ်ဆက်ပေးလိုက်ရသည်။
ထိုအမျိုးသမီးကလည်း ပန်းချီပြခန်း ပိုင်ရှင်တစ်ဦးဖြစ်ပြီး နာမည်မှာ ကျိုးချီ ဖြစ်ပါသည်။
"မစ္စတာကျန်း ကျွန်မတို့ ပထမဆုံးအကြိမ် တွေ့ဆုံကြတာဆိုတော့ ကျွန်မ ဒီတစ်ခွက်နဲ့ အရိုအသေပြုပါရစေ။ ခုနကလည်း ရှင့် ရဲ့ လက်ရာကို ကြည့်ခဲ့ပြီးပြီ။ အခွင့်အရေးရရင် ကျွန်မတို့ မဖြစ်မနေ လက်တွဲသင့်တယ်" ဟု ကျိုးချီက ကျန်းကျဲ့ကို ဝိုင်သောက်ရန် ခွက်တိုက်လိုက်လေ သည်။
သူမက အသက်လေးဆယ်ခန့် ရှိပြီး ခေတ်ဆန်စွာ ဝတ်ဆင်ထားကာ ငယ်စဉ်က ချောမောလှပခဲ့မည်ဟု ထင်ရသော်လည်း ကံမကောင်းစွာဖြင့် ကျန်းကျဲ့၏ အနုပညာခံစားမှုနှင့် မကိုက်ညီသည့်အတွက် ယဉ်ကျေးစွာ ငြင်းပယ်ခြင်း ခံလိုက်ရလေသည်။
ကျိုးချီက စိတ်ဓာတ်မကျဘဲ ကျန်းကျဲ့နှင့် တစ်ခွက် သောက်ရန် အကြောင်းပြချက် အမျိုးမျိုး ရှာပေမယ့် ကျန်းကျဲ့က အလျှော့မပေးပေ။
ဆရာ ယင်၏ စားပွဲဝိုင်းတွင် အရက်သောက်တတ်ပြီး အငွေ့အသက်ကို ဖန်တီးနိုင်သူ အချို့ ရှိသည်။
"သူဌေး ကျိုး၊ ဘာလို့ ကျန်းကျဲ့ကိုပဲ ခဏခဏ အရက်တိုက် နေတာလဲ ကျွန်တော်တို့လည်း သူဌေး နဲ့အတူ သောက်ချင်လို့ စောင့်နေကြတာ" တစ်စုံတစ်ယောက်က စကားဖြတ်ပြောလိုက်ရာ ကျိုးချီလည်း အခွင့်ကောင်းယူကာ လက်လျှော့လိုက်ပြီး အခြားသူများနှင့် စနောက် စကားပြောဆိုတော့သည်။
ဆရာယင်က ကျန်းကျဲ့အား မျက်စိဖြင့် အချက်ပြလိုက်ပြီး နားလည်လိုက်သည့် ကျန်းကျဲ့က စားသောက်ခန်းမှ တိတ်တဆိတ် ထွက်ခွာသွားသည်။ ဝမ်ကျန်းက စိတ်မချပုံရသဖြင့် သူ့ကို ခြံဝင်းအတွင်းအထိ လိုက်ပို့ခဲ့ပြီး "ကျိုးချီဆိုတဲ့သူက သိပ်ပြီး နာမည်ကောင်း မရှိဘူး။ နင် သူ့ကို ဂရုမစိုက်နေ နဲ့" ဟု သတိပေးလိုက်လေသည်။
ကျန်းကျဲ့က သူမ၏ ဆိုလိုရင်းကို နားလည်၏။
သူက ရေမိုးချိုးပြီးနောက် မိမိအခန်းသို့ ပြန်လာကာ နှစ်ရက်အတွင်း ရေးဆွဲခဲ့သည့် ပန်းချီပုံကြမ်းများကို စီစဉ်နေခဲ့သည်။ ဤနှစ်ရက်တာအတွင်း၌ ပြဿနာအသေးလေးများ ၏ အနှောင့်အယှက် မရှိခဲ့သည့်အတွက် ကိုယ်ရောစိတ်ပါ ပန်းချီဆွဲရာတွင် နှစ်မြှုပ်ထားနိုင်ခဲ့သဖြင့် လက်ရာအရေအတွက်မှာ သိသိသာသာ တိုးလာခဲ့ပါသည်။
မကြာမီ သူက မရင်းနှီးသော ဖုန်းနံပါတ်တစ်ခုမှ ပို့လိုက်သည့် မက်ဆေ့ တစ်စောင် ဝင်လာ သည်။
မက်ဆေ့ ထဲ၌ "ကျန်းကျဲ့၊ ရှင် ဘယ်မှာလဲ အခု စကားပြောလို့ အဆင်ပြေရဲ့လား ငါက လျောင် ပါ" ဟု ရေးထားသည်။
ကျန်းကျဲ့က 'လျောင် ' ဟူသော စာလုံးကို မြင်လိုက်ရသည်နှင့် ပထမဆုံး တွေး မိသည်မှာ 'အစ်မလျောင် ' ပင် ဖြစ်တော့သည်။
သူမ၏ သတင်းကို တစ်ချိန်တည်းမျှ မကြားရသည်မှာ ကြာပြီဖြစ်သည်။
သူက စာပြန်လိုက်သည် ။ "စကားပြောလို့ အဆင်ပြေပါတယ်"။
ထိုမက်ဆေ့ ပို့လိုက်ပြီး မကြာမီ ဖုန်းမြည်လာသည်။
ဖုန်းဝင်လာသည့် နံပါတ်က ခုနက မက်ဆေ့ ပို့သည့် နံပါတ်ပင် ဖြစ်နေသည်။
ကျန်းကျဲ့က ဖုန်းကိုင် လိုက်သည်။
"ဟဲလို၊ ကျန်းကျဲ့၊ ရှင် ဘယ်မှာလဲ?" အစ်မလျောင် ၏ အသံမှာ အပြောင်းအလဲမရှိပေ ။
ကျန်းကျဲ့က "ကျွန်တော် လန်ရှမ်းရွာမှာ ပန်းချီအသင်းနဲ့အတူ ပန်းချီဆွဲနေတယ်။ မင်း အဆင်ပြေရဲ့လား" ဟု ပြောသည်။
အစ်မလျောင် က "ငါ အဆင်ပြေသွားပြီ" ဟု ပြန်ပြောလေသည်။
"ကိစ္စတွေ အကုန် ဖြေရှင်းပြီးပြီလား" ဟု ကျန်းကျဲ့က မေးသည်။
"အကုန် ပြီးသွားပြီ။ ရှင့်ကို လွမ်းနေတာ " ဟု အစ်မလျောင် က တိုတိုရှင်းရှင်း ပြောလိုက်သည်။
ကျန်းကျဲ့က ထိုနေ့လည်ခင်းကို သတိရသွားသည်။ "ငါ မနက်ဖြန် ပြန်လာခဲ့မယ်"
အစ်မလျောင်က ခဏမျှ တိတ်ဆိတ်နေပြီးမှ "ရှင် ပြန်ရောက်လာရင် ငါတို့ ထပ်ဆုံကြတာပေါ့" ဟု ပြောလိုက်သည်။
ကျန်းကျဲ့က အစ်မလျောင် ဖုန်းချလိုက်သည်ကို ကြားသောအခါ ဖုန်းကို ဖြည်းညှင်းစွာ ချထားလိုက်၏။
အစ်မလျောင် အဆင်ပြေကြောင်း သိလိုက်ရပြီဖြစ်၍ သူမအတွက် စိုးရိမ်ပူပန်ခြင်း မရှိတော့ဘဲ ပန်းချီပုံကြမ်းများကို ဆက် စီစဉ်တော့သည်။
ည ၈ နာရီ။
ကျန်းကျဲ့၏ ဖုန်းသံ မြည်လာသည်။
ဖုန်းဝင်လာသည့် နံပါတ်ကသည်း အစ်မလျောင် ၏ နံပါတ်ပင် ဖြစ်နေသည်။
"အစ်မလျောင်လား " ကျန်းကျဲ့ ဖုန်းဖြေလိုက်သည်။
"ငါ တည်းခိုခန်း အပြင်ဘက်က ကားထဲမှာ" ဟု ပြောပြီး ဖုန်းကို ချက်ချင်း ချလိုက်သည်။
ကျန်းကျဲ့ ခဏမျှ ကြောင်သွားသည်။ အစ်မလျောင် တွင် အရေးတကြီး ကိစ္စများ ရှိနေသည်လား။
သူက ဖုန်းကို ဆွဲယူကာ တည်းခိုခန်း အပြင်ဘက်သို့ ထွက်လာခဲ့ပြီး လမ်းဘေးတွင် ရိုးရိုးသာမန် ဖို့ခ်စ်ဝက်ဂန် ကားတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။
ကားအတွင်းမှ မီးရောင်က တစ်ချက် လင်းလက်သွားသည်။
ကျန်းကျဲ့က အစ်မလျောင် ကို မြင်လိုက်ရသည်။
သူက ဘယ်ညာကို ကြည့်ပြီး လူမရှိကြောင်း သေချာသည့်အခါ ကားဘေးသို့ သွားကာ ရှေ့ခန်းကား တံခါးကို ဆွဲဖွင့်၍ ကားထဲသို့ ဝင်ထိုင်လိုက်သည်။
အသ်မလျောင်က ကားမီးများကို ပိတ်လိုက်ရာ ကားက အမှောင်ထဲတွင် ပုန်းကွယ်နေလေသည်။
"ငါ့မှာ အရေးပေါ် ကိစ္စတစ်ခု ရှိလို့ လမ်းကြောင်း လွှဲပြီး ရှင့် ဆီကို အရင် လာတွေ့တာ" အစ်မလျောင်က စကားပြောနေစဉ် တစ်လျှောက်လုံး ကျန်းကျဲ့ကိုသာ စိုက်ကြည့်နေသည်။
"မင်း တကယ် အဆင်ပြေရဲ့လား?"
အစ်မလျောင် က "အလုပ်ကိစ္စတွေ နည်းနည်း ပြောင်းလဲရတော့မယ် ထင်တယ်။ ဒီအကြောင်းတွေ မပြောတော့ဘူး" ဟု ဆိုသည်။
သူမက အကြည့်ကို ပြောင်းပြီး ရှေ့တည့်တည့်ကို ကြည့်ကာ ပြောလိုက်သည်။ "ကျန်းကျဲ့၊ ငါတို့ အတူတူ မရှိနိုင်မှန်း ငါ နားလည်ပါတယ်။ နောင်ဆို ရှင်က မိသားစုရှိလာ လိမ့်မယ်။ ငါကလည်း နောက်ထပ် လက်ထပ်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ ရှင့်ရဲ့ မော်ဒယ်အဖြစ် တစ်သက်လုံး ရှိနေပေးလို့ ရမလားဟင်"