← Chapters

လန်ရီ၏ နာခံမှု

Vol. 30 Ch. 382

လန်ရီ၏ နာခံမှု

Vol. 30 Ch. 382

"ဒီကပ်ဘေးလူဝင်စားက သိုင်းလမ်းစဥ်ကို ကျင့်ကြံတယ်မလား"

"ဟုတ်တယ်။ သူမရဲ့ ဖန်ဆင်းရှင်မျိုးစေ့ကို အခြေခံအဖြစ် အသုံးချပြီး သိုင်းလမ်းစဥ်ကို ထိုးဖောက်ခဲ့တယ်။ ဒီလိုမိန်းကလေးတစ်ယောက်က အဖိုးတန် ရတနာပဲ။ မင်းအနေနဲ့ မြန်မြန် သိမ်းပိုက်သင့်တယ်"

ယွမ်ရှောင်က ကြယ်ပြာနှင့် စိတ်ချင်းဆက်သွယ်ကာ စုံစမ်းလိုက်သည်။

"အဆင့်ရှစ်က လန်ရီရဲ့ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်တယ်။ သူမက ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ သမိုင်းဝင်စံချိန်ကို ချိုးဖျက်နိုင်တော့မယ်"

ကတုံးပြောင်ပြောင်နှင့် ဦးလေးမြစ်က စကားစလယသည်။

"စံချိန်ဟုတ်လား"

"ဟုတ်တယ်။ ဒါက ဒဏ္ဍာရီအသစ်တစ်ခုပဲ။ အသက် ၁၄နှစ်နဲ့ အဆင့်ရှစ်ကို အောင်မြင်တော့မယ်။ အရင်စံချိန်တင်ထားတာက ၁၈နှစ်လေ"

တစ်ဖက်လူ၏ စကားကြောင့် လန်ရီသည် ချန်ရီအောက် အသက်တစ်နှစ် ငယ်ကြောင်း ယွမ်ရှောင် နားလည်သွားသည်။

"ရှေးဟောင်းမျှော်စင်ရဲ့ အဆင့်ကိုးကစလို့ ကောင်းကင်တာအိုကို သဘောပေါက်ရမယ်။ စံချိန် ဆက်ချိုးဖျက်ဖို့ ငါ မျှော်လင့်တယ်"

ဦးလေးမြစ်က စိတ်အားထက်သန်စွာ ရေရွတ်နေသကဲ့သို့ ပတ်ဝန်းကျင်ရှိ လူငယ်အားလုံး၏ မျက်ဝန်းအတွင်းမှ တောက်ပမှုသည် ဤစံချိန်၏ လေးနက်မှုကို ဖော်ပြနေ၏။ မကြာမီမှာပင် မိုးချုန်းသံတစ်ခု ဘုန်းခနဲ မြည်ဟီး၍ လန်ရီသည် အဆင့်ရှစ်၏ စမ်းသပ်သူအားလုံးကို ခုတ်ထစ်သတ်ဖြတ်ကာ ခမ်းနားစွာ အောင်ပွဲခံလိုက်သည်။

"လန်ရီ လန်ရီ လန်ရီ"

လူအုပ်က သူမ၏ နာမည်ကို လေးစားစွာ အော်ဟစ်နေကြပြီး အဖြူရောင်ဝတ် မိန်းကလေးအား နတ်ဘုရားတစ်ပါးပမာ ရူးသွပ်စွာ အားပေးခဲ့ကြသည်။ အချို့က ကမ္ဘာတုန်လောက်သော ဤသတင်းကို ဖြန့်ကျက်ရန် အပြေးအလွှား ထွက်ခွာသွားကြပြီး ကြွေးကြော်နေကြ၏။

"လန်ရီ ထွက်လာတော့မယ်။ သွားကြစို့"

