← Chapters

တစ်လောကလုံးတွင် ရန်သူတို့အပြည့်

Vol. 136 Ch. 1748

တစ်လောကလုံးတွင် ရန်သူတို့အပြည့်

Vol. 136 Ch. 1748

ချင်မူ လန်ဝူအား ချက်ချင်း ငြင်းလိုက်မိသည်။ “ဒီခရီးက သိပ် အန္တရာယ်များတယ်… တစ်ဖက်မှာ တာအိုသိုင်းပညာရှင်ငါးယောက် ရှိတယ် … ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ ဟွမ်ရှီခန်းမသခင်တို့လို ပုဂ္ဂိုလ်တွေလည်း ရှိသေးတယ်… ကောင်းကင်နတ်ဧကရာဇ်ဟောင်က သခင်လေးလေးရဲ့ စောင်းကြိုးတစ်ချောင်းကိုလည်း ရထားသေးတာ… တစ်ခုခု မမှားရင် ဘာမှမဖြစ်ပေမယ့် မှားသွားခဲ့ရင် ကျွန်တော် နတ်ဘုရင်ကို မကာကွယ်နိုင်ဘူး”

လန်ဝူ၏ မျက်နှာလေးမှာ ညှိုးကျသည်။

မုတ်ဆိတ်ပွတ်၍ အတွေးများနေသော ဧကရာဇ်ယန်ဖုန်းသည် လန်ဝူ၏ မျက်နှာအမူအရာကို မြင်သောအခါ ပို၍သေချာသွား၏။ ‘ဖန်ဆင်းရှင်က ငါ့လင်မိသားစုထဲ တိုးဝင်ဖို့ ကြိုးစားနေတာပဲ… ဧကရာဇ်အတိုင်ပင်ခံကိုတောင် လာဘ်ထိုးထားပြီးပြီ… ဒါပေမဲ့ ငါ့သမက်လေးက သိပ်သူရဲကောင်းဆန်တယ်... မိန်းမတစ်ယောက်ရဲ့ မာယာမှာ ကျဆုံးမှာမဟုတ်ဘူး’

လန်ဝူသည် ရေခဲတုံးထက်ပင် အေးစက်တတ်သူ မဟုတ်လော။ ယခုမူ မိန်းမပျိုလေးပမာ ပြုမူနေခြင်းမှာ တစ်စုံတစ်ခု ကြံစည်နေခြင်းသာ ဖြစ်ပေမည်။ ဧကရာဇ်ယန်ဖုန်းကဲ့သို့ အတွေ့အကြုံ ရင့်သန်နေသည့် ယောက်ျားတစ်ယောက်သည် ထိုမိန်းမ၏ မာယာအား ရှင်းလင်းစွာ တွေ့မြင်နေရ၏။

လန်ဝူမှာ ဖန်ဆင်းရှင်မျိုးနွယ်၏ နတ်ဘုရင် ဖြစ်ပြီး အတွေ့အကြုံများစွာ ရှိသော်လည်း အချစ်၊ ခံစားချက်နှင့်် ပက်သက်လာလျှင်တော့ ဗလာကျင်းနေသည်။ သူမ၏ အပြုအမူများမှတစ်ဆင့် အလွယ်တကူ ခန့်မှန်းနိုင်နေသည်။

ချင်မူကတော့ လုံးဝသတိမပြုမိဘဲ ဆက်ပြောသည်။ “ဒီတစ်ခေါက် ကောင်းကင်နတ်အရှင်ယွဲ့က ကျွန်တော်နဲ့အတူ လိုက်လိမ့်မယ်… သခင်လေးလေးရဲ့ ကြိုးက သိပ်ကို ကြောက်ဖို့ကောင်းတယ်… ဟွမ်ရှီခန်းမသခင်ရဲ့ လမ်းစဉ်က ကောင်းကင်နတ်အရှင်ယွဲ့နဲ့ တူတဲ့ပုံပဲ.. ကောင်းကင်နတ်အရှင်ယွဲ့ရှိနေရင် ဒီခရီးက သိပ်အန္တရာယ်များမှာ မဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ယွဲ့က မဆိုင်းမတွ သဘောတူလိုက်ရာ ဧကရာဇ်ယန်ဖုန်းမှာ နောက်တစ်ကြိမ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူက ကျန်းပိုင်ကွေ့အား မေးသည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ ကြည့်စမ်း… ကောင်းကင်နတ်အရှင်ယွဲ့က ငါတို့လင်မိသားစုထဲ တိုးဝင်ဖို့ ကြိုးစားနေသလားလို့”

ကျန်းပိုင်ကွေ့က မှင်သေသေ ဖြေသည်။ “အရှင်မင်းကြီး၊ အရင်တုန်းက လူတစ်ယောက် ပုဆိန်ပျောက်သွားတော့ သူ့အိမ်နီးချင်း ခိုးတယ်လို့ သံသယ ဝင်ခဲ့တယ်… သူ ဘယ်လိုပဲကြည့်ကြည့် အိမ်နီးချင်းက ပုဆိန်သူခိုးပဲလို့ ထင်ခဲ့တာ… နောက်ပိုင်း သူ့အိမ်မှာပဲ ပုဆိန်ပြန်တွေ့တော့ အိမ်နီးချင်းကို ဘယ်လိုပဲ အကဲခတ်ခတ် ပုဆိန်သူခိုးနဲ့ မတူ‌တော့ဘူး”

ဧကရာဇ်ယန်ဖုန်းလည်း စပ်ဖြဲဖြဲဖြင့် ရယ်လိုက်သ်ောလည်း တစ်ဖက်သို့ မျက်နှာလွှဲသွားသည့်အခါ မှုန်ကုပ်သွားသည်။ ‘ဧကရာဇ်အတိုင်ပင်ခံ တကယ်ပဲ လာဘ်ထိုးခံလိုက်ရတာပါလား’

ကောင်းကင်နတ်အရှင်ယွဲ့က ထွက်ခွာရန် အထုပ်အပိုးပြင်နေသည်၊။

ချင်မူက ကောင်းကင်နတ်အရှင်ရုံကို မေးသည်။ “ရုံ၊ ရှင်းအန်းကို ရှာနိုင်မလား”

ကောင်းကင်နတ်အရှင်ရုံသည် သေခြင်းရှင်ခြင်းစာအုပ်ကို အသက်သွင်းပြီး ယိုတုထဲသို့ ဝင်ရောက်သွား၏။ စာအုပ် တစ်လောကလုံးကို ထွန်းလင်းတောက်ပသွားစေသည်။ အချိန်အတော်ကြာပြီး‌နောက် ကောင်းကင်နတ်အရှင်ရုံက နောက်တစ်ကြိမ် ပြန်ပေါ်လာပြီး ခေါင်းခါလိုက်သည်။ “ဘယ်ကမ္ဘာမှာမဆို ရှင်းအန်းရဲ့ အရိပ်အယောင်မရှိဘူး… ဘိုးဘေးနန်းတော်ကလည်း အတိတ်စကြဝဠာက ခိုးဝင်လာသူတွေ ပိတ်ဆို့ထားလို့ စစ်ဆေးကြည့်မရဘူး”

ချင်မူလည်း အံ့ဩသွားပြီး ဘိုးဘေးနန်းတော်ကို ကြည့်လိုက်သည်။ “ရှင်းအန်း အဲ့ဒီကို သွားတာများလား”

ကောင်းကင်နတ်အရှင်ယွဲ့က ခပ်သုတ်သုတ် ရောက်လာသည်။ သူမသည် ဆံပင်ကို စည်းနှောင်ကာ သန့်ရှင်းသော ၀တ်ရုံအသစ်တစ်စုံအား လဲ၀တ်ထား၏။ ဗျပ်စောင်းကို ကျောပိုးထားပြီး မေးလိုက်သည်။ “အဲ့ဒီ ဟွမ်ရှီခန်းမသခင်က နေရာဟင်းလင်းပြင်တာအိုကို ကျင့်ကြံတာပဲလား”

ချင်မူလည်း သူမနှင့်အတူ လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ တက်သွားပြီး သင်္ဘောအပေါ်မှ လန်ယွီတျန်းကို မောင်းချလိုက်သည်။ နဂါးချီလင်မှာ တက်လာလိုသော်လည်း ချင်မူ၏ မောင်းချခြင်းကို ခံလိုက်ရသည်။

“သူ့ရဲ့ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို သေချာတော့ မသိဘူး…. ဒါပေမဲ့ ကျွန်တော့် ကောင်းကင်နတ်သိုင်းတွေကိုတော့ နေရာဟင်းလင်းပြင်တာအို သုံးပြီး ရင်ဆိုင်ခဲ့တာ… ကျွန်တော် အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းနဲ့ သူ့ကို ပုံရိပ်ယောင်ထဲ ကျသွားအောင် ကြိုးစားခဲ့ပေမယ့် သူ ချိုးဖျက်နိုင်ခဲ့တယ်… တခြားလမ်းစဉ်နဲ့ ကျင့်စဥ်တွေကိုလည်း ကျင့်ကြံထားလောက်တယ်”

ကောင်းကင်နတ်အရှင်ယွဲ့ စဉ်းစားတွေးတောနေသည်။ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းက နေရာဟင်းလင်းပြင်တာအိုကို ချုပ်နှောင်နိုင်သည်။ ယခင်က ကောင်းကင်နတ်အရှင်ဆယ်ပါးသည် သူမကို ရင်ဆိုင်ရန်အတွက် အသိစိတ်အလျဥ်တာအိုတွင် ကျွမ်းကျင်သော နတ်ဧကရာဇ်လန်ရွှမ်အား ဦးစွာတိုက်ခိုက်စေခဲ့၏။

ချင်မူကလည်း အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းဖြင့် ဟွမ်ရှီခန်းမသခင်မကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ သူမ၏ အားနည်းချက်ကို ပစ်မှတ်ထားခဲ့သော်လည်း တစ်ဖက်မှ ဖျက်ဆီးသွားနိုင်ခဲ့၏။ ဤသည်မှာ ဟွမ်ရှီခန်းမသခင်သည် နေရာဟင်းလင်းပြင်တာအိုတစ်ခုတည်းသာ ကျင့်ကြံခြင်း မဟုတ်ကြောင်း ပြသနေသည်။

“မီလော့နန်းတော်ရဲ့ ခန်းမသခင်တစ်ဦးချင်းစီတိုင်းမှာ လျှို့ဝှက်ချက် ရှိတယ်… ဟွမ်ရှီခန်းမသခင်က ရှန့်ကျွင်းရဲ့ လက်ချက်နဲ့ အပြင်းအထန် ဒဏ်ရာရခဲ့ပေမယ့် လျှော့တွက်လို့ မရဘူး”

ချင်မူက ထပ်ခါတလဲလဲ သတိပေးနေသည်။ “မမကြီးရဲ့ ပစ်မှတ်က သခင်လေးလေးရဲ့ ကြိုးပဲ… သူ မဟုတ်ဘူး… သူနဲ့ ပဋိပက္ခမဖြစ်အောင် အတတ်နိုင်ဆုံးရှောင်တာ ကောင်းတယ်… မမကြီးက တာအိုရပြီးပေမယ့် အန္တိမဟင်းလင်းပြင်မှာ တံဆိပ်မခတ်နှိပ်ရသေးဘူး… လောလောဆယ် သူ့ရဲ့ပြိုင်ဘက် မဟုတ်သေးဘူး”

ကောင်းကင်နတ်အရှင်ယွဲ့လည်း တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

လန်ယွီတျန်း တာအိုဟောပြောပြီးနောက် သူမ လျှောက်လှမ်းသောလမ်းစဥ်မှာ အတိတ်မှ တာအိုကျင့်စဉ်စနစ် မဟုတ်တော့ချေ။ လန်ယွီတျန်း၏ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ဖြင့် သူမ၏ ကိုယ်ပိုင်စကြ၀ဠာထဲက ၃၆ လွှာမြောက် ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ရန် ကြံရွယ်ထားသည်။

သူမ၏ တာအိုကျင့်စဉ်စနစ် အခြေခံမှာ ထိုအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ဘိုးဘေးနန်းတော် ကျင့်စဉ်စနစ်ကိုတော့ မကျင့်ကြံရသေးသဖြင့် ကျင့်ကြံခြင်းအခြေခံတွင် အားနည်းချက်များ ရှိနေသေးသည်။ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ကို ကျင့်ကြံပြီးမှသာ သူမ၏ကျင့်ကြံခြင်းအခြေခံက နှိုင်းယှဉ်မရ‌နိုင်အောင် သိပ်သည်းလာပြီး စစ်မှန်သော တာအိုသိုင်းပညာရှင်ဖြစ်လာပေလိမ့်မည်။ ထိုအချိန်မှသာ ဟွမ်ရှီခန်းမသခင်မနှင့် တိုက်ခိုက်နိုင်စွမ်းရှိမည် ဖြစ်၏။

လောကပေါင်းကူးရွှေသင်္ဘောက ဘိုးဘေးနန်းတော် အထက်ရှိ ကောင်းကင်နတ်ဘုံဆီသို့ ရွှက်လွင့်နေသည်။ ကောင်းကင်နတ်ဘုံ အရွယ်အစားမှာ ပိုပို၍ ကြီးမားလာနေပြီး ထူးခြားသော ပုံစံများဖြင့် အဆောက်အအုံများစွာ မြင်သာလာသည်။ ယခင်စကြဝဠာ၏ လူနေမှုအသိုက်အ၀န်းမှ ယဉ်ကျေးမှုအသွင်လက္ခဏာများ ဖြစ်ပေလိမ့်မည်။

ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့ လှမ်းကြည့်လိုက်ရာ သင်္ကေတများနှင့် တာအိုအမှတ်အသားတို့က ယခုခေတ်၏ သင်္ကေတများနှင့် လုံးဝမတူညီကြောင်း တွေ့လိုက်ရ၏။

ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့ကဲ့သို့ အဆင့်အထိ ကျင့်ကြံထားသူများအတွက် အံ့မခန်းလိလိ တာအိုသိုင်းကွက်အမျိုးမျိုးအား ကြည့်ရှုလိုက်လျှင် အပေါ်ယံမျက်နှာပြင်ကို ကျော်လွန်၍ အနှစ်သာရကို တွေ့မြင်နိုင်လေသည်။ သူတို့အတွက် လျှို့ဝှက်ချက်ဟူ၍ မရှိတော့ပေ။

ချင်မူက ကောင်းကင်နတ်ဧကရာဇ်ဟောင်ရှိရာသို့ ကြည့်လိုက်ရာ အတိတ်စကြဝဠာမှ ဗျပ်စောင်းကြိုးကို နောက်တစ်ကြိမ် မြင်တွေ့လိုက်ရသည်။ သူ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။

ဤကြိုး၏ စွမ်းအားသည် ခိုင်ဧကရာဇ်ချင်ယဲ့ကဲ့သို့ တာအိုသိုင်းပညာရှင်ကိုပင် ဖျက်ဆီးရန် လုံလောက်၏။ ကောင်းကင်နတ်ဧကရာဇ်ဟောင်သာ ဤကြိုးအား ကောင်းကင်နတ်ဘုံသို့ ယူဆောင်သွားပါက ကောင်းကင်နတ်ဘုံတစ်ခုလုံး၏ သေခြင်းရှင်ခြင်းအာဏာက သူ၏လက်ထဲသို့ ကျရောက်သွားပေလိမ့်မည်။

သေဘေးကြုံရပါက ဤခိုးဝင်လာသူများသည် မီလော့နန်းတော်ကို နာခံကောင်း နာခံကြပေလိမ့်မည်။

“မမကြီးယွဲ့၊ အဲ့ဒီကြိုးကို မြင်လား” ချင်မူ မေးလိုက်သည်။

ကောင်းကင်နတ်အရှင်ယွဲ့လည်း ပတ်ဝန်းကျင်အား ကြည့်လိုက်‌သော်လည်း ကောင်းကင်နတ်ဧကရာဇ်ဟောင် ကောင်းကင်နတ်ဘုံသို့ လျှောက်သွားနေသည်ကိုသာ မြင်လိုက်ရ၏။ ကြိုးကို မတွေ့ရသောကြောင့် ခေါင်းခါလိုက်သည်။ “မမြင်ရဘူး”

ချင်မူ ရင်ထဲတွင် လေးလံသွား၏။ ကောင်းကင်နတ်အရှင်ယွဲ့ မမြင်နိုင်လျှင် အခြားသူများလည်း မြင်နိုင်မည်မဟုတ်ပေ။

ထိုကြိုးကို မြင်နိုင်သူက သူတစ်ဦးတည်းသာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

မီလော့နန်းတော်မှ သခင်လေးလေး၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ မည်မျှထူးကဲနက်နဲလှသည်ကို တွေ့မြင်ရနိုင်၏။

ချင်မူလည်း စိတ်တည်ငြိမ်စေ၍ အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။ ကောင်းကင်နတ်ဧကရီသည် ကောင်းကင်နတ်ဘုံ၏ လက်ကျန်စစ်တပ်ကို ဦးဆောင်ကာ ဘိုးဘေးနန်းတော်၏ အစွန်အဖျား တစ်နေရာ၌ တပ်စွဲထားသည်ကို သတိထားမိလိုက်သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်တွင် စစ်သည်တော် များများစားစား မကျန်တော့ချေ။ ထိုအထဲတွင် ကောင်းကင်နတ်ဧကရီတစ်ဦးတည်းသာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် ရင်ဆိုင်နိုင်သည့် ပုဂ္ဂိုလ်ဖြစ်သည်။

“နင် မရှိတုန်းက ကောင်းကင်နတ်ဧကရီက လူလွှတ်ပြီး လက်နက်ချဖို့ ကိစ္စ ဆွေးနွေးခဲ့တယ်”

ကောင်းကင်နတ်အရှင်ယွဲ့နှင့် ချင်မူတို့ သင်္ဘောဦးတွင် ဘေးချင်းယှဉ်ရပ်နေကြသည်။ ကောင်းကင်နတ်အရှင်ယွဲ့က ကျောပိုးထားသော ဗျပ်စောင်းကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်နေပြီး ချင်မူ့အား ပြော၏။ “ကောင်းကင်နတ်ဧကရီမှာ လက်နက်ချလိုစိတ် ရှိတယ်… သူက သံတမန် လွှတ်ပြီး ဧကရာဇ်ယန်ဖုန်းနဲ့ ဆွေးနွေးနေခဲ့တာ.. ကျန်းပိုင်ကွေ့ ဝင်လာပြီး ညှိနှိုင်းဖို့ ငြင်းလိုက်တော့ ကောင်းကင်နတ်ဧကရီ လက်‌လျှော့သွားတာပဲ”

“ညီလေးကျန်း လုပ်တာ ကောင်းတယ်”

ချင်မူ ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဧကရီရဲ့ အကြံကို ကျွန်တော် အကုန်သိတယ်… သူက အင်အားကျန်သေးတဲ့အချိန် အာဏာကို ထိန်းထားဖို့ ဘက်ပြောင်းချင်တာပဲ... ကောင်းကင်နတ်အရှင်ဆယ်ပါး ဖြစ်ချင်သေးတာပေါ့လေ... ဒါပေမဲ့ ခေတ်ကာလတွေက ပြောင်းလဲသွားခဲ့ပြီ… ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ခေတ်က အဆုံးသတ်သွားပြီ…”

“မီလော့နန်းတော်ရဲ့ သခင်လေးခုနစ် လာရောက်တွေ့ဆုံပါတယ်”

လောကပေါင်းကူးရွှေသင်္ဘော ကောင်းကင်နတ်ဘုံအပြင်ဘက်သို့ ရောက်လာသည်နှင့် ချင်မူ၏အသံက ပဲ့တင်ခတ်သွားကာ မကြာမီ ကောင်းကင်နတ်ဘုံတစ်ခုလုံးဆီသို့ ဖြန့်ကျက်သွားတော့သည်။

တစ်ခဏအကြာတွင် တာအိုသစ်ပင်ငါးပင် တုန်ခါသွားပြီး တာအိုသစ်သီးများက လေထဲတွင် လွင့်မျောလာသည်။ တာအိုသစ်သီးထဲမှ တာအိုသံကြိုးများ ထွက်ပေါ်လာပြီး အရပ်လေးမျက်နှာသို့ ပစ်လွှတ်လိုက်သည်။ တာအိုသံကြိုးများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ကောင်းကင်နတ်ဘုံတစ်ခုလုံးကို လွှမ်းခြုံသွားသည့် ဧရာမပိုက်ကွန်ကြီးအဖြစ် ပြောင်းလဲသွား၏။ ၎င်းကား ထိုးဖောက်မရနိုင်ချေ။

ကောင်းကင်နတ်အရှင်ယွဲ့မှာ ဤသည်ကို မြင်လျှင် မယုံသင်္ကာ ပြောမိသည်။ “မူ၊ သူတို့က နင့်ကို သူခိုးလို ခုခံနေကြသလိုပဲ… ”

ချင်မူက ယုံကြည်ချက်အပြည့်ရှိနေသော မျက်နှာဖြင့် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ဒါက သေချာပေါက် နားလည်မှုလွဲတာပဲ… စိတ်မပူပါနဲ့ သူတို့ ကျွန်တော့်သရုပ်မှန်ကို သိထားကြတော့ သေချာပေါက် ပြင်ဆင်ပြီး ခမ်းခမ်းနားနား ကြိုဆိုရ‌မှာ‌ပေါ့”

ကောင်းကင်နတ်ဘုံအတွင်း၌မူ အုတ်အော်သောင်းနင်း ဖြစ်နေသည်။ ကောင်းကင်နတ်ဘုံကို စောင့်ကြပ်နေသူအများစုမှာ အတိတ်စကြဝဠာမှ ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံက အတော်လေး ထူးကဲကြ၏။ အင်အားကြီးမားသော သိုင်းပညာရှင်အားလုံးက မူလဝိညာဥ်များကို ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်ထားကြပြီး တာအိုကျင့်စဉ်အသီးသီးအား နှိုင်းယှဥ်မရနိုင်သည်အထိ အားကောင်းပြင်းထန်စွာ အသက်သွင်းထားကြသည်။ သူတို့က ကောင်းကင်နတ်ဘုံကို ပို၍တင်းကြပ်စွာ ကာကွယ်လိုက်ကြချေပြီ။

ကောင်းကင်နတ်အရှင်ယွဲ့ ကောင်းကင်နတ်ဘုံထဲသို့ ကြည့်လိုက်ရာ ခန်းမများ၊ ဘဏ္ဍာတိုက်များထဲမှ လက်နက်ကြီးများ ထုတ်ယူနေကြသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ အတိတ်စကြဝဠာမှ အင်အားကြီးသိုင်းပညာရှင်များ ခိုးဝင်လာပြီးနောက် အသစ်စက်စက် သန့်စင်ပြုသွန်းလုပ်ထားသော လက်နက်ကြီးများဖြစ်ကာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ လက်နက်ကြီးများနှင့် အတော်လေး ကွဲပြာ‌ေလေသည်။

လက်နက်ကြီးများ၏ စွမ်းအားတို့ အသက်သွင်းခံလိုက်ရပြီး အံ့သြဖွယ်ကောင်းစွာပင် ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့ဆီ ချိန်ရွယ်ထားကြသည်။

ချင်မူ စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ကောင်းကင်နတ်ဘုံထဲမှ တစ်စုံတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရ၏။ “မီလော့နန်းတော်ရဲ့ အယုတ်တမာကြီး ရောက်လာပြီ… အားလုံး သတိထားကြ…. စိတ်မလှုပ်ရှားကြနဲ့... ဘိုးဘိုးငါး... ဗျို့ ဘိုးဘိုးငါး... ဘိုးဘိုးငါး”

အဘိုးအိုတစ်ဦး၏ အသံက အော်ဟစ်လိုက်သည်။ “လန့်မနေကြနဲ့… မီလော့နန်းတော်ရဲ့ အယုတ်တမာကောင်က အခုမှ ကောင်စုတ်လေးပဲ ရှိသေးတာ… သခင်လေးခုနစ် မဟုတ်သေးဘူး…. ငါတို့ သူ့ကို မကြောက်ဘူး”

ချင်မူ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး ကောင်းကင်နတ်အရှင်ယွဲ့ကတော့ ပါးစပ်အုပ်၍ ခိုးရယ်နေသည်။

ရုတ်တရက် အမျိုးသမီးတစ်ဦး၏ အသံက ဘေးမှ ထွက်ပေါ်လာသည်။ သူမက ကြည်လင်ပြတ်သားစွာ လျှောက်တင်သည်။ “သခင်လေးသုံးနဲ့ သခင်လေးလေးတို့ရဲ့ အမိန့်အရ မီလော့နန်းတော် ဟွမ်ရှီခန်းမက ၁၇ စင်းမြောက် စကြဝဠာရဲ့ ကောင်းကင်နတ်ဧကရာဇ်နဲ့အတူ တောင်ထွတ်အကြီးအကဲငါးပါးကို လာရောက်တွေ့ဆုံပါတယ်”

ချင်မူလည်း ဘေးသို့ကြည့်လိုက်ရာ ခန္ဓာကိုယ်အပေါ်ပိုင်းသာ ကျန်တော့သည့် အမျိုးသမီးတစ်ဦး တာအိုသစ်ပင်အပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ တာအိုသစ်ပင်အောက်တွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်က လျှောက်လာ၍ သူ့ကို ပြုံးပြသည်။

ချင်မူက ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ဂရုပင် မစိုက်ဘဲ ဟွမ်ရှီခန်းမသခင်မဆီသို့ အကြည့်ရောက်သွားသည်။ သူက နွေးထွေးစွာ ပြုံးလိုက်၏။ “တာအိုမိတ်ဆွေဟွမ်ရှီ၊ နောက်တစ်ခါတွေ့ပြန်ပြီ‌နော်”

ဟွမ်ရှီခန်းမသခင်မှာ လျှစ်လျူမရှုဝံ့သောကြောင့် တာအိုသစ်ပင်ပေါ်မှ ဦးညွှတ်အရိုအသေ ပေးလိုက်သည်။ “သခင်လေးခုနစ်ကို ဂါ၀ရပြုပါတယ်… သခင်လေးခုနစ်က ကျွန်မကို သတ်ဖို့ ရှန့်ကျွင်းဆိုတဲ့သူကို အမိန့်ပေးခဲ့ပြီး လမ်းမှာလည်း ကောင်းကင်နတ်သိုင်းနဲ့ ဒုက္ခပေးခဲ့ပေမယ့် ကျွန်မ လွတ်မြောက်လာနိုင်ခဲ့ပါတယ်… ဒီသတင်းသာ ပျံ့နှံ့သွားရင် ကျွန်မ မျက်နှာရမှာပဲ”

ချင်မူက ဟားတိုက် ရယ်မောလိုက်၍ မှင်သေသေ တုံ့ပြန်သည်။ “ကျုပ်ပစ်မှတ်က ခင်ဗျားမဟုတ်ဘူး…. ချူကောနဲ့ ချန်ဖုန်းပဲ…. ချူကောနဲ့ ချန်ဖုန်း သေဆုံးသွားပြီ… အားလုံး ကျုပ်လက်ချက်နဲ့ပဲ…. ခင်ဗျားလည်း မကြာခင် သူတို့နဲ့ တွေ့ရမှာပါ”

ဟွမ်ရှီခန်းမသခင်မှာ ရင်ထဲတွင် အေးခဲသွားပြီး နှာခေါင်းရှုံ့လိုက်၏။ “သခင်လေးခုနစ်၊ ကျွန်မတို့အားလုံးက ဆရာတူမောင်နှမတွေပါ.. ဆရာ့ရဲ့တပည့်တွေပဲလေ… ဒီလို ဆရာတူတပည့်တွေကို လိုက်သတ်နေတာ ဆရာ့ကို မကြောက်ဘူးလား”

ချင်မူ ဂရုမစိုက်ချေ။ “အခု ကျုပ်က ဆရာ့ရဲ့တပည့် မဟုတ်သေးဘူး‌လေ… အဲဒီတော့ မောင်နှမအချင်းချင်း သတ်ဖြတ်တယ်လို့ ပြောလို့မရဘူး… ပြီးတော့ မီလော့နန်းတော်က ၁၇ စင်းမြောက် စကြဝဠာကို ဒုက္ခပေးနေတာ… ကျုပ်က ၁၇ စင်းမြောက် စကြဝဠာရဲ့ အင်အားအကြီးဆုံး လူသားအနေနဲ့ သက်ရှိအားလုံးကို ကာကွယ်ပြီး ကောင်းကင်ဘုံတွေအတွက် တရားမျှတမှု ထိန်းသိမ်း‌ပေးရမယ်”

ဟွမ်ရှီခန်းမသခင်က နှာတစ်ချက်မှုတ်လိုက်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကမူ ပြုံးနေ၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ခေါင်းမာလွန်းတယ်…”

ချင်မူက သူ့ကို လျစ်လျူရှုကာ တစ်ဖက်ပြန်လှည့်သွားသည်။

အဘိုးအိုတစ်ဦးသည် အတိတ်စကြဝဠာမှ ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်များအား ဦးဆောင်ကာ ကောင်းကင်နတ်ဘုံ၏ တောင်ကောင်းကင်မုခ်၀မှ အလျင်အမြန် ထွက်လာသည်ကို တွေ့လိုက်ရ၏။

အဘိုးအိုက တောင်ကောင်းကင်မုခ်၀တွင် ရပ်၍ နှုတ်ဆက်သည်။ “သခင်လေးသုံးနဲ့ သခင်လေးလေးတို့ရဲ့ သံတမန်နဲ့ ခန်းမသခင်တစ်ပါးက ဘာအကြင်းကြောင့်များ ရောက်လာတာပါလဲ”

အဘိုးအို၏အကြည့်က ချင်မူအပေါ်သို့ ကျရောက်လာသည့်အခါ မလိုလားသော အသွင်အပြင် ထွက်ပေါ်လာသည်။ ထို့နောက် ပျောက်ကွယ်သွားပြီး အပြုံးပန်းများ ဝေဆာသွား၏။ “သခင်လေးခုနစ် ကြွရောက်လာတဲ့အတွက် ကျုပ်တို့ အကြီးအကဲငါးပါးကို သိပ်ကို ဂုဏ်ယူမိပါတယ်.. သခင်လေးခုနစ်၊ သံတမန်၊ ခန်းမသခင်၊ မြန်မြန် အထဲကို ကြွကြပါ”

ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့လည်း လောကပေါင်းကူး ရွှေသင်္ဘောပေါ်မှ ဆင်းသက်လာကြသည်။ ကောင်းကင်နတ်အရှင်ယွဲ့၏ အကြည့်များက ဟွမ်ရှီခန်းမသခင်အပေါ်သို့ ကျရောက်သွားပြီး သူမ၏တာအိုသစ်ပင်နှင့် တာအိုသစ်သီးကို အကဲခတ်လိုက်သည်။

ဟွမ်ရှီခန်းမသခင်မှာလည်း သူမကို အကဲခတ်နေသည်။ သူမ၏ကျောပေါ်မှ ဗျပ်စောင်းကိုမြင်လျှင် ရုတ်တရက် စိတ်လှုပ်ရှားသွား၏။ “နင်က ဗျပ်စောင်းတီးပြီး သခင်လေးလေးရဲ့ တာအိုနှလုံးသားကို ရှုပ်ထွေးစေခဲ့တဲ့ အဲ့ဒီအမျိုးသမီးလား”

ကောင်းကင်နတ်အရှင်ယွဲ့က တည်ငြိမ်အေးဆေးစွာ ပြုံးလိုက်သည်။ “အဲ့ဒီတေးသွားက တီးရ တော်တော်ခက်တာ”

ဟွမ်ရှီခန်းမသခင်က ပြုံးလျက် ပြော၏။ “တကယ် ခက်တယ်… အဲ့ဒီတေးသွားကို ကျစ်ရှောင်ရဲ့ တာအို‌အောင်မြင်ခြင်းတေးသွားလို့ ခေါ်တယ်… တေးဂီတနဲ့ တာအိုကျင့်ကြံပြီး တာအိုအဆင့်ထိ ရောက်မှ အပြည့်အဝ တီးခတ်နိုင်တာ… အရင်က သခင်လေးလေးကျစ်ရှောင် တာအိုရဖို့ ခက်ခဲနေပေမယ့် သခင်လေးလေးရဲ့ ဇနီးက သူ့ထက် ခြေတစ်လှမ်းစောပြီး တာအိုရသွားခဲ့တယ်… ဒါကြောင့် သူက ဒီတေးသံကို ဖန်တီးခဲ့တာပဲ… အထွတ်အထိပ် ဝိညာဉ်စွမ်းအင်ပါဝင်ပြီး သူ့ကို တာအိုရအောင် ကူညီခဲ့တယ်.. ၁၆ စင်းမြောက် စကြ၀ဠာမှာ တေးဂီတနဲ့ တာအိုကျင့်ကြံပြီး တာအိုရနိုင်ခဲ့တဲ့ တစ်ယောက်တည်းသော ပုဂ္ဂိုလ်ပေါ့… သခင်လေးလေးရဲ့ ဇနီးက ကပ်ဘေးထဲမှာ ပျောက်ကွယ်သွားတော့ ဒီတေးသွားက နောက်ဆုံးဖြစ်သွားခဲ့တာပဲ”

“ဒါကြောင့်ကိုး”

ကောင်းကင်နတ်အရှင်ယွဲ့ သဘောပေါက်သွားသည်။ “ဒါကြောင့် ကျွန်မ ဒီတေးသွားကို တီးခတ်တဲ့အချိန်တိုင်း အသက်ဝင်အောင် တီးဖို့ ခက်နေခဲ့တာ ဖြစ်မယ်... တေးဂီတနဲ့ တာအိုရမှ ဖြစ်မှာပေါ့လေ… ကံကောင်းစွာနဲ့ ကျွန်မလည်း တေးသွားကို လေ့လာ တီးခတ်ရင်း ရှန့်ကျွင်းရဲ့ အသတ်အဖြတ်စိတ်ဆန္ဒကို နှိုးဆော်နိုင်ခဲ့တယ်… တစ်ချိန်တည်းမှာပဲ နေရာဟင်းလင်းပြင်တာအို အောင်မြင်သွားပြီး ဒီတေးသွားကို တီးခတ်နိုင်ခဲ့ပြီ… အစ်မတော်၊ ရှင်လည်း နေရာဟင်းလင်းပြင်ကို ကျင့်ကြံတာ မဟုတ်လား… ရှင် မတီးခတ်နိုင်ဘူးလား”

ဟွမ်ရှီခန်းမသခင်၏ မျက်လုံးထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒတစ်ခု ဖြတ်ပြေးသွားပြီး ပြုံးရွှင်စွာ ဖြေ၏။ “ငါက တေးဂီတမှာ သိပ်မကျွမ်းကျင်ဘူး… ညီမလေး၊ ခဏနေရင် နင် တစ်ပုဒ်လောက် တီးပြပေါ့… အစ်မ နားထောင်ရအောင်လေ”

ကောင်းကင်နတ်အရှင်ယွဲ့က ပြုံးလျက် တုံ့ပြန်သည်။ “ကောင်းပါပြီ… အစ်မတော်ရဲ့ ဒဏ်ရာမှာ ရှန့်ကျွင်းရဲ့ သတ်ဖြတ်ခြင်းတာအို ကျန်နေသေးတယ်… ကျွန်မရဲ့ တေးသွားကို အစ်မတော် မခံနိုင်ဘဲ သေသွားမှာကိုတော့ စိုးရိမ်မိပါတယ်”

“ကိစ္စမရှိဘူး” ဟွမ်ရှီခန်းမသခင်က အေးစက်စွာ ပြော၏။

အမျိုးသမီးနှစ်ဦးကား အကြည့်လွှဲလိုက်ကြပြီး စကားမပြောတော့ပေ။

ချင်မူက လမ်းပြနေသည့် အဘိုးအိုကို မေး၏။ “တာအိုနောင်တော်က အကြီးအကဲငါးဦးထဲက တစ်ဦးလား… ကျွန်တော်တို့ သိကြလား”

ထိုအဘိုးအိုက အလျင်အမြန် ဖြေသည်။ “မဝံ့ပါရဲပါဘူးဗျာ… သခင်လေးခုနစ်၊ ကျုပ်တို့ အကြီးအကဲငါးဦးက အတိတ်စကြဝဠာမှာ အရေးမပါတဲ့လူတွေပါ…. သခင်လေးခုနစ်ရဲ့ မျက်စိရှေ့ ရောက်မလာရဲပါဘူး… အရင်ကတော့ သခင်လေးခုနစ်ရဲ့ ရိုက်နှက်တာ ခံရဖူးပါတယ်… ကျုပ်တို့က သိပ်ကိုနိမ့်ကျလို့ သခင်လေးခုနစ် မမှတ်မိတာ ဖြစ်နိုင်ပါတယ်”

ချင်မူ တဟားဟား ရယ်လျက် စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။ ‘ဒီကိုရောက်တာတောင် ရန်သူနဲ့ လာတွေ့နေတာပါလား… ငါ အတိတ်ကို ပြန်သွားတုန်းက ဘယ်လောက်များတဲ့သူတွေကို ဒုက္ခပေးခဲ့တာလဲ မသိဘူး… ငါ့ရဲ့လူမှုဆက်ဆံရေးက ဒီလောက်တောင်ဆိုးတာလား…. မိတ်ဆွေတစ်ယောက်မှ မရှိဘူးလား’

All Chapters