ဝှက်နယ်မြေအတွင်း ရုတ်တရက် ပြောင်းလဲမှု
Vol. 7 Ch. 91
စိတ်ဝိညာဉ် အဆီအနှစ် နယ်မြေအတွင်းတွင် နယ်မြေတစ်ခုလုံးသို့ အစိမ်းရောင် ရေများ စီးဆင်းလျက် ရှိနေသည်။
စပါးအုံးမြွေများသည် ဝတ်စုံဖြူ ဝတ်ဆင်ထားသည် ဖြည်းညင်းစွာ လျှောက်လှမ်း လာနေသော အမျိုးသားအား အေးစက်စွာ ကြည့်နေကြသည်။
လေထုထဲတွင် အစိမ်းရောင် မြူခိုးများ ပျံ့နှံ့လျက်ရှိသည်။ ထိုမြူခိုးများသည် ပြင်းထန်သည့် အဆိပ်အာနိသင် ရှိကာ တိတ်တဆိတ်စွာဖြင့် ပုံစံမပျက် သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ရွှမ်ယွမ်ချန်သည် သူ၏ဓားကို လက်တွင်ကိုင်ကာ လမ်းလျှောက် နေလေသည်။ သူ့ထံသို့ ဝင်ရောက်လာသည့် မြွေများအားလုံးကို ခြွင်းချက်မရှိ အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲပစ်လျက်ရှိသည်။
သူ့အား အဖြူရောင် အလွှာတစ်ခု ဖုံးလွှမ်းလျက်ရှိပြီး ထိုအလွှာသည် လေထုအတွင်းရှိ ပြင်းထန်သည့် အဆိပ်မြူများအား တားဆီးပေးနေသည်။
“ဒီအဆိပ်မြူခိုးတွေရဲ့ အရင်းမြစ်က ဒီနေရာမှာပဲ ဖြစ်ရမယ်...”
ရွှမ်ယွမ်ချန်သည် ခေါင်းမော့ကာ ကြည့်လိုက်သည့် အခါတွင် ဧရာမပုံရိပ်ကြီး တစ်ခုသည် ဖြည်းညှင်းစွာ ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုပုံရိပ်သည် ပေတစ်ရာခန့် ရှည်လျားပြီး အလွန်အားကောင်းသည့် အငွေ့အသက်များကို ထုတ်လွှတ်လျက် ရှိနေသည်။ ဧရာမ ခန္ဓာကိုယ်ကြီး၏ အထက်တွင် ကြောက်မက်ဖွယ်ရာ မြွေခေါင်းကိုးခု ရှိနေလေသည်။
ထိုဦးခေါင်းများသည် တွန်သံပေးလျက် ရွှမ်ယွမ်ချန်အား အေးစက်စွာ ကြည့်နေသည်။ ရွှမ်ယွမ်ချန်၏ ခန္ဓာကိုယ်မှနေ အလွန်အံ့အားသင့် ဖွယ်ရာ အငွေ့အသက်တစ်ခု ပေါက်ကွဲ ထွက်လာသည်။ သူ၏ဓားကို ဝှေ့ယမ်းကာဖြင့် ရွှမ်ယွမ်ချန်သည် ကြောက်လန့်မှု့ ကင်းစွာ စက်ဆုပ်ဖွယ်ရာ ဦးခေါင်းကိုးခုကောင်ထံသို့ ခုန်အုပ် လိုက်လေသည်။
…
ဝိညာဉ်ပိုင်းခြားခြင်း နယ်မြေ တစ်ခုလုံးသည် စိမ်းစိုသည့် မြက်ပင်ရှည်များ ပြည့်နှက် နေလေသည်။ ဤနယ်မြေအတွင်းရှိ လေထုသည် သန့်ရှင်း လတ်ဆတ်သည်။ စိတ်စွမ်းအင်သည်လည်း သိပ်သည်းကာ ပေါကြွယ်ဝသည်။ လေနုအေးသည်လည်း ငြင်သာစွာ တိုက်ခတ်လျက်ရှိပြီး စိတ်အပန်းပြေ စေနိုင်သည်။
မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်နှင့် မြေကမ္ဘာ အင်မော်တယ် မင်းယွမ်တို့သည် ဝိညာဉ်ပိုင်းခြားခြင်း နယ်မြေအတွင်း ဝင်ရောက်သည်နှင့် မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းနေသည့် ခန္ဓာကိုယ် တစ်ခုအား တွေ့လိုက်ရသည်။
မြက်ခင်းပြင်ပေါ်တွင် လဲကျနေသည်မှာ ပေသုံးရာကျော် ရှည်လျားသော နဂါးနက်ကြီး၏ အလောင်းတစ်ခု ဖြစ်သည်။ အလောင်းသည် ခြောက်သွေ့ကာ ရှုံ့တွနေပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရရှိထားသည်။
နဂါးနက်သည် သေဆုံးပြီး ဖြစ်သော်လည်း အလွန်အံ့အားသင့်ဖွယ်ရာ စွမ်းအား အကြွင်းအကျန်များ ထွက်ပေါ်နေဆဲပင် ဖြစ်သည်။
“ဒီနဂါးနက်က သွေးအဆီအနှစ်တွေ ခြောက်ကပ်တဲ့အထိ စုပ်ယူခံထားရတာ... သေချာပေါက်ကို သွေးမျိုးနွယ်စု လက်ချက်ပဲ...”
မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် နဂါးအား ကြည့်လိုက်ပြီး သူမ၏ စာအုပ်အတွင်းမှ ရွှေရောင် သင်္ကေတများ ထွက်ပေါ်လာသည်။ ထိုသင်္ကေတများသည် အလောင်းအတွင်းသို့ ဝင်ရောက် သွားကြသည်။
သူမသည် ထိုရွှေရောင် သင်္ကေတများကို လေ့လာခြင်းဖြင့် နဂါးအလောင်းတွင် ကျန်ရှိနေသေးသည် စွမ်းအင် အကြွင်းအကျန်များကို အာရုံခံနိုင်ပေသည်။ လေ့လာမှု ပြီးစီးသည့်နောက်တွင် သူမသည် ရန်သူ၏ စွမ်းအားကို အကြမ်းဖျင်း ကောက်ချက်ချလိုက်လေသည်။
“ဒီနဂါးက ရန်သူ သုံးယောက်နဲ့ တိုက်ခိုက်ခဲ့ရတာ... နှစ်ယောက်က သွေးနတ်ဘုရားတွေ ဖြစ်ပြီး ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့်ကို ရောက်နေကြပြီ...”
“ကျန်တဲ့တစ်ယောက်ကတော့ အန်လင်းတို့ပြောတဲ့ ပြိတ္တာဧကရာဇ်ပဲ ဖြစ်နိုင်တယ်...”
“ဒါပေမဲ့လည်း သူ့ရဲ့ စွမ်းအားက နည်းနည်းတော့ ထူးဆန်းနေတယ်... သူက သွေးမျိုးနွယ်စုဝင် အဖြစ် ပြောင်းလဲထားပုံ မရဘူး...”
“ပြိတ္တာဧကရာဇ်က ပြောင်းထားထား မပြောင်းထားထားကွာ ငါတို့ကတော့ သူ့ကို သတ်ရမှာပဲ...” မြေကမ္ဘာ အင်မော်တယ် မင်းယွမ်သည် အသာ ရယ်မောလိုက်သည်။
“ဆက်သွားကြသို့... သူတို့ကို မန္တန်ဝင်္ကဘာကို လေ့လာပြီး ဖျက်ဆီးဖို့ ခွင့်မပြုနိုင်ဘူး...”
မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် ခေါင်းညိတ်လိုက်သည်။ သူမနှင့် မြေကမ္ဘာ အင်မော်တယ် မင်းယွမ်တို့သည် ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုရန်သူ သုံးဦးအား ရင်ဆိုင်ရန်မှာ သူမတို့အတွက် ဖိအား အနည်းငယ်မျှပင် ရှိမနေချေ။
ထို့နောက်တွင် သူမတို့နှစ်ဦးသည် စုဆုံခြင်းနယ်မြေသို့ ဦးတည်နေသည့် တံခါးချပ်ထံသို့ လျှောက်လှမ်း သွားကြတော့သည်။
…
အရိုးဖြူနယ်မြေ ...
တောက်ပနေသည့် တံခါးချပ်သည် တဖြည်းဖြည်း မှိန်ဖျော့ လာလေသည်။ ဤသို့ ဖြစ်ရခြင်းမှာ တောက်ပနေသည့် တံခါးချပ်သည် အလင်းလျော့သွားခြင်းကြောင့် မဟုတ်ဘဲ အမှောင်ထုသည် ဖြည်းညင်းစွာဖြင့် အလင်းအား ဝါးမျို လာခြင်းကြောင့် ဖြစ်သည်။ ဝင်ပေါက်သည် ပိန်းပိတ်အောင် မည်းနက် သွားတော့သည်။
ဒိန်း ...
လမ်းအတွင်းမှနေ နှလုံးခုန်သံနှင့်တူသည့် အသံများ ထွက်ပေါ်လာသည်။
ထိုအသံများသည် ပို၍ ပို၍ ကျယ်လောင်လာပြီး နောက်ဆုံးသော အကာအကွယ်မှာ ပြိုလဲသွားသည်နှင့်ပင် တူနေသေးသည်။
“ရှောင်လန်ရေ... ဒီလျှို့ဝှက် နယ်မြေထဲက လွတ်လမ်းလေး ဘာလေး သိသလား...”
ထိုအသံကြီးသည် အန်လင်း၏ အသားများကို ကုတ်ခြစ် နေသကဲ့သို့ဖြစ်ပြီး သူ၏ နှလုံးခုန်နှုန်းမှာလည်း ပို၍ မြန်ဆန် လာတော့သည်။
စုရှောင်လန်သည် ခေါင်းခါလိုက်သည်။ သူမ၏ နဖူးမှနေ ချွေးသီးများ ကျလာပြီး သူမသည်လည်း ပိန်းပိတ်အောင် မည်းနက်နေသည့် တံခါးပေါက်အား ကြည့်ကာ အလွန်အမင်း ကြောက်ရွံ့မှုကို ခံစားနေရသည်။
ကြောက်မက်ဖွယ် အငွေ့အသက်များသည် တံခါးပေါက်မှတဆင့် အရိုးဖြူနယ်မြေအတွင်း စိမ့်ဝင်လာသည်။ သူတို့၏ အသက်ရှုသံများမှာ ပို၍ ခက်ခဲလာပြီး အားအင်ချည့်နဲ့ လာစေသည်။
မူလအစီအစဉ်မှာ မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်နှင့် မြေကမ္ဘာ အင်မော်တယ် မင်းယွမ်တို့သည် စုဆုံခြင်းနယ်မြေတွင် ရန်သူများအား ရှင်းလင်းမည် ဖြစ်သည်။ ထို့နောက်တွင် အန်လင်းနှင့် အခြားသူများအား လုံခြုံသွားပြီ ဖြစ်သည့်အတွက် ဝင်ရောက်လာရန် အချက်ပေးမည်။ သို့သော်လည်း လက်ရှိအခြေအနေသည် ပုံမှန်မဟုတ်ချေ။
ဂျစ် ...
ဧရာမ တံခါးချပ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထို့နောက်တွင် ပင့်ကူအိမ်ကြံသို့ ပြန့်ကားသွားလေသည်။
ရုတ်တရက် ဆိုသလို ဖြူသွယ် ချောမွေ့သည့် လက်တစ်စုံသည် တံခါးအား ထိုးဖောက်ကာ ဆုတ်ဖြဲလိုက်သည်။
ဘုန်း ...
ထိုသူများ ဝင်ရောက်လာသည့် အခါတွင် နယ်မြေတစ်ခုလုံးမှာ တုန်ရီလာလေသည်။ တံခါးသည်လည်း ထိုနည်းအားဖြင့် စုတ်ပြဲသွားတော့သည်။
ဟာရီကိန်းများ ဖြစ်ပေါ်လာပြီး လေပြင်း တိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင် တစ်ခွင်သည် အကြီးအကျယ် ထိခိုက် ပျက်စီးသွားလေသည်။ ထိုလေပြင်းနှင့် ထိမိသမျှ အရာအားလုံးသည် ကမ္ဘာမြေပြင်မှ ပျောက်ကွယ် သွားကြရသည်။
အပြင်းအထန် တိုက်ခိုက်နေသည့် လေများကို ရှောင်ဖယ်ကာဖြင့် အန်လင်းနှင့် စုရှောင်လန်တို့သည် အဆက်မပြတ် ဆုတ်ခွာနေရသည်။
အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦးသည် တံခါးပေါက်မှ ဝင်ရောက်လာပြီးနောက် သူမ၏ ဖြူဖျော့ သေးသွယ်သည့် ခြေထောက်သည် အရိုးများ ပြန့်ကြဲနေသည့် နယ်မြေအတွင်း ခြေလှမ်း လိုက်လေသည်။ သူမ ပေါ်လာသည်နှင့် လေပြင်းများသည် ရပ်တန့်သွားကြသည်။ ဧရာမ တံခါးကြီးသည်ပင်လျင် ပိတ်သွားရပြီ ဖြစ်သည်။
မိန်းမလှတစ်ဦး ဖြစ်ပြီး သူမ၏ ပိုးသား ဆံနွယ်များသည် နောက်ကျောဘက်တွင် လွင့်လူးနေလေသည်။ သူမ၏ နောက်ကျောတွင် တောင်ပံနက် တစ်စုံလည်း ရှိနေသေးသည်။
တောင်ပံနက်တွေလား ...
တောင်ပံနက်များအား မြင်လိုက်သည့် အခါတွင် အန်လင်း၏ မျက်လုံးများသည် ပြူးကျယ် လာကြတော့သည်။ ထိုအမျိုးသမီးသည် တောင်ပံနက် မျိုးနွယ်စုမှ လာသူများလား။ ဝတ်စုံနက် အမျိုးသမီးသည်လည်း အန်လင်းတို့၏ တည်ရှိမှုအား သတိပြုမိသည်။
အကြည့်ချင်း ဆုံမိကြချိန်တွင် သူမ၏ ပိန်းပိတ်အောင် မည်းနက်သော စူးရှသည့် မျက်လုံးများသည် အန်လင်း၏ စိတ်ဝိညာဉ်အား စုပ်ယူသွားတော့မည်ဟုပင် ခံစားရလေသည်။
အကြည့်တစ်ချက်နှင့်ပင် အန်လင်းနှင့် စုရှောင်လန်တို့၏ နှလုံးသားထဲမှနေ ကြောက်ရွံ့မှုများအား ခံစားမိစေသည်။ သူတို့သည် မတ်တတ် ရပ်နေရင်းနှင့် အားအင် ကုန်ခန်းလာကြသည်။
အရမ်း အစွမ်းထက်တာပဲ...
သူမ၏ အကြည့်အောက်မှာပင် အန်လင်းသည် ခုခံနိုင်စွမ်း မဲ့ခြင်းအား ခံစားနေရသည်။ အဆုံးမဲ့သည့် အသူရာချောက်အား မျက်နှာ မူနေသကဲ့သို့ ဖြစ်သည်။
ဝတ်စုံနက် အမျိုးသမီးသည် သူတို့နှစ်ဦးအား အာရုံစိုက်ခြင်း မရှိတော့ဘဲ ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်ရှုလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် သူတို့နှစ်ဦးသည် အမှိုက်တစ်စထက် မပိုချေ။
သွေးနီသံ တစ်ချောင်းသည် သူမနံဘေးရှိ လေထဲတွင် လွင့်မျောလျက်ရှိပြီး ထူးဆန်းသည့် အနီရောင် အလင်းများအား ထုတ်လွှတ်နေလေသည်။
“နေရာမှားနေပြီ...”
“စူးရှသံ နယ်မြေကို ဆက်မယ်...”
ထိုအေးစက်သည့် အမိန့်သံနောက်တွင် သွေးနီသံသည် စတင် တုန်ခါလာသည်။ ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်အား ထိုးဖောက် လိုက်တော့သည်။
ဘုန်း …
ဟင်းလင်းပြင်သည် စတင် အက်ကွဲလာပြီးနောက် ပိန်းပိတ်အောင် နက်မှောင်နေသည့် လိုဏ်ခေါင်းတစ်ခု ပေါ်လာသည်။
အရိုးများ ပြန့်ကျဲလျက် ရှိနေသည့် မြေပြင်သည် စတင် တုန်ခါလာသည်။ ဟင်းလင်းပြင်အား ဆုတ်ဖြဲရာမှ ထိုသို့ဖြစ်ရခြင်းပင်။ ဟင်းလင်းပြင်အား ဆုတ်ဖြဲခြင်းသည် မန္တန် ဝင်္ကဘာအား ကြီးအကျယ် သက်ရောက်မှု ရှိစေသည်။
နောက်သို့ ပြန်လှည့်မကြည့်ဘဲနှင့် အမျိုးသမီးသည် လိုဏ်ခေါင်းအတွင်း ဝင်ရောက်သွားလေသည်။
သူမ ဝင်ရောက်သွားသည်နှင့် လိုဏ်ခေါင်းသည်လည်း တဖြည်းဖြည်း ပျောက်ကွယ် သွားတော့သည်။
အဆုံးတွင် တိတ်ဆိတ်မှုသာလျှင် ကျန်ရှိတော့သည်။
“သူမက ဒီလိုမျိုး ထွက်သွားတယ်ပေါ့...”
အန်လင်းမှာ မယုံကြည်နိုင်ချေ။ သူသည် စိတ်ရှုပ်ထွေးစွာဖြင့် မတ်တတ် ရပ်လျက်ရှိပြီး လိုဏ်ခေါင်း ဖြစ်ပေါ်ခဲ့သည့် နေရာကို စိုက်ကြည့်နေလေသည်။
“သူမက ငါတို့ကို ပုရွက်ဆိတ်လေးတွေလို့ မြင်သွားပုံပဲ...” စုရှောင်လန်သည် ခါးသက်စွာ ရယ်မောလိုက်သည်။
အန်လင်းသည် ထိုအချိန်မှ အသိပြန်လည်လာပြီး “တောင်ပံနက် မျိုးနွယ်စုဝင် တစ်ယောက် ရောက်ရှိလာတယ်... သူမက အရမ်းကို စွမ်းအားကြီးတယ်... သူမရဲ့ ပစ်မှတ်က သေချာပေါက်ကို မိစ္ဆာရှင်းဓားပဲ ဖြစ်လိမ့်မယ်... ငါတို့ ဆရာမ ယွဲ့ရင်ကို မြန်မြန်ဆန်ဆန် အသိပေးရမယ်...”
“ဘယ်လို အသိပေးရမတုန်း... ဒီတံဆိပ်က ဆရာမ တစ်ယောက်ပဲ အသုံးပြုနိုင်တာလေ...”
“ပြီးတော့ ဒီတံဆိပ်က သင်္ကေတ နှစ်မျိုးပဲ ပို့လို့ရတာကို... လောင်ကျွမ်းခြင်းနဲ့ တောက်ပခြင်း...”
“ဒီတံဆိပ် လောက်ကျွမ်းသွားတာနဲ့ ငါတို့က စုဆုံခြင်းနယ်မြေထဲ ဝင်ရောက်ပြီးပြီလို့ အချက်ပြလိုက်တာလေ... အခု ဘယ်လိုလုပ်ကြမလဲ...”
စုရှောင်လန်သည် အဝါရောင် ဝိညာဉ်တံဆိပ်အား ကိုင်ဆောင်ထားရင်း မျက်နှာတွင် ကူကယ်ရာမဲ့မှုများ ဖြစ်ပေါ်နေလေသည်။ စုရှောင်လန်၏ စကားကို ကြားလိုက်သည့် အခါတွင် အန်လင်းသည်လည်း သက်ပြင်း ချလိုက်မိသည်။
သူ၏ဖုန်းအား ထုတ်ယူ လိုက်ပြီးနောက် မည်သည့်လိုင်းမျှ မိမနေသည်ကို တွေ့လိုက်ရသည်။ သူတို့ ပြုလုပ်နိုင်သည့်အရာ တစ်ခုမျှပင် မရှိချေ။
“နောက်ထပ် ပြဿနာ တစ်ခုကို တွေးမိလိုက်ပြီ...” အန်လင်းသည် ဗလာဖြစ်နေသည့် အရိုးဖြူနယ်မြေ တစ်ခုလုံးအား ညွှန်ပြကာ “အခုနက အမျိုးသမီးက စုဆုံခြင်း နယ်မြေကိုသွားတဲ့ ဝင်ပေါက်ကို ဖျက်ဆီးသွားပုံပဲ... အဲဒီအပြင် ဆရာမ ယွဲ့ရင်ကလည်း အဆင့် ကန့်သတ်ချက်ကြောင့် ဒီထဲကို မဝင်လာနိုင်ဘူး... ငါတို့က ဒီမှာပဲ နေသွား ကြရတော့မှာလား...”