ဦးလေးမြစ်က ယွမ်ရှောင်ကို ဦးဆောင်၍ ရှေးဟောင်းမျှော်စင်၏ ကြီးကျယ်ခမ်းနားသည့် ဝင်ပေါက်ထံ အလျင်အမြန် တိုးဝင်သွားခဲ့သည်။ တံခါးအပြင်၌ လူသောင်းချီသည် အားပေးသံများဖြင့် ဆူညံ၍ လေးစားကြည်ညိုသော နတ်ဘုရားမ ထွက်ပေါ်လာမည်ကို အာရုံစိုက်ထားကြ၏။

"လန်ရီ ထွက်လာပြီ"

တစ်ယောက်ယောက်က စတင်အော်ဟစ်လိုက်ပြီး စိတ်လှုပ်ရှားမှုသည် လှိုင်းလုံးကြီးသဖွယ် လူအုပ်ကို ဖြတ်သန်းသွား၏။ အရောင်အသွေးစုံလင်သော အလင်းတန်းများအောက်တွင် နှင်းစက်တစ်ခု ကျဆင်းလာသကဲ့သို့ လန်ရီ ဆင်းသက်လာကာ လက်နက်များကို သိမ်းဆည်းထား၍ နူးညံ့သိမ်မွေ့သော အသွင်မျိုး ဖြစ်သည်။ ယွမ်ရှောင်က ရှေ့တက်၍ နှုတ်ဆက်ကာနီးဆဲဆဲတွင် လူတစ်စုသည် ဦးစွာ ရောက်ရှိသွားပြီး ရှေးဟောင်းသားတော်၊ လျိုရင်ရင်နှင့် နောက်လိုက်များပင်။

"ဂုဏ်ယူပါတယ် လန်ရီ"

လျိုရင်ရင်က ပြုံးပြုံးရွှင်ရွှင်နှင့် ကြိုဆိုလိုက်သောအခါ သူမသည် အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြခဲ့သည်။ ထို့နောက် သူမ၏ အကြည့်က တစ်ဖက်လူနှင့်အတူ လိုက်ပါလာသော အနက်ရောင်ဝတ် လူငယ်ထံ ကျရောက်သွားသောအခါ စကားသံ ထွက်ပေါ်လာ၏။

"ဂုဏ်ယူပါတယ် လန်ရီ။ ရှေးဟောင်းကျောင်းတော်ရဲ့ စံချိန်ကို ချိုးဖျက်ဖို့ လွယ်တာ မဟုတ်ဘူး"

"ဒါက ရှေးဟောင်းသားတော် ဟူယန်လော့ပါ"

ကျက်သရေရှိစွာ ပြုံး၍ ဦးညွှတ်လိုက်သော ရှေးဟောင်းသားတော်အကြောင်း လျိုရင်ရင်က ချက်ချင်း မိတ်ဆက်ပေးခဲ့သည်။

"ဒီည ကျုပ်ရဲ့ မွေးနေ့ပွဲ ကျင်းပမှာမို့ တက်ရောက်ချီးမြှင့်ပေးမယ်ဆိုရင် ဂုဏ်ယူစရာပါပဲ"

ဟူယန်လော့က ဖိတ်စာတစ်စောင် ကမ်းပေးလာသောအခါ လန်ရီ၏ မျက်နှာထား ရုတ်တရက် အေးစက်တင်းမာသွားကာ လက်မခံခဲ့ပေ။

"အရေးကြီးတာက ထိပ်တန်းအင်မော်တယ်တစ်ယောက်က ဓားလမ်းစဥ် ဉာဏ်အလင်းတွေကို မျှဝေပေးလိမ့်မယ်။ ကျင့်ကြံသူတိုင်း တက်ရောက်ဖို့ အိပ်မက်မက်ကြလိမ့်မယ်"

လျိုရင်ရင်က ဖိတ်စာကို လက်ခံရန် ဝင်ရောက်တိုက်တွန်းခဲ့သော်လည်း သူမ၏ တင်းမာသော မျက်နှာထားသည် အနည်းငယ်သာ ပြေလျော့သွားသည်။

"လန်ရီက ဖိတ်စာကို လက်ခံမှာလား"

ဟူယန်လော့က ဖိတ်စာကို ကမ်းပေးနေဆဲဖြစ်ရာ လူငယ်များအကြား တီးတိုးစကားများ ထွက်ပေါ်လာ၍ ဖြစ်နိုင်ချေကို ခန့်မှန်းနေကြသည်။

"လန်ရီ မင်းကို တစ်ယောက်ယောက် လာရှာနေတယ်"

ထိုအချိန်တွင် ဦးလေးမြစ်က အတင်းတိုးထွက်လာပြီး ဟိန်းထွက်နေသော အသံကြီးဖြင့် အသိပေးလိုက်သဖြင့် လန်ရီ လှည့်ကြည့်လာကာ ဟူယန်လော့၏ မျက်နှာထား အေးစက်သွားသည်။

"ယွမ်တဟဲက ဘာလုပ်ချင်တာလဲ"

သူ၏ ကမ်းလှမ်းချက်ကို အကြီးအကဲတစ်ယောက် ဖြစ်နေလျှင်ပင် ဝင်ရောက်နှောင့်ယှက်ခြင်း မလုပ်သင့်ပေ။

"နောက်ဆုတ်စမ်း။ လန်ရီကို ဘယ်သူမဆို တွေ့ချင်တိုင်း တွေ့လို့ရမယ် ထင်နေတာလား"

လျိုရင်ရင်က ယွမ်တဟဲနှင့်အတူ လိုက်ပါလာသော လူငယ်ကို ငေါက်ငမ်းလိုက်သောအခါ အကြည့်များစွာ ကျရောက်၍ မယုံနိုင်လောက်အောင် ချောမောသူဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ သို့ရာတွင် ကျင့်ကြံရေးလောက၌ ယောကျ်ားတစ်ယောက်၏ ရုပ်ရည်မှာ အရေးမပါသဖြင့် ရှေးဟောင်းသားတော်၏ ကမ်းလှမ်းချက်ကို ဝင်ရောက်နှောင့်ယှက်ခြင်းသည် အမှားတစ်ခုပင်။ ယွမ်ရှောင်ကမူ ပတ်ဝန်းကျင်ကို ဂရုမစိုက်အားဘဲ ချန်ရီနှင့် ခေါင်းအစ ခြေအဆုံး ထပ်တူညီ၍ ဆံပင်တစ်ချောင်းပင် မလွဲသော လန်ရီကြောင့် မင်သက်သွားခဲ့သည်။ ထိုနှစ်ယောက်မှာ တစ်ယောက်တည်း ဖြစ်နေကြသဖြင့် သူက တည်ငြိမ်မနေနိုင်တော့ဘဲ လန်ရီကို ပြင်းထန်စွာ စိုက်ကြည့်နေမိ၏။

"ဘယ်သူက ငါ့ကို တွေ့ချင်နေတာလဲ"

ယွမ်တဟဲ၏ စကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားသော လန်ရီက လူအုပ်အတွင်း ကြည့်လိုက်သောအခါ ရှေးဟောင်းမျှော်စင်၏ အလင်းတန်းများအောက်၌ ချောမောလှပသော လူငယ်၏ အကြည့်နှင့် ရင်ဆိုင်တွေ့သွားသည်။ သူမက မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တောင့်တင်းသွားကာ အသက်ရှူရပ်မတတ် ဖြစ်သွား၍ အချိန် ရပ်တန့်သွားပုံပေါ်၏။ သူမ၏ လှပတင့်တယ်သော မျက်ဝန်းများ တဆတ်ဆတ် တုန်ရီကာ အသက်ကို ပြင်းပြင်းရှူ၍ တည်ငြိမ်အောင် ကြိုးစားခဲ့သည်။

"ဒီကို လာခဲ့"

"နင်က ဘယ်သူမို့လို့ အမိန့်ပေးနေတာလဲ။ နောက်ဆုတ်စမ်း"

ယွမ်ရှောင်၏ ခေါ်သံကို လျိုရင်ရင်က ဝင်ရောက် လှောင်ပြောင်ခဲ့ပြီး ရုပ်ရည်ချောမောသည်ကို အကြောင်းပြသူဟု အထင်မှားနေသည်။ ဟူယန်လော့က မျက်မှောင်ကြုတ်နေပြီး ဖိတ်စာကို လေထဲတွင် တို့လို့တန်းလန်း ဆုပ်ကိုင်ထားရသဖြင့် လူပေါင်းသောင်းချီရှေ့မှောက်၌ အနေရခက်ကာ စိတ်မရှည်တော့ပေ။

"လန်ရီ ဘာလုပ်တာလဲ"

"ဘာတွေဖြစ်ကုန်တာလဲ"

သို့သော် အဖြူရောင်အလင်းတစ်ချက်ဖြင့် ယွမ်ရှောင် ရှေ့တည့်တည့်သို့ လန်ရီ ရောက်ရှိလာကာ အကြည့်ချင်း ဆုံနေသဖြင့် လျိုရင်ရင် မင်သက်သွား၍ တပည့်များ စိတ်ရှုပ်ထွေးကုန်၏။

"သူ ဘယ်သူလဲ ငါ မသိဘူး။ လန်ရီမှာ ဆွေမျိုး မရှိဘူး"

လျိုရင်ရင်သည် ဟူယန်လော့ ဒေါသထွက်မည်ကို ကြောက်လန့်သောကြောင့် ဇွတ်အတင်း အကြောင်းပြချက်ပေးကာ လန်ရီအား အပြစ်တင်လိုဟန်ဖြင့် ကြည့်နေသည်။ ရှေးဟောင်းသားတော်၏ ဖိတ်စာကို လျစ်လျူရှုထားခြင်းမှာ သူမ၏ အမြင်တွင် အဆုံးစွန်သော စော်ကားမှု ဖြစ်၏။

"လန်ရီ ဒီအရူးကောင်ကို မေ့လိုက်စမ်းပါ"

သူမက အပြေးအလွှား ဖြောင်းဖြလိုက်သော်လည်း လန်ရီ၏ လက်တစ်ချက်အယမ်းတွင် အဝေးသို့ လွင့်ထွက်သွားရသည်။

"အစ်ကိုကြီး..."

လန်ရီကမူ တစ်ဖက်လူ၏ အင်္ကျီလက်ကို ဆွဲကိုင်ကာ ရှက်သွေးဖြာနေဟန်ဖြင့် အိပ်မက်ထဲက အသုံးအနှုန်းဖြင့် ခေါ်လိုက်မိသည်။

"ရီအာ ငါ မင်းရဲ့ အကူအညီကို အရေးတကြီး လိုနေတယ်။ သီးသန့်စကားပြောလို့ အဆင်ပြေမလား"

ယွမ်ရှောင်အတွက် အချိန်က အရေးကြီးနေပြီ ဖြစ်သောကြောင့် အခွင့်အရေး ရရချင်း လိုရင်းကို တောင်းဆိုခဲ့၏။

"ဟုတ်"

လန်ရီက နာခံစွာ ခေါင်းညိတ်ပြ၍ ယွမ်ရှောင်နှင့် လက်ချင်းချိတ်ကာ ထွက်ခွာသွားသောအခါ လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

"သူတို့က လက်ချင်းတွဲသွားတယ်"

"လန်ရီက ဘယ်သူ့ကိုမှ ထိခွင့်မပေးဘူးဆို။ ဘာလို့ ဒီကောင့်ကို လက်ခံတာလဲဟ"

"ရှေးဟောင်းသားတော် စိတ်မဆိုးပါနဲ့။ ငါ လန်ရီကို ပြောကြည့်လိုက်မယ်"

လျိုရင်ရင်၏ မျက်နှာက ဇီးရွက်လောက် သေးငယ်နေကာ ဟူယန်လော့ကို အစွမ်းကုန် တောင်းပန်နေရသည်။

"မလိုတော့ဘူး"

စကားအဆုံးတွင် တစ်ဖက်လူက ချာခနဲ လှည့်ထွက်သွားသောကြောင့် သူမသည် ယွမ်ရှောင်အပေါ် ဒေါသစိတ်များ ပုံချလိုက်လေသည်။

All Chapters