← Chapters

ယွမ်မိသားစု၏ အဖြစ်

Vol. 30 Ch. 386

ယွမ်မိသားစု၏ အဖြစ်

Vol. 30 Ch. 386

အချိန်က အလွန်အရေးပါသော်လည်း ယွမ်ရှောင်အတွက် အမြဲတမ်း ချို့တဲ့နေကာ သူ၏ ပိုင်နက်တွင် မကောင်းဆိုးဝါး သုံးကောင် သောင်းကျန်းနေသဖြင့် စိတ်မချနိုင် ဖြစ်နေရသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေတွင် ယွမ်အိမ်တော်သည် ဧကတစ်သိန်းကျော် ကျယ်ဝန်း၍ မရေမတွက်နိုင်သော နန်းတော်များ ပြည့်နှက်နေကာ ရွှေရောင်တောက်ပပြီး တိုက်ရိုက်မျိုးဆက် တစ်သောင်းကျော်မှာလည်း နယ်မြေ၏ ထောက်တိုင်များအဖြစ် သက်ဆိုင်ရာ အဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြ၏။ တစ်ဝက်နီးပါးက ကောင်းကင်ရင်းမြစ်နယ်မြေ၏ လက်အောက်ခံများဖြစ်သောကြောင့် ရှေးဟောင်းအပျက်အစီးနယ်မြေတွင် မနာလိုဝန်တိုခံရသော အစွမ်းထက် မိသားစုကြီးတစ်ခု ဖြစ်သည်။

ယွမ်ဖူ၊ ယွမ်ဝူနှင့် ယွမ်ကျန်းသည် ယွမ်မိသားစု၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်ကာ လက်ရှိတွင် ယွမ်ကျန်း ပျောက်ဆုံးနေပြီး ယွမ်ဝူနှင့် ယွမ်ဖူမှာလည်း အခြေအနေ မကောင်းပေ။ ထောင်စောင့်နဂါး အသက်တံဆိပ်သည် ယွမ်ဖူ၏ အသက်တံဆိပ်ကို ကိုက်ဖြတ်ခဲ့သောကြောင့် ကြေမွသွားစေရာ ဖခင်ဖြစ်သူ ယွမ်ကျန်းထန်သည် သူ၏ အနာဂတ်ကို ကာကွယ်ရန် အသက်တံဆိပ် မပျက်စီးသွားအောင် အဖိုးတန် ရတနာမြောက်များစွာကို အသုံးပြုခဲ့ရသည်။ ယွမ်ရှောင်၏ လွတ်မြောက်မှုသည် ယွမ်ရှန်ကျင်း၏ အကြံကို ပျက်စီးသွားစေနိုင်သဖြင့် ဆူပူကြိမ်းမောင်းခံနေရသည့် ယွမ်ဝူနှင့် ယွမ်ဖူမှာ မျက်နှာများ ညှိုးငယ်နေကြ၏။ ခန်းမတစ်ခုအတွင်း အကြီးအကဲများ စုရုံးရောက်ရှိနေသဖြင့် ပတ်ဝန်းကျင်မှာ တင်းမာ၍ ယွမ်ဝူနှင့် ယွမ်ဖူသည် ဒူးထောက်ထားပြီး ခေါင်းငုံ့၍ ဒေါသတကြီးဖြင့် အံကြိတ်ထားကြသည်။

"အဆင်ပြေမှာပါ။ ဒီကောင်က သေးငယ်တဲ့ ကမ္ဘာက သာမန်လူတစ်ယောက်ပဲ။ သူ့စကားတွေက အရာရောက်မှာမဟုတ်လို့ ငါတို့အကြီးအကဲတွေရဲ့ အကြံအစည်တွေကို မနှောင့်ယှက်နိုင်ဘူး"

ယွမ်ကျန်းထန်က အသက်ပြင်းပြင်းရှူ၍ အကြီးအကဲများကို ဖြောင်းဖြနေသော်လည်း သူတို့သည် တိတ်ဆိတ်နေဆဲဖြစ်ကာ အခြေအနေ မည်မျှလေးနက်ကြောင်း သိသာပေ၏။

"မစိုးရိမ်ကြပါနဲ့။ ငါတို့မိသားစုက အင်မော်တယ်သုံးပါးကို ရာစုနှစ်ပေါင်းများစွာ အမှုထမ်းခဲ့တယ်။ ဘာဖြစ်ဖြစ် ဘိုးဘေးတွေ ကမ္ဘာတစ်ခုကို မီးရှို့မယ့်အကြံအစည်က သူတို့အတွက်ပဲလေ"

သူက ဆက်လက်ဖြောင်းဖြနေသော်လည်း ကြီးမားသော ခန်းမမှာ တုတ်တုတ်မျှ မလှုပ်ချေ။

"ဒါကို လက်မခံနိုင်ဘူး"

"မင်းက ဘာကို လက်မခံနိုင်တာလဲ"

ယွမ်ဝူက စိတ်မထိန်းနိုင်ဟန်ဖြင့် ရုတ်တရက် ထရပ်လိုက်သောအခါ အလယ်တွင် ထိုင်နေသည့် မုတ်ဆိတ်ကျင်စွယ်နှင့် သက်လတ်ပိုင်း လူတစ်ယောက်မှ စိုက်ကြည့်လာခဲ့သည်။

"နီအန်ကို ရှာတွေ့ပြီး အခွင့်အရေးကို ရှာပေးခဲ့တာက ငါပဲ။ ဘိုးဘေးက အခုအချိန်မှာ တက်ကျမ်းဆေးလုံးကို ဖော်စပ်ပြီးလောက်ပြီ။ ကျုပ်က အကျိုးဆောင်ခဲ့တာကို ဘာကြောင့် ဒူးထောက်နေရမှာလဲ"

"စိတ်ထိန်းစမ်း။ ဘိုးဘေး အောင်မြင်ခဲ့ရင် မင်းကို ဆုလာဘ် ချီးမြှင့်မယ်။ ဒါပေမယ့် မင်းတို့နှစ်ယောက် လက်ထဲက လွတ်မြောက်သွားတဲ့ လူကြောင့် အကြံပျက်စီးသွားရင် ပြစ်ဒဏ် ပေးမယ်"

မုတ်ဆိတ်လူက ရှင်းရှင်းလင်းလင်း သတိပေးလိုက်သော်လည်း ယွမ်ဝူ၏ အမြင်တွင် ယွမ်ရှောင်သည် ယွမ်ရှန်ကျင်း၏ အကြံကို ဖျက်ဆီးနိုင်မည်ဟု မထင်ချေ။

"အမှန်အတိုင်း ပြောရရင် သခင်ခုနစ်ယောက်တောင် သူ ထွက်ပြေးသွားတာကို သတိမထားမိခဲ့ဘူး။ ကလေးတွေအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးစရာ မလိုပါဘူး"

အကြီးအကဲတစ်ယောက်က ယွမ်ညီအစ်ကိုများကို ကာကွယ်ပြောဆိုပေးခဲ့သည်။

"အခြေအနေဆိုးသွားရင် အင်မော်တယ်သုံးပါးအတွက် အမှုထမ်းတာဖြစ်လို့ ယွမ်မိသားစု ပြဿနာ မတက်နိုင်ပါဘူး"

"ငါတို့က ကောင်းကင်ရင်းမြစ်နယ်မြေရဲ့ တိုက်ရိုက်မိသားစုလေ။ ဘာဖြစ်ဖြစ် လွတ်မြောက်မှာပါ"

အကြီးအကဲများ တစ်ယောက်တပေါက် ဆွေးနွေးနေစဥ် ကြေညာချက် တစ်ခု ထွက်ပေါ်လာ၍ အကြီးအကဲတစ်ယောက်သည် ရှေးဟောင်းအစောင့်တပ်သားများ ခြံရံလျက် ခန်းမအတွင်း ဝင်ရောက်လာခဲ့၏။

"ညီအစ်ကိုချင်"

ယွမ်ကျန်းထန်က အပေါင်းအသင်းဖြစ်သူကို ကြိုဆိုရန် အလျင်အမြန် ရှေ့ထွက်လိုက်သော်လည်း အေးစက်စက် အကြည့်ကြောင့် ရပ်တန့်သွားရသည်။

"ယွမ်မိသားစု အင်မော်တယ်အမိန့်တော်ကို ဒူးထောက်ပြီး နာခံပြ"

အရာရှိချင်၏ သဘောထားကြောင့် ခန်းမတလျှောက်လုံးရှိ ယွမ်မိသားစုဝင်များ အားလုံး နာခံစွာ ဒူးထောက်လိုက်ကြ၏။ သူတို့က ရင်ထိတ်နေသောကြောင့် ကိုယ့်ကိုကိုယ် အားပေးနေစဥ် အရာရှိချင်သည် စာလိပ်တစ်ခု ထုတ်ယူ၍ ဖြန့်ချလိုက်သောအခါ ရွှေရောင်မြူခိုးများအကြားမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

"ကောင်းကင်အင်မော်တယ်ကို ကြိုဆိုပါတယ်"

ယွမ်မိသားစုဝင်များ မင်သက်သွားကာ နာခံရိုသေစွာ ဦးချလိုက်ကြပြီး အင်မော်တယ်ကိုယ်တိုင် အမိန့်ချမည်ဖြစ်သောကြောင့် ထောင့်တစ်နေရာတွင် ရှိနေသည့် ယွမ်ဝူရော ယွမ်ဖူပါ သွေးဆုတ်ဖြူရော်သွားကြ၏။

"ယွမ်မိသားစုဝင် ခုနစ်ယောက်က သာမန်ကမ္ဘာတစ်ခုကို မီးရှို့သန့်စင်ရန် ကြံစည်ခဲ့သဖြင့် မရေမတွက်နိုင်သော အသက်များ ပျက်စီးသွားနိုင်တယ်။ ပြစ်မှုအတွက် သက်သေအခိုင်အမာနဲ့ နေရာမှာတင် ချက်ချင်း ကွပ်မျက်ပြီး ဖြစ်တယ်"

အပ်ကျသံပင် ကြားလောက်အောင် တိတ်ဆိတ်နေချိန်၌ ရွှေရောင်ပုံရိပ်၏ လေးနက်သော စကားသံက ခန်းမတစ်ခွင် မြည်ဟီးသွားကာ ယွမ်မိသားစုဝင်များ အလန့်တကြား လဲပြိုကုန်၍ ယွမ်ဝူနှင့် ယွမ်ဖူသည် ဝိညာဥ်ခိုက်လောက်အောင် တုန်လှုပ်သွားကြသည်။

"ဒီခုနစ်ယောက်ရဲ့ မကောင်းမှုက ရှေးဟောင်းအပျက်အစီးနယ်မြေကို နာမည်ပျက်စေပြီး ပြစ်တင်ရှုံ့ချခံရစေတယ်။ သတိပေးချက်အနေနဲ့ ငါက ယွမ်မိသားစုကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်။ ချက်ချင်း အာဏာတည်စေ၍ ရာထူးနဲ့ တာဝန်အားလုံးကို ရုတ်သိမ်းပြီး တိုက်ရိုက်မျိုးဆက်ကို သာမန်ပြည်သူအထိ နိမ့်ကျကာ အကိုင်းအခက်မျိုးဆက်များကို ကျွန်အဖြစ် နှိမ့်ချစေ။ ပိုင်ဆိုင်မှုအားလုံး သိမ်းယူ၍ မိသားစုတစ်ခုလုံး ကြီးမားသောအပြစ်အတွက် လမ်းမအထက်တွင် သုံးရက် ဒူးထောက်စေ"

ယွမ်မိသားစုဝင်များ လက်မခံနိုင် ဖြစ်နေသော်လည်း ပုံရိပ်က နောက်ထပ် အမိန့်ချလိုက်ပြီး ဆန့်ကျင်မှုအားလုံးကို လက်ခံပုံမရချေ။ ဤအမိန့်သည် မိသားစုတစ်ခုလုံးကို ရှင်းလင်းခြင်းဖြစ်သောကြောင့် မကျေမနပ် အော်သံများစွာ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

"မဟုတ်ဘူး။ မလုပ်ရဘူး"

"ငါတို့က ကောင်းကင်အင်မော်တယ်ကို မျိုးဆက်ပေါင်းများစွာ အမှုထမ်းပေးခဲ့တယ်။ ငါတို့ရဲ့ အကျိုးဆောင်မှုတွေက ရေတွက်လို့တောင် မရဘူး"

"ရာထူးတွေကို စွန့်လွှတ်ပြီး သာမန်ပြည်သူ ဖြစ်လာရမှာလား။ မဟုတ်ဘူး။ ဒီလိုမဖြစ်ရဘူး"

ငိုသံများ ခန်းမတစ်ခွင် ဆူညံသွားကာ ