အတိတ်နှင့် ချိတ်ဆက်နေသော ကြိုးမျှင်
Vol. 136 Ch. 1747
ထိုက်ယီခေါင်းတလားမှ ဖြာထွက်လာသော အလင်းရောင်များ မှေးမှိန်သွားသည့်အခါ
ဖြတ်တောက်ခံထားရသည့် အမြစ်များ အပိုင်းအစများ ကြယ်တာရာကောင်းကင်အနှံ့
ပြန့်ကျဲနေသည်။ မြွေကြီးတစ်ကောင် ခုတ်ပိုင်းခံထားရသကဲ့သို့ ဒွန့်ဒွန့်လူး၍ လှုပ်ရှားနေကြလေသည်။
ချန်ဖုန်းခန်းမသခင်ကို သတ်ရန် မလွယ်ခဲ့ပေ။ သူ၏အမြစ်များက အဆက်မပြတ် လူးလွန့်ရင်း ပြန်လည်စုစည်းရန် ကြိုးစားနေကြသေးသည်။
သို့သော် အမြစ်နှစ်ခု ထိမိသည်နှင့် တာအိုအသုဘခေါင်းတလားမှ ချန်ထားခဲ့သော တာအိုဒဏ်ရာကို လှုံ့ဆော်မိသွားသည်။ ထိုအခါ တာအိုအသုဘခေါင်းတလား၏ ကောင်းကင်နတ်သိုင်းက ပေါက်ကွဲထွက်လာကာ အမြစ်များတွင် ဇကာပေါက်သဖွယ် ပေါက်ထွက်စေကုန်သည်။
ဤမြင်ကွင်းကို မြင်သောအခါ ချင်မူ သက်ပြင်းချလိုက်သည်။
စိတ်အေးသွားသည်နှင့် သူ့တစ်ကိုယ်လုံး အလွန်နာကျင်လာသည်။ ချူကောခန်းမသခင်အား တိုက်ခိုက်ခဲ့စဉ်က ဒဏ်ရာရခဲ့သည့်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူပြီး အားပြန်ပြည့်မှသာ ချန်ဖုန်းခန်းမသခင်အား ရင်ဆိုင်သင့်သည်။
သို့သော် အချိန်က အလွန်အရေးကြီးနေသည်။ ချန်ဖုန်းခန်းမသခင်နှင့် ဟွမ်ရှီခန်းမသခင်တို့ ပူးပေါင်းသွားပါက ချင်မူအနေဖြင့် သူတို့အား ယှဉ်နိုင်မည်မဟုတ်။
ထို့အပြင် ဤခန်းမသခင်နှစ်ပါး အပြည့်အဝ မဆင်းသက်ရသေး၍ တော်သေးသည်။ အပြည့်အဝ ဆင်းသက်လာပါက တစ်ဦးချင်းယှဉ်တိုက်လျှင်ပင် ချင်မူမှာ သူတို့၏ ပြိုင်ဘက်ဖြစ်လာမည် မဟုတ်ချေ။
ထို့ကြောင့် ဒဏ်ရာဖြင့်သာ တိုက်ခိုက်ရုံအပြင် ရွေးစရာမရှိ။ ကံကောင်းထောက်မစွာဖြင့် လမ်းတွင် ဟွမ်ရှီခန်းမသခင်ကို ခြောက်လှန့်နိုင်ခဲ့သည်။ အကယ်၍ ဟွမ်ရှီခန်းမသခင်သာ ချန်ဖုန်းခန်းမသခင်နှင့် လာရောက်ပူးပေါင်းခဲ့ပါက ဤတိုက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်ရပေလိမ့်မည်။
‘ထိုက်ယီ ငါ့ကို အငြိုးမထားလောက်ပါဘူးနော် … ဟုတ်တယ်မလား’
ချင်မူ ဒဏ်ရာများကို ချုပ်ထားလိုက်သည်။ ချန်ဖုန်းခန်းမသခင် ချန်ထားခဲ့သော တာအိုဒဏ်ရာများက ပြဿနာမရှိသော်လည်း တာအိုအသုဘခေါင်းတလားကြောင့် ဖြစ်ပေါ်လာသော တာအိုဒဏ်ရာများမှာ အချိန်တိုအတွင်း ကုသရန် မလွယ်လှပေ။
သူ ထိုက်ယီခေါင်းတလားရှေ့သို့ ရောက်လာသည့်အခါ တာအိုအသုဘခေါင်းတလား၏ တုန်ခါမှုများ ငြိမ်သက်သွားသည်။ ဤခေါင်းတလားမှာ နှစ်ကြိမ်တိုင်တိုင် ဒုက္ခရောက်ခဲ့သော်လည်း မည်သည့်ထိခိုက်မှုမှမရှိဘဲ အလွန်ခိုင်မာနေဆဲပင်။ အဆင့်မြင့်သော ခေါင်းတလားပင်ဖြစ်၏။
ချင်မူက အခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး အားယူဆွဲလိုက်ရင်း လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ ဆွဲတင်သွားသည်။
“ထိုက်ယီက ဒီလောက် စွမ်းအားကြီးတာ... တာအိုအသုဘခေါင်းတလားလေးလောက်က သူ့ကို ဘာမှမလုပ်နိုင်ပါဘူး”
ချင်မူက ထိုက်ယီအပေါ်တွင် ယုံကြည်ချက် အပြည့် ရှိနေပြီး အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “ညီလေး၊
မြန်မြန်ထွက်ခဲ့တော့…. ငါ အားကုန်သွားပြီ”
လန်ယွီတျန်း၏အသံသည် လောကပေါင်းကူး ရွှေသင်္ဘောထဲ တစ်နေရာမှ ပျံ့လွင့်လာ၏။ “အစ်ကိုကြီး ခဏလေးစောင့်ပါဦး”
ချင်မူမှာ ထိုက်ယီအခေါင်းကို သင်္ဘောပေါ်သို့ မဆွဲတင်နိုင်တော့သဖြင့် ရပ်ကာ အမောဖြေလိုက်ရသည်။ တခဏကြာသည်အထိ လန်ယွီတျန်းမှာ ပေါ်မလာသေးပေ။
“ညီလေး၊ မထွက်လာသေးဘူးလား”
“ခဏလေးထပ်စောင့်ပါဦး… ကျွန်တော် ထွက်နိုင်တော့မယ် ထင်တယ်”
ချင်မူလည်း စောင့်နေရင်း စိတ်မရှည်ဖြစ်လာကာ စိတ်ထဲမှ တွေးနေသည်။ ‘လန်ယွီတျန်း လမ်းပျောက်နေပြန်ပြီလား’
လန်ယွီတျန်း၏ တာအိုသိမြင်နားလည်နိုင်စွမ်းသည် အလွန်မြင့်မားသည်သာမက တာအိုနှင့် နီးစပ်စွာ မွေးဖွားလာသူဖြစ်သည်။ သို့သော် လမ်းပျောက်တတ်သည့် အကျင့်ဆိုးတစ်ခု ရှိ၏။ ယခင်က သူလမ်းပျောက်ပြီး အနောက်ကမ္ဘာမြေသို့ ရောက်သွားကာ ရှုရှန်းဟွာနှင့် အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ခဲ့သည်။ ရှုရှန်းဟွာနှင့် ခွဲခွာပြီးနောက် မဟာလေဟာနယ်သို့ လာရာတွင်လည်း လမ်းပျောက်ကာ တပည့်တစ်စုကို မတော်တဆ လက်ခံခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ချင်မူနှင့် တွေ့မှသာ သူ့ကို ပြန်ခေါ်လာနိုင်ခဲ့သည်။
လောကပေါင်းကူးရွှေသင်္ဘောအတွင်းရှိ ရွှေနန်းဆောင်အရေအတွက်မှာ များပြားလှသည်။
တစ်ချိန်က တွက်ချက်မှုများစွာ ပြုလုပ်ပြီး ရွှေနန်းဆောင်များ၏ အရေအတွက်ကို အဖြေထုတ်ခဲ့သည့်အခါ အံ့အားသင့်ဖွယ် ကိန်းဂဏန်းတစ်ခု ရရှိခဲ့သည်။ ချင်ဖုန်းကျင့်မှာမူ ယိုတုလမ်းစဉ်ဖြင့် ကုဋေပေါင်းများစွာသော ကိုယ်ပွားများ ခွဲထုတ်ကာ ဤရွှေနန်းဆောင်များကို ရှာဖွေခဲ့သည်။
လန်ယွီတျန်းသာ လမ်းမပျောက်တတ်သူ ဖြစ်ပါက နည်းလမ်းရှာဖွေ၍ ထွက်လာနိုင်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် သူကား လမ်းပျောက်တတ်သူပင်။
သူသည် ရွှေသင်္ဘော၏ ထူးခြားမှုကို အမှီပြု၍ သူ့ကိုယ်သူ ကယ်တင်နိုင်ခဲ့သည်သာမက ချန်ဖုန်းခန်းမသခင်ကိုလည်း ချုပ်နှောင်နိုင်ခဲ့သည်။ သို့သော် ယခုတွင် လမ်းပျောက်နေပြန်သည်။
‘ညီလေးတော့ နှစ်သောင်းပေါင်းများစွာ ကြာရင်တောင် ထွက်လာနိုင်မှာ မဟုတ်ဘူး… သူ့ကို အားကိုးလို့မရဘူး’
ချင်မူလည်း ကျန်ရှိနေသော ခွန်အားအကုန် သုံး၍ ထိုက်ယီအခေါင်းကို သင်္ဘောပေါ်သို့ ဆွဲတင်လိုက်သည်။ သူ့မှာ ကုန်းပတ်ပေါ်တွင် လှဲချကာ အသက်ပြင်းပြင်းရှူရင်း အလွန်ပင်ပန်းနွမ်းနယ်နေ၏။ ထို့နောက် မျက်လုံးများမှိတ်ကာ အိပ်မက်ကမ္ဘာထဲ ဖြည်းညင်းစွာ ၀င်ရောက်သွားတော့သည်။
မရေမတွက်နိုင်သော ချင်မူပိစိလေးများက သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများထဲသို့ ဝင်ထွက်သွားလာနေသည်။ သူတို့က အချင်းချင်း ဆက်သွယ်ပြောဆိုကာ တာအိုဒဏ်ရာများရှိ အမာရွတ်များကို လေ့လာပြီး ကိန်းဝပ်နေသော ကောင်းကင်နတ်သိုင်းနှင့် နိယာမများကို တွက်ချက်နေကြသည်။
မကြာမီတွင် ပို၍နက်ရှိုင်းသော အိပ်မက်ကမ္ဘာများ ပျံ့နှံ့လာပြီး နောက်ထပ် ချင်မူပိစိလေးများစွာ ထွက်ပေါ်လာသည်။ သူတို့၏ လက်ထဲတွင် ပုဆိန်နှင့် ဆောက်များ ကိုင်ထား၏။ အခြားချင်မူများနှင့် မတူသည်မှာ ဤချင်မူပိစိလေးများ၌ အသွေးနှင့်အသား ရှိပြီး ချင်မူ၏မဟာတာအိုနှင့် ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်ဖြင့် ဖွဲ့တည်ထားခြင်းလည်း ဖြစ်နေသည်။
ချင်မူပိစိလေးတစ်ဦးစီသည် အလုပ်အကြိုးစားဆုံးသော ပျားလုပ်သား၊ ပုရွက်ဆိတ်လုပ်သားများကဲ့သို့ပင်။ ချင်မူ၏ ဒဏ်ရာကို ၀န်းရံကာ ရိုက်နှက်ထုထွင်းလျက် သူတို့၏ ကိုယ်ပိုင်လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းတို့ဖြင့် တာအိုဒဏ်ရာကို သန့်စင်ဖယ်ရှားနေကြသည်။
