← Chapters

ဆံပင်ဖြူ အမျိုးသမီး

Vol. 30 Ch. 383

ဆံပင်ဖြူ အမျိုးသမီး

Vol. 30 Ch. 383

"လန်ရီက သူ့ကို လက်ကိုင်ခွင့်ပေးလိုက်တာလား။ ဒါဆိုရင် သူမက....."

ယွမ်တဟဲသည် လူအုပ်အကြားတွင် မင်သက်စွာ ရပ်နေရင်း လက်ချင်းတွဲ၍ ထွက်ခွာသွားသော စုံတွဲကို လေးလေးနက်နက် စိုက်ကြည့်နေခဲ့သည်။

"မကြာခင် တစ်ယောက်ယောက်က ဒီကိစ္စကို သတိပြုမိသွားလိမ့်မယ်။ ပြီးတော့ လန်ရီဟာ ကပ်ဘေးသယ်ဆောင်သူ ဆိုတဲ့ ကောလဟာလတွေ ပျက်ပြယ်သွားမှာပါ။ ဒီကလေးက သူ ဘာလုပ်လိုက်မှန်းတောင် မသိဘဲ ကူညီပေးခဲ့တာပဲ။ အခု မျှော်လင့်ရမှာကတော့ လန်ရီအနေနဲ့ နီအန်ကို ဖြေရှင်းနိုင်ဖို့ပဲ။ ဟူကောင်လေးကတော့ သူ့ဘဝမှာ ပထမဆုံး နောက်ဆုတ်ပေးလိုက်ရပြီ။ တော်တော် ရယ်စရာ ကောင်းတာပဲ ဟား ဟား"

သူက တီးတိုးရေရွတ်၍ ရှေးဟောင်းသားတော် ထွက်ခွာသွားသည့် အရပ်မျက်နှာသို့ လှည့်ကြည့်ကာ ရယ်မောနေရင်း ရှေးဟောင်းကျောင်းတော် လှုပ်ရှားသက်ဝင်လာတော့မည်ဟု အလိုလို သိနေ၏။ အချိန်က အရေးကြီးသောကြောင့် ယွမ်ရှောင်သည် အတော်ဝေးဝေး မသွားဘဲ လန်ရီကို လမ်းထောင့်တစ်ခုသို့ ဆွဲခေါ်သွားရာ ရှက်သွေးလေးများ ရဲခနဲ ဖြစ်သွားစေသည်။

"အစ်ကိုက အိပ်မက်ထဲမှာ လာမယ်လို့ ပြောခဲ့ပေမယ့် အလိမ်အညာလို့ ထင်ထားတာ။ ဒါပေမယ့် တကယ်ရောက်လာတယ်နော်။ လူတစ်ယောက်ကို အပြင်မှာ မတွေ့ဖူးခင် အိပ်မက်ထဲမှာ မြင်ရတာ တကယ့်ကို ဆန်းကြယ်တာပဲ"

လန်ရီ၏ မျက်ဝန်းလေးများ တောက်ပနေကာ ပြုမူပြောဆိုပုံနှင့် မျက်နှာအမူအရာမှတဆင့် ချန်ရီနှင့် စိတ်နေစိတ်ထားချင်း မတူကြောင်း သိသာသည်။ သူမ၏ ဖော်ရွေမှုသည် အတိတ်ဘဝ မှတ်ဉာဏ်များကြောင့် မဟုတ်ဘဲ အိပ်မက်တစ်ခုကြောင့်သာ ဖြစ်၍ ယွမ်ရှောင်ကို အနည်းငယ် စိတ်ရှုပ်စေသည်။

"ဘာဖြစ်လို့လဲ။ အစ်ကိုက ညီမကို တွေ့ရတာ မပျော်ဘူးထင်တယ်"

သူမက နှုတ်ခမ်းဆူ၍ စိတ်ကောက်လိုက်သည်။

"မဟုတ်ဘူး။ အစ်ကိုလည်း ပျော်တယ်"

"ဒါဆိုရင် အရုဏ်ဦးနန်းတော်ကို သွားကြမလား။ အဲ့မှာ ညီမ နေထိုင်တယ်။ ပြောစရာတွေ အများကြီး ရှိတယ်"

သူမသည် လက်လှမ်း၍ ယွမ်ရှောင်၏ လက်မောင်းကို ပျော်ရွှင်စွာ ဆွဲကိုင်ခဲ့၏။ ထိုနေရာမှာ ရင်းနှီးကျွမ်းဝင်သယောင် ခံစားရပြီး ဓားပင်လယ်၌ ချန်ရီနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုကို ယွမ်ရှောင် ပြန်လည် အမှတ်ရသွားသည်။

"မဟုတ်သေးဘူး။ လောလောဆယ် အရေးကြီးကိစ္စ ရှိနေတယ်"

ယွမ်ရှောင်၏ လေသံက ရုတ်တရက် တည်ငြိမ်လေးနက်သွား၏။

"ပြောပါရှင်"

ဤသို့ဖြင့် နီအန်သားရဲ လွတ်မြောက်၍ ငရဲကိုးထပ်ကမ္ဘာကို ဖျက်ဆီးမည့် ဘေးအန္တရာယ်ကို အကျဥ်းချုံး ရှင်းပြလိုက်သောအခါ ကပ်ဘေးလူဝင်စား တစ်ယောက်၏ သဘာဝအတိုင်း လန်ရီ၏ အပြုံးပျောက်ကွယ်သွားကာ စိတ်ပိုင်းဖြတ်လိုက်ပုံ ပေါ်သည်။

"အစ်မဝေ့နဲ့ ကောင်းကင်ရင်းမြစ်နယ်မြေကို သွားခဲ့တယ်မလား။ ဘာကြောင့် ညီမဆီကို ထပ်လာရတာလဲ"

သူမက အချက်တစ်ချက်ကို သတိထားမိလိုက်၏။

"သတင်းဆိုးတစ်ခု ရှ်တယ်။ စိတ်ခိုင်ခိုင်ထားပါ။ ကျန်းချင်းဝေ အသတ်ခံလိုက်ရပြီ"

ယွမ်ရှောင်က လန်ရီ၏ လက်ကလေးကို ဆုပ်ကိုင်ပြီး ယွမ်ရှန်ကျင်းနှင့် အကြီးအကဲ ခုနစ်ယောက်၏ အကြံအစည်အကြောင်း ထပ်မံရှင်းပြခဲ့သည်။ သူမ၏ ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်ရီကာ မျက်ဝန်းလေးများ ဝမ်းနည်းစိတ်ကြောင့် နီရဲလာပြီး ကြောက်မက်ဖွယ် သားရဲရိုင်းကြီးပမာ အရှိန်အဝါမျိုး ထွက်ပေါ်လာ၏။

"စိတ်ထိန်းပါဦး"

လန်ရီ မျက်ရည်ဝဲနေသည်ကို တွေ့ရသောအခါ သူ၏ နှလုံးသားမှာ အကြောင်းပြချက်မရှိ လေးလံသွားသည်။

"အစ်မဝေ့အတွက် လက်စားချေရမယ်"

"ဒါဆိုရင် မြန်မြန်လုပ်ဖို့ လိုအပ်နေပြီ။ ယွမ်ရှန်ကျင်း ငရဲကိုးထပ်ကမ္ဘာကို မီးမရှို့ခင် အင်အားစုစည်းပြီး တားမြစ်ရမယ်"

ယွမ်ရှောင်က တည်ငြိမ်စွာ အကြံပေး၍ တိုက်တွန်းခဲ့သည်။

"ညီမရဲ့ ဆရာသခင်တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်"

လန်ရီ၏ ခပ်ပြတ်အမူအရာက အရုဏ်ဦး နတ်ဧကရီ ချန်ရီကို အမှတ်ရဖွယ်ဖြစ်ကာ ယွမ်ရှောင်ကို တစ်ချက်ကြည့်၍ ခါးဖက်ထားလိုက်သည်။

"သေချာဖက်ထားနော်"

ထို့နောက် မတုံ့ပြန်နိုင်ခင်မှာပင် သူမက သူ့ကို ပွေ့ချီ၍ ကောင်းကင်သို့ အရှိန်ပြင်းပြင်း ထိုးတက်သွားရာ ပတ်ဝန်းကျင်မြင်ကွင်းများပင် မှုန်ဝါးနေသည်။

"မြန်လှချည်လား"

ယွမ်ရှောင်အနေဖြင့် အသက်ရှူမှားလောက်အောင် လှပနူးညံ့သည့် မိန်းကလေးတစ်ယောက်၏ ပွေ့ဖက်ပျံသန်းခြင်းခံရမည်ဟု မျှော်လင့်မထားပေ။

"ရောက်ပြီ။ ညီမနောက်က လိုက်ခဲ့"

လန်ရီမှာ စိတ်မြန်လက်မြန် ရှိသောကြောင့် ခဏအတွင်း လှပသော်လည်း ရိုးရှင်းသည့် စံအိမ်တစ်ခုထံ ရောက်ရှိသွားကာ စိမ်းလန်းစိုပြေ၍ လျှို့ဝှက်ဆန်းကြယ်ပုံပေါ်သည်။ သို့ရာတွင် တိုင်လုံးများနှင့် ခေါင်မိုးအုတ်ကြွပ်များအထက်၌ ရုန်းသင်္ကေတများ ရေးထွင်းထားသဖြင့် အဆင့်အတန်း မြင့်မားသည့် နေရာတစ်ခု ဖြစ်ကြောင်း သိသာပေသည်။

"ဆရာ လန်ရီက တွေ့ခွင့်တောင်းပါတယ်"

"ဝင်ခဲ့"

သူမက တွေ့ခွင့်တောင်းလိုက်သောအခါ အသံတစ်သံ အတွင်းမှ ထွက်ပေါ်လာ၍ လူသားလောကနှင့် မသက်ဆိုင်ဘဲ တိမ်တိုက်များအထက်မှ ဆင်းသက်လာသကဲ့သို့ ထင်မှတ်ရ၏။ တံခါးပွင့်လာ၍ ဝင်ရောက်သွားသောအခါ ခြံဝန်းတစ်ခုလုံး မြူများ ဖုံးလွှမ်းပြီး အလယ်တည့်တည့်၌ နို့ရည်ကဲ့သို့ အရည်များ ပွက်ပွက်ဆူနေသည့် ရေကန်တစ်ခု တည်ရှိကာ အငွေ့များ တထောင်းထောင်းထနေသည်။ ရေကန်ထဲတွင် အမျိုးသမီးတစ်ယောက် ရှိနေပြီး လေးစားသမှုဖြင့် ယွမ်ရှောင်က အကြည့်လွှဲလိုက်သည်။ တစ်ဖက်လူသည် အသက်အရွယ်ကြီးရင့်သော်လည်း လှပတင့်တယ်၍ သာမန်မိန်းမလှများနှင့် မတူညီဘဲ မြင့်မြတ်သန့်စင်သော အရှိန်အဝါမျိုး ထွက်ပေါ်နေကာ လူသားများ လက်လှမ်းမမီသည့် လမင်းကြီးပမာ ထင်မှတ်ရ၏။

အမျိုးသမီးသည် ခါးအထိ ရှည်သော အဖြူရောင်ဆံပင်များ ပိုင်ဆိုင်ထားကာ ရေကန်ထဲမှ ထွက်လာသော မျက်တောင်တစ်ခတ်အတွင်းမှာပင် အဖြူရောင် ဝတ်ရုံရှည်တစ်ခု ဆင်မြန်းပြီးသား ဖြစ်နေခဲ့သည်။

"ဒါက ဘယ်သူလဲ"

သူမက လန်ရီဘက် လှည့်ကြည့်ကာ မေးခွန်းထုတ်သည်။

"ငရဲကိုးထပ်ကမ္ဘာရဲ့ ကျင့်ကြံသူတစ်ယောက်ပါ။ ဆရာ၊ အစ်မဝေ့က မတရားအသတ်ခံလိုက်ရပြီး ငရဲကိုးထပ်ကမ္ဘာ အန္တရာယ် ရှိနေပါတယ်"

လန်ရီက အရေးတကြီး အကူအညီတောင်းခံလိုက်၏။

"လမ်းမှာ ဆက်ပြောကြတာပေါ့"

သူမက ပြောပြောဆိုဆိုနှင့် ကြာပန်းတစ်ပွင့် ဆင့်ခေါ်ကာ ပွင့်ချပ်များ၌ ရုန်းများ ထင်ဟပ်၍ ကြီးမားသော ဖိအားထွက်ပေါ်နေရာ အဆင့်မြင့်ရတနာတစ်ခု ဖြစ်ကြောင်း ရှင်းလင်းပေသည်။

"အစ်ကိုကြီး လာပါ"

သူမက အရာရာကို အမိန့်ပေးနိုင်သော အမူအရာဖြင့် ကြာပန်းအထက် နေရာယူလိုက်သောအခါ လန်ရီလည်း လိုက်ပါသွား၍ ယွမ်ရှောင်အတွက် နေရာထိုင်ခင်း ပေးလိုက်၏။

"ငရဲကိုးထပ်ကမ္ဘာကို တိုက်ရိုက်သွားမလို့လား"

ယွမ်ရှောင်သည် လန်ရီ၏ ဆရာဖြစ်သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သောကြောင့် အမြင်ကောင်းတစ်ခု ရှိလာသည်။ သူမသည် လက်ချင်းတွဲထားသော လူငယ်စုံတွဲကို သယ်ဆောင်၍ အရာရာ မှုန်ဝါးသွားစေနိုင်လောက်သည့် အလျင်မျိုးဖြင့် အရှိန်ပြင်းစွာ ခရီးဆက်နေသည်။ လေထုကို ထိုးဖောက်နေသဖြင့် တဝုန်းဝုန်း မြည်ဟီးနေသော်လည်း မမြင်ရသော စွမ်းအင်အကာအကွယ်တစ်ခုက ခုခံပေးထားခဲ့လေသည်။

All Chapters