ကမ္ဘာမြေကို တုန်လှုပ်စေသော သိုင်းပညာရှင်များ
Vol. 136 Ch. 1752
ကောင်းကင်နတ်အရှင်ယွဲ့လည်း သေတ္တာကို မြင်လျှင် ရင်ထဲ လှုပ်ရှားသွား၏။ ‘ဒီခရီးရဲ့ ရည်ရွယ်ချက်က ဘာများလဲ’
ချင်မူ၏ ရည်ရွယ်ချက်သည် အကြီးအကဲငါးဦးကို နားချရန်ဟု ထင်ခဲ့သော်လည်း ချင်မူမှာမူ သူတို့ကို နားချလိုစိတ် တစ်စိုးတစ်စိမှ မရှိချေ။ ထိုအစား သူတို့ လာရာလမ်းအတိုင်း ပြန်သွားရန်သာ ဖိအားပေးခဲ့သေးသည်။
ထို့နောက်တွင်တော့ အကြီးအကဲငါးဦးကို တစ်ချက်တည်း အပြတ်ရှင်းလိုသည်ဟု ထင်ခဲ့မိပြန်သော်လည်း ချင်မူမှာမူ သူတို့ကို စိတ်မ၀င်စားလှချေ။ သူတို့ကို သတ်ဖြတ်မည့်အစား သခင်လေးလေး၏ ဗျပ်စောင်းကြိုးနှင့်သာ အသေအကြေ တိုက်ခိုက်နေခဲ့သည်။
ယခုအခါတွင် ချင်မူက သေတ္တာကို တွေ့လိုက်သည်နှင့် ရည်ရွယ်ချက် အောင်မြင်ပြီဟု ဆိုပြန်၏။ ထိုသို့ဆိုလျှင် သူ၏ ရည်ရွယ်ချက်က အဘယ်နည်း။
ချင်မူ၏ ရည်ရွယ်ချက်က ရိုးရိုးရှင်းရှင်း မဟုတ်သည်ကိုတော့ သူမ မသိရှာပေ။ သူ၏ ရည်ရွယ်ချက်များထဲမှ တစ်ခုက ပြဿနာရှာရန် ဖြစ်သည်။
ချင်မူနှင့် သူမသာ မရောက်လာပါက ကောင်းကင်နတ်ဧကရာဇ်ဟောင်အနေဖြင့် အကြီးအကဲငါးဦးကို သိမ်းသွင်းနိုင်သွားမည်။ ထိုအခါ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ အန္တရာယ်ရှိလာနိုင်ပေသည်။ ချင်မူ သူမအား ဤနေရာသို့ ခေါ်ဆောင်လာရခြင်းမှာ နှစ်ဖက်လုံး လုံးဝ မပူးပေါင်းနိုင်ကြောင်း သေချာစေရန် ဖြစ်သည်။
ချင်မူသည်သွေးထိုးလှုံ့ဆော်ခြင်း၊ မကောင်းကြံခြင်းတို့ မပြုလုပ်သော်လည်း သူ၏ ရောက်လာခြင်းကပင် အကြီးအကဲငါးဦးကို သုံးပွင့်ဆိုင်အခြေအနေ ဖြစ်ပေါ်နေသည်ဟု ထင်မိစေကာ မှားယွင်းသောဆုံးဖြတ်ချက်များ ချမှတ်စေခဲ့သည်။
တြိဂံသည် အတည်ငြိမ်ဆုံးသော ဖွဲ့စည်းပုံ မဟုတ်လေလော။ သို့ဖြစ်၍ အကောင်းဆုံးအနေအထားက သုံးပွင့်ဆိုင်အခြေအနေကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။
သို့ရာတွင် အကြီးအကဲငါးဦးမှာ မည်သည့်ဘက်ကိုမျှ မပူးပေါင်းလိုသည့်အပြင် သူတို့ကိုယ်ပိုင်အင်အားစုကို တည်ထောင်ချင်ခဲ့ကြသည်။ ဖုန်းဟွားလျန်ကလည်း ကြီးကြီးကျယ်ကျယ် စကားများ ပြောဆို၍ မီလော့နန်းတော် ဆင်းသက်လာခြင်းကို တားဆီးရန် ကြိုးစားခဲ့သေးသည်။ တစ်ချိန်တည်းမှာပင် ချင်မူနှင့်လည်း မပူးပေါင်းခဲ့ချေ။
သို့သော် ဖုန်းဟွားလျန်၏ အကဲခတ်မှု မှားယွင်းသွားခဲ့သည်။ မီလော့နန်းတော်သည် အလွန်တရာ အင်အားကြီးလွန်းသောကြောင့် သုံးပွင့်ဆိုင်အခြေအနေမှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဖုန်းဟွားလျန် သေဆုံးသွားခဲ့သည်။
ဤအခြေအနေကား ဖရိုဖရဲအခြေအနေပင် မဟုတ်လော။
ချင်မူ ရောက်မလာခဲ့ပါက ယခုလို အခြေအနေအား ဖန်တီးနိုင်မည်မဟုတ်။
သခင်လေးခုနစ်ချင်မူသည် ဖရိုဖရဲတာအိုကို ကျင့်ကြံသည့်အလျောက် သွားရာနေရာတိုင်းတွင် ဖရိုဖရဲဖြစ်စေတတ်၏။
ကောင်းကင်နတ်အရှင်ယွဲ့က ဗျပ်စောင်းကြိုးကို ပွတ်သပ်၍ ကျစ်ရှောင်၏ တာအိုအောင်မြင်ခြင်းတေးသွားအား တီးခတ်လိုက်သည်။ သခင်လေးလေး၏ ဗျပ်စောင်းသံမှ ထွက်ပေါ်လာသော ကောင်းကင်နတ်သိုင်းမှာ ရပ်တန့်သွားသည်။
သခင်လေးလေး၏ ကောင်းကင်နတ်သိုင်း ရပ်တန့်သွားသည်နှင့် ယန်ရှို့ကောက ချက်ချင်းပင် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို တိုက်ခိုက်ရန် ပြေး၀င်သွားသည်။ ဟွမ်ရှီခန်းမသခင်မက လီရှု၏ တာအိုရတနာမှ ချက်ချင်း လွတ်မြောက်သွားသည်။
ဟွမ်ရှီသည် အခြေအနေကို မြင်သောအခါ ချက်ချင်းပင် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ပွေ့ချီကာ ဖြတ်ခနဲ ထွက်ခွာသွားတော့သည်။
ဟွမ်ထန်းမှာ မသေသေးပေ။ သခင်လေးလေး၏ တိုက်ကွက်က သူ၏တာအိုသစ်ပင်နှင့် ဦးခေါင်းကို ဖြတ်တောက်ခဲ့သော်လည်း သခင်လေးလေးသည် သူတို့ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို မသတ်နိုင်အောင် တားခဲ့ရုံသာ ဖြစ်သည်။
ဟွမ်ထန်း၏ ကျင့်စဉ်မှာ ထူးခြားပြီး ဟွမ်ရှီခန်းမသခင်မ၏ နေရာဟင်းလင်းပြင်တာအိုကို ချုပ်နှောင်နိုင်သဖြင့် သူတို့နှစ်ယောက်လုံးအား တိုက်ချလိုက်၏။ နောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်ကြပြန်လေပြီ။
လီရှုနှင့် ချန်းယန်ခွေ့တို့မှာမူ ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့ကို သတ်ဖြတ်ရန် ရောက်လာကြသည်။ ကောင်းကင်နတ်အရှင်ယွဲ့က ထိုင်၍ ဗျပ်စောင်းတီးနေပြီး ချင်မူမှာမူ သူမအနားတွင် လမ်းလျှောက်ရင်း လီရှုနှင့် ချန်းယန်ခွေ့တို့၏ တိုက်ကွက်များကို ခုခံကာကွယ်နေသည်။
အကြီးအကဲလေးဦးမှာ မျက်ထောင့်များနီလျက် အသည်းအသန် တိုက်ခိုက်သတ်ဖြတ်နေကြသည်။ သူတို့မှာ အမှားအမှန်ကို အာရုံမစိုက်တော့ဘဲ အညှာအတာကင်းမဲ့စွာဖြင့်သာ တိုက်ခိုက်နေကြချေပြီ။
ချင်မူက သေတ္တာ အဝေးသို့ ထွက်ခွာသွားသည်ကို တွေ့လိုက်လျှင် တည်ကြည်လေးနက်စွာ ပြောသည်။ “မမကြီးယွဲ့၊ ပြီးသွားပြီ”
ကောင်းကင်နတ်အရှင်ယွဲ့လည်း ဗျပ်စောင်းကို သိမ်းဆည်းလိုက်ပြီး သူမ၏ လက်ချောင်းထိပ်တွင် မက်မွန်ပန်းတစ်ပွင့် ပွင့်လာသည်။ ပန်းပွင့်ချပ်များသည် ပိုပို၍ လှုပ်ရွထွက်ပေါ်လာသောကြောင့် မြင်ကွင်းကို ရှုပ်လာစေသည်။ လီရှုနှင့် ချန်းယန်ခွေ့တို့ မက်မွန်ပန်းများကို ရှင်းလင်းပြီးသောအခါ ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့မှာ ပျောက်ကွယ်သွားလေပြီ။
“အကြီးအကဲလေးဦးက တကယ် ရဲရင့်ကြတာပဲ”
ကောင်းကင်နတ်အရှင်ယွဲ့က ချင်မူကို ကောင်းကင်နတ်ဘုံအပြင်ဘက်သို့ ခေါ်လာသည်။ သူမ နောက်လှည့်ကြည့်လိုက်ရာ အကြီးအကဲလေးဦးမှာ ဟွမ်ရှီခန်းမသခင်မနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ဝိုင်း၍ တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ကြောင့် ကောင်းကင်နတ်ဘုံမှာ ပျက်စီးပေတော့မည်။
“ဒီအကြီးအကဲလေးယောက်ရဲ့ စွမ်းရည်က ပြောင်မြောက်ပေမယ့် သခင်လေးလေးရဲ့ ဗျပ်စောင်းကြိုးအတွက်တော့ ပြိုင်ဘက်မဟုတ်ဘူး”
ချင်မူ အဝေးသို့ လှမ်းကြည့်လိုက်ရင်း စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ “ သခင်လေးလေးက အခုလို သတ်ဖြတ်နေတာက မီလော့နန်းတော်ကို ပိုပြီးမြန်မြန် ဆင်းသက်လာစေမှာပဲ စိုးရိမ်မိတယ်”
သခင်လေးလေး ပထမဆုံးအကြိမ် ဗျပ်စောင်းကြိုးကို တီးခတ်ခဲ့သည့်အခါ အမှန်တကယ်ပင် အံ့ဩငေးမောဖွယ်ကောင်းခဲ့သည်။ တိုက်ကွက်တစ်ကွက်တည်းဖြင့် တာအိုသိုင်းပညာရှင်များပင်လျှင် ပြာကျခဲ့ကြသည်။ မှန်ပါသည်။ စွမ်းအား စုဆောင်းထားခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
သို့ထိတိုင် အကြီးအကဲလေးဦးအနေဖြင့် သခင်လေးလေးအား အဘယ်သို့ပြု၍ ယှဉ်နိုင်မည်နည်း။ ထိုမျှသာမက ဟွမ်ရှီခန်းမသခင်မလည်း ရှိနေသေးသည် မဟုတ်ပါလော။
ထိုအချိန်တွင် တဗြုန်းဗြုန်း တဗြန်းဗြန်း မြည်သံများ ဆူညံလာသည်။ သေတ္တာသည် ကောင်းကင်နတ်ဘုံမှ ကရောသောပါး ပြေးထွက်လာပြီး ချင်မူ၏ ဘေးသို့ ခုန်ဆွခုန်ဆွ ရောက်လာကာ သူ့ခြေသလုံးကို ချစ်ခင်စွာ ပွတ်သပ်နေသည်။
ချင်မူလည်း ပြုံး၍ ချူကောခန်းမသခင်၏ ခန္ဓာကိုယ်အောက်ပိုင်းကို ထုတ်မေးလိုက်သည်။ “လိုချင်လား”
သေတ္တာမှာ ခုန်ပေါက်နေပြီး ရတနာကို သူ့ကိုယ်ထဲသို့ ထည့်သွင်းရန် ကြိုးစားနေသည်။ သို့သော် မမှီပေ။
ချင်မူလည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လျှောက်လာနေသည့် သူစိမ်းတစ်ယောက်ကို ကြည့်လိုက်သည်။
ထိုသူ၏ မျက်နှာတွင် မုတ်ဆိတ်များ ပြည့်နေသော်လည်း အသွင်မှာမူ တင့််တယ်ကြော့ရှင်းနေသည်။ လူသားတစ်ယောက်နှင့်မတူဘဲ မျက်နှာတွင် ပုတ်သင်အကြေးခွံများ ရှိနေသည်။ ခေါင်းတွင်လည်း ပုတ်သင်အရိုးငေါအချို့ ထောင်နေသည်။
“ရှင်းအန်း” ချင်မူ ပြုံးလိုက်သည်။
ထိုသူက ချူကောခန်းမသခင်၏ ခန္ဓာကိုယ်အောက်ပိုင်းကို အကဲခတ်လိုက်ပြီး အကြည့်များ ထူးဆန်းလာ၏။ သူ၏ မျက်ဆံများက ဒေါင်လိုက်ဖြစ်နေသေးသည်။ “တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်လား”
“မီလော့နန်းတော် ခန်းမ ၇၂ ခု ထဲက ချူကောခန်းမသခင်ပဲ… အသန်မာဆုံး ခန်းမသခင်တောင် ဖြစ်ကောင်း ဖြစ်နိုင်တယ်”
ချင်မူ ညည်းပြလိုက်သည်။ “သူ့ကို ရင်ဆိုင်ဖို့ အတော်လေး ဒုက္ခရောက်ခဲ့ရတာ”
ရှင်းအန်းက ခေါင်းညိတ်လိုက်သည်။ “ယူမယ်… မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ”
ချင်မူလည်း ထိုက်ယီအခေါင်းကို ချလိုက်သည်။ “ဒီခေါင်းတလားကို ဖွင့်ပြီး အထဲက လူကို အန္တရာယ်ကင်းကင်း ထုတ်ပေးပါ”
ရှင်းအန်းက စစ်ဆေးကြည့်ရှုကာ ပြော၏။ “ဒီခေါင်းတလားက ငါ မင်းအတွက် သွန်းလုပ်ပေးခဲ့တဲ့ ခေါင်းတလားထက် အများကြီး ပြီးပြည့်စုံတယ်…အတိတ်တုန်းကသာဆိုရင် ငါလည်း ဖွင့်နိုင်ခဲ့မှာမဟုတ်ဘူး”
ချင်မူ မျက်မှောင်ကြုတ်သွားမိသည်။ ရှင်းအန်းက ဆက်ပြောသည်။ “ဒါပေမဲ့ ဒီခေါင်းတလားက သခင်လေးလေးရဲ့ ဗျပ်စောင်းကြိုးကြောင့် တစ်လွှာ ပိုင်းဖြတ်ခံလိုက်ရတော့ ပြစ်ချက် ရှိသွားပြီ… နှစ်ဝက်အချိန်ပေးရင် ငါ ဖွင့်ပေးမယ်”
ချင်မူက မျက်မှောင်ကြုတ်နေဆဲပင်။ “နှစ်ဝက်က ကြာလွန်းတယ်…. သုံးလဆိုရင်ရော”
ရှင်းအန်းက မှင်သေသေ တုံ့ပြန်သည်။ “သုံးလဆို ဒုက္ခိတတစ်ယောက်တော့ ထွက်လာလိမ့်မယ်လို့ အာမခံနိုင်တယ်”
ချင်မူလည်း ခေါင်းနပန်းကြီးသွားပြီး အံတင်းတင်းကြိတ်ကာ ကတိတောင်းလိုက်သည်။ “ဒါဆိုလည်း နှစ်ဝက်ပေါ့… ဘာပဲဖြစ်ဖြစ် သူ့ကို ဘေးမသီရန်မခ ကယ်ထုတ်ပေးရမယ်”
သူက ချူကောခန်းမသခင်၏ ခန္ဓာကိုယ်ကို ပေးကာ သတိပေးနေသည်။ “ခေါင်းတလားကို ခင်ဗျား ယူသွားလိုက်… ခြောက်လပြည့်ရင် ခေါင်းတလားထဲက သူကို တွေ့ချင်တယ်… မတွေ့ရရင်တော့ ကျွန်တော့်အကြောင်း ခင်ဗျားသိတယ်မလား”
ရှင်းအန်းမှာ သူ၏ ခြိမ်းခြောက်စကားကို နားထဲပင် ထည့်ဟန်မတူ။ သူ၏ အကြည့်များက ထူးဆန်းနေပြီး ပြောလိုက်၏။ “ဒီခေါင်းတလားက အရည်အသွေး တော်တော်မြင့်တယ်… မင်း ဘိုးဘေးနန်းတော်မှာ နှစ်ထောင်ပေါင်းများစွာ အချိန်ပေးပြီး ရှာရင်တောင် လိုအပ်တဲ့ ကုန်ကြမ်းတွေ ရှာတွေ့မှာ မဟုတ်ဘူး… တကယ်ပဲ ဒီခေါင်းတလားကို ငါ့ ပေးလိုက်မှာလား… ငါ သိမ်းယူသွားမှာ မကြောက်ဘူးလား”
ချင်မူ ရယ်မောလိုက်သည်။ “တာအိုမိတ်ဆွေ၊ ခင်ဗျားက ဒီခေါင်းတလားကို သိမ်းပိုက်ပြီး ကိုယ်တိုင် ဝင်လှဲနေမလို့လား”
ရှင်းအန်းက တခဏ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်သည်။ သူက အခေါင်းကို စိုက်ကြည့်ရင်း ပြောသည်။ “ငါ စမ်းကြည့်ချင်တယ်… ဒီခေါင်းတလားက သိပ်ကို အရည်အသွေးကောင်းတာပဲဟာ”
ကောင်းကင်နတ်အရှင်ယွဲ့မှာ အထူးအဆန်းဖြစ်နေသော မျက်နှာလေးဖြင့် ရှင်းအန်းကို အကဲခတ်နေမိသည်။ ‘ရှင်းအန်းရဲ့ ဒီခန္ဓာကိုယ်က သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ် မဟုတ်ဘူးမလား… တကယ့်ပုံစံအစစ်က ဘယ်လိုမျိုးလဲ မသိဘူး’
သူမမှာ ပို၍ပင် စပ်စုချင်လာမိသည်။ ‘ကောင်းကင်နတ်အရှင်မူ၊ ရှုရှန်းဟွာ၊ ကျန်းပိုင်ကွေ့၊ ရှင်းအန်း၊ ဟွာရွှမ်းရှို့၊ စစ်ယိုယို၊ ချင်ဖုန်းကျင့်၊ ဒီခေတ်မှာ မွေးဖွားလာတဲ့ ကောင်းကင်နတ်အရှင်တွေက တော်တော်များတာပဲ… နဂါးဟန်ခေတ်အစပိုင်းအောက် နိမ့်ကျမနေဘူး’
ဤပုဂ္ဂိုလ်များသည် ကိုယ်ပိုင်နယ်ပယ်များတွင် အောင်မြင်မှုအသီးသီး ရရှိထားကြသူများဖြစ်သည်။ အကယ်၍ ကျင့်စဉ်စနစ်အပေါ် အကျိုးသယ်ပိုးမှုဖြင့် ခွဲခြားလိုက်ပါက ရှုရှန်းဟွာကား ချင်မူ၏ အထက်တစ်နေရာတွင် ရှိပေလိမ့်မည်။
ရှင်းအန်း၏ အကျိုးသယ်ပိုးမှုများကတော့ တာအိုဒဿနတက္ကသိုလ်တွင် ဆောင်ရွက်ခဲ့သည့် အံ့မခန်းလိလိ အကျိုးပြုမှုများပင်ဖြစ်သည်။
ရှင်းအန်းသည် တာအိုအသုဘခေါင်းတလားနှင့် ချူကောခန်းမသခင်၏ ခန္ဓာကိုယ်အောက်ပိုင်းကို သိမ်းဆည်းပြီး သေတ္တာနှင့်အတူ ထွက်ခွာသွား၏။
ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့လည်း သူ ဘိုးဘေးနန်းတော်၏ ကျယ်ပြောလှသော တောင်တန်းများထဲတွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေမိကြသည်။ ကောင်းကင်နတ်အရှင်ယွဲ့က ချီးကျူးလိုက်လေသည်။ “တကယ်ကို ထူးဆန်းတဲ့လူပဲနော်... ခုနက ရှင်းအန်း နင့်ကို ကြည့်တဲ့ အကြည့်က သိပ်မူမမှန်ဘူး … နင့်လည်ပင်းကို အမြဲစိုက်ကြည့်နေတာ ... သူ့အကြည့်က နင့်မျက်လုံးကို လုံး၀ တည့်တည့်မကြည့်ဘူး”
“သူက ကျွန်တော့်ဦးခေါင်းကို လိုချင်နေတာလေ”
ချင်မူက စိတ်ထဲမထားဘဲ ပြုံးလိုက်သည်။ “ဒါပေမဲ့ ယူနိုင်စွမ်း မရှိပါဘူး”
သူက လောကသစ်ပင် ရှိရာသို့ လျှောက်သွားသည်။ “မမကြီးယွဲ့၊ ကျွန်တော်တို့ ရောက်လက်စနဲ့ လောကသစ်ပင်အောက်ကို သွားကြည့်ကြရအောင်… အကြီးအကဲငါးဦး လောကသစ်ပင်ကနေ ထွက်လာတာက ကျွန်တော့်ကို စိတ်လေးနေစေတယ်…. ဟွမ်ရှီခန်းမသခင်မ ပြောပုံအရ ဒီအကြီးအကဲငါးဦးက လောကသစ်ပင်အောက်မှာ အမြဲပုန်းနေခဲ့ကြတာတဲ့… ဒီတစ်ခေါက် လောကသစ်ပင်ကို စွန့်ခွာပြီး ကောင်းကင်နတ်ဘုံကို သိမ်းပိုက်တာက သူတို့စိတ်ဆန္ဒအတိုင်း စွန့်ခွာတာနဲ့မတူဘဲ တစ်စုံတစ်ယောက်က တွန်းထုတ်လိုက်သလိုပဲ…”
ကောင်းကင်နတ်အရှင်ယွဲ့လည်း မျက်မှောင်ကြုတ်၍ သူ့အနောက်မှ လိုက်လာည်။ သူတို့၏ ခြေလှမ်းများက မမြန်ဆန်သော်လည်း အရှိန်မှာမူ အံ့မခန်း မြန်ဆန်နေ၏။
ထိုအချိန်တွင် အချိန်နှင့် နေရာ၏ နက်ရှိုင်းသော နေရာတစ်ခုမှ ဗျပ်စောင်းသံတစ်ချက် ရုတ်တရက် ပျံ့လွင့်လာသည်။ ချင်မူမှာ ထိတ်လန့်သွားပြီး ကောင်းကင်နတ်အရှင်ယွဲ့ကို အလျင်အမြန် လှမ်းဆွဲကာ ငုံ့ချလိုက်သည်။
ကောင်းကင်နတ်ဘုံသည် ရုတ်တရက် နှစ်ခြမ်းကွဲသွားပြီး ဗျပ်စောင်းသံဖြင့် ဖြတ်တောက်ခံလိုက်ရချေပြီ။
ထို့နောက် ဗျပ်စောင်းသံက ရုတ်တရက် ရှုပ်ထွေးသွားပြီး အလျင်လိုနေသကဲ့သို့ သွက်လာသည်။ ပုလဲလုံးများ ပန်းကန်ပြားတစ်ချပ်ပေါ် ကျသွားသကဲ့သို့ ကောင်းကင်နတ်ဘုံမှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ အက်ကွဲသွားတော့သည်။
ချင်မူ ပြန်လှည့်ကြည့်လိုက်ရာ ကျယ်ပြောလှသော ကောင်းကင်နတ်ဘုံမှာ မမြင်နိုင်သော ဓားသွားများဖြင့် ဖြတ်တောက်ခံလိုက်ရသည့်ပမာ ပြိုကွဲသွားသည်ကို တွေ့လိုက်ရ၏။ ဗျပ်စောင်းသံထဲတွင် အကြီးအကဲလေးဦးမှာ ဟိုဟိုသည်သည် ပျံဝဲလျက် မမြင်နိုင်သော ဓားသွားများကို ရှောင်တိမ်းရန် ကြိုးစားနေကြသည်။ သို့သော် မရှောင်တိမ်းနိုင်တော့ဘဲ ဗျပ်စောင်းသံကြောင့် ဦးခေါင်းပြတ်သွားသည့် တစ်ယောက် ရှိ၏။ ထိုသူက အကြီးအကဲလေးဦးထဲမှ မည်သူ ဖြစ်သည်ကို မသိရပေ။
“သခင်လေးလေး ဒေါသထွက်နေတာပဲ”
ချင်မူ တွေးနေစဉ် ရုတ်တရက် လောကသစ်ပင်အောက်မှ အလင်းတန်းတစ်တန်းသည် ပျံလွှားငှက်အမြီးကဲ့သို့ ပျံသန်းထွက်လာ၏။ ၎င်း ပြိုလဲနေသော ကောင်းကင်နတ်ဘုံသို့ ရောက်သွားသည့်အခါ အက်ကွဲသံတစ်ချက်နှင့်အတူ ဗျပ်စောင်းသံမှာ ရုတ်တရက် ပြတ်တောက်သွားသည်။
ချင်မူလည်း မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးဖြင့် ကြည့်လိုက်ရာ ဗျပ်စောင်းကြိုးပြတ်နှစ်ချောင်းက အချိန်နှင့် နေရာတွင် လွင့်မြောနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့က ပျံဝဲလည်ပတ်လျက် ရုတ်တရက် လောကသစ်ပင်ဘက်သို့ ပြေးဝင်လာ၏။
ထိုကြိုးနှစ်ချောင်းအား သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ ၎င်းတို့ လှုပ်ရှားသည့်အခါ တိတ်တဆိတ်သာ လှုပ်ရှား၏။ လောကသစ်ပင်ဆီသို့ ပြေးဝင်လာသည့်အချိန်တွင် အတိတ်စကြဝဠာမှ အင်အားကြီးသိုင်းပညာရှင်များ တည်ဆောက်ထားသော နတ်ဘုရားမြို့ ခြောက်ခု၊ ခုနစ်ခုကို ဖြတ်သန်းသွားသည်။
၎င်းတို့ ဖြတ်သန်းသွားစဉ် ထိုနတ်ဘုရားမြို့များမှ မည်သည့်ထူးခြားမှုမှ မရှိချေ။ သို့သော် ဗျပ်စောင်းကြိုးများ အဝေးသို့ ပျံသန်းသွားသောအခါ နတ်ဘုရားမြို့များသည် အသံတိတ် နှစ်ပိုင်းကွဲကုန်ကြ၏။
မြို့ထဲရှိ အတိတ်စကြဝဠာမှ နတ်ဘုရားများမှာ အစွမ်းထက်သော ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် သူတို့သည်ပင် မည်သည်တို့ ဖြစ်ပျက်သွားမှန်း မသိလိုက်ရဘဲ သေဆုံးသွားကြချေပြီ။
လောကသစ်ပင်အောက်တွင် သစ်ရွက်နှစ်ရွက် ပျံသန်းနေသည်။ လောကသစ်ပင်၏ သစ်ရွက်များမှာ ပိုပို၍ ကြီးမားလာပြီး ထိုဗျပ်စောင်းကြိုးနှစ်ချောင်းနှင့် တွေ့ဆုံရာ၌ ကြိုးများကို ရစ်ပတ်လိုက်သည်။
ရုတ်တရက် သစ်ရွက်များ မီးလောင်လာပြီး ကြိုးများမှာလည်း လိုက်ပါမီးလောင်သွား၏။ မီးတောက်နှစ်ခုမှာ ကြိုးတစ်လျှောက် လိုက်ပါ၍ အချိန်နှင့်နေရာ၏ အနက်ပိုင်းထဲထိ ပျောက်ကွယ်သွားရာ မကြာမီ ၁၆ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ရောက်ရှိသွားပေလိမ့်မည်။
ချင်မူ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်နေသည်။ သူက တုံ့ခနဲ ရပ်ကာ တည်ကြည်လေးနက်စွာ ပြော၏။ “မမကြီးယွဲ့၊ ပြန်တော့… ကျွန်တော်တစ်ယောက်တည်း လောကသစ်ပင်ဆီ သွားမယ်”
ကောင်းကင်နတ်အရှင်ယွဲ့ တွန့်ဆုတ်နေသည်။ သူမသည် ဗျပ်စောင်းကြိုးများနှင့် လောကသစ်ပင်သစ်ရွက်တို့၏ တိုက်ပွဲကို မမြင်တွေ့လိုက်ရချေ။ နတ်ဘုရားမြို့များ အသံတိတ် ကွဲအက်သွားသည်နှင့် သစ်ရွက်နှစ်ရွက် ပျံသန်းလာသည်ကိုသာ တွေ့မြင်လိုက်ရ၏။ ၎င်းတို့က ရုတ်တရက် လိပ်တက်၍ မီးလောင်သွားလေသည်။
ထိုမျှ ပေါ့ပါးသွက်လက်စွာ ဖြစ်ပွားသွားခဲ့သော တိုက်ပွဲကို သူမ မမြင်တွေ့လိုက်ရပေ။
“လောကသစ်ပင်အောက်က ပုဂ္ဂိုလ်က ဘယ်လောက်တောင် အစွမ်းထက်လဲ” သူမက မေးလိုက်သည်။
ချင်မူ၏ မျက်နှာမှာ လေးနက်နေပြီး တည်ကြည်စွာ ဖြေသည်။ “မီလော့နန်းတော်က သခင်လေးတွေအောက် မနိမ့်ကျဘူး”
“ဂရုစိုက်နော်” ကောင်းကင်နတ်အရှင်ယွဲ့က ဗျပ်စောင်းကို ကျောပိုး၍ ထွက်ခွာသွားသည်။
ချင်မူက စိတ်တည်ငြိမ်စေလိုက်ရင်း လောကသစ်ပင်ဆီသို့ လျှောက်သွားသည်။ သူ၏အနောက်တွင် ကောင်းကင်နတ်ဘုံ ပြိုကျနေပြီး အသက်ရှင်ကျန်ရစ်သော အကြီးအကဲသုံးဦးမှာ တစ်ကိုယ်လုံး သွေးများ ပေကျံနေကြ၏။ သူတို့က ဟွမ်ရှီခန်းမသခင်မနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို အသည်းအသန် တိုက်ခိုက်နေကြသည်။ ဟွမ်ရှီခန်းမသခင်မက ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ခေါ်၍ ကောင်းကင်နတ်ဧကရီ ဦးဆောင်သော ကောင်းကင်နတ်ဘုံစစ်တပ်ဆီသို့ ထွက်ပြေးသွားသည်။
ချင်မူ အနက်ရောင်တောင်တန်းဆီသို့ ရောက်လာသည့်အခါ လောကသစ်ပင်မှာ ပို၍မြင့်မားကြီးထွားလာသည်ကို တွေ့လိုက်ရသည်။ ၎င်းက ဘိုးဘေးနန်းတော်၏ ကောင်းကင်ကို ထောက်ပံ့ထားကာ ယခင်ကထက် ပိုမိုမြင့်မားနေစေ၏။ သူ ထိုနေရာတွင် ရပ်လျက် မော့ကြည်လိုက်ရာ ကမ္ဘာလောကအားလုံး ပို၍နီးကပ်လာသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ဤသည်မှာ ပုံရိပ်ယောင်သာ ဖြစ်ကြောင်း ချင်မူ သိသည်။ အမှန်တွင် ကမ္ဘာလောကများသည် ဘိုးဘေးနန်းတော်နှင့် အချိန်နှင့်အမျှ ဝေးကွာနေကြ၏။ လောကသစ်ပင် ကြီးထွားလာသည့်အလျောက် အန္တိမဟင်းလင်းပြင်မှာလည်း အဆက်မပြတ် ကျယ်ပြန့်လာနေသဖြင့် ကမ္ဘာလောက ထောင်သောင်းပေါင်းများစွာကို တစ်ခုနှင့်တစ်ခု ဝေးကွာနေစေသည်။
မီလော့နန်းတော်သခင်၏ တွက်ချက်မှုအရ နှစ်ပေါင်းကုဋေရှစ်ရာအကြာတွင် စကြဝဠာတစ်ခုလုံး ဟင်းလင်းပြင်းအမြှေးပါးအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ချင်မူ၏အနောက်တွင် ဖရိုဖရဲခန်းမမှာ ထွက်ပေါ်လာ၏။ သူက အနက်ရောင်တောင်တန်းထဲသို့ လျှောက်ဝင်လိုက်ရင်း ကြည်လင်ပြတ်သားစွာ မေးလိုက်သည်။ “ဘယ်တာအိုမိတ်ဆွေက ကျွန်တော့်ရဲ့ နယ်မြေမှာ နေထိုင်နေတာပါလဲ”
“မင်းရဲ့နယ်မြေလား…သခင်လေးခုနစ်၊ မင်းက ဘယ်အချိန်က ဒီနေရာရဲ့ အရှင်သခင် ဖြစ်သွားတာလဲ”
လောကသစ်ပင်အောက်မှ အဘိုးအိုတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ “ငါ ဒီမှာနေတာ ဖရိုဖရဲနှစ် ဆယ်နှစ်ကျော်ပြီ… အဲ့ဒီတုန်းက မင်း လောကသစ်ပင်အောက်မှာ ငါ့ကို လာတွေ့တုန်းက ဒီလို မပြောခဲ့ဘူး”