← Chapters

ပြစ်ဒဏ်

Vol. 30 Ch. 385

ပြစ်ဒဏ်

Vol. 30 Ch. 385

ကောင်းရင်မြစ်နယ်မြေ၏ ညီနောင်ခုနစ်ဖော် အကြီးအကဲများသည် ယွီချန်ကို လုံးဝမယှဥ်နိုင်ဘဲ စုတ်ပြတ်၍ ရုပ်ပင် မမှတ်မိနိုင်လောက်အောင် ရိုက်နှက်သတ်ဖြတ်ခံလိုက်ရသည်မှာ မယုံကြည်နိုင်စရာပင်။ ယွမ်ရှောင်က သူမကို ရန်မစမိစေရန် ကိုယ့်ကိုကိုယ် သတိပေးလိုက်ပြီး တစ်ဖက်လူမှာ ကြမ်းတမ်းရုံသာမက လက်တွေ့ကျ၍ သိုလှောင်အိတ်ခုနစ်လုံးကို ချက်ချင်း သိမ်းဆည်းသွား၏။

"ကျန်းချင်းဝေက ငါ့တပည့်တစ်ယောက် ဖြစ်နေတာကိုတောင် သတ်ရဲတယ်ပေါ့။ သေချာပေါက် ခွင့်လွှတ်မှာ မဟုတ်ဘူး"

သူမက ပြောပြောဆိုဆိုနှင့် ကျောက်စိမ်းဘူးတစ်လုံး ထုတ်ယူကာ ရန်သူခုနစ်ယောက်၏ ဝိညာဥ်များကိုပင် အလွတ်မပေးဘဲ ဖမ်းချုပ်ပစ်လိုက်သည်။

"ယွီချန် မင်း...မင်း ငါတို့ကို ဖမ်းဆီးရဲသလား"

ယွမ်ရှန်ကျင်း၏ ဝိညာဥ်က ဒေါသတကြီးအော်ဟစ်လိုက်သော်လည်း အားနည်းမှုနှင့် မျှော်လင့်ချက်မရှိမှု အရိပ်အယောင်များ ထင်ဟပ်နေ၏။

"ကမ္ဘာတစ်ခုလုံးကို မီးရှို့တဲ့လုပ်ရပ်ကို ပြန်ပြီး စဥ်းစားဖို့ အချိန်ရတာပေါ့"

သူမက အေးစက်စက်ဖြင့် ဝိညာဥ်ခုနစ်ခုကို ဘူးအတွင်း လွယ်ကူစွာ ချိတ်ပိတ်လိုက်သောအခါ အော်သံများ ကြားနေရသဖြင့် နှိပ်စက်နေပုံပေါ်သည်။

"ဒါက အစ်မဝေအတွက် လက်စားချေတာပဲ"

ယွမ်ရှောင်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် လန်ရီက ကြုံးဝါးလိုက်သည်။

"မစိုးရိမ်ပါနဲ့။ ဒီခွေးကောင် ခုနစ်ယောက်က ဘယ်သူ့ကိုမှ ထပ်ပြီး ပြဿနာရှာနိုင်မှာ မဟုတ်တော့ဘူး။ သေပြီးရင်တောင် သူတို့ မငြိမ်းချမ်းစေရဘူး။ ချင်းဝေက အေးချမ်းစွာ အနားယူသွားပါပြီ"

ယွီချန်၏ အာမခံချက်ကြောင့် ယွမ်ရှောင်သည် ပခုံးအထက်မှ ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့နည်းသွားသဖြင့် ပေါ့ပါးသွားကာ ငရဲကိုးထပ်ကမ္ဘာ၏ အန္တရာယ်တစ်ခု ပျောက်ကွယ်သွားပြီ ဖြစ်၏။ ကောင်းကင်ရင်းမြစ် ညီနောင်ခုနစ်ဖော်၏ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်က လူသားများ မည်မျှ တစ်ကိုယ်ကောင်းဆန် အောက်တန်းကျနိုင်သည်ကို ပြောပြနေသော်လည်း ယွီချန်ကဲ့သို့ ထိန်းချုပ်နိုင်သူများလည်း ရှိနေဆဲပင်။

"နီအန် အားနည်းနေတုန်း သတ်လိုက်လို့ရမလား။ ဒါဆိုရင် သာမန်ပြည်သူတွေ ဘာအန္တရာယ်မှ မရှိတော့ဘူး"

ယွမ်ရှောင်သည် အခွင့်အရေးကို လက်လွှတ်မခံလိုသောကြောင့် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီ"

ယွီချန်၏ အကြည့်က နားခိုရာဂိုဏ်းထံ ကျရောက်သွားသောအခါ နီအန်သည်လည်း အာရုံခံမိသောကြောင့် လနတ်သားကို မောင်းထုတ်ရန် ရူးသွပ်စွာ ကြိုးပမ်းနေရ၏။ ၎င်းက အက်ကြောင်းအတွင်းမှ လွတ်မြောက်ရန် ရုန်းကန်နေသော်လည်း လနတ်သားသည် နောက်ခြေထောက်များကို ထိန်းချုပ်ထားသဖြင့် မအောင်မြင်သေးပေ။ ဆင်ပိန် ကျွဲလောက် ဟူသော စကားအတိုင်း နှစ်ပေါင်းများစွာ အကျဥ်းခံနေရသည့်တိုင်အောင် ၎င်းမှာ သန်မာနေဆဲ ဖြစ်ပေလိမ့်မည်။

"မင်းတို့နှစ်ယောက် ဘေးဖယ်နေ"

သူမက ယွမ်ရှောင်နှင့် လန်ရီကို ဆင်းရန် အချက်ပြကာ ကြာပန်းရတနာ၏ စွမ်းအားကို ထုတ်လွှတ်ရန် အသင့်ပြင်ထားလိုက်သည်။ သို့ရာတွင် ကောင်းကင်၌ ရုတ်တရက် ဟိန်းသံများ ထွက်ပေါ်လာကာ ငရဲကိုးထပ်ကမ္ဘာတစ်ခုလုံး တုန်ခါ၍ စက်ဝိုင်းသဏ္ဍာန်များ ခတ်နှိပ်ထားသည့် ရွှေ၊ ငွေနှင့် အနက်ရောင် ကျောက်တိုင်သုံးခု တောင်ကြီးများပမာ ဆင်းသက်လာ၏။ ယွီချန်သည် လန်ရီနှင့် ယွမ်ရှောင်ကို အချိန်မီ ဆွဲခေါ်၍ ကြာပန်းရတနာဖြင့် နောက်ဆုတ်သွားသောအခါ ကျောက်တိုင်သုံးခုမှာ နားခိုရာဂိုဏ်းပတ်လည်၌ တြိဂံသဏ္ဍာန် ဖိုခနောက်ဆိုင် ထိုးစိုက်သွားကြသည်။ မြေပြင်ကို ထိမိသည်နှင့် တပြိုင်နက် ရုန်းများ အသက်ဝင်လာကာ ရွှေ၊ ငွေနှင့် အနက်ရောင် လိပ်ပြာများအဖြစ် ပြောင်းလဲကာ နီအန်နှင့် ကိုယ်ပွားများထံ တွယ်ကပ်လိုက်ကြသည်။ ထို့နောက် လိပ်ပြာများမှာ မီးတောက်အဖြစ် လောင်ကျွမ်း၍ နီအန်သားရဲကို အရှင်လတ်လတ် မီးရှို့နေသဖြင့် ၎င်းက နာကျင်စွာ ဟိန်းဟောက်လိုက်၏။ မြေပြင်မှာ တဘုန်းဘုန်း တုန်ခါသွား အော်သံများ လောကတစ်ခွင် ပဲ့တင်ထပ်၍ ငရဲကိုးထပ်ကမ္ဘာ၏ သက်ရှိများကို စိတ်မသက်မသာ ဖြစ်စေသည်။

"ဘယ်သူ ဝင်စွက်ဖက်နေတာလဲ"

ယွမ်ရှောင်က ကောင်းကင်သို့ မော့ကြည့်လိုက်ရာ တိမ်တိုက်များအကြား ပုံရိပ်ကြီးသုံးခုကို တွေ့လိုက်ရပြီး တောင်ကြီးများပမာ ငရဲကိုးထပ်ကမ္ဘာအပေါ် အုပ်မိုးထား၏။ ထိုသုံးယောက်အနောက်တွင် အုပ်စုတစ်ခု ရှိနေပြီး အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေမှ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ပုံရသည်။ ရှေ့ဆုံးမှ ကျင့်ကြံသူသုံးယောက်သည် အသက်စားပိုးကောင် ဂူကျင့်စဥ်ဖြင့် ရှေးဟောင်းအပျက်အစီးနယ်မြေကို ဝါးမျိုရန် ကြံစည်နေသည့် တရားခံများဖြစ်ကြောင်း ထင်ရှားသည်။

"ယွီချန်က အင်မော်တယ်သုံးပါးကို ဂါရဝပြုပါတယ်"

ကောင်းကင်ပြိုကျလာလျှင်ပင် ထမ်းထားရန် အသင့်အနေအထားဖြင့် ယွီချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျောင်းအုပ်ယွီ ကောင်းကင်ရင်းမြစ် ညီနောင်ခုနစ်ဖော်ကို ဘာကြောင့် သတ်လိုက်တာလဲ။ နီအန်သားရဲက ပြဿနာ ရှာနေတာ မဟုတ်ဘူးလား"

ညာဘက်မှ အနက်ရောင်ပုံရိပ်က မေးခွန်းထုတ်၏။

"သက်သေကို ကြည့်ပါ"

သူမက ညီနောင်ခုနစ်ဖော်၏ မကောင်းမှုများကို မှတ်တမ်းတင်ထားသည့် အရိပ်မှန်ကို တင်ပြလိုက်သည်။

"သူတို့က ကောင်းကင်ရင်းမြစ် နယ်မြေရဲ့ အာဏာနဲ့ လုပ်ဆောင်ခဲ့ပေမယ့် ကောင်းကင်အင်မော်တယ်က သူတော်စင်တစ်ယောက်ပါ။ သူက ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် ကမ္ဘာတစ်ခုကို ဖျက်ဆီးချင်ပါ့မလား။ သူတို့က အင်မော်တယ်သုံးပါးရဲ့ ဂုဏ်သိက္ခာကို ညစ်ညမ်းစေပြီး သက်ရှိသတ္တဝါတွေအပေါ် အန္တရာယ်ပေးမှာကို ငါ ရပ်ကြည့်မနေနိုင်ဘူး။ ဒါကြောင့် ပြတ်ပြတ်သားသား သတ်ပစ်လိုက်တာပဲ"

သူမ၏ စကားအဆုံးတွင် ပတ်ဝန်းကျင်က ခဏတာ တိတ်ဆိတ်သွား၍ အလယ်ရှိ ပုံရိပ်ထံမှ စကားသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"ဒီခုနစ်ယောက်က ကမ္ဘာတစ်ခုကို ဖျက်ဆီးဖို့ ကြံစည်ချင်ခဲ့တယ်။ ငါ့တာဝန်အတိုင်း ကောင်းကင်ရင်းမြစ်နယ်မြေ အကြီးအကဲတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး အားလုံးကို သတိပေးမယ်"

"အင်မော်တယ်အရှင်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်လွန်းပါတယ်"

နောက်လိုက်ကျင့်ကြံသူ အုပ်စုက ချက်ချင်း ဖားယား၍ လျှောက်တင်နေကြသည်။

"ဒီသုံးယောက်က မကောင်းဆိုးဝါးတွေ ဖြစ်ပေမယ့် လူထုကို ဦးနှောက်ဆေးဖို့ သူတော်ကောင်းယောင်ဆောင်နေတယ်။ ဂူကျင့်စဥ်ကို ဖယ်ထားလိုက်ရင် အများအမြင်မှာ သူတို့က ကိုယ်ကျင့်သီလနဲ့ ပြည့်စုံသူတွေ ဖြစ်ကြလိမ့်မယ်။ ဒီလိုနည်းနဲ့ လူသားတွေကို အစွန်းရောက်ကိုးကွယ်သူ ဖြစ်လာအောင် မောင်းသွင်းနေတာပဲ"

ကြယ်ပြာက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

"နားလည်ပြီ။ ဒါဆိုရင် သူတို့မှာ အားနည်းချက်တစ်ခု ရှိတာပေါ့"

"ဘာအားနည်းချက်လဲ"

"သူတော်ကောင်း ယောင်ဆောင်တာလေ။ မျက်နှာဖုံး ကွာကျသွားရင် စွမ်းအားလည်း ပျက်စီးသွားလိမ့်မယ်"

"မင်း တော်တော်လိုသေးတယ်။ ဒီအားနည်းချက်က ကျင့်စဥ် အစပိုင်းဆိုရင်တော့ ဖြစ်နိုင်ပေမယ့် လက်ရှိမှာ သူတို့က အထွတ်အထိပ်ကို ရောက်ကာနီး ဖြစ်နေပြီ။ အတိအကျပြောရရင် သူတို့ ဘာလုပ်လုပ် ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ လူသားတွေက လက်ခံပေးလိမ့်မယ်။ ကောင်းကောင်း ဦးနှောက်ဆေးထားရင် မကောင်းဆိုးဝါးတွေတောင် သူတော်စင် ဖြစ်လာမှာပဲ"

ယွမ်ရှောင်၏ ထောက်ပြချက်ကို ကြယ်ပြာက ခေါင်းယမ်း၍ တစ်ချက် ပြုံးလိုက်သည်။

"မင်းက ဘာတွေ စိုးရိမ်နေတာလဲ။ သူတို့က မင်းထက် အဆပေါင်းများစွာ သာလွန်တယ်။ ဖြတ်သွားဖြတ်လာ ကမ္ဘာတစ်ခုအတွက် ဘာကြောင့် စွန့်စားနေမှာလဲ"

ကြယ်ပြာက လက်ရှောင်ရန် အကြံပေးလိုက်သော်လည်း ယွမ်ရှောင်အနေဖြင့် လန်ရီကို မျက်နှာလွှဲခဲပစ် မလုပ်လိုပေ။ သူက မောက်မာသူ မဟုတ်သော်လည်း အလွယ်တကူ ကြောက်တတ်သူ မဟုတ်သောကြောင့် တည်ငြိမ်စွာ တစ်လှမ်းချင်း ဖြေရှင်းပေလိမ့်မည်။

"လောလောဆယ် ပြဿနာက နီအန်သားရဲနဲ့ နားခိုရာဂိုဏ်းပဲ"

ရှေးဟောင်းအပျက်အစီးနယ်မြေ၏ အင်မော်တယ်သုံးယောက် လှုပ်ရှားနေချိန်တွင် သူက ဘေးထွက်၍ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"အင်မော်တယ်တို့ နီအန်သားရဲက သာမန်ပြည်သူတွေကို ဝါးမျိုချင်နေတယ်။ ဘယ်လိုဖြေရှင်းမှာလဲ"

"ငါတို့မှာ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်။ မင်းက ကျောင်းတော်မှာ သင်ကြားရေးကိုသာ အာရုံစိုက်ထားပါ"

ကျောင်းအုပ်ယွီက မေးခွန်းထုတ်လိုက်သော်လည်း အနက်ရောင်ပုံရိပ်က အေးစက်စက် စိုက်ကြည့်၍ မဖြေဘဲ သတိပေးခဲ့သည်။ သူမက ခေါင်းညိတ်၍ အမိန့်ကို လက်ခံခဲ့ပြီး ညီနောင်ခုနစ်ဖော်ကို ကိုင်တွယ်ခဲ့သော်လည်း တကယ့်အုပ်ချုပ်သူများ ရောက်လာသောအခါ ဘောင်မကျော်ခဲ့ပေ။ ယွမ်ရှန်ကျင်းသည် ဆေးတစ်လုံးအတွက် ကမ္ဘာကို မီးရှို့ရန် ကြံစည်ခဲ့ပြီး ထိုသုံးယောက်ကမူ နီအန်ကို တိုက်ရိုက်မသတ်ဘဲ နားခိုရာဂိုဏ်းကိုသာ စည်းခတ်ထားသောကြောင့် မည်သို့ဆောင်ရွက်မည်ကို စဥ်းစားရခက်စေသည်။

"နီအန်ကို သာမန်နည်းလမ်းတွေနဲ့ သတ်လို့ မသေဘူး။ ငါတို့ အင်မော်တယ်သွေးနဲ့ သူ့ကို လောင်ကျွမ်းပြီး ဘာမှမကျန်အောင် မီးရှို့ပစ်ရမယ်။ လုံးဝ သုတ်သင်ရှင်းလင်းခြင်းနဲ့ အနာဂတ် ခြိမ်းခြောက်မှုကို ဖြတ်တောက်ပစ်ရမယ်"

"စစ်မှန်တဲ့ အင်မော်တယ် ဆုံးဖြတ်ချက်က မှန်ကန်လွန်းပါတယ်"

ရွှေရောင်ပုံရိပ် ကောင်းကင်အင်မော်တယ်ဆိုသူက ကြေညာလိုက်သောအခါ နောက်လိုက်တစ်စု၏ အားပေးသံ ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏ အကြည့်အောက်တွင် ယွီချန်မှာ အခြားရွေးချယ်စရာ မရှိဘဲ လန်ရီနှင့် ယွမ်ရှောင်ကို ကြာပန်းရတနာဖြင့် သယ်ဆောင်၍ ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ဦးတည်လိုက်ရ၏။ ကိစ္စများက ပိုမိုရှုပ်ထွေးလာကာ ပြဿနာတစ်ခုကို ရှင်းလိုက်နိုင်သော်လည်း ပိုမိုကြီးမားသည့် ပြဿနာကောင် သုံးယောက် ရောက်ရှိလာကာ သူတို့၏ အကြံမှာ ယွမ်ရှောင်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ညီနောင်ခုနစ်ဖော်ကဲ့သို့ လောဘကြီးခြင်း မရှိဘဲ သူတို့၏ ပုံရိပ်ကို ထိန်းသိမ်းထားရန်အတွက် ငရဲကိုးထပ်ကမ္ဘာတစ်ခုလုံး မီးရှိူ့မပစ်ရန်သာ မျှော်လင့်ထားရပေလိမ့်မည်။

သို့သော် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံးကို ဦးနှောက်ဆေးထားသည့် ဤမကောင်းဆိုးဝါးသုံးကောင် ဤသို့ ဆောင်ရွက်မည်ကို ယွမ်ရှောင်အနေဖြင့် မသေချာပေ။ သေချာသည်မှာ ငရဲကိုးထပ်ကမ္ဘာတွင် ဆက်ရှိနေလျှင်လည်း မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်စွမ်း မရှိချေ။ လနတ်သားက နီအန်၏ ခန္ဓာကိုယ်အတွင်း ပြဿနာရှာနေပြီး စစ်မင်းသမီးကို ထိုအင်မော်တယ်သုံးယောက်အား စောင့်ကြည့်ထားရန် အမိန့်ပေးပြီးနောက် အဆင့်မြန်မြန်တက်ရန်အတွက် သူက ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ပြန်သွားရပေလိမ့်မည်။

All Chapters