← Chapters

ကြိုးတစ်ချောင်း၏ အင်အား

Vol. 136 Ch. 1749

ကြိုးတစ်ချောင်း၏ အင်အား

Vol. 136 Ch. 1749

“သခင်လေးခုနစ်၊ အကြီးအကဲငါးဦးကို လောကသစ်ပင်အောက်က မသေနိုင်တဲ့ မကောင်းဆိုးဝါးတွေလို့ ခေါ်ကြတယ်… အကြီးဆုံးက ဖုန်းဟွားလျန်၊ ဒုတိယက ဟွမ်ထန်း၊ တတိယက ချန်းယန်ခွေ့၊ စတုတ္ထက ယန်ရှို့ကော၊ အငယ်ဆုံးကတော့ အခု ရှေ့မှာရှိနေတဲ့ လီရှုပါ”

ဟွမ်ရှီခန်းမသခင်၏ အသံ ထွက်ပေါ်လာသည်။ “ဒီမကောင်းဆိုးဝါးငါးယောက်က လောကသစ်ပင်အောက်မှာ ပုန်းအောင်းပြီး လောကသစ်ပင်ကို အစွမ်းကုန် စောင့်ရှောက်နေခဲ့ကြတာ… စကြဝဠာပျက်စီးတဲ့အခါ အနာဂတ်မှာ သူတို့ နေရာမရမှာကို စိုးရိမ်လို့ လောကသစ်ပင်ကို အကြောင်းမရှိဘဲ စွန့်ခွာလေ့ မရှိဘူး… အတိတ်က စကြဝဠာခေတ်တချို့မှာ လောကသစ်ပင်အစွန်းကို ဘယ်အချိန်ပဲသွားသွား ဒီအံ့ဩဖွယ်မြင်ကွင်းကို မြင်တွေ့နိုင်တယ်”

အကြီးအကဲလီရှုက ပြုံးလိုက်သည်။ “ခန်းမသခင်က နောက်နေပြန်ပါပြီ… ကျုပ်တို့ စွမ်းဆောင်ရည်တွေက နိမ့်ကျတော့ သူများတွေနဲ့ ယှဉ်လို့မနိုင်ဘူးလေ… ဒါကြောင့် အရင်ဆုံး နေရာဦးထားရတာပါ… ဒါမှ စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးကြီး ရောက်လာတဲ့အချိန် ကျုပ်တို့ နောက်ခေတ်တစ်ခတ်ကို ခိုးဝင်ဖို့ အဆင်ပြေမှာပေါ့ မဟုတ်လား”

ချင်မူ ဇဝေဇဝါဖြင့် မေးလိုက်မိသည်။ “ဒါဆိုရင် ခင်ဗျားတို့ငါးယောက်က ဘာလို့ ဒီခေတ်ကျမှ လောကသစ်ပင်ကို စွန့်ခွာပြီး ကောင်းကင်နတ်ဘုံမှာ အခြေချတာလဲ”

သူက ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ “ဒီကောင်းကင်နတ်ဘုံက ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို တုပထားပြီး အထွတ်အမြတ်အာဏာကို ကိုယ်စားပြုတယ်… ခုနက ဟွမ်ရှီခန်းမသခင် ပြောတာ ကြားတာတော့ ခင်ဗျားတို့ငါးယောက်က စည်းစိမ်တွေ၊ ကျော်ကြားမှုတွေကို စိတ်မဝင်စားတဲ့ သိုင်းပညာရှင်တွေမလား… ဘာလို့ ဒီစကြ၀ဠာမှာ အာဏာကို တပ်မက်ရတာလဲ”

လီရှုသည် အလျင်အမြန် ပြောလိုက်၏။ “သခင်လေးခုနစ် နားလည်မှုလွဲနေပါပြီ… ကျုပ်တို့ အကြီးအကဲငါးဦးက သိပ်ကြောက်တတ်တဲ့ ကြွက်လေးငါးကောင်လေ … ဘယ်လိုလုပ် အာဏာအပေါ် တပ်မက်တဲ့စိတ် ရှိရဲမှာလဲခင်ဗျာ… မဟုတ်ရပါဘူး…. မလုပ်ရဲပါဘူး…. ဒီနေရာ လွတ်နေတာကို တွေ့လို့ ကျုပ်တို့ ခဏလာနေရုံပါပဲ… သိမ်းပိုက်လိုစိတ် မရှိပါဘူး… ဒီနေရာရဲ့ ပိုင်ရှင် ရောက်လာရင် ကျုပ်တို့ ဖယ်ပေးလိုက်မှာပါ”

သူသည် ကြင်နာတတ်သူတစ်ဦးကဲ့ပမာ ပြုမူနေသော်လည်း ဤနေရာတွင် ရှိနေသူအားလုံးသည် ဒုက္ခဘေးများစွာ ကျော်ဖြတ်ခဲ့သူများ မဟုတ်လော။ အကြီးအကဲငါးဦး၏ အတွေးကို မည်သို့ မသိဘဲ နေကြမည်နည်း။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးသည်။ “အကြီးအကဲငါးဦးက မီလော့နန်းတော် ဒီစကြဝဠာဆီ မဆင်းသက်သေးတာနဲ့ မီလော့နန်းတော်အရှင်သခင် ပုန်းအောင်းနေတာကိုပဲ မြင်ခဲ့တာပဲ… အလေးသာနေပြီလာိ့ ထင်သွားမှာပေါ့… ဒါ့အပြင် ဒီစကြဝဠာမှာ အင်အားကြီးသိုင်းပညာရှင်တွေလည်း သိပ်မများတော့ အကြီးအကဲငါးဦးအနေနဲ့ အာဏာကို တပ်မက်တဲ့စိတ်တွေ ပေါ်လာတာပဲ… စကြဝဠာကို ထိန်းချုပ်ပြီး တစ်သက်တာရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ခဲ့တယ် … ဒီလိုစိတ်ထားက အားလုံးမှာ ရှိတာပဲလေ… ဘာလို့ ဝန်မခံရဲရတာလဲ”

လီရှုသည် ကျယ်လောင်စွာ ရယ်မောပြီး ခေါင်းခါလိုက်သည်။ “ကျုပ်တို့ ကြွက်ငါးကောင်က လောကသစ်ပင်အောက်မှာ တွင်းတူးပုန်းနေဖို့ပဲ သိတာပါ… ဒီလို မတော်လောဘစိတ်တွေ မတွေးရဲပါဘူး… ကျုပ်တို့ ခိုလှုံစရာနေရာလေးတစ်ခုပဲ လိုချင်တာပါ… တစ်ယောက်ယောက်က ထမင်းတစ်လုတ် ကျွေးရင်ပဲ ကျေးဇူးတင်လှပါပြီ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အကြည့်များက တောက်ပသွားသည်။ “ကျုပ် ခင်ဗျားတို့ကို ခိုလှုံစရာအဖြစ် ဒီနေရာကို ပေးနိုင်တယ်”

လီရှုက သူ့ကို တစ်ချက်ကြည့်ပြီး ရယ်မောလိုက်သည်။ “ညီလေးက နောက်နေတာပဲ… မင်းမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ မျက်နှာပျက်သွားပြီး နှာတစ်ချက်မှုတ်လိုက်သည်။

လီရှုက သူတို့ကို ကောင်းကင်နတ်ဘုံ၏ နတ်ကောင်းကင်ခန်းမဆီသို့ ဦးဆောင်ခေါ်သွားသည်။ ယခု နတ်ကောင်းကင်ခန်းမဆောင်မှာ ပြာကျနေပြီး ဧရာမယဇ်ပလ္လင်တစ်ခုသာ နေရာယူထားသည်။ ယဇ်ပလ္လင်ပေါ်တွင် အဘိုးအိုလေးဦး ထိုင်နေပြီး ပတ်ဝန်းကျင်တွင် လောကသစ်ပင်အောက်မှ ခိုးဝင်လာသော အတိတ်စကြဝဠာမှ အင်အားကြီးသိုင်းပညာရှင်များဖြင့် ပြည့်နှက်နေ၏။

လီရှုက ပြုံးလိုက်သည်။ “အားလုံးပဲ.. ကျုပ်တို့ အကြီးအကဲငါးယောက်မှာ သင့်တင့်တဲ့ နန်း‌ဆောင်တောင် မရှိပါဘူး… ဒါက ကျုပ်တို့ ဒီမှာ ခဏနေရုံသာ ဖြစ်ပြီး လောဘစိတ် မရှိဘူးဆိုတာကို ပြနေတာပါပဲ”

ချင်မူမှာ ပတ်ဝန်းကျင်တွင် ပြည့်နှက်နေသော လက်နက်ကြီးများကို ကြည့်လိုက်သည်။ သူတို့သွားရာနေရာတိုင်းသို့ ထိုလက်နက်ကြီးများက ချိန်ရွယ်ထား၏။ သူက စိတ်မပါစွာ ချီးကျူးလိုက်သည် “အားလုံးက မြင့်မြင့်တည်ကြည်ပြီး နှိမ့်ချနေကြတာပဲနော်… သိပ်ကို လေးစားမိပါတယ်”

သူ၏အကြည့်က ယဇ်ပလ္လင်ပေါ်သို့ ထပ်မံ ကျရောက်သွားသည်။ ဤယဇ်ပလ္လင်မှာ အလွန်ထူးဆန်းပြီး တမူထူးခြားသော အသွင်အပြင် ရှိသည်။ မီလော့နန်းတော်၏ အမွေအနှစ်နှင့်မတူဘဲ အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေသည်။

ဤယဇ်ပလ္လင်တွင် အသုံးပြုထားသော နတ်ပစ္စည်းများနှင့် နတ်ရွှေများမှာ ဘိုးဘေးနန်းတော်၏ အဆင့်မြင့်ဆုံး အရည်အသွေးများ ပိုင်ဆိုင်ထားကြ၏။ ချင်မူမှာ ဤယဇ်ပလ္လင်၏ အသုံးဝင်ပုံကို အချိန်တိုအတွင်း မမြင်နိုင်ပေ။

ချင်မူ ချီးကျူးလိုက်သည်။ “အကြီးအကဲငါးဦးက တကယ်ပဲ စင်ကြယ်ကြတယ်နော် … ရွှေက ဖုန်မှုန့်တွေလို ခင်ဗျားတို့အောက်မှာ ရှိနေတယ်”

ခေါင်းဆောင် ဖုန်းဟွားလျန်က ချောင်းဟန့်လိုက်သည်။ “သခင်လေးခုနစ်က နောက်နေပြန်ပါပြီ… သခင်လေး၊ ဟွမ်ရှီခန်းမသခင်၊ သံတမန်တို့ ယဇ်ပလ္လင်ပေါ် တက်ပြီး ဆွေးနွေးကြတာပေါ့”

ဤယဇ်ပလ္လင်မှာ တစ်ခုခုမှားယွင်းနေကြောင်း ထင်ရှားသော်လည်း ကောင်းကင်နတ်ဧကရာဇ်ဟောင်ကား လုံးဝမကြောက်ရွံ့ချေ။ သူက ရင်ကော့ခေါင်းမော့ကာ ရှေ့ဆုံးမှ ယဇ်ပလ္လင်ပေါ်သို့ တက်သွားပြီး အလယ်ဗဟိုသို့ လျှောက်သွား၍ အကြီးအကဲငါးဦးကို နှုတ်ဆက်လိုက်သည်။ “ကျုပ်က သခင်လေးသုံးနဲ့ သခင်လေးလေးတို့ရဲ့ အမိန့်အရ တာအိုမိတ်ဆွေငါးဦးကို လာရောက်တွေ့ဆုံတာပါ”

ဖုန်းဟွားလျန်က ခေါင်းညိတ်သည်။ “ဆိုတော့ မင်းက ဒီစကြဝဠာခေတ်ရဲ့ ကောင်းကင်နတ်ဧကရာဇ်‌ပေါ့… ကျေးဇူးပြုပြီး ထိုင်ပါ”

ဟွမ်ရှီခန်းမသခင်၏ တာအိုသစ်ပင်က လွင့်မျောလာပြီး ယဇ်ပလ္လင်ထဲ ဝင်ရောက်သွားသည်။ ယင်းက အကြီးအကဲငါးဦးကို နှုတ်ဆက်လိုက်ရာ အကြီးအကဲငါးဦးကလည်း ထရပ်၍ ပြန်လည်အရိုအသေပြုလိုက်၏။ “ခန်းမသခင်ဟာ သိပ်ကိုကျော်ကြားပါတယ်… ကျုပ်တို့လို တောကြိုတောင်ကြားက လာတဲ့ လူလေလူလွင့်တွေဆိုတာ ခန်းမသခင်မလို မျိုးကြီးဆွေကြီး ပုဂ္ဂိုလ်နဲ့ ယှဉ်ရင် သာမညအဆင့်ပဲ ရှိပါတယ်… ခန်းမသခင်က မသန်စွမ်းတော့ပေမယ့် စိတ်ဓာတ်ခိုင်မာပါပေတယ် … ကျုပ်တို့ အဘိုးကြီးငါးယောက်အနေနဲ့ လေးစားအားကျမိပါတယ်”

ဟွမ်ရှီခန်းမသခင်မှာ မျက်နှာအနည်းငယ် ပျက်သွားသည်။ ဤအဘိုးကြီးငါးယောက်ကား သူမ ၁၇ စင်းမြောက် စကြဝဠာသို့ ဆင်းသက်ပြီးနောက် ခြေထောက်နှစ်ချောင်း ဖြတ်တောက်ခံရသည်ကို လှောင်ပြောင်နေခြင်းပင်။

ချင်မူလည်း ယဇ်ပလ္လင်ပေါ်သို့ တက်သွား၏။ အကြီးအကဲငါးဦးက အလျင်အမြန် အရိုအသေပြုကာ ပြောသည်။ “သခင်လေးခုနစ်က အဝေးကနေ ရောက်လာခဲ့တာပဲ… ကျုပ်တို့ အဘိုးကြီးငါးယောက်က သခင်လေး တိုက်ခိုက်မှာ ကြောက်လို့ ထ မကြိုနိုင်ခဲ့ပါဘူး… ကျေးဇူးပြုပြီး ခွင့်လွှတ်‌ပေးပါ”

“ရပါတယ်…. ရပါတယ်”

ချင်မူက အပြုးပန်းများ ဝေဆာစွာဖြင့် လက်မြှောက်လိုက်သည်။ “အကြီးအကဲငါးဦးက သိပ်ကို သိက္ခာရှိပြီး မြင့်မြတ်တည်ကြည်တဲ့ နောင်တော်တွေပါ… ရပ်မနေပါနဲ့တော့… ထိုင်ကြပါ”

အကြီးအကဲငါးဦးက အလျင်အမြန် ကျေးဇူးတင်ပြီး ထိုင်လိုက်ကြ၏။

ချင်မူလည်း ထိုင်လိုက်သည်။ “ကျုပ် အတိတ်စကြဝဠာမှာ အကြီးအကဲငါးဦးကို လေးစားချစ်ခင်ခဲ့ပေမယ့် အကြီးအကဲငါးဦးအတွက်တော့ အဲ့ဒါက အတိတ်က ကိစ္စဖြစ်‌နေမှာပဲ.. ကျုပ်အတွက်တော့ ဖြစ်မလာ‌သေးတဲ့ အနာဂတ်ကကိစ္စ ဖြစ်နေသေးတယ်…. ကျုပ်တို့ရဲ့ တွေ့ဆုံမှုက သိပ်ကိုဆန်းကြယ်လွန်းလို့ သက်ပြင်း‌တောင် ချမိပါတယ်” ထို့နောက် သူက တဟားဟား ရယ်မောလိုက်သည်။

အကြီးအကဲငါးဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း မရယ်နိုင်ကြပေ။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ချောင်းဟန့်လိုက်ကာ ကြယ်လင်ပြတ်သားစွာ ပြော၏။ “အကြီးအကဲငါးဦးက တာအိုသိုင်းပညာရှင်တွေပဲ… မီလော့နန်းတော်က ဆင်းသက်လာတော့မယ်… သခင်လေးသုံးနဲ့ သခင်လေးလေးက ကျုပ်ကို အမိန့်ပေးစေလွှတ်ပြီး အကြီးအကဲငါးဦးနဲ့ ပူးပေါင်းလို့ မီလော့နန်းတော် ဆင်းသက်မယ့် အစီအစဉ်ကို ဆောင်ရွက်ခိုင်းလိုက်ပါတယ်… အကြီးအကဲငါးဦး ဘယ်လိုသဘောရပါသလဲ”

သူက စကားပလ္လင်ခံမနေဘဲ လာရင်း ရည်ရွယ်ချက်ကို ထုတ်ပြောသည်။ မီလော့နန်းတော်၏ အရှိန်အဝါဖြင့် ဖိအားပေးကာ ခိုးဝင်လာသူများကို မီလော့နန်းတော်ထံ လက်နက်ချစေရန် ကြိုးစားနေသည်ဟု အားလုံး ခံစားနေရ၏။

ချန်းယန်ခွေ့မှာ အဘွားအိုတစ်ဦး ဖြစ်သည်။ သူမသည် ထိုစကားအား ကြားသောအခါ ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ “မီလော့နန်းတော်က အရှိန်အဝါ ကြီးလိုက်တာနော်… လက်ပါးစေအဆင့်နဲ့ကောင်က ငါတို့ကို လာအော်နေတယ်… ငါတို့ အကြီးအကဲငါးဦးကို ရွှံ့နဲ့လုပ်ထားတယ်များ ထင်နေလား”

“ညီမသုံး… သိက္ခာထိန်းစမ်း”

ဟွမ်ထန်းက ပြုံးလိုက်သည်။ “ဒီကောင်လေးက ငါတို့ဆရာရဲ့ ချီးမြှောက်မှုကို အခုမှ ရထားတာလေ… ထုံးစံအတိုင်း အမြီးလေးလှုပ်ပြီး ဟောင်ပြမှ ဆုရမှာပေါ့… အပြစ်မတင်ပါနဲ့ ညီမသုံးရယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်နှာမှာ အေးစက်သွားပြီး သောင်းကျန်းရန် ပြင်လိုက်သည်။ ဟွမ်ရှီခန်းမသခင်က ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဒီခေတ်မှာ ငါတို့မီလော့နန်းတော် ထောက်ပံ့ပေးထားတဲ့ တာအိုမိတ်ဆွေပဲ… အနာဂတ်မှာ မီလော့နန်းတော်ကို ၀င်လိမ့်မယ်… သခင်လေးသုံးနဲ့ သခင်လေးလေးတို့တောင် သူ့ကို တာအိုမိတ်ဆွေလို့ ခေါ်ကြတယ်… အကြီးအကဲငါးဦး သူ့ကို ဒီလိုစော်ကားတာက ငါတို့မီလော့နန်းတော်နဲ့ ဆရာ့ကို စော်ကားတာ ဖြစ်မသွားဘူးလား”

ယန်ရှို့ကော၏ မျက်နှာမှာ တည်ကြည်သွားပြီး လေးနက်စွာ ပြောလိုက်သည်။ “မဝံ့ရဲပါဘူး… မီလော့နန်းတော်အရှင်သခင်က တကယ်ပဲ ပြိုင်ဘက်ကင်းတဲ့ သိုင်းပညာရှင်တစ်‌ယောက်ပါ… ကျွန်မတို့ လူအိုကြီးငါးယောက်လည်း လေးစားပါတယ်… ဒါပေမဲ့ မီလော့နန်းတော်အရှင်သခင်က မီလော့နန်းတော်ကို မအုပ်ချုပ်တော့ဘူး… အာဏာက သူများလက်ထဲ ရောက်သွားပြီ… မီလော့နန်းတော်က သခင်လေးတွေကတော့…”

သူမက နှာခေါင်းရှုံ့လိုက်၏။ “ယင်ကောင်တွေလို တဝဲဝဲ ကပ်နေတဲ့ သူ‌တွေပဲ… ကျွန်မတို့ထက် သာမနေဘူး”

“ညီမ,လေး… မရိုင်းစမ်းနဲ့”

ဖုန်းဟွားလျန်သည် မျက်နှာကြီး မည်းမှောင်သွားပြီး ဆူပူလိုက်သည်။ “ဟွမ်ရှီခန်းမသခင် အပြစ်မယူပါနဲ့ခင်ဗျာ… ကျုပ်တို့ငါးယောက်ရဲ့ စိတ်နေစိတ်ထားက ထူးဆန်းတာကို ခင်ဗျားလည်း သိပါတယ်… စကားပြောတာ နည်းနည်းလွန်သွားတတ်တယ်… သခင်လေးခုနစ်၊ သံတမန်နဲ့ ခန်းမသခင်တို့ရဲ့ ရည်ရွယ်ချက်ကို ကျုပ်တို့ သိပါပြီ… သခင်လေးခုနစ် လာတာရော ဘာရည်ရွယ်ချက်များ ရှိလို့လဲ”

ချင်မူလည်း ပြုံးလိုက်ကာ အေးအေးလူလူ ပြော၏။ “‌‌ကျေးဇူးပြုပြီး ခင်ဗျားတို့‌တွေ လာရာလမ်းအတိုင်း လောကသစ်ပင်ဆီ ပြန်သွားကြပါ ”

အကြီးအကဲငါးဦး တစ်ပြိုင်နက်တည်း မျက်နှာပျက်သွားကြသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင် ယူဆောင်လာသော သခင်လေးသုံးနှင့် သခင်လေးလေးတို့၏ အမိန့်ကပင် အလွန်အမင်းလွန်ကဲနေပြီ ဖြစ်၏။ ချင်မူ၏ ရည်ရွယ်ချက်မှာ ပို၍လွန်ကဲနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူတို့ကို လာရာလမ်းအတိုင်း ပြန်သွားစေချင်နေသည်။

ယန်ရှို့ကောက နှာခေါင်းရှုံ့လိုက်၏။ “သခင်လေးခုနစ်၊ အတိတ်တုန်းက နင့်ရဲ့ စွမ်းဆောင်ရည်တွေက နက်နဲဆန်းကြယ်လွန်းလို့ ငါတို့ နင့်ကို လေးစားခဲ့တယ်… အခု နင့်စွမ်းရည် သာမန်ပဲ… ငါတို့အကြီးအကဲငါးဦး နင့်ကို အတိတ်ဆီ ပြန်ပို့ပြီး သခင်လေးခုနစ်ဖြစ်အောင် လုပ်ပေးရ‌မယ် ထင်တယ်”

ချင်မူ ပြုံးရုံသာပြုံးပြီး စကားမပြောပေ။

ဖုန်းဟွားလျန်က ဟက်ခနဲ တစ်ချက် ရယ်လိုက်သည်။ “သခင်လေးခုနစ်က ဒီနေရာရဲ့ အရှင်သခင်ပဲ… ညီမ,လေး ရိုင်းစိုင်းမနေနဲ့… သခင်လေးခုနစ်၊ မင်းရဲ့ တောင်းဆိုချက်က သိပ်များလွန်းတယ်… ငါတို့ သခင်လေးသုံးနဲ့ သခင်လေးလေးဆီ ခိုလှုံသွားမှာ မကြောက်ဘူးလား”

“ခင်ဗျားတို့က ပူးပေါင်းမှာမလို့လား” ချင်မူ မေးလိုက်သည်။

“ဟားဟားဟား”

ဖုန်းဟွားလျန်က ထရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ တောင်တန်းကဲ့သို့ ကြီးမားကြံ့ခိုင်ပြီး ဆံပင်ဖြူများက နှင်းတောင်ပေါ်မှ နှင်းများအလား ဖွေးဖွေးလှုပ်နေသည်။ သူ၏အသံက မိုးကြိုးသံကဲ့သို့ ကောင်းကင်အား တုန်ခါသွားစေ၏။ “သေချာပေါက် မပူးပေါင်းဘူးပေါ့… ငါတို့ အကြီးအကဲငါးဦးကလည်း ကောင်းကင်နဲ့ မြေကြီးတခွင်မှာ နာမည်ကြီးပုဂ္ဂိုလ်တွေပဲ… တာအိုသိုင်းပညာရှင်တွေ ဖြစ်လာပြီး နှစ်ကုဋေပေါင်းများစွာ ရှင်သန်လာခဲ့ကြတာ… စကြဝဠာပြောင်းလဲမှုတွေ ပျက်စီးမှုတွေကို ကြုံတွေ့ခဲ့ကြတယ်… အတိတ်တုန်းက မီလော့နန်းတော်ရှိနေတဲ့အတွက် ပုန်းအောင်းခဲ့ကြတာ… ဒါပေမဲ့ အခု မီလော့နန်းတော်ဟာ မဟာပျက်စီးခြင်းကပ်ဘေးမှာ ပိတ်မိနေပြီ… ငါတို့ ကြောက်ရွံ့နေစရာ မလိုတော့ဘူး”

သူသည် အိုမင်းနေပုံရှိသော်လည်း သူရဲကောင်းအားမာန်တို့ဖြင့် ပြည့်နှက်နေပြီး သူ၏အသံက ကောင်းကင်နတ်ဘုံအနှံ့ ပျံ့နှံ့သွားသည်။ “မီလော့နန်းတော်က စကြ၀ဠာကို ရာစုနှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့တယ်… ရည်မှန်းချက်တွေကို အကောင်အထည် မဖော်နိုင်ခဲ့တဲ့ ဉာဏ်ကြီးရှင်တွေ ဘယ်လောက်များလိုက်သလဲ… မီးခိုးငွေ့တွေလို လွင့်ပြယ်သွားရတဲ့ သူရဲကောင်းတွေ ဘယ်လောက်များလိုက်သလဲ… ဒူးထောက်ပြီး စိတ်မပါဘဲ အညံ့ခံခဲ့ရတဲ့ သူရဲကောင်းတွေ ဘယ်‌လောက်ရှိလိုက်သလဲ ... အခု အခွင့်အရေးရောက်လာပြီ”

ချင်မူက ပြုံးလျက် တိတ်ဆိတ်စွာ နားထောင်နေသည်။

ကောင်းကင်နတ်ဘုံတွင် အတိတ်စကြဝဠာမှ ခိုးဝင်လာသူများ၏ ဟစ်ကြွေးသံတို့က နားကွဲမတတ် ဆူညံနေသည်။

ဖုန်းဟွားလျန်က စိတ်အားထက်သန်စွာဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။ “မီလော့နန်းတော်ရဲ့ ဖိနှိပ်မှုအောက်မှာ စကြဝဠာတစ်ခုပြီးတစ်ခု ကြွေလွင့်ပျောက်ကွယ်ခဲ့ရတယ်… လောကမှာ တာအိုသိုင်းပညာရှင်တွေ ပိုပိုပြီးနည်းပါးလာခဲ့ရတယ်… မီလော့နန်းတော်ကို ဆက်ပြီး အာဏာအုပ်စိုးခွင့် ဘယ်သူမှ တာအိုရနိုင်မှာ မဟုတ်ဘူး… ၁၇ စင်းမြောက် စကြဝဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေး ရောက်လာရင် ငါတို့အားလုံး သေရလိမ့်မယ်… ငါတို့အနေနဲ့ မီလော့နန်းတော်ကို လုံး၀မနာခံနိုင်ဘူး”

“လုံး၀ပဲ” ကောင်းကင်နတ်ဘုံတွင် အတိတ်စကြဝဠာမှ ခိုးဝင်လာသူများ၏ ဟစ်ကြွေးသံများက မိုးခြိမ်းသံများအလား တဂျိန်းဂျိန်း ညံနေ၏။

ဖုန်းဟွားလျန်က ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ဟွမ်ရှီခန်းမသခင်ကို ငုံ့ကြည့်လိုက်သည်။ သူက အေးစက်စွာ ပြောသည်။ “နှစ်ယောက်လုံး ကျေးဇူးပြုပြီး ပြန်ကြပါတော့… သခင်လေးသုံးနဲ့ သခင်လေးလေးတို့ကို ပြောလိုက်ပါ… အကြီးအကဲငါးဦး ရှိနေသရွေ့ မီလော့နန်းတော် ဆင်း…”

ရုတ်တရက် ဗျပ်စောင်းသံတစ်ချက် တိုးညှင်းစွာ ထွက်ပေါ်လာသည်။

ချင်မူက ဘေးမှ ကောင်းကင်နတ်အရှင်ယွဲ့၏ လက်ကို ကိုင်ကာ မလှုပ်ရှားရန် အချက်ပြလိုက်သည်။

ထိုဗျပ်စောင်းသံ ထွက်ပေါ်လာသည့်အချိန်တွင် ကျယ်ပြောအဆုံးမရှိသော ကောင်းကင်နတ်ဘုံမှာ အနည်းငယ်မျှ တုန်ခါသွား၏။ သေးငယ်လွန်းသဖြင့် သတိမပြုမိနိုင်သလောက် ရှိသည်။ ကောင်းကင်နတ်အရှင်ယွဲ့သည် အန္တိမဟင်းလင်းပြင်ကို ကျင့်ကြံထားသည့်အလျောက် နေရာဟင်းလင်းပြင်၏ ပြောင်းလဲမှုများကို အသေးစိတ်အာရုံခံနိုင်၏။ ထို့ကြောင့် ထိုတုန်ခါမှုကို ချက်ချင်းသတိပြုမိလိုက်သည်။

ဟွမ်ရှီခန်းမသခင်လည်း ဤတုန်ခါမှုကို သတိထားမိ၏။ သို့သော် အခြားသူများမှာမူ သူတို့လောက် နက်နဲသည့် အောင်မြင်မှုများ မရှိကြချေ။

ဖုန်းဟွားလျန်၏ နောက်ဆုံးစကားလုံး ထွက်လာသည်။ “...သက်”

“ဆင်းသက်” ဟူသော စကားလုံး ထွက်လာသည်နှင့် တောင်ကောင်းကင်မုခ်၀မှ ရုတ်တရက် အနည်းငယ် တိမ်းစောင်းသွား၏။ ထောင့်ဖြတ်အက်ကွဲကြောင်းတစ်ခုက အသံတိတ် ပေါ်ထွက်လာသည်။ တောင်‌ကောင်းကင်မုခ်၀၏ အပေါ်ပိုင်းမှာ အလွန်ချောမွေ့သော လျှောတစ်ခုပေါ်သို့ ကျရောက်သွားသကဲ့သို့ အသံမထွက်ဘဲ အောက်သို့ လျှောကျသွားချေပြီ။

ဖုန်းဟွားလျန်သည်လည်း စိတ်အားထက်သန်စွာ စကားပြောပြီးနောက် တောင်းကောင်ကင်မုခ်၀၏ ထူးဆန်းသောအခြေအနေကို သတိထားမိသွား၏။ သူက ဇဝေဇဝါ မျက်နှာအမူအရာဖြင့် အလောတကြီး ခေါင်းလှည့်ကြည့်လိုက်သည်။

ကွဲအက်သွားသည်မှာ တောင်ကောင်းကင်မုခ်၀တစ်ခုတည်း မဟုတ်ချေ။ အခြားနန်းဆောင်များနှင့် ကောင်းကင်နတ်ဘုံမှ ခန်းမများ၊ ကောင်းကင်နန်းဆောင်များမှာလည်း တစ်စုံတစ်ခုကြောင့် နှစ်ပိုင်း ဖြတ်တောက်ခံလိုက်ရသည်။

နန်းဆောင်ထောင်ပေါင်းများစွာ၏ အပေါ်ပိုင်းမှာ အသံတိတ်စွာဖြင့် အောက်သို့လျှောကျနေကြ၏။

သူ အခြားကောင်းကင်မုခ်၀များဆီသို့ ကြည့်လိုက်ရာ အနောက်ကောင်းကင်မုခ်၀၊ မြောက်ကောင်းကင်မုခ်၀နှင့် အရှေ့ကောင်းကင်မုခ်၀တို့မှာလည်း ဖြတ်တောက်ခံရပြီး လျှောကျနေသည်ကို တွေ့လိုက်ရသည်။

ဘုန်းးး

ရုတ်တရက် ယဇ်ပလ္လင်ဘေးရှိ လက်နက်ကြီးတစ်ခု၏ အပေါ်ပိုင်းမှာ မြေပြင်ပေါ်သို့ လျှောကျသွား၏။ ထို့နောက် နောက်ထပ် ဘုန်းခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။ အတိတ်စကြဝဠာမှ ခိုးဝင်လာသူများ အပင်ပန်းခံတည်ဆောက်ခဲ့သော လက်နက်ကြီးအားလုံး နှစ်ပိုင်းပြတ်တောက်သွားကြချေပြီ။

သူ့ဘေးတွင် အတိတ်စကြဝဠာမှ ခိုးဝင်လာသူတစ်ဦးက သူ၏လည်ပင်းကိုသူ လက်ဖြင့် စမ်းကြည့်လိုက်၏။ လည်ပင်းတွင် သွေးတချို့ စို့နေသည်။

သူက မျက်တောင်ခတ်လိုက်ပြီး အကြည့်များ ဗလာကျင်းနေ၏။ ထို့နောက် ပတ်ဝန်းကျင်မှ သူ့ရဲဘော်များ၏ ဦးခေါင်းများမှာ လည်ပင်းပေါ်မှ တစ်ခေါင်းပြီးတစ်ခေါ်ငး ပြုတ်ကျသွားသည်ကို တွေ့လိုက်ရသည်။ ဖြတ်တောက်ခံထားရသည့် အရာသည် အလွန်ညီညာနေပြီး သူတို့၏ မူလဝိညာဉ်ပင်လျှင် အလွန်တရာ သေသပ်ညီညာစွာ ဖြတ်တောက်ခံထားရသည်။

“ငါ့ခေါင်း…” သူ၏အမြင်အာရုံမှာ တိမ်းစောင်းသွားပြီး ဦးခေါင်းကား လည်ပင်းမှ ဖြည်းညင်းစွာ လျှောကျသွးသည်။

ဖုန်းဟွားလျန် တစ်ကိုယ်လုံး တောင့်တင်းသွား၏။ သူက ယဇ်ပလ္လင်ပေါ်တွင် မလှုပ်မယှက်ရပ်နေကာ နဖူးမှ ချွေးများ စီးကျနေသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က အသက်ပြင်းပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရာ ဖုန်းဟွားလျန်၏ ရင်ဘတ်တွင် သွေးကြောင်း တစ်ကြောင်း ထင်းလာသည်။ သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းက နောက်သို့ ပျံထွက်သွားကာ ထူးဆန်းစွာဖြင့် သေဆုံးသွားတော့၏။

“နောက် ဘယ်သူကျန်သေးလဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တဟားဟား ရယ်လိုက်သည်။ သူက ခက်ထန်စွာ မေးနေသည်။ “ဘယ်သူ ငါ့ကို ဆန့်ကျင်ရဲသေးလဲ… မင်းလား၊ မင်းလား… ဒါမှမဟုတ် မင်းလား”

သူက ဟွမ်ထန်း၊ ချန်းယန်ခွေ့၊ ယန်ရှို့ကော၊ လီရှုတို့အား လက်ညှိုးထိုးလိုက်သည်။ အကြီးအကဲလေးဦးမှာ ကြက်သီးမွေးညင်းများ ထသွားပြီး သူနှင့် မျက်နှာချင်း မဆိုင်ရဲကြပေ။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ချင်မူ့ဆီ လက်ညှိုးထိုးရန် ပြင်လိုက်စဉ် ဟွမ်ရှီခန်းမသခင်က ချောင်းဟန့်လိုက်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်လည်း ချက်ချင်း လက်ညှိုးပြန်ရုတ်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်၏။ “ဆက်ပြောကြလေ... ဘာလို့မပြောတော့တာလဲ…. ငါ့ကို ခွေးတစ်ကောင်လို နှိမ့်ချဖို့ မင်းတို့က အဆင့်မီမနေဘူး ”

All Chapters