ထွက်ပေါ်လာသော ဓား
Vol. 136 Ch. 1750
ကောင်းကင်နတ်ဘုံရှိ နန်းဆောင်များ တဘုန်းဘုန်း ပြိုကျနေကြသည်။ ခိုးဝင်လာသော အတိတ်စကြဝဠာမှ အင်အားကြီးသိုင်းပညာရှင်များ၏ ခန္ဓာကိုယ်အပေါ်ပိုင်းများကလည်း ဆက်လက် ပြတ်တောက် လျှောကျလျက် ထူးဆန်းစွာ သေဆုံးနေကြသည်။
ကောင်းကင်နတ်ဘုံ၏ ပြိုကျမှုမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။ အကြီးအကဲငါးဦး၏ အစီအစဉ်များမှာ သခင်လေးလေး၏ ဗျပ်စောင်းကြိုးရှေ့တွင် လုံးဝအသုံးမဝင်တော့ပေ။
ကြိုးတစ်ချောင်း၊ ဗျပ်စောင်းသံတစ်ချက်က ကောင်းကင်နတ်ဘုံကို ပိပြားပြိုကျစေနိုင်ပြီး အကြီးအကဲငါးဦး၏ ခေါင်းဆောင် ဖုန်းဟွားလျန်ကိုပင် သတ်ဖြတ်နိုင်သည်။ ဤသို့သော စွမ်းဆောင်ရည်မျိုးအား ကြားပင် မကြားဖူးချေ။
ကံကောင်းထောက်မစွာဖြင့် သခင်လေးလေး၏ ဗျပ်စောင်းကြိုးကြောင့် ဒဏ်ရာမရဘဲ အသက်ရှင်နိုင်ခဲ့ကြသော အတိတ်စကြဝဠာမှ အင်အားကြီးသိုင်းပညာရှင်များစွာ ကောင်းကင်နတ်ဘုံတွင် ကျန်ခဲ့သေးသည်။ သို့သော် ဤဗျပ်စောင်းကြိုးကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်မှုမှာမူ သူတို့၏ ရည်ရွယ်ချက်များအားလုံးကို ချက်ချင်း ဖျက်ဆီးပစ်ပြီး တာအိုနှလုံးသားကို ချေမှုန်းပစ်လိုက်ချေပြီ။
အကြီးအကဲလေးဦးသည်ပင် နဖူးတွင် ချွေးများ စို့လာသည်။ သူတို့၏ တာအိုနှလုံးသားမှာလည်း ပျက်စီးပေတော့မည်။
သူတို့သည် အသာစီးရထားသည်ဟု ထင်မှတ်ပြီး မီလော့နန်းတော် ဆင်းသက်လာမှုကို တားဆီးနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ အတိတ်က မီလော့နန်းတော်သည် မီလော့နန်းတော်အရှင်သခင်လည်း ရှိနေသဖြင့် စကြဝဠာခေတ် တစ်ခေတ်ပြီးတစ်ခေတ်အား စိုးမိုးမင်းမူနိုင်ခဲ့၏။ ထို့ကြောင့် သူတို့မှာ မထင်မရှား ပုန်းအောင်းခဲ့ကြရလေသည်။
ယခု သူတို့ အသာစီးရထားသည့်အပြင် မီလော့နန်းတော်၏ သခင်လေးများကိုလည်း အထင်မကြီးခဲ့ပေ။ စွမ်းဆောင်ရည်အရ သူတို့ထက် သာလွန်မည်မဟုတ်ဟု ထင်မြင်ခဲ့ကြသည်။ ထို့ကြောင့် ၁၇ စင်းမြောက် စကြဝဠာကို မီလော့နန်းတော် မအုပ်စိုးနိုင်အောင် တားဆီးရန် စိတ်ကူး ပေါ်လာခဲ့ခြင်းပင်။
သို့သော် တကယ်တမ်း လှုပ်ရှားလိုက်သည့်အခါတွင်တော့ သူတို့နှင့် မီလော့နန်းတော်၏ သခင်လေးများအကြားမှ ကွာခြားမှု မည်မျှကြီးမားသည်ကို သိလိုက်ရသည်။
“အကြီးအကဲလေးဦး၊ အညံ့မခံသေးဘူးလား... ငါသာ နောက်တစ်ခါ ဗျပ်စောင်းကြိုးကို တီးခတ်လိုက်ရင် မင်းတို့ နှစ်ကုဋေပေါင်းများစွာ ကျင့်ကြံထားရတာတွေ အားလုံး ဗလာဖြစ်သွားလိမ့်မယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ထရပ်ကာ ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်သည်။
ချင်မူ အနည်းငယ် မျက်မှောင်ကြုတ်မိသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ တာအိုနှလုံးသား ပြိုလဲပျက်စီးသွားခဲ့ပြီ ထင်ထားသော်လည်း ဤသို့ သည်းမခံနိုင်စရာ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကမ္ဘာဦးဘုံစစ်ပွဲတွင် ကောင်းကင်နတ်အရှင်ယွင်သည် သခင်လေးနှစ်၏ ကိုယ်ပွားကို သတ်ခဲ့သည်သာမက ဟောင်၏ တာအိုနှလုံးသားကိုပါ ရိုက်ချိုးကာ အားနည်းချက်တစ်ခု ပေါ်ထွက်လာစေခဲ့သည်။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ တန်ပြန်တိုက်ခိုက်သည့် တိုက်ပွဲတွင် ကျန်းပိုင်ကွေ့ ရွှမ်တုကို သိပ်းပိုက်၍ အကူအညီပေးရန် မရောက်လာခင်အထိ ချင်မူသည် သူ့ကို တားဆီးထားခဲ့၏။ အခြေအနေ ပြီးဆုံးသွားသည်အထိ ထိန်းထားနိုင်ခဲ့သည်။
ထိုအချိန်မှစ၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ တာအိုနှလုံးသားမှာ လုံးဝယိုင်လဲသွားခဲ့၏။
ချင်မူလည်း အလားတူ အခြေအနေမျိုးကို ကြုံတွေ့ခဲ့ဖူးသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင် ယိုတုကို သိမ်းပိုက်ခဲ့စဉ်က သူ၏ တာအိုနှလုံးသားမှာလည်း လုံးဝပျက်စီးသွားကာ ကောင်းကင်နတ်ဘုံသို့ သွားရောက်၍ ဒူးထောက်အညံ့ခံရန် ကြံရွယ်ခဲ့သည်။
ကွာခြားသည်မှာ ထိုအချိန်က ယွီချိန်ကျစ်သည် တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မာဗုဒ္ဓတို့၏ သတင်းကို ယူဆောင်လာပြီး မျှော်လင့်ချက်ရောင်ခြည် ပြန်ပေါ်ထွန်းစေခဲ့၏၊ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ လက်ရှိအခြေအနေမှာ အလွန်သေးငယ်သော ဤမျှော်လင့်ချက်ကို အားကိုး၍ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ခြင်းပင်။ အောင်နိုင်ရန် မဖြစ်နိုင်သော ကောင်းကင်နတ်ဘုံကို အောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်တွင်လည်း မျှော်လင့်ချက် ရှိ၏။ ယင်းမျှော်လင့်ချက်မှာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှ လာခြင်းဖြစ်သည်။ သို့သော် သူသည် တာအိုနှလုံးသားကို ပြန်မထူထောင်နိုင်သောကြောင့် ရှေ့ဆက်မတက်နိုင်ခဲ့ချေ။
ဤသည်မှာ ချင်မူနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်တို့၏ ရည်ရွယ်ချက်က မတူညီသောကြောင့်ပင်။
ချင်မူ၏ ရည်ရွယ်ချက်သည် လူသားတိုင်း အသက်ရှင်သန်ခွင့် ရရန်၊ တန်းတူညီမျှ နေထိုင်နိုင်ရန်၊ နတ်ဘုရားများ လူသားများအား အလုပ်အကျွေးပြုရန် စသည်တို့ ဖြစ်၏။
မျှော်လင့်ချက် ကုန်းခမ်းသွားသည့်တိုင်အောင် သေးငယ်သော မျှော်လင့်ချက်လေး ထွက်ပေါ်လာသည်နှင့် သူက အမိအရဖမ်းဆုပ်ထားမည် ဖြစ်သည်။ မည်သည့်မျှော်လင့်ချက်မဆို သူ၏ အတွေးအခေါ်၊ ရည်မှန်းချက်များနှင့် ပို၍နီးစပ်စေသောကြောင့် သူ၏ တာအိုနှလုံးသားမှာ ပိုပို၍ခိုင်မာလာခဲ့သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာမူ အာဏာကိုသာ တပ်မက်သည်။ သူ၏တာအိုနှလုံးသားမှာလည်း အာဏာတပ်မက်မှုအပေါ်တွင် အခြေခံထားသည်။
သူ့အနေဖြင့် ကျောက်စိမ်းမြို့တော်၏ ထောက်ခံမှုကို ရရှိလျှင်ပင် သူ၏တာအိုနှလုံးသားမှာ ယခင်ကကဲ့သို့ ပြန်ခိုင်မာလာမည်မဟုတ်ပေ။ ကျောက်စိမ်းမြို့တော်သည် သူ့ကို ကြိုးကိုင်ထိန်းချုပ်ပြီး သူ၏အရှင်သခင်ဖြစ်လာကာ သူကိုယ်တိုင်ကတော့ ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်ပေလိမ့်မည်။
သူတစ်ယောက်တည်း အာဏာပိုင်စိုးနိုင်မည့် အခြေအနေမှ ဝေးကွာသထက် ဝေးကွာသွားရုံသာ ရှိသည်။
“အကြီးအကဲလေးဦး… ငါ့ကို ဒူးထောက်ကြ… ဒူးထောက်ပြီး ကိုးကွယ်ကြစမ်း”
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အကြည့်က အဘိုးအဘွားလေးဦးပေါ်သို့ ကျရောက်သွားပြီး ခက်ထန်စွာ ပြောလိုက်သည်။ “မင်းတို့ရဲ့ ခွန်အားကို ငါ အသုံးချမယ်… မင်းတို့ကို ငါ အမိန့်ပေးတယ်… ချက်ချင်း အမိန့်ထုတ်ပြန်လိုက်… သခင်လေးခုနစ် ချင်မူကို ဖမ်းဆီးပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ သူပုန်တွေကို ချေမှုန်းပစ်စမ်း”
အကြီးအကဲလေးဦးမှာ တွေဝေသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က ယဇ်ပလ္လင်ပေါ်တွင် လဲကျနေသော ဖုန်းဟွားလျန်၏ အလောင်းကို ကြည့်ရင်း တွေဝေနေကြသည်။
ဖုန်းဟွားလျန်၏ သွေးတို့က စီးကျနေသောကြောင့် ယဇ်ပလ္လင်ကို နီရဲနေစေသည်။ သို့သော် ဘိုးဘေးနန်းတော်တွင် သွေးယဇ်ပူဇော်ခြင်းက ရှိနေသေး၏။ သွေးယဇ်ပူဇော်ခြင်းက စွမ်းအင်ကို ဝါးမြိုရင်း အစားထိုးကာ ဖြည်းဖြည်းမှန်မှန် ဆောင်ရွက်နေသည်။
အကြီးအကဲလေးဦးက တစ်ဦးပြီးတစ်ဦး ထရပ်လိုက်ကြသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလိုက်သည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာမူ ရင်ထဲတွင် တင်းကြပ်လာသည်။ သူမက ခန္ဓာကိုယ်ပေါ်မှ ဗျပ်စောင်းအား ချည်နှောင်ထားသည့် ကြိုးကို ဖြည်လိုက်သည်။
ဟွမ်ရှီခန်းမသခင်က ထိုအခြင်းအရာကို မြင်သောအခါ ပြုံး၏။ “ညီမလေး၊ ငါ နင့်ရဲ့ ဗျပ်စောင်းသံကို သိပ်နားထောင်ချင်နေတာနဲ့ အတော်ပဲ”
တာအိုသစ်သီးတစ်လုံးက သူမ၏ တာအိုသစ်ပင်ပေါ်သို့ ရုတ်တရက် ပျံတက်လာပြီး လှည့်ပတ်သွားသည်။ တဝီဝီအသံနှင့်အတူ ကောင်းကင်နတ်အရှင်ယွဲ့မှာ ဟွမ်ရှီခန်းမသခင်အား နေရာတိုင်းတွင် တွေ့မြင်လိုက်ရ၏။
ဤသည်ကား နေရာဟင်းလင်းပြင်တာအိုကို အဆုံးအစွန်အထိ အသုံးချခြင်းပင် ဖြစ်သည်။
ဟွမ်ရှီခန်းမသခင်သည်လည်း နေရာဟင်းလင်းပြင်တာအို ကျင့်ကြံသည်ဟု ချင်မူ ပြောခဲ့ဖူး၏။ သို့သော် သူမအသုံးပြုပုံနှင့် မတူညီချေ။ ယခု ကြည့်ရသရွေ့ ချင်မူ့စကားက အမှန်ပင် ဖြစ်သည်။ ဟွမ်ရှီခန်းမသခင်၏ နေရာဟင်းလင်းပြင်တာအိုက နေရာဟင်းလင်းပြင်အား မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် လိမ်ခေါက်ပစ်သောကြောင့် ဟွမ်ရှီခန်းမသခင်များစွာ တည်ရှိနေသယောင် ဖြစ်ပေါ်စေသည်။
သူတို့ တိုက်ခိုက်ရာတွင် ဟွမ်ရှီခန်းမသခင်သည် မရေမတွက်နိုင်သော အရပ်မျက်မှာများမှ တိုက်ခိုက်နိုင်၏။ သူမ၏ တာအိုသစ်ပင်မှ သစ်ရွက်တစ်ရွက်စီတိုင်းမှာ သူမ၏ ကိုယ်ပွားဖြစ်သည်ဟု ဆိုရမည်။ ကောင်းကင်နတ်သိုင်းအား အသက်သွင်းလိုက်သည့်အခါ ဟွမ်ရှီခန်းမသခင်၏ မရေမတွက်နိုင်သော ကိုယ်ပွားများက တစ်ပြိုင်နက်တည်း တိုက်ခိုက်ပြီး အင်အားဖြင့် အနိုင်ယူနိုင်သည်။ တစ်ချိန်တည်းမှာပင် အစစ်အမှန်ခန္ဓာကိုယ်ကိုလည်း ခွဲခြားရ ခက်ခဲစေသည်။
ကောင်းကင်နတ်အရှင်ယွဲ့က သွယ်လျသော လက်ချောင်းများလေးဖြင့် ဗျပ်စောင်းကို တီးခတ်လိုက်သည်။ ဗျပ်စောင်းသံ ထွက်ပေါ်လာ၏။ “အစ်မတော် နားထောင်ချင်မှတော့ ညီမတော်လည်း ရှေ့မျက်နှာ နောက်ထားပြီး တီးခတ်ပြပါ့မယ်”
ဟွမ်ရှီခန်းမသခင် အံ့အားသင့်သွားသည်။ ဗျပ်စောင်းသံထွက်ပေါ်လာသည့် အခိုက်အတန့်တွင် သူမ၏မျက်လုံးထဲရှိ ကောင်းကင်နတ်အရှင်ယွဲ့ကား ပြောင်းလဲသွားချေပြီ။
ဟွမ်ရှီခန်းမသခင်သည် နေရာဟင်းလင်းပြင်ကို အကြိမ်ပေါင်းများစွာ ခေါက်ချိုးထားသည့်အတွက် တစ်ဖက်လူ၏ အမြင်တွင် သူမရိပ်သွင်က အဆပေါင်းများစွာ များပြားနေလိမ့်မည်။။ ထို့အပြင် သူမကမူ ရန်သူ၏ အတွင်းကလီစာများ၊ ကောင်းကင်ရတနာတည်ဆောက်ပုံ၊ မူလဝိညာဉ်ဖွဲ့စည်းပုံနှင့် မဟာတာအိုဖွဲ့စည်းပုံ စသဖြင့် အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
ဤသည်မှာ နေရာဟင်းလင်းပြင်တာအိုအား အဆုံးစွန်အထိ မြှင့်တင်အသုံးချခြင်းပင် ဖြစ်၏။
သို့သော် သူမ၏ ရှုထောင့်မှ ကြည့်သည့်အခါတွင် ကောင်းကင်နတ်အရှင်ယွဲ့၏ အရှေ့ပိုင်းကိုသာ မြင်တွေ့နေရ၏။ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ကောင်းကင်နတ်အရှင်ယွဲ့၏ အရှေ့ပိုင်းကိုသာ မြင်တွေ့ရသည်။ အခြားမည်သည့်နေရာကိုမျှ မတွေ့ရချေ။
ဤသည်ကား ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင်တာအိုသာ ဖြစ်လိမ့်မည်။
သူမနှင့် ကောင်းကင်နတ်အရှင်ယွဲ့က နေရာဟင်းလင်းပြင်တာအိုကို ကျင့်ကြံကြသော်လည်း လုံးဝခြားနားနေသော လမ်းနှစ်လမ်းအား လျှောက်လှမ်းခဲ့ကြသည်။ ဟွမ်ရှီခန်းမသခင်မမှာ အတွေ့အကြုံများစွာ ရှိသည့်တိုင်အောင် အံ့ဩစွာဖြင့် စုတ်တစ်ချက် သပ်လိုက်မိသည်။
ကောင်းကင်နတ်အရှင်ယွဲ့၏ ဘေးတွင် ချင်မူ မျက်ခုံးပင့်လိုက်မိသည်။ ကောင်းကင်နတ်အရှင်ယွဲ့၏ အန္တိမဟင်းလင်းပြင်သည် သူ၏ကောင်းကင်ရတနာနယ်ပယ်နှင့် အနည်းငယ် ဆင်တူနေသည်မဟုတ်လော။
သို့သော် ချင်မူသည် အတွေးနယ်ချဲ့မနေပေ။ ချင်မူ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ တာအိုဒဿနတက္ကသိုလ်သို့ လွှဲပြောင်းပေးထားသည့်အပြင် လူတိုင်းလူတိုင်း လေ့လာပိုင်ခွင့်လည်း ရှိသည်။ ကောင်းကင်နတ်အရှင်ယွဲ့မှာလည်း လေ့လာခဲ့သောကြောင့် အောင်မြင်မှုအချို့ ရရှိခဲ့ခြင်း ဖြစ်ပေမည်။
အမျိုးသမီးနှစ်ဦး ရင်ဆိုင်တိုက်ခိုက်နေကြချေပြီ။
ကောင်းကင်နတ်အရှင်ယွဲ့က ကြည်လင်စွာ ပြုံးလျက် ဗျပ်စောင်းကြိုးများကို ညင်သာစွာ တီးခတ်လိုက်သည်။ ဗျပ်စောင်းသံသည် နှစ်ပိုင်း၊ သုံးပိုင်း ပြန့်ကျဲနေသော်လည်း ဟွမ်ရှီခန်းမသခင်မမှာမူ ဒဏ်ရာ၌ ခပ်စပ်စပ် နာကျင်လာသည်ကို ခံစားလိုက်ရ၏။
ကောင်းကင်နတ်အရှင်ယွဲ့ ဗျပ်စောင်းကြိုး တီးခတ်လိုက်ခြင်းကပင် ရှန့်ကျွင်း သူမ၏ ဒဏ်ရာတွင် ချန်ထားခဲ့သော ပြိုင်ဘက်ကင်း အသတ်အဖြတ်စိတ်ဆန္ဒကို လှုံ့ဆော်လိုက်ပြီး အချိန်မရွေး ပေါက်ကွဲထွက်လာအောင် နှိုးဆွပေးလိုက်ချေသည်။
ရှန့်ကျွင်း ချန်ထားခဲ့သော တာအိုဒဏ်ရာမှာ သူမကို မသတ်နိုင်သော်လည်း ပေါ့သေးသေး ခြိမ်းခြောက်မှုတော့ မဟုတ်ချေ။
သူတို့ တိုက်ခိုက်ကြပါက အသတ်အဖြတ်စိတ်ဆန္ဒ ပေါက်ကွဲထွက်လာပြီး သူမ၏ခွန်အားအား ကျဆင်းသွားစေလိမ့်မည်။ တာအိုသိုင်းပညာရှင်တို့အကြားရှိ တိုက်ပွဲတွင် အမှားလေးတစ်ခုကပင် အသက်သေသည်အထိ တာအိုပျောက်ကွယ်စေသည်အထိ အန္တရာယ်များ၏။ သူမအနေဖြင့် ပေါ့ဆ၍ မဖြစ်ချေ။
အကြီးအကဲလေးဦးအနက်မှ ဟွမ်ထန်းက ခေါင်းမော့ကာ ရယ်မောလိုက်သည်။ သူ၏ မျက်လုံးထဲမှ သွေးမျက်ရည်များ စီးကျလာပြီး သူ၏ အိုမင်းနေသော အသံမှာ အလွန်လေးနက်ခမ်းနားနေသည်။ "အဝါရောင်ခန်းမဆောင်ရဲ့ လေပြေက ညင်သာစွာ တိုက်ခတ်လို့ စိမ်းလဲ့လဲ့ နဖူးစည်းစာတန်းတွေ လွင့်မျောနေပြီ"
ချန်းယန်ခွေ့လည်း မျက်ရည်များစီးကျလျက် ရွတ်ဆိုသည်။ "ထူးဆန်းတဲ့ ကျောက်တုံးကျောက်ဆောင်တွေက စိမ်းပြာရောင် ညနေခင်းရဲ့ အရိပ်အောက်မှာ လှပနေလိုက်တာ"
"ပင်လယ်လေးရပ်ရဲ့ လူသားတိုင်းက လယ်ယာမြေအပေါ် မှီခိုနေကြရတာပဲ"
“ပျံလွှားဗိမာန်ဆောင်ရဲ့ ရနံ့သစ်၊ တောက်ပမှု သုံးသွယ်"
လေးယောက်သား တညီတညာတည်း ဟစ်ကြွေးလိုက်ကြသည်။ "တန်ဆောင်းထက်မှ တောင်တန်းတစ်ထောင်က စိမ်းလန်းစိုပြေလို့၊ ရှုခင်းရဲ့ တောင်ထွတ်က ကြာပန်းအဖြစ် ပြောင်းလဲသွားပြီ။ အစ်ကိုကြီး၊ ဒီလက်စားကို မချေရရင် ငါတို့ တာအိုရသွားလည်း ဘာထူးမှာလဲ... ငါတို့ တာအိုနှလုံးသားကို ဘယ်ကာကွယ်နိုင်တော့မလဲ"
“ငါတို့ငါးယောက် တစ်ချိန်က ကျိန်ဆိုခဲ့ကြတယ်၊ တစ်နှစ်တည်း၊ တစ်လတည်း၊ တစ်ရက်တည်းမှာ မမွေးခဲ့ပေမယ့် တစ်နှစ်တည်း၊ တစ်လတည်း၊ တစ်ရက်တည်းမှာ သေကြဖို့တော့ မျှော်လင့်ခဲ့တယ်"
“အစ်ကိုကြီး၊ ငါတို့ ကလဲ့စားချေပေးတာကို စောင့်နေပါ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိလိုက်ရပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။ “အကြီးအကဲလေးဦးက ခေါင်းမာနေပါတယ်.. သခင်လေးလေး ကျေးဇူးပြုပြီး ရန်သူကို သတ်ပေးပါ… ဒီနေရာကို သွေးယဇ်ပူဇော်လိုက်ပါ”
အကြီးအကဲလေးဦးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သည့်အချိန်တွင် ယဇ်ပလ္လင်က ရုတ်တရက် အသက်ဝင်လာသည်။ ချက်ချင်းပင် ယဇ်ပလ္လင်မှာ သွေးပင်လယ်ကဲ့သို့ ဖြစ်သွားချေပြီ။ ယဇ်ပလ္လင်အောက်တွင် မြှုပ်နှံထားသော တာအိုသင်္ကေတများနှင့် သံကြိုးများ အသက်ဝင်လာကာ ပလ္လင်ပေါ်ရှိ လူအားလုံး၏ ခန္ဓာကိုယ်များကို တရွှီရွှီ ထိုးဖောက်သွားသည်။
ချင်မူက ထိုနေရာတွင် မလှုပ်မယှက် ထိုင်နေ၏။ သူ့အနောက်တွင် ဖရိုဖရဲခန်းမ ရုတ်တရက် ပေါ်ထွက်လာပြီး ယဇ်ပလ္လင်ရှိ တာအိုသံကြိုးများ သူ၏ခန္ဓာကိုယ်ထဲ ထိုးဖောက်သွားသည်နှင့် ဖရိုဖရဲခန်းမဆောင်၏ ချေမှုန်းဖျက်ဆီးခြင်း ခံရ၍ ဖရိုဖရဲချီအဖြစ် ပြောင်းလဲသွားကြ၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ယွဲ့က ဗျပ်စောင်း တီးခတ်လိုက်ရာ ဗျပ်စောင်းသံ လှိုင်းထသွားသည်။ သူမ၏ ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော နေရာဟင်းလင်းပြင်များ ပွင့်ထွက်လာပြီး ယဇ်ပလ္လင်၏ စွမ်းအားကို ခုခံလိုက်သည်။ သူမ၏ ပုံရိပ်က နေရာဟင်းလင်းပြင်တစ်ခုပြီးတစ်ခုတွင် ယိမ်းထိုးနေ၏။ သေးငယ်သော ယဇ်ပလ္လင်အတွင်း၌ လောကတစ်ထောင် ကိန်းဝပ်နေ၍ သူမကို စိတ်ကြိုက် ဖြတ်သန်းသွားလာခွင့် ပေးထားသည့်အလားပင်။
အခြားတစ်ဖက်တွင် ဟွမ်ရှီခန်းမသခင်မက တာအိုသစ်ပင်ကို အသက်သွင်း၍ အော်ဟစ်လိုက်၏။ “အကြီးအကဲလေးဦး၊ ရှင်တို့အားလုံး ဒီမှာ သေချင်နေကြတာလား… ရှင်တို့ လောကသစ်ပင်အောက်မှာ စကြ၀ဠာခေတ်တွေ မရေမတွက်နိုင်အောင် တွင်းတူးပုန်းအောင်းခဲ့ကြပြီးပြီပဲ… ဘာလို့ ခဏတာ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ပြီး အသက်စွန့်ရတာလဲ”
သူမ၏ တာအိုသစ်ပင်က လှည့်ပတ်နေပြီး အကိုင်းအခက်များကလည်း လေထဲတွင် ကခုန်နေ၏။ တာအိုသစ်ပင်အကိုင်းအခက်များက တာအိုသံကြိုးများကို ရိုက်ခတ်ပြီး အမြစ်များကတော့ တာအိုသံကြိုးများကို ရစ်ပတ်ကာ ယဇ်ပလ္လင်၏ စွမ်းအားကို လျှော့ချနေသည်။
ရုတ်တရက် ဗျပ်စောင်းသံတချက် သူမ၏နားထဲသို့ ဝင်ရောက်လာရာ သူမမှာ ရင်ဒိန်းခနဲ ခုန်သွား၏။ “ကျစ်ရှောင်ရဲ့ တာအိုအောင်မြင်ခြင်းတေးသွား.. အဲ့ဒီကောင်မလေးက သခင်လေးလေးကို အနှောင့်အယှက်ပေးနေတာပဲ”
သူမမှာ အကြီးအကဲလေးဦးကို နားမချအားတော့ချေ။ ချက်ချင်းပင် ကောင်းကင်နတ်အရှင်ယွဲ့ကို ပြင်းထန်စွာ တိုက်ခိုက်၍ တီးခတ်နေသည်ကို အနှောင့်အယှက်ပေးလိုက်သည်။
ဤသည်မှာ အမျိုးသမီးနှစ်ဦး ပထမဆုံးအကြိမ် ရင်ဆိုင်တိုက်ခိုက်ကြခြင်း ဖြစ်၏။ ဟွမ်ရှီခန်းမသခင်မမှာ ကောင်းကင်နတ်အရှင်ယွဲ့၏ ကျင့်ကြံခြင်းအခြေခံ မလုံလောက်သည်ကို ချက်ချင်း သတိထားမိသွားပြီး ၀မ်းမြောက်သွားသည်။ “သူ့ရဲ့ တာအိုအောင်မြင်မှုက မပြည့်စုံဘူး.. မှော်စွမ်းအင်မှာ ငါ့ထက် အများကြီး နိမ့်ကျတယ်”
ကောင်းကင်နတ်အရှင်ယွဲ့၏ ကျစ်ရှောင် တာအိုအောင်မြင်ခြင်းတေးသွား ထွက်ပေါ်လာသော်လည်း ကောင်းကင်နတ်ဧကရာဇ်ဟောင် ဆွဲယူလာသည့် သခင်လေးလေး၏ ဗျပ်စောင်းကြိုးမှာ လှုပ်ရှားမှုမရှိချေ။ သခင်လေးလေးကျစ်ရှောင်မှာ ၁၆ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးတွင် ဤတေးသံကို နားထောင်ရင်း ကောင်းကင်နတ်သိုင်း ထုတ်ဖော်ရန် မေ့သွားဟန်တူသည်။
ဖောင်း… ဖောင်း…. ဖောင်း
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ချက်ချင်း ဒုက္ခရောက်သွားတော့သည်။ တာအိုသံကြိုးများစွာက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး လေထဲတွင် ချိတ်ဆွဲပစ်လိုက်သည်။ အကြီးအကဲလေးဦးစလုံး တိုက်ခိုက်လာကြသည်။ တစ်ယောက်ချင်းစီက တာအိုသစ်ပင်နှင့် တာအိုသစ်သီးကို အသက်သွင်းကာ တာအိုအောင်မြင်ထားသည့် ရတနာများ ထုတ်လိုက်ကြ၏။
ဟွမ်ထန်းက ရတနာအလံကို လွှဲရမ်းလိုက်ရာ အလံသည် ဝှီးခနဲလှည့်ပတ်၍ ဟွမ်ရှီခန်းမသခင်မ၏ တာအိုသစ်ပင်ထဲသို့ ထိုးစိုက်သွား၏။ သူက အားကုန်သုံး၍ လွှဲရမ်းလိုက်ရာ ဟွမ်ရှီခန်းမသခင်မ၏ တာအိုသစ်ပင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။
ဤအဘိုးအို၏ စွမ်းဆောင်ရည်တို့မှာ အလွန်အားကောင်း၏။ ခန်းမသခင်အောက် မနိမ့်ကျသော အတိုက်အခိုက်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
မှန်ပါသည်။ ဟွမ်ရှီခန်းမသခင်မ ဆင်းသက်လာခဲ့စဉ်က ရှန့်ကျွင်း၏ လက်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရခဲ့သည့် အချက်ကြောင့်လည်း ပါဝင်သည်။ သူမမှာ ချင်မူ့ကြောင့် ထိတ်လန့်ခဲ့ရသဖြင့် အန္တိမဟင်းလင်းပြင်၌လည်း တာအိုတံဆိပ်မခတ်နှိပ်ခဲ့ရချေ။
အကြီးအကဲငါးဦးမှာမူ ဆင်းသက်လာခဲ့ပြီးဖြစ်ကာ ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ပြီးဖြစ်၏။ သူတို့သည် ၁၇ စင်းမြောက် စကြဝဠာတွင် တာအိုအောင်မြင်ပြီးဖြစ်သဖြင့် စွမ်းဆောင်ရည်အရ ဟွမ်ရှီခန်းမသခင်မထက်ပင် သာလွန်နေသည်။
အကြီးအကဲသုံး ချန်းယန်ခွေ့က မြစိမ်းရောင်တိမ်တိုက်တစ်ခုကို အသက်သွင်းလျက် ချင်မူ့ကို ဖုံးလွှမ်းကာ တာအိုသစ်ပင်နှင့် တာအိုသစ်သီးအား ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ရိုက်နှက်စေလိုက်၏။
ကျန်အကြီးအကဲနှစ်ဦးမှာလည်း တစ်ပြိုင်နက်တည်း တာအိုရတနာများကို အသက်သွင်းလိုက်သည်။ သူတို့၏ တာအိုသစ်ပင်၊ တာအိုသစ်သီးတို့၏ စွမ်းအားက တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာကာ ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ကောင်းကင်နတ်အရှင်ယွဲ့ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။
ထိုအချိန်တွင် ကောင်းကင်နတ်အရှင်ယွဲ့၏ ကျစ်ရှောင်တာအိုအောင်မြင်ခြင်းတေးသွားမှာ ဟွမ်ရှီခန်းမသခင်မ၏ အနှောင့်အယှက်ပေးမှုကြောင့် ချက်ချင်း ပြတ်တောက်သွားသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဦးခေါင်းနောက်မှ ဗျပ်စောင်းကြိုးမှာ ချက်ချင်း တုန်ခါသွားသည်။ သခင်လေးလေး၏ ကောင်းကင်နတ်သိုင်းများက ဤကြိုး၏ အကူအညီဖြင့် ပေါက်ကွဲထွက်လာသည်။
ဗျပ်စောင်းကြိုးစွမ်းအား ပေါက်ကွဲထွက်လာသည်နှင့် ချင်မူက လက်မြှောက်လိုက်ရာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကြီးတစ်ခု ပေါ်ထွက်လာ၏။ သူက ချန်းယန်ခွေ့ကို ချောက်နက်ကြီးထဲသို့ ထည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ကလည်း ဖြတ်ခနဲ ပျောက်ကွယ်၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဦးခေါင်းနောက်သို့ ရောက်သွား၏။ သူက လက်ချောင်းနှစ်ချောင်းဖြင့် ဗျပ်စောင်းကြိုးကို ညှပ်ကိုင်လိုက်သည်။
ဝုန်း…
ယဇ်ပလ္လင်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားလေပြီ။