← Chapters

ရှေးဟောင်းသားတော်

Vol. 30 Ch. 381

ရှေးဟောင်းသားတော်

Vol. 30 Ch. 381

ရှေးဟောင်းမျှော်စင်သည် တိမ်တိုက်များအကြား ထိုးထွက်နေပြီး အရောင်အသွေးစုံလင်သည့် အလင်းများ ဖုံးလွှမ်းကာ အောက်ဘက်ရှိ အဆောက်အအုံများကို အိပ်မက်ကမ္ဘာတစ်ခုအလား ပြောင်းလဲစေသည်။ လူငယ်သောင်းချီ စုရုံးနေကြပြီး ရိုသေလေးစားသော မျက်နှာထားများနှင့် အုပ်စုဖွဲ့ တီးတိုးပြောဆိုနေကာ တစ်ယောက်ချင်းစီသည် နဂါးပမာ ပါရမီရှင်များချည်း ဖြစ်၏။ တက်ကြွသော လူငယ်များ၏ ချီစွမ်းအင်က ထူးခြား၍ သာမန်ကမ္ဘာများ၏ ကျင့်ကြံသူများထက် သာလွန်ကာ မတူကွဲပြားသော အနေအထားတစ်ရပ်တွင် ရှိနေသည်။

မျှော်စင်အောက်ခြေတွင် လှပသော တဲတန်းငယ်လေးတစ်ခု ရှိပြီး တဲငယ်တစ်လုံးအတွင်း အနက်ရောင်ဝတ် လူငယ်လေးတစ်ယောက် တင်ပျဥ်ခွေထိုင်နေသည်။ အသက်၁၃နှစ်အရွယ် ကလေးငယ်၏ မျက်နှာသည် တင်းမာခက်ထန်နေပြီး မျက်ဝန်းများမှာ ဓားသွားပမာ ထက်ရှ၍ တည့်တည့်ရင်ဆိုင် မကြည့်ဝံ့လောက်အောင် ပြင်းထန်၏။ မျက်လုံးများ ဖွင့်လိုက်သောအခါ အဖြူရောင် မျက်ဆံများ ထွက်ပေါ်လာ၍ လူငယ်လေး၏ အေးစက်စက်အကြည့်မှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အနောက်တွင် ကောင်းမွန်သပ်ရပ်စွာ ဝတ်ဆင်ထားသည့် လူတစ်စု ရပ်နေပြီး အပြင်မှ လူငယ်များထက် ကျင့်ကြံမှုသာလွန်သော်လည်း ထိုကလေးငယ်ကို အမှုထမ်းရန် အသင့်အနေအထားဖြင့် ခေါင်းငုံ့ထားကြ၏။

"ရှေးဟောင်းသားတော် လျိုရင်ရင် ရောက်လာပါပြီ"

လူငယ်တစ်ယောက်က အလွန်ရိုသေလေးစားဟန်ဖြင့် ချဥ်းကပ်လာ၍ လျှောက်တင်ခဲ့သည်။

"ဝင်ခွင့်ပေးလိုက်"

ကလေးငယ်က ခေါင်းညိတ်လိုက်ပြီး အဖြူရောင်မျက်ဆံများ အနည်းငယ် ကျယ်ပြန့်၍ ချီအနှစ်သာရကို တံခါးပေါက်ပမာ စုပ်ယူကာ ဖြည်းဖြည်းချင်း လည်ပတ်နေကြ၏။ စကားသံအဆုံးတွင် ပန်းရောင် ဝတ်ရုံရှည်နှင့် လှပသော ဆယ်ကျော်သက်အရွယ် လူငယ်မိန်းကလေးတစ်ယောက် လျှောက်လှမ်းလာကာ သေးကျဥ်သော ခါးနှင့် ကြည်လင်သည့် မျက်ဝန်းများ ပိုင်ဆိုင်ထားသည်။

"လျိုရင်ရင်က ရှေးဟောင်းသားတော်ကို ဂါရဝပြုပါတယ်"

သူမ၏ အသံက နွေဦးမက်မွန်သီးတစ်လုံးပမာ ချိုမြိန်၍ ကျက်သရေရှိစွာ ထွက်ပေါ်လာခဲ့သည်။ သူမက အနက်ရောင်ဝတ် ကလေးငယ်ကို တစ်ချက် ခိုးကြည့်ရင်း ပန်းနုရောင် ရှက်သွေးဖြန်းကာ လက်နှစ်ဖက်ဆုပ်ထားပြီး လောက၏ အမှောင်ဘက်ခြမ်းနှင့် မထိတွေ့ရသေးသည့် စင်ကြယ်သူအလားပင်။

"အစ်မလျို မင်းနဲ့ လန်ရီက အတူကြီးပြင်းလာတယ်လို့ ကြားမိတယ်။ နှစ်ယောက်က ရင်းနှီးကြလား"

ရှေးဟောင်းသားတော်၏ အသံက မျက်နှာထားတင်းတင်းနှင့် မလိုက်ဖက်စွာ နံနက်ခင်းနေရောင်အလား နွေးထွေး၍ တည်ငြိမ်စွာ မေးလိုက်သည်။

"ဟုတ်ပါတယ်။ လန်ရီနဲ့ ညီအစ်မတစ်ယောက်လို ရင်းနှီးပါတယ်"

လန်ရီအကြောင်း မေးလာသဖြင့် ရင်ထိတ်သွားသော်လည်း သူမက လှပစွာ ပြုံး၍ ဖုံးကွယ်ထားခဲ့၏။

"ဒီညမှာ ကျုပ်ရဲ့ မွေးနေ့ပွဲသေးသေးလေး ကျင်းပချင်ပါတယ်။ လန်ရီကို ဖိတ်ကြားပေးဖို့ အကူအညီတောင်းပါတယ်။ အစ်မလျိုကိုလည်း ကြိုဆိုနေမှာပါ"

သူက ခေါင်းတစ်ချက်ညိတ်၍ အနက်ရောင်ဖိတ်စာတစ်စောင် ကမ်းပေးလာကာ လန်ရီကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်လိုကြောင်း သွယ်ဝှိုက်ပြောဆိုလိုက်သည်။ ထို့နောက် အေးစက်စက် ရေခဲနှလုံးသားကိုပင် အရည်ပျော်သွားစေလောက်မည့် အပြုံးမျိုးဖြင့် လျိုရင်ရင်ကိုပါ ဖိတ်ခေါ်ခဲ့သည်။

"ရှေးဟောင်းသားတော်ရဲ့ မွေးနေ့ပွဲက ရှေးဟောင်းအပျက်အစီးနယ်မြေ နေရာတိုင်းက ထိပ်တန်းကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်မှာ သေချာတယ်"

လျိုရင်ရင်၏ စိတ်ဓာတ်က မြင့်တက်လာပြီး မျက်ဝန်းများ၌ ပျော်ရွှင်မှုနှင့် စူးစမ်းလိုစိတ်ဖြင့် တောက်ပလာ၏။

"သေးငယ်တဲ့ ပွဲလေးတစ်ခုပါပဲ။ ရင်းနှီးတဲ့ မိတ်ဆွေနဲ့ မိသားစုဝင်ကိုပဲ ဖိတ်ခေါ်ထားတာပါ"

ရှေးဟောင်းသားတော်က ခေါင်းတစ်ချက်ယမ်း၍ ရယ်မောလိုက်သည်။

"ကောင်းပါပြီ။ ဒီကိစ္စကို ကူညီပေးရင် ရှင့်အနေနဲ့ ကျေးဇူးတင်ရမယ်နော်"

လျိုရင်ရင်က ကူညီပေးမည်ဟု တိုက်ရိုက်မပြောခဲ့သော်လည်း ထိုသဘောအတိုင်းပင် ဖြစ်၏။

"အစ်မလျိုရဲ့ အလှတရားနဲ့ဆိုရင် မွေးနေ့ပွဲကို ရောက်လာတာနဲ့တင် ဆွဲဆောင်ခံရသူတွေ အများကြီး ရှိမှာပါ။ ကျုပ်တောင် မြှားနတ်မောင်လုပ်စရာ မလိုပါဘူး"

တစ်ဖက်လူ၏ ချီးကျူးစကားကြောင့် သူမ၏ ပါးပြင်လေး ရဲခနဲဖြစ်သွားကာ ကျေနပ်ပျော်ရွှင်မိသော်လည်း အပြင်သို့ တစ်ချက်ကြည့်၍ လေသံတိုးညှင်းသွားသည်။

"ဒါပေမယ့် လန်ရီက ခေါင်းမာတယ်။ ရှင့်အကြောင်း ချီးကျူးစကားတွေ ပြောပေးပါမယ်။ ဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ ငါလည်း မပြောနိုင်ဘူး"

"အကောင်းဆုံး ကြိုးစားပေးဖို့သာ တောင်းဆိုချင်ပါတယ်။ ကျုပ်ရဲ့ ဘိုးဘေးတစ်ယောက် ပွဲတက်ပြီး ဓားလမ်းစဥ် ဉာဏ်အလင်းတွေကိုလည်း မျှဝေပေးလိမ့်မယ်"

ထိုသတင်းကြောင့် လျိုရင်ရင်၏ မျက်ဝန်းလေးများ ပြူးကျယ်သွားကာ လေးစားမှုကြောင့် အသက်ရှူရပ်မတတ် ဖြစ်သွားသည်။

"ဒါဆိုရင် လန်ရီ သေချာပေါက် လာမှာပါ"

"သူမက ရှေးဟောင်းမျှော်စင် အဆင့်ရှစ်ကို အောင်မြင်တော့မယ်။ အပြင်ထွက်ပြီး ဒီကိစ္စကို ချီးမြှောက်လိုက်ရအောင်"

သူမ၏ အာမခံချက်ကြောင့် ရှေးဟောင်းသားတော်က ကျေနပ်သွားကာ ဓားအိမ်ထဲမှ ထွက်လာသော ဓားတစ်စင်း၏ အရှိန်အဝါမျိုးဖြင့် တဲအပြင် လှမ်းထွက်လိုက်သည်။

"လမ်းဖယ်ကြစမ်း"

ထိုအချိန်တွင် ကတုံးကြီးသည် ယွမ်ရှောင်ကို ဦးဆောင်၍ လူအုပ်အတွင်း တိုးဝင်နေကာ လက်တစ်ဖက် ယမ်းလိုက်သည်နှင့် လမ်းပိတ်နေသူများ လွင့်စင်ကုန်၏။

"လမ်းဖယ်ကြ။ ဒါက ဦးလေးမြစ်ဟ"

တပည့်များက ဝင်ရောက်လာသူကို သိသွားသောအခါ အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြသည်။ လူငယ်ပေါင်းသောင်းချီ၌ အငယ်ဆုံးမှာ အသက်ဆယ်နှစ်အရွယ် ဖြစ်သော်လည်း အားအနည်းဆုံးသည် ကောင်းကင်ခန်းဆောင်နယ်ပယ်ဖြစ်၍ ယွမ်ရှောင်ကို အံ့သြသွားစေသည်။ အကယ်၍ ရှေးဟောင်းအပျက်အစီးနယ်မြေသာ ငရဲကိုးထပ်ကမ္ဘာသို့ ရောက်လာခြင်းမရှိလျှင် ဤပါရမီရှင်များကို မြင်တွေ့ဖူးမည် မဟုတ်ချေ။ လူငယ်များ၏ အကြည့်နှင့် အမူအရာကို တစ်ချက်ကြည့်ရုံဖြင့် တာအိုအပေါ် နားလည်မှုသည် သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်ကြောင်း ပြောနိုင်သည်။ စိတ်လှုပ်ရှားစရာအကောင်းဆုံးမှာ တစ်ယောက်ချင်းစီသည် ဖန်ဆင်းရှင် မျိုးစေ့ ကိုယ်စီ ပိုင်ဆိုင်ထားကြပြီး သူ့ကို ကျေနပ်သွားစေခဲ့၏။ ကတုံးကြီးနှင့်အတူ သူက မျှော်စင်အောက်ခြေတည့်တည့် ရောက်ရှိသွားပြီး ထိုနေရာ၌ လူဦးရေ အများဆုံးဖြစ်ကာ အော်ဟစ်အားပေးသံများ အကျယ်လောင်ဆုံးပင်။

"ပုံရိပ်ဖော် အတတ်ပညာ"

ရှေးဟောင်းမျှော်စင်အောက်ခြေ မြေကွက်လပ်တစ်ခုတွင် အလင်းမျက်နှာပြင်တစ်ခု ရှိနေကာ တိုက်ပွဲပုံရိပ်များ ထင်ဟပ်ပြသ၍ ကြည်လင်ပြတ်သားခြင်း မရှိသော်လည်း ဖြစ်ရပ်များကိုမူ သိနိုင်၏။ ရှေးဟောင်းမျှော်စင်အတွင်းမှ လန်ရီ၏ လုပ်ဆောင်ချက်များကို အခြားတပည့်များ သင်ယူနိုင်စေရန် ပြသထားခြင်း ဖြစ်ကာ ပုံရိပ်ဖော် အတတ်ပညာသည် တတ်မြောက်ရန် လွယ်ကူသော်လည်း အသုံးပြုသူ၏ အစွမ်း မြင့်မားလေလေ ပုံရိပ်များ ကြည်လင်ပြတ်သားလေလေ ဖြစ်သည်။ အလင်းမျက်နှာပြင်မှတဆင့် ယွမ်ရှောင်သည် လန်ရီကို မြင်နိုင်ခဲ့ပြီး ချန်ရီနှင့် တစ်ထပ်တည်း တူညီကြောင်း ရှင်းလင်းနေရာ နှလုံးသားကို နာကျင်သွားစေခဲ့၏။

နူးညံ့ဖြူစင်ပုံရသော မိန်းကလေးငယ်သည် လက်တစ်ဖက်တွင် ဧရာမစစ်သုံးတူကြီးတစ်ဖက်၊ ကျန်တစ်ဖက်တွင် မိုးကြိုးများ ရစ်ပတ်နေသည့် ပုဆိန်ကြီးတစ်လက် ဆွဲကိုင်ထားရာ သူ့ကို ကောင်းကင်နယ်မြေအကြောင်း အမှတ်ရစေခဲ့သည်။ သွယ်လျလှပသော ခန္ဓာကိုယ်လေးက သားရဲများနှင့် ယှဥ်ပြိုင်နိုင်လောက်အောင် ကြမ်းတမ်းပြင်းထန်ပြီး အဖြူရောင်ဝတ်ရုံရှည်မှာ မီးတောက်နှင့် မိုးကြိုးအကြား တင့်တယ်စွာ ထွက်ပေါ်နေသည်။

"ဘုန်း"

ပေါက်ကွဲသံနှင့် ဆူညံသံများ တရစပ် ထွက်ပေါ်ကာ သူမသည် ဧရာမသားရဲကြီးများ၊ ကြံ့များ၊ ရှေးဟောင်းဆင်များအပြင် ရွှေရောင်ရုပ်တုများဖြင့် ရင်ဆိုင်နေရပြီး ရန်သူတစ်ယောက်ချင်းစီက တောင်ကြီးအလား ကြီးထွား၍ အရေအတွက် သောင်းချီပေ၏။ သူမက ထိုအုပ်စုအတွင်း တဟုန်ထိုး ဝင်ရောက်ကာ ရွှေရောင်ကြံ့ကြီးတစ်ကောင်ကို တူဖြင့် ရိုက်နှက် အမှုန့်ချေပြီး ရှေးဟောင်းဆင်ကြီးတစ်ကောင်က်ု ပုဆိန်နှင့် နှစ်ခြမ်းခွဲချလိုက်သည်။ လက်တစ်ချက်ယမ်းလိုက်ရာ လျှပ်စီးကြောင်း သန်းပေါင်းများစွာ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ကို ထိမှန်သွားကာ ပတ်ပတ်လည်ရှိ ရန်သူများစွာ လောင်ကျွမ်းသွားခဲ့လေသည်။

All Chapters