စုရှောင်လန်သည် သူမ၏ မျက်ဝန်း လှလှလေးများအား တဖျက်ဖျက် ခပ်ကာဖြင့် ထိုပြဿနာ၏ ပြင်းထန်မှုကို သတိရလိုက်မိသည်။
သို့သော်လည်း သူမထံတွင် မည်သည့် အကြံဉာဏ်မျှ ထွက်ပေါ်မလာပေ။ ထို့ကြောင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူမ၏ မျက်နှာလေးတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက် နေလေသည်။
…
စိတ်ဝိညာဉ် အဆီအနှစ် နယ်မြေ...
စက်ဆုပ်ရွံ့ရှာဖွယ် ဦးခေါင်းကိုးခုကောင်၏ နောက်ဆုံးသော ဦးခေါင်းသည် အဖြူရောင် ဓားချက်အောက်တွင် ပြတ်ထွက် သွားပြီးနောက် ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည် မြေပြင်သို့ ပြိုကျသွားတော့သည်။
ရွှမ်ယွမ်ချန်သည် သူ၏ဓားကို ခါယမ်းကာဖြင့် မကောင်းဆိုးဝါး၏ သွေးများကို ရှင်းလင်းလိုက်သည်။ သူသည် အလွန်အမင်း မောပန်း နွမ်းနယ်လျက် ရှိနေသော်လည်း ကံကောင်းစွာဖြင့် ဒဏ်ရာအနာတရ ရရှိခဲ့ခြင်း မရှိပေ။
ဦးခေါင်းကိုးခုကောင် ပြိုလဲသွားသည်နှင့် လေထုအတွင်းရှိ အဆိပ်မြူခိုးများသည် ဖြည်းညင်းစွာဖြင့် လွင့်စင် ပျောက်ကွယ်သွားသည်။ အဖြူရောင် တံခါးချပ် ပေါ်လာလေသည်။
“ဟမ်... ဝိညာဉ်တံဆိပ်လေး လောင်ကျွမ်းသွားတာကို စောင့်နေဖို့ပဲ လိုတော့တယ်... အဲဒါဆိုရင် ဝင်လို့ရပြီ...” ရွှမ်ယွမ်ချန်သည် လက်ထဲရှိ ဝိညာဉ်တံဆိပ်အား ကြည့်ကာဖြင့် တွေးတောနေမိသည်။
ခေတ္တမျှ ကြာပြီးသည့်နောက်တွင် သူ့လက်အတွင်းရှိ ဝိညာဉ်တံဆိပ်မှာ ရုတ်တရက် ဆိုသလို တောက်ပလာသည်။
“ဟမ်... ဒီလို တောက်ပလာတာက ဘာအဓိပ္ပါယ်များလဲ... ဒီအကြောင်းကို တစ်ခါမှတောင် မပြောခဲ့ဖူးဘူး မဟုတ်လား...”
ရွှမ်ယွမ်ချန်သည် တံဆိပ်အားကြည့်ကာ အကြပ်ရိုက်လျက် ရှိသည်။
ဆရာမ ယွဲ့ရင်က သင်္ကေတ မှားပြီးတာ့ ပြလိုက်တာမျိုးလား... တံဆိပ်ကို လောင်ကျွမ်းစေချင်တာလား...
တောက်ပနေသည့် အဖြူရောင် တံခါးချပ်အား ကြည့်ကာဖြင့် ရွှမ်ယွမ်ချန်မှာ တုံ့ဆိုင်းလျက် ရှိနေသည်။
ဝင်ရမှာလား မဝင်ရဘူးလား...
***