ချင်မူ၏ ရည်ရွယ်ချက်
Vol. 136 Ch. 1751
ယဇ်ပလ္လင်အပေါ်ရှိ မြင်ကွင်းမှာ ရှုပ်ထွေးနေသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ လေထဲတွင် ချိတ်ဆွဲခံထားရပြီး ဟွမ်ရှီခန်းမသခင်မက ကောင်းကင်နတ်အရှင်ယွဲ့ကို တိုက်ခိုက်နေသည်။ ကောင်းကင်နတ်အရှင်ယွဲ့သည် ဗျပ်စောင်းကြိုးကို တီးခတ်၍ ၁၆ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးထဲမှ သခင်လေးလေးကို အနှောင့်အယှက် ပေးနေပြီး ချင်မူကမူ သခင်လေးလေး၏ ဗျပ်စောင်းကြိုးကို တိုက်ခိုက်နေ၏။ အကြီးအကဲလေးဦးမှာမူ အားလုံးကို သတ်ဖြတ်နေသည်။
ယဇ်ပလ္လင် ကွဲအက်သွားသည့်အခါ ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ချက်ချင်းပင် ယဇ်ပူဇော်ခံနေရသည့် အခြေအနေမှ လွတ်မြောက်သွားသည်။ သူ မြေပြင်သို့ မကျရောက်မီတွင် အကြီးအကဲသုံး ချန်းယန်ခွေ့က လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်ရာ မြေပြင်ပေါ်သို့ မှောက်ကျသွား၏။
ထိုအချိန်တွင် ချင်မူ၏လက်ချောင်းများက ဗျပ်စောင်းကြိုးပေါ်သို့ ကျရောက်သွားပြီး လက်ချောင်းနှစ်ချောင်းဖြင့် ဗျပ်စောင်းကြိုးတစ်လျှောက် ပြင်းထန်စွာ ပွတ်သပ်လိုက်သည်။
တျန်းတု - လောကဖန်ဆင်းခြင်း
အလင်းတန်းတစ်တန်းသည် ဗျပ်စောင်းကြိုးတစ်လျှောက် တဝီဝီ မြည်ကာ အတိတ်၏ အချိန်နှင့် နေရာထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။
၁၇ စင်းမြောက် စကြဝဠာ၏ သမိုင်းမှာ နှစ်ပေါင်းခြောက်ကုဋေ ကြာမြင့်ခဲ့ပြီးချေပြီ။ ချင်မူ၏ ကောင်းကင်နတ်သိုင်းက အတိတ်နှင့် ချိတ်ဆက်ထားသော ကြိုးတစ်လျှောက် လိုက်ပါသွားကာ ချက်ချင်းပင် နှစ်ပေါင်းခြောက်ကုဋေတလျှောက် သမိုင်းကြောင်းကို ပြန်လည်ခြေရာခံသွားသည်။
တစ်ခဏအတွင်းမှာပင် ချင်မူသည် ဤကောင်းကင်နတ်သိုင်းနှင့် သခင်လေးလေး၏ ဗျပ်စောင်းကြိုးကို အသုံးချကာ သူ၏ကောင်းကင်နတ်သိုင်း ကြိုးတစ်လျှောက် လိုက်ပါသွား၍ ဘိုးဘေးနန်းတော် ချိတ်ပိတ်ခံရသည့် အချိန်အစပိုင်းသို့ ပြန်လည်ရောက်ရှိသွားသည်ကို မြင်တွေ့လိုက်ရသည်။ ယင်းက ဖန်ဆင်းရှင်နှင့် ရှေးဟောင်းနတ်ဘုရားတို့၏ စစ်မြေပြင်ကို ဖြတ်သန်းပြီး အချိန် နောက်ပြန်သွားနေ၏။ သားရဲကြီးများ ဘိုးဘေးနန်းတော်တွင် ပြည့်နှက်နေသည်ကို မြင်တွေ့ရပြီး ဖန်ဆင်းရှင်တို့၏ တိုးတက်မှုနှင့် ရှေးဟောင်းနတ်ဘုရားတို့၏ မွေးဖွားခြင်းကိုလည်း တွေ့မြင်နေရသည်။
နောက်တစ်ခဏတွင် သူ၏ ကောင်းကင်နတ်သိုင်းက သူ၏ အမြင်အာရုံကို ပို ၍ရှေးကျသောခေတ်သို့ ခေါ်ဆောင်သွားသည်။ ထိုက်ငါးပါး အစပျိုးဖွဲ့စည်း၍ ထိုက်ယီ လောကသစ်ပင်ကို ခုတ်လှဲကာ မီးလောင်ကျွမ်းနေသည့်အချိန်ပင်။
ထို့နောက် သူ၏ ကောင်းကင်နတ်သိုင်းကား သူ၏အမြင်အာရုံကို ခေါ်ဆောင်ရင်း မွေးဖွားခြင်းကပ်ဘေးကို ဖြတ်ကျော်ကာ မဟာပျက်စီးခြင်းကပ်ဘေးဆီသို့ ဝင်ရောက်သွား၏။
မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ ဖရိုဖရဲအခြေအနေထဲတွင် ပြိုင်ဘက်ကင်းအောင် လှပခမ်းနားသော ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သည် မားမားမတ်မတ် တည်ရှိနေ၏။ မဟာပျက်စီးခြင်းကပ်ဘေး၏ တိုက်စားရိုက်ခတ်မှုအား အချိန်ကြာမြင့်စွာသည်အထိ ကြံ့ကြံ့ခိုင်နိုင်ခဲ့ပြီး လုံးဝ မပျက်စီးသွားချေ။
ချင်မူ၏ ကောင်းကင်နတ်သိုင်းက ဗျပ်စောင်းကြိုးအား လျင်မြန်စွာ ဖြတ်သန်းသွားပြီး ကျောက်စိမ်းမြို့တော်ထဲသို့ ဝင်ရောက်သွားသည်။
ကျောက်စိမ်းမြို့တော်ရှိ တာအိုသစ်ပင်အောက်၌ သခင်လေးလေးကျစ်ရှောင်က ချည်ထိုးထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက တာအိုသစ်ပင်အောက်တွင် ထိုင်၍ လက်ညှိုးဖြင့် ဗျပ်စောင်းကြိုးတစ်ချောင်းကို ဖိထားသည်။
ဘုန်း...
တျန်းတုလောကဖန်ဆင်းခြင်းစွမ်းအားက ဗျပ်စောင်းကြိုးထဲမှ လိပ်တက်လာသည်။ "ဝှစ်" ဟူသောအသံနှင့်အတူ သခင်လေးလေးကျစ်ရှောင်မှာ လက်ညှိုးတစ်ဆစ် ပြတ်တောက်သွားသဖြင့် အံ့ဩမှင်သက်သွားသည်။
ဤလက်တစ်ဆစ် ပြတ်တောက်သွားခြင်းမှာ သူ့အတွက် ကြီးမားသော ဒဏ်ရာ မဟုတ်ချေ။ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကိုလည်း ကျွမ်းကျင်သဖြင့် မကြာမီ အကောင်းအတိုင်း ပြန်ဖန်ဆင်းနိုင်သည်။ သို့သော် ဤကောင်းကင်နတ်သိုင်းမှာ သူ၏ ဗျပ်စောင်းကြိုးတစ်လျှောက် ကျူးကျော်ဝင်ရောက်လာနိုင်သည့်အပြင် သူ၏ အနားသို့ ရောက်မှသာ သူ သတိပြုမိခဲ့သည်။ ယင်းက အံ့ဖွယ်အချက်ပင်။
“ခုနစ်၊ မင်းက ဘယ်ဆိုးလို့လဲ”
သခင်လေးလေး ကျစ်ရှောင်၏ ပြတ်တောက်သွားသော လက်ချောင်းက ပြန်ပေါက်လာသည်။ သူက သက်ပြင်းချလိုက်ရင်း ဗျပ်စောင်းအား ညင်သာစွာ တီးခတ်လိုက်၏။
အခြားတစ်ဖက်တွင် ချင်မူ တျန်းတုလောကဖန်ဆင်းဓားကို အသက်သွင်း၍ သခင်လေးလေးကို ချုံခိုတိုက်ခိုက်လိုက်သည့်အချိန်တွင် သူ၏ လက်ချောင်းနှစ်ချောင်းမှာ ချက်ချင်း ပေါက်ကွဲသွားသည်။
သခင်လေးလေး၏ ကောင်းကင်နတ်သိုင်းက ဗျပ်စောင်းသံတစ်လျှောက် လိုက်ပါလာပြီး ချက်ချင်းပင် သူ၏လက်ချောင်းများပေါ်သို့ လွှဲပြောင်းရောက်ရှိလာ၏။ ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ်ပင်လျှင် ယင်းကောင်းကင်နတ်သိုင်းကို မခုခံနိုင်ပေ။
ချင်မူ၏ ပေါက်ကွဲသွားသော လက်ချောင်းနှစ်ချောင်းမှာ ချက်ချင်းပင် ဖရိုဖရဲချီအဖြစ် ပြောင်းလဲ၍ လက်ချောင်းနှစ်ချောင်း ပြန်ဖြစ်လာသည်။ သူ၏ ထိုက်ယီတာအိုသည် တုန်ခါသွားပြီး ထိုက်ယီပုဆိန်အား ဖန်ဆင်းပေးလိုက်၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင် ကုန်းရုန်းထရပ်နေစဉ် ချင်မူက ကြီးမားလှသော ပုဆိန်ကို လွှဲ၍ သူ၏ ဦးခေါင်းနောက်သို့ ခုတ်ချလိုက်သည်ကို တွေ့လိုက်ရသည်။ ပုဆိန်ခုတ်ချက်သည် အလွန်ထူးကဲနက်နဲသောကြောင့် သူပင်လျှင် ချင်မူ၏ ပုဆိန်ခုတ်ချက်အား မည်သို့ရှောင်တိမ်းရမည် မဆိုထားနှင့် နားပင် နားမလည်နိုင်ချေ။
‘ကောင်းကင်နတ်အရှင်မူက ငါ့ကို အရိုးထဲ စွဲအောင် မုန်းနေတယ်… ငါ့ကိုလည်း မရမက သတ်ချင်နေခဲ့တာ … ငါတော့ သေပြီ’
သူ ဤသို့ တွေးနေစဉ် ချင်မူ၏ ပုဆိန်မှာ လွဲချော်စွာဖြင့် ဟင်းလင်းပြင်အား ခုတ်ချလိုက်သည်ကို တွေ့လိုက်ရသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင် ကြောင်အသွား၏။ ချင်မူ၏ ပုဆိန်သည် လွဲချော်သွားသော်လည်း တစ်စုံတစ်ခုကို ခုတ်မိသွားသကဲ့သို့ပင်။ ထိုက်ယီတာအိုမှ ပြောင်းလဲလာသော ထိုက်ယီပုဆိန်မှာ အရှိန်ကြောင့် တုန်ခါပေါက်ကွဲသွားသည်။ ချင်မူ၏ လက်ဖ၀ါးပင်လျှင် တဆတ်ဆတ်တုန်လျက် သွေးများ စီးကျလာ၏။
ထိုက်ယီပုဆိန်မှာ ကြေမွသွားပြီး ထိုက်ယီတာအိုအသစ် ထွက်ပေါ်လာသည်။ ယင်းက ထိုက်ယီပုဆိန်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွား၏။ ချင်မူက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ပတ်ပတ်လည်တွင် လျင်မြန်စွာ လှည့်ပတ်ကာ ထိုက်ယီသစ်ပင်ခုတ်ချက်ဖြင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဦးခေါင်းနောက်သို့ ခုတ်ချလိုက်ပြန်သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ မလှုပ်ရဲဘဲ ချွေးတဒီးဒီးကျလျက် ရပ်နေမိ၏။ “သူက သခင်လေးလေးနဲ့ နေရာဟင်းလင်းပြင်ကို ဖြတ်ပြီး တိုက်ခိုက်နေတာပဲ”
ဟောင်အနေဖြင့် ချင်မူ ၏လက်ထဲတွင် တိုက်ကွက်ဆယ်ကွက်ပင် မခံနိုင်ဘဲ ရှုံးနိမ့်သေဆုံးမည်ဟု လင်းကွမ်ခန်းမသခင် ပြောခဲ့ဖူးသည်။ ထိုစကားသည် ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်၏။
ယခုအခါတွင် ချင်မူသာ သူ့ကို သတ်လိုပါက တိုက်ကွက်တစ်ကွက်ပင် ခံနိုင်လိမ့်မည် မဟုတ်ဟု ခံစားနေရသည်။ လှုပ်ရှားလိုက်ရုံဖြင့် သေဆုံးသွားနိုင်၏။
ကံကောင်းထောက်မစွာဖြင့် ချင်မူက သခင်လေးလေး စောင်းကြိုးမှ ထုတ်လွှတ်နေသည့် ကောင်းကင်နတ်သိုင်းကို ရင်ဆိုင်ရန်သာ အာရုံစိုက်နေသည်။ သူတို့နှစ်ယောက်သည် နှစ်ပေါင်းခြောက်ကုဋေကို ဖြတ်ကျော်၍ တိုက်ခိုက်နေကြပြီး စစ်မြေပြင်က ပစ္စပ္ပုန်တွင် ဖြစ်ပွားနေ၏။ သခင်လေးလေး ကျစ်ရှောင်မှာ ချင်မူ၏ ကောင်းကင်နတ်သိုင်းကို မမြင်နိုင်သည့် အားနည်းချက်အပြင် မဟာပျက်စီးခြင်းကပ်ဘေး၏ သက်ရောက်မှုကြောင့် တန်ပြန်တိုက်ခိုက်ရာတွင် အရေးနိမ့်နေသည်။
ကျစ်ရှောင်သည် တိုက်ကွက်တစ်ကွက်တည်းဖြင့် ကောင်းကင်နတ်ဘုံကို ဖြိုခွဲပြီး မရေမတွက်နိုင်သော လက်နက်ကြီးများနှင့် အတိတ်စကြဝဠာမှ အင်အားကြီးသိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့၏။ ဖုန်းဟွားလျန်ကဲ့သို့သော တာအိုသိုင်းပညာရှင်ပင်လျှင် သူ၏ ဗျပ်စောင်းကြိုးအောက်တွင် သေဆုံးခဲ့ရသည်။
သို့သော် ထိုသို့တိုက်ခိုက်နိုင်ရန် အချိန်ကြာမြင့်စွာ အားမွေးစုစည်းခဲ့ရသည်။ ယခုတွင်မူ ချင်မူက သူ့ကို အားမွေးရန် အချိန်ပေးမည် မဟုတ်ပေ။
ချင်မူ၏ ထိုက်ယီပုဆိန်က ဗျပ်စောင်းကြိုးအား ခုတ်ချကာ သူ ၁၇ စင်းမြောက် စကြဝဠာသို့ မကျူးကျော်လာအောင် တားဆီးချင်နေသည်။
ကျစ်ရှောင်မှာ ဗျပ်စောင်းကြိုးကို ကာကွယ်ရမည်ဖြစ်၍ ကောင်းကင်နတ်သိုင်းကို အသက်သွင်းကာ ချင်မူ၏ ပုဆိန်ခုတ်ချက်အား ကာကွယ်လိုက်ရသည်။
ချင်မူသာ ဗျပ်စောင်းကြိုးကို ဖြတ်တောက်ပြီး ၁၇ စင်းမြောက် စကြဝဠာနှင့် သူ၏ ဆက်သွယ်မှုကို ပြတ်တောက်သွားစေလျှင် ... နောက်တစ်ခဏတွင် ချင်မူ၏ ပုဆိန်တစ်ချက်ဖြင့် ကောင်းကင်နတ်ဧကရာဇ်ဟောင် အနိစ္စရောက်သွားလိမ့်မည်။ သူ ပျိုးထောင်ထားသည့် လက်ပါးစေ သေဆုံးသွားလိမ့်မည်။
မီလော့နန်းတော် ဆင်းသက်လာရန်လည်း ဝေးကွာသွားရလိမ့်မည်။
ထိုမျှသာမက ကျစ်ရှောင်အနေဖြင့် ဗျပ်စောင်းကြိုးမှတစ်ဆင့် ချင်မူ၏ ကောင်းကင်နတ်သိုင်း ကျောက်စိမ်းမြို့တော်သို့ မရောက်လာအောင် ဟန့်တားရလိမ့်မည်။ ချင်မူ၏ တိုက်ကွက်က သူ၏လက်ချောင်းကို ဒဏ်ရာရစေခဲ့ရာ မျက်နှာပျက်ခဲ့ရပြီးချေပြီ။ နောက်တစ်ကြိမ် အောင်မြင်သွားပါက မျက်နှာပင် ထားစရာ နေရာ ရှိတော့မည်မဟုတ်ချေ။
သူတို့နှစ်ယောက်သား အလျင်အမြန် တိုက်ခိုက်နေကြစဉ် ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာမူ ကြက်သီးတဖြန်းဖြန်း ထလျက် ရပ်နေမိသည်။ ချင်မူ၏ ပုဆိန်က သူ၏ ဦးခေါင်းပတ်လည်တွင် ပျံဝဲနေသဖြင့် သူ့မှာ မလှုပ်ရှားရဲချေ။
‘ငါ ဒီအချိန် ကောင်းကင်နတ်အရှင်မူကို ချုံခိုတိုက်ခိုက်ရင် သူ့ အပြင်းအထန် ဒဏ်ရာရသွားပြီး သခင်လေးလေး တိုက်ခိုက်နိုင်လောက်မလား’
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ နှလုံးသားထဲတွင် ရဲတင်းသော အတွေးတစ်ချက် ရုတ်တရက် ပေါ်ထွက်လာသည်။ သူ့မှာ စိတ်မထိန်းနိုင်တော့ချေ။
ထိုအချိန်တွင် အကြီးအကဲလေး ယန်ရှို့ကော ရောက်လာပြီး ချင်မူကို တိုက်ခိုက်လိုက်သည်။
ချင်မူ မျက်မှောင်ကြုတ်လိုက်မိသည်။ ခွန်အားအလုံးစုံကို ထုတ်သုံးကာ သခင်လေးလေးကျစ်ရှောင်၏ ဗျပ်စောင်းကြိုးမှ ထုတ်လွှတ်သော ကောင်းကင်နတ်သိုင်းများကို ရင်ဆိုင်နေရသဖြင့် ယန်ရှို့ကော၏ ကောင်းကင်နတ်သိုင်းနှင့် တာအိုရတနာကို ရင်ဆိုင်ရန် အချိန် မရှိပေ။
ယန်ရှို့ကော၏ ကျင့်ကြံခြင်းအခြေခံက ခိုင်မာသည်။ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းအရ သူ့အောက် နိမ့်ကျသော်လည်း ကျင့်ကြံခြင်းအခြေခံကမူ သူ့ထက် သာလွန်၏။
မျက်နှာချင်းဆိုင် တိုက်ခိုက်ပါက ချင်မူသည် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို သုံး၍ သူမကို ရင်ဆိုင်နိုင်သည်။ သို့သော် အနိုင်ယူရန်မှာ မလွယ်ကူပေ။
ဤအခိုက်အတန့်တွင် ချင်မူ့တွင် ယန်ရှို့ကော၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ခွန်အားအပို မရှိချေ။
ရုတ်တရက် ဗျပ်စောင်းသံ ထွက်ပေါ်လာပြီး ကောင်းကင်နတ်အရှင်ယွဲ့၏ ကျစ်ရှောင်တာအိုအောင်မြင်ခြင်းတေးသွား စီးဖြာလာသည်။ သခင်လေးလေး၏ ဗျပ်စောင်းကြိုးမှ ကောင်းကင်နတ်သိုင်းများ ထွက်မလာတော့ပေ။ ချင်မူမှာ သက်ပြင်းရှည်ကြီးချလိုက်ပြီး လက်ထဲမှ ထိုက်ယီပုဆိန်အား လမ်းကြောင်းပြောင်းကာ ယန်ရှို့ကောဘက်သို့ ခုတ်ချလိုက်၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် အခွင့်အရေးကို တွေ့သည်နှင့် ချက်ချင်းပင် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးကို အသက်သွင်းလိုက်၏။ ချီစွမ်းအင်မှာ ပေါက်ကွဲထွက်လာပြီး တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးနှစ်ဘီးအဖြစ် ဖွဲ့တည်ကာ ချင်မူ၏နောက်ကျောသို့ ပြင်းထန်စွာ ထိုးဆောင့်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း…
သူ၏တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးများသည် တာအိုအဆင့် ကောင်းကင်ဘုံ ၃၂ ဘုံအထိ ရောက်ရှိနေပြီဖြစ်သည်။ ပေါက်ကွဲသံ ၆၄ ချက် ဆက်တိုက်ထွက်ပေါ်လာ၏။ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီး၏ ချိပ်တံဆိပ်စွမ်းအားက ပေါ်ထွက်လာချေပြီ။
ချင်မူ၏ နောက်ကျောမှာ ရုတ်တရက် ဖောင်းကြွလာပြီး ကျောဘက်ကြွက်သားများမှာ ဧရာမနဂါးကြီးများသဖွယ် အရေပြားအောက်တွင် လူးလွန့်နေကြ၏။ ယင်းတို့က ၆၄ ချက် တုန်ခါသွားပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ နောက်သို့ ယိမ်းယိုင်သွားသည်။
တစ်ချိန်တည်းမှာပင် ချင်မူ၏ ပုဆိန်ခုတ်ချက်က ယန်ရှို့ကော၏ ရနံ့သုံးပါးဗိမာန်နှင့် ၀င်တိုက်သွား၏။
ရနံ့သုံးပါးဗိမာန်မှာ ယန်ရှို့ကော၏ တာအိုရတနာ ဖြစ်သည်။ ဗိမာန်ထဲရှိ ခန်းမဆောင်မှ ပျံလွှားငှက်တစ်ကောင် ပျံထွက်လာကာ ချင်မူ့မျက်နှာထံ ဦးတည်သွားသည်။ ချွန်ထက်သော လက်သည်းစွယ်နှစ်ဖက်က ချင်မူ၏မျက်လုံးနှစ်လုံးကို ကုတ်ခြစ်ရန် ကြိုးစားပြီး နှုတ်သီးက ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံးဆီသို့ ထိုးဆိတ်နေသည်။
ဤပျံလွှားငှက်မှာ ရနံ့သုံးပါးဗိမာန်ထဲမှ ရနံ့တစ်ပါး ဖြစ်၏။ သူမ ငယ်စဉ်ကတည်းက မွေးမြူခဲ့သော နတ်ပျံလွှားငှက်ဖြစ်ကာ သူမနှင့်အတူ မဟာပျက်စီးခြင်းကပ်ဘေးများကို ဖြတ်သန်းခဲ့သည်။ သို့သော် ဤနတ်ပျံလွှားငှက်မှာ ချင်မူ၏ မျက်နှာသို့ ခုန်အုပ်လိုက်သည်နှင့် ချင်မူ၏ မျက်လုံးသုံးလုံးဆီမှ အလင်းရောင်များ ထွက်ပေါ်လာပြီး ထိုနတ်ပျံလွှားငှက်ကို ပြာကျသွားစေသည်။
ဝှစ်
ချင်မူ၏ ပုဆိန် ကျရောက်လာပြီး ရနံ့သုံးပါးဗိမာန်ဆီသို့ ပိုင်းချလိုက်သည်။ ဗိမာန်ထဲမှ ဒုတိယရနံ့မှာ မှန်တစ်ချပ် ဖြစ်၏။ ဗိမာန် ကွဲအက်သွားသည့်အခါ မှန်မှာ ချင်မူ့ထံ မျက်နှာချင်းဆိုင်လာပြီး ချင်မူ့အား ဝှစ်ခနဲ မှန်ထဲသို့ ဆွဲသွင်းလိုက်သည်။
ယန်ရှို့ကောက တတိယရနံ့ကို ကိုင်မြှောက်လိုက်ရာ ၎င်းသည် မျက်နှာချေဘူး ဖြစ်နေ၏။ မျက်နှာချေမှုန်တို့အား မှန်ဘက်သို့ မှုတ်ထုတ်လိုက်ရာ အမှုန့်များ ပျံ့နှံ့သွားသည်။ “သေစမ်း”
မှန်ထဲသို့ ကျရောက်သွားသော ချင်မူ၏ရုပ်ခန္ဓာမှာ ချက်ချင်းပြိုလဲသွားပြီး မရေမတွက်နိုင်သော အမှုန့်များအဖြစ်သို့ ကြေမွသွားသည်။ မျက်နှာချေဘူးမှ ထွက်ပေါ်လာသော အမှုန့်များအလား ပြောင်းလဲသွားလေသည်။
ယန်ရှို့ကောမှာ တိုက်ခိုက်မှု အောင်မြင်သွားသဖြင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို သတ်ဖြတ်ရန်ပြင်ဆင်နေစဉ် ရုတ်တရက် မှန်ထဲတွင် ဖရိုဖရဲမြူများ ထွက်ပေါ်လာသည်။ ခွမ်းခနဲ အသံနှင့်အတူ မှန်မှာ ကွဲအက်သွားတော့သည်။
ယန်ရှို့ကောလည်း နောက်လှည့်ကြည့်လိုက်ရာ ချင်မူ ဖရိုဖရဲမြူများထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူက ပုဆိန်တစ်ချက် လွှဲ၍ ခုတ်ချလိုက်သည်။ ယန်ရှို့ကောမှာ အလျင်အမြန် တာအိုသစ်ပင်ကို အသက်သွင်း၍ ခုခံလိုက်ရာ တာအိုသစ်ပင်သည် ပုဆိန်နှင့် ထိမိသည်နှင့် ခုတ်ပိုင်းခံလိုက်ရ၏။
ယန်ရှို့ကောမှာ ထိတ်လန့်သွားကာ အသည်းအသန် အော်ဟစ်လိုက်သည်။ “အစ်ကိုနှစ်”
ဟွမ်ထန်းမှာ ဟွမ်ရှီခန်းမသခင်မကို ပြင်းထန်စွာ တိုက်ခိုက်နေသည်။ ခေါ်သံ ကြားလျှင် ဟွမ်ရှီခန်းမသခင်မကို ထားခဲ့ကာ တိုက်ခိုက်ရန် ရောက်လာသည်။
သူက ရတနာအလံကို လွှဲ၍ ထိုးစိုက်လိုက်သည်။ အလံမှာ လှည့်ပတ်သွားပြီး လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းအမျိုးမျိုး တဝှီးဝှီး ထွက်ပေါ်လာကာ အလံနှင့်အတူ လည်ပတ်သွားသည်။
ချင်မူ၏ လက်ထဲမှ ထိုက်ယီပုဆိန်မှာ ပျောက်ကွယ်သွားသည်။
သူက လက်ကို ဓားအသွယ် အသုံးပြုရင်း အလျားလိုက် ခုတ်ပိုင်းလိုက်ရာ မိုးသည်းထန်စွာ ရွာသွန်းလာသည်။ ဟွမ်ထန်း၏ ရတနာအလံမှာ အရိုးတံတစ်ခုသာ ကျန်တော့ချေပြီ။
ဟွမ်ထန်း၏ ရတနာအလံ အရိုးတံသည် ဆက်လက် ပြေး၀င်လာပြီး ချင်မူ၏ ရင်ဘတ်ကို ဒုတ်ခနဲ ထိမှန်သွားသည်။ ချင်မူမှာ နောက်သို့ လွင့်စင်သွားပြီး ကောင်းကင်နတ်ဘုံအလယ်ဗဟိုမှ တောင်ကောင်းကင်မုခ်၀သို့ ၀င်တိုက်၏။ မုခ်ဝမှာ တစစီပြိုကွဲပြိုကျသွားတော့သည်။
ဒေါင်… ဒေါင်… ဒေါင်
ဗျပ်စောင်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာစဉ် ကောင်းကင်နတ်ဘုံ၏ နေရာဟင်းလင်းပြင်မှာ ရုတ်တရက် ခေါက်သွားသည်။ ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံထဲတွင် ယခုလေးတင် ပြိုုကျသွားသည့် တောင်ကောင်းကင်မုခ်၀က ယဇ်ပလ္လင်ဘေးတွင် ပေါ်ထွက်လာ၏။ ချင်မူက သူမ၏ကောင်းကင်နတ်သိုင်းဖြင့် ပြန်လည်ပို့ဆောင်ခံလိုက်ရသည်။
“သတိထား”
ချင်မူ ဆင်းသက်လိုက်လျှင်ချင်း ရုတ်တရက် မျက်နှာပျက်သွား၏။ သူက ကောင်းကင်နတ်အရှင်ယွဲ့၏ ရှေ့တွင် ကာရပ်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွဲ့မှာ ချင်မူ့ကို ကယ်တင်ရန်အတွက် ဗျပ်စောင်းသံအား ပြောင်းတီးလိုက်ရသောကြောင့် သခင်လေးလေး သတိပြန်ဝင်သွားသည်။ သူက သူမကို သတ်ဖြတ်ရန် ကောင်းကင်နတ်သိုင်းတစ်ကွက်ကို ဗျပ်စောင်းကြိုးမှတစ်ဆင့် ပစ်လွှတ်လိုက်ချေပြီ။
ချင်မူမှာ အပြင်းအထန် ဒဏ်ရာရထားသည့်အပြင် မသက်သာသေးချေ။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း ထိုက်ယီအခေါင်းကို ထောင်ကာ သူတို့နှစ်ယောက်အရှေ့တွင် ကာဆီးလိုက်ရသည်။
ချွမ်း
မမြင်နိုင်သော စွမ်းအားတစ်ရပ် ဖြတ်သန်းသွားပြီး ထိုက်ယီအခေါင်း၏ သစ်သားပြားမှာ ချက်ချင်းပင် ပါးလွှာသွားသည်။
ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့ ခေါင်းငုံ့လိုက်ကြသည်။ ဤမမြင်နိုင်သော ကောင်းကင်နတ်သိုင်းက သူတို့၏ ဦးခေါင်းပေါ်မှ ပျံသန်းသွား၏။ ထိုက်ယီအခေါင်းဖြင့် တားဆီးခြင်းခံရသော်လည်း သူတို့၏ ဆံပင်တစ်မျှင်ကို ဖြတ်တောက်သွားသည်။
ဟွမ်ရှီခန်းမသခင်က တိုက်ခိုက်ရန် ရောက်ချလာပြီး အရပ်လေးမျက်နှာတွင် သူမ၏ ပုံရိပ်များဖြင့် ပြည့်နှက်သွားစေသည်။ ဤအမျိုးသမီးမှာ အစွမ်းထက်လှ၏။ လီရှုကို ခုခံနေရင်း သူတို့ကို သတ်ဖြတ်ရန် ကြိုးစားနေသေးသည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ ချက်ချင်း ထိုင်ချကာ ချင်မူ့ကို မော့ကြည့်လိုက်သည်။ ချင်မူလည်း သဘောပေါက်သွားပြီး သူမ၏ဘေးတွင် ရပ်ကာ လက်ညှိုးထိုးလိုက်သည်။
ကမ္ဘာဦးဖရိုဖရဲလက်ချောင်း၏ စွမ်းအားက ပေါက်ကွဲထွက်လာပြီး စကြဝဠာအစတွင် ဖြစ်ပွားခဲ့သော ထူးဆန်းသော အခြေအနေတစ်ရပ် ပေါ်လွင်လာသယောင်ပင်။ သူ၏လက်ချောင်းထိပ်တွင် စကြဝဠာသည် ခေါင်းလောင်းပုံစံဖြင့် ပျံ့နှံ့သွား၏။
ဘုန်း
ခေါင်းလောင်းကြီးမှာ အတောမသတ်နိုင်အောင် တုန်ခါနေပြီး ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံကို ဖိနှိပ်ထားသည်။
ကောင်းကင်နတ်အရှင်ယွဲ့က သတ်ဖြတ်ခြင်းတာအိုတေးသွားအား တီးခတ်သည်။ ရှန့်ကျွင်း၏ သတ်ဖြတ်ခြင်းတာအိုတေးသွားသည် ချက်ချင်းပင် သူမ၏လက်ချောင်းထိပ်များမှ စီးဆင်းထွက်ပေါ်လာ၏။ ပထမသတ်ကွက်၊ ဒုတိယ၊ တတိယတို့မှ သုံးဆယ့်ခုနစ်ကွက်မြောက် သတ်ကွက်တို့အထိ မြင့်တက်သွားချေပြီ။
ဟွမ်ရှီခန်းမသခင်မမှာ သူတို့အနား မရောက်ခင်မှာပင် တာအိုဒဏ်ရာ ရုတ်တရက် ပေါက်ကွဲသွားသဖြင့် ခါးအောက်မှ သွေးများ စီးကျလာသည်။
သူမက စူးရှစွာ အော်ဟစ်လိုက်စဉ် လီရှု၏ အဝါရောင်လယ်ကွင်းပြင်ရတနာဖြင့် ဖုံးအုပ်ခံရကာ ယဇ်ပလ္လင်ပေါ်သို့ ဖိချခံလိုက်ရသည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူမသည် ခေါင်းလောင်းသံ တုန်ခါနေသည်ကို နားထောင်ရင်း တွေးနေ၏။ “သူနဲ့အတူ တီးခတ်နိုင်ရင် တန်ပါတယ်”
တစ်ချိန်တည်းမှာပင် ဟွမ်ထန်းနှင့် ယန်ရှို့ကောတို့မှာ ကောင်းကင်နတ်ဧကရာဇ်ဟောင်အား တိုက်ခိုက်နေကြသည်။ သခင်လေးလေး၏ ဗျပ်စောင်းသံသည် အဆက်မပြတ် တုန်ခါနေပြီး တာအိုသိုင်းပညာရှင်နှစ်ဦး၏ ကောင်းကင်နတ်သိုင်းတို့ကို ခုခံကာကွယ်နေ၏။ သူတို့၏ လက်များမှာ တန်ပြန်သက်ရောက်မှုကြောင့် သွေးတသွင်သွင် စီးကျနေသော်လည်း ရူးသွပ်နေသော နတ်ဆိုးများပမာ အသေအကြေ တိုက်ခိုက်နေကြသည်။
ဝှစ်..
ဗျပ်စောင်းကြိုးက ရုတ်တရက် ဟွမ်ထန်း၏ ဦးခေါင်းကို ထိုးစိုက်၍ သူ၏ တာအိုသစ်ပင်ကို ပိုင်းဖြတ်သွား၏။
သူ၏ဦးခေါင်း ကွဲအက်သွားပြီး တာအိုသစ်ပင်မှာ လဲကျသွားသည်။
ချင်မူ မျက်မှောင်ကြုတ်လိုက်သော်လည်း ရုတ်တရက် သေတ္တာတစ်လုံးကို မြင်ရလျှင် မျက်လုံးများ တောက်ပသွားသည်။ သူက ခပ်တိုးတိုးပြော လိုက်သည်။ “မမကြီးယွဲ့၊ ကျွန်တော်တို့ ရှာနေတဲ့လူကို တွေ့ပြီ… မြန်မြန် ဆုတ်ခွာကြစို့”