အခြားချင်မူပိစိလေးများက ဤမိတ်ဆွေသစ်များကို စပ်စပ်စုစု ကြည့်ကာ အချင်းချင်း မေးမြန်းနေကြ၏။ “မာဟာ မာဟာ”
“ကုကျိ ကုကျိ”
ထိုမိတ်ဆွေသစ်များကတော့ တည်ကြည်သော မျက်နှာအမူအရာဖြင့် သူတို့ကို လျစ်လျူရှုထားသည်။ သူတို့ စိတ်မရှည်တော့မှသာ တုံ့ပြန်ကြသည်။ “အဘား အဘား”
ကျန်ချင်မူပိစိလေးများက မျက်လုံးများ ပြူး၍ နားလည်သလို ပုံစံဖြင့် ကြည့်နေကြသည်။ တကယ်တမ်းတွင် ဘာမှနားမလည်ကြပေ။
ဆေးဆရာပုံစံ ၀တ်ဆင်ထားသော အချို့ချင်မူပိစိလေးများလည်း ရှိကြသည်။ သူတို့က ဆေးသေတ္တာ၊ ခြင်းတောင်း သို့မဟုတ် ဆေးပေါင်းဖိုတစ်ခုစီကို ကိုင်ထားကြ၏။ တာအိုဒဏ်ရာကို ဆေးတာအိုဖြင့် ကုသနေကြပြီး အလွန်အလေးအနက် ထားနေကြသည်။
ချင်မူပိစိလေးများမှာ နောက်တစ်ကြိမ် အုံလိုက်ကျင်းလိုက် ရောက်လာပြီး မေးမြန်းကြပြန်သည်။ သို့သော် ဆေးဆရာချင်မူများ၏ အဆိပ်ခတ်ခံရပြီး တစ်ဦးချင်းစီမှာ ပါးစပ်မှ အမြှုပ်ထွက်၍ တက်နေကြတော့သည်။
အခြားချင်မူများမှာမူ သူတို့ကို လက်ညှိုးထိုး၍ ဟားတိုက်ရယ်မောကာ ဝမ်းသာအားရဖြစ်နေကြသည်။ “အဘား”
ချင်မူ အိပ်မက်မှ နိုးထခါနီးအချိန်တွင် ထိုချင်မူပိစိလေးများမှာ အလျင်အမြန် ချင်မူ၏ဦးနှောက်ထဲသို့ တိုးဝင်၍ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်။
ချင်မူ အကြောဆန့်၍ နိုးလာသည်။ စိတ်လန်းဆန်းနေပြီး ခန္ဓာကိုယ်ပေါ်မှ တာအိုဒဏ်ရာများ ပျောက်ကွယ်သွားကြလေပြီ။
သူ ထရပ်လိုက်ပြီး ထိုက်ယီအခေါင်းကို နောက်တစ်ကြိမ် စစ်ဆေးကြည့်ရာ လန်ယွီတျန်းမှာ ရွှေနန်းဆောင်ထဲမှ မထွက်လာသေးသည်ကို တွေ့လိုက်ရသည်။
‘ညီလေး တကယ် လမ်းပျောက်နေတာပဲ’
သူ အိပ်မက်ဖြင့် ကုသနေစဉ်တွင် လောကပေါင်းကူး ရွှေသင်္ဘောသည် ဆယ်ရက်ကျော် ခရီးဆက်ခဲ့ပြီး ဖြစ်၏။ ယင်းက ဘိုးဘေးနန်းတော်ဆီသို့ လွင့်မျောနေပြီး အလွန်နီးကပ်နေချေပြီ။
ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ဤရွှေသင်္ဘောသည် သူ၏စိတ်ဆန္ဒအတိုင်း ရွက်လွှင့်၍ ကမ္ဘာဦးဘုံနှင့် ဝေးကွာကာ ဘိုးဘေးနန်းတော်သို့ နီးကပ်လာ၏။ သူ အိပ်စက်နေစဉ် အိပ်မက်ကမ္ဘာမှာ ထူးခြားလှသည်။ သူ့အတွေးများမှာ ထိန်းချုပ်မနိုင်ဘဲ လွတ်လပ်စွာ သွားလာနေသောကြောင့် ရွှေသင်္ဘောသည် သူ အလွန်တောင့်တနေသော အတွေးကို ရွေးချယ်ခဲ့လေသည်။
“ချန်ဖုန်းခန်းမသခင်ရဲ့ အဲ့ဒီအမြစ်တွေက အန္တရာယ်ဖြစ်လာမလားမသိဘူး”
သူ့စိတ်ထဲတွင် ထင့်နေသည်။ ချန်ဖုန်းခန်းမသခင်၏ အမြစ်အားလုံးကို ဖျက်ဆီးပစ်သင့်၏။ ထိုမှသာ အနာဂတ်တွင် ရန်အေးလိမ့်မည်။
သို့သော် ရွှေသင်္ဘောကား ဤနေရာသို့ ရောက်လာသဖြင့် ပြန်သွားရန် နောက်ကျသွားချေပြီ။ ရွှေသင်္ဘော ထင်သည့်အတိုင်း သူ၏ စိတ်ထဲတွင် ဘိုးဘေးနန်းတော်အပေါ် စိုးရိမ်မှုက ပိုကြီးမားနေသည်။
‘ချန်ဖုန်းခန်းမသခင်ရဲ့ အမြစ်တွေက တာအိုအသုဘခေါင်းတလားကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့တယ်… အမြစ်တစ်ချောင်းစီမှာ တာအိုအသုဘခေါင်းတလားက ချန်ထားခဲ့တဲ့ တာအိုဒဏ်ရာတွေ ရှိတယ်… သူက ငါ့လောက် ဉာဏ်မကောင်းတဲ့အပြင်၊ ဗဟုသုတ မရှိတော့ ဒီတာအိုဒဏ်ရာတွေကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး… ပြဿနာသိပ်မကြီးလောက်ပါဘူးလေ’
ချင်မူမှာ အားနည်းနေသေး၏။ ခန်းမသခင်အဆင့် ရှိသူနှစ်ဦးနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရာ ကျင့်စဉ်စွမ်းအင်များစွာ ဆုံးရှုံးခဲ့ရသည်။ ကျင့်စဉ်စွမ်းအင်မှာ အိပ်မက်ကမ္ဘာသို့ ၀င်ရောက်ခြင်းဖြင့် ပြန်ပြည့်လာမည့် အရာမဟုတ်ချေ။
သူက တခဏအနားယူပြီးနောက် အတွေးတစ်ချက်ဖြင့် ရွှေသင်္ဘောပေါ်မှ ရွှေနန်းဆောင်များအား အလိုအလျောက် ပျောက်ကွယ်သွားစေသည်။ ရွှေနန်းဆောင်များ ပျောက်ကွယ်သွားသည့် အမြန်နှုန်းမှာ မမြန်လွန်းပေ။ ချင်မူက လန်ယွီတျန်းကို ရွှေနန်းဆောင်တစ်ခုမှတစ်ခုသို့ ပြေးဝင်နိုင်ရန် အချိန်အလုံအလောက် ပေးခဲ့၏။
အချိန်အတော်ကြာပြီးနောက် ဘိုးဘေးနန်းတော်ကို လှမ်းမြင်လာရသည်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် ကမ္ဘာလောကများမှ မဟာမိတ်တပ်များကို မြင်နေရပြီး ရွှေသင်္ဘောပေါ်မှ ရွှေနန်းဆောင်မှာလည်း တစ်ခုတည်းသာ ကျန်တော့သည်။
လန်ယွီတျန်းက ဂရုတစိုက်ဖြင့် နန်းဆောင်တံခါးကို ဖွင့်ကာ ခေါင်းပြူလျက် အပြင်သို့ ကြည့်လိုက်သည်။ လောကပေါင်းကူး ရွှေသင်္ဘောမှာ ကိုက်သုံးရာခန့်သာ ရှည်လျားတော့သည်ကို တွေ့မှ စိတ်အေးသက်သာစွာ သက်ပြင်းချပြီး ရွှေနန်းဆောင်ထဲမှ ထွက်လာသည်။
“ညီလေး၊ မြင်လား” ချင်မူက သင်္ဘောဦးတွင် ရပ်ကာ အဝေးရှိ ဘိုးဘေးနန်းတော်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ သူ၏ အနောက်တွင် ထိုက်ယီအခေါင်း ရှိနေ၏။
လန်ယွီတျန်းလည်း ရှေ့သို့လျှောက်သွားပြီး ထိုက်ယီအခေါင်းကို ကြည့်လိုက်သည်။ ထိုက်ယီမှာ နောက်တစ်ကြိမ် ဇောက်ထိုးဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အလျင်အမြန် အားကုန်သုံး၍ ဤအခေါင်းအား ဇောက်ထိုးပြန်လှည့်လိုက်သည်။
သူ ချင်မူ လက်ညှိုးထိုးပြရာသို့ ကြည့်လိုက်သည်။
ဘိုးဘေးနန်းတော်တွင် မိုးလေတိမ်တိုက်များ တိုက်ခတ်နေပြီး ကောင်းကင်နတ်ဘုံမှာမူ ဘိုးဘေးနန်းတော်၏ အလယ်ဗဟိုအထက်တွင် လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။
နတ်အင်အားတို့ ပြင်းထန်စွာ လိမ့်ဖြာဆင်းနေပြီး တိမ်တိုက်များအဖြစ် ဖွဲ့တည်လာနေသည်။ ထိုတိမ်တိုက်များမှ ရွှေရောင်အလင်းတန်းများ ဖြာကျလျက်ရှိရာ အတိတ်တုန်းက ကောင်းကင်နတ်ဘုံထက်ပင် ခမ်းနားတင့်တယ်နေတော့သည်။
လောကသစ်ပင်၏ ထိပ်ဖျားသည် ကောင်းကင်ကို အုပ်ကာနိုင်သည့် အခြေအနေအထိ ကြီးထွားနေသည်။ မဟာတာအိုတို့က တိမ်တိုက်များသဖွယ် သစ်ပင်ထိပ်ဖျားမှ စီးဖြာနေသောကြောင့် ဘိုးဘေးနန်းတော်၏ ကောင်းကင်နှင့် မြေကြီးကို ပို၍ကျယ်ပြန့်နေစေ၏။
လောကသစ်ပင်၏ အမိုးအောက်တွင် ခမ်းနားသော နတ်ဘုရားမြို့များ လွင့်မျောနေကြသည်။ သံကြိုးများက ကောင်းကင်မှ ကျဆင်း၍ မြေကြီးထဲ ထိုးဖောက်ဝင်ရောက်ကာ တောင်တန်းများနှင့် မြစ်ချောင်းများအား ချိတ်ဆက်ထား၏။ နတ်ဘုရားမြို့များ ကောင်းကင်အပြင်ဘက်သို့ ပျံသန်းမထွက်ခွာသွားစေရန် ချုပ်နှောင်ထားသည့်အလားပင်။
ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဘိုးဘေးနန်းတော်ကား အတော်လေး ပြောင်းလဲသွားခဲ့ချေပြီ။ အတိတ်စကြ၀ဠာမှ အင်အားကြီးမားသော သိုင်းပညာရှင်များ ခိုး၀င်လာသောကြောင့် တစ်လောကလုံး ပြောင်းလဲနေချေပြီ။ ထို့အပြင် သဘာ၀မဆန်သော အလှတရားက ဘိုးဘေးနန်းတော်အား ချောက်ချားစရာကောင်းနေစေသည်။
“အစ်ကိုကြီး၊ ဘာ မြင်လို့လဲ” လန်ယွီတျန်းမှာ အချိန်အတော်ကြာ ကြည့်ရှုအကဲခတ်လိုက်သော်လည်း ချင်မူပြောသည်ကို နားမလည်ချေ။
ဘိုးဘေးနန်းတော်သည် အလွန်ကြီးမားသည့်အတွက် အာရုံစိုက်စရာနေရာများစွာ ရှိသည်။ လောကသစ်ပင်၊ ဘိုးဘေးနန်းတော်၏ အထွတ်အမြတ်နေရာများနှင့် ကောင်းကင်နတ်ဘုံအပေါ်မှ တာအိုသစ်ပင်ငါးပင်တို့က အမြင်အာရုံအား ဖမ်းစားနေကြ၏။
“ကြိုးတစ်ချောင်း”
ချင်မူက ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ “၁၆ စင်းမြောက် စကြဝဠာက လာတဲ့ ကြိုးတစ်ချောင်းပဲ… ဒီကြိုးက ၁၆ စင်းမြောက် စကြဝဠာရဲ့ ဖရိုဖရဲမြစ်ထဲက လာတာ… ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဘိုးဘေးနန်းတော်ကနေ ဆွဲထုတ်ခဲ့တာပဲ ဖြစ်ရမယ်”
သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးသည် အံ့မခန်းလိလိ အမြင်အာရုံကို ပိုင်ဆိုင်ထား၏။ အချိန်နှင့် နေရာကိုပင် ထွင်းဖောက်မြင်နိုင်ကာ ဖရိုဖရဲအခြေအနေနှင့် အတိတ်ကိုလည်း တွေ့မြင်နိုင်သည်။
သူသည် အတိတ်စကြဝဠာမှ ဆန့်တန်းလာနေသော ကြိုးကို တွေ့မြင်နေရ၏။ ကောင်းကင်နတ်ဧကရာဇ်ဟောင် ဘိုးဘေးနန်းတော်မှ ထွက်ခွာလာသည်နှင့်အမျှ ကြိုးက ပိုပို၍ ရှည်လျားလာသည်။
ဤကြိုးသည် ပျောက်ကွယ်မှေးမှိန်နေသောကြောင့် ချင်မူ၏မျက်လုံးများသာ မြင်ရနိုင်၏။
အခြားသူများအနေဖြင့် ဤကြိုး ရှိနေသည်ကို လုံးဝသတိထားမိမည် မဟုတ်ချေ။
“ကောင်းကင်နတ်ဧကရာဇ်ဟောင် ဆိုတာ မရှိတော့ဘူး…. ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရဲ့ လက်ပါးစေပဲ ကျန်တော့တယ်”
ချင်မူက လေပူတစ်ချက် မှုတ်ထုတ်၍ တည်ကြည်လေးနက်စွာ ပြောသည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင် လုပ်ရမှာက ဒီကြိုးကို ကောင်းကင်နတ်ဘုံဆီ ယူသွားပြီး တာအိုသိုင်းပညာရှင်ငါးယောက်ကို သိမ်းသွင်းဖို့ပဲ... အဲဒီအင်အားစုကို သူ့ကိုယ်ကျိုးအတွက် အသုံးချလိမ့်မယ်”
ရွှေသင်္ဘောရှေ့တွင် ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံနှင့် ကျန်ရှိသူတို့သည် စစ်သည်တော်တို့အား အနားယူစေပြီး ဘိုးဘေးနန်းတော်ကို စတင်တိုက်ခိုက်ခြင်း မရှိကြချေ။ ဘိုးဘေးနန်းတော်အပြင်ဘက်တွင်သာ တပ်စွဲထားကြ၏။ ဤရက်များအတွင်း သူတို့သည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် အပြန်အလှန် ကူးသန်းသွားလာရေး အဆင်ပြေစေရန် စွမ်းအင်အကူးအပြောင်းတံတား အများအပြား တည်ဆောက်နေကြ၏။
ဘိုးဘေးနန်းတော်၏ အခြေအနေမှာ မရှင်းလင်းသေးသဖြင့် ဤအချိန်တွင် တိုက်ခိုက်ပါက သေတွင်းတူးရာ ရောက်လိမ့်မည်။
ရွှေသင်္ဘော ရောက်လာသည့်အခါ ကျန်းပိုင်ကွေ့၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံ၊ ရှုရှန်းဟွာ၊ လန်ဝူ၊ နဂါးချီလင်၊ ရွှမ်းဝူနတ်မင်းနှစ်ပါးနှင့် အခြားသူများက ကြိုဆိုရန် အသီးသီး ရောက်လာကြသည်။
ချင်မူက ထိုက်ယီအခေါင်းကို သိမ်းဆည်းပြီး ရွှေသင်္ဘောပေါ်မှ ဆင်းသက်လာ၏။ ချက်ချင်းပင် တစ်စုံတစ်ယောက်သည် ရှေ့သို့လျှောက်လာပြီး ရွှေသင်္ဘောကို ကျောက်ချပေးသည်။
“ကောင်းကင်နတ်အရှင်မူ၊ ဘိုးဘေးနန်းတော်က အတိတ်စကြ၀ဠာ သိုင်းပညာရှင်တွေရဲ့ လက်ထဲ ရောက်သွားပြီ… ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ လက်ကျန်စစ်တပ်က ဘိုးဘေးနန်းတော်ထဲ ထွက်ပြေးသွားတယ်…. ငါတို့ရဲ့ ခွန်အားနဲ့ဆို နှစ်ဖက်လုံးရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
လန်ဝူသည် ရွှန်းလဲ့လှပသော မျက်၀န်းလေးများဖြင့် သူ့အား အကဲခတ်နေသည်။ ချိုသာသော မေးခွန်းမေးသံလေးက သူမ နှုတ်ခမ်းလွှာလေးဆီမှ ပွင့်အာကျလာသည်။ “ကောင်းကင်နတ်အရှင်မှာ ဘာအစီအစဉ်ရှိလဲ”
ချင်မူမှာ သူမကို လှမ်းကြည့်မိပြီး ရင်ထဲ ဒိန်းခနဲ ခုန်သွားသည်။
ယနေ့ လန်ဝူမှာ အနည်းငယ်ထူးခြားနေသလို ခံစားလိုက်ရ၏။ အေးစက်စက်လည်း မဟုတ်တော့ပေ။ သို့သော် မည်သည်တို့ ပြောင်းလဲသွားမှန်း သူ မပြောတတ်ချေ။
“အစီအစဉ် ရှိတာပေါ့”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကောင်းကင်နတ်ဘုံဆီ သွားပြီး အဲ့ဒီက
တာအိုသိုင်းပညာရှင်ငါးယောက်နဲ့ တွေ့မယ်... ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ ဟွမ်ရှီခန်းမသခင်နဲ့ သူ့နောက်က အဲ့ဒီကြိုးကိုပါ တွေ့ရမယ်”
လန်ဝူသည် လှပစွာ ပြုံးလိုက်၏။ “ငါ နင်နဲ့ လိုက်ခဲ့မယ်”
အဝေးတွင် ဧကရာဇ်ယန်ဖုန်းတစ်ယောက် ပါးစပ်ကြီးအဟောင်းသားဖြင့် ကြည့်နေသည်။ သူက မုတ်ဆိတ်ကို ပွတ်နေရင်း ကျန်းပိုင်ကွေ့ဘက်သို့ လှည့်ပြောနေသည်။ “ဧကရာဇ်အတိုင်ပင်ခံ ဒီနေရာမှာ သရဲခြောက်နေသလားလို့ … ဒီဖန်ဆင်းရှင်က ငါတို့လင်မိသားစုထဲ တိုး၀င်ဖို့ ကြိုးစားနေတာများလားဟ”
ကျန်းပိုင်ကွေ့သည် သူ့ကို ကြည့်၍ ဖြေ၏။ “အရှင်မင်းကြီး အတွေးလွန်နေပါပြီ”
ဧကရာဇ်ယန်ဖုန်းမှာတော့ သင်္ကာမကင်း ဖြစ်နေတော့သည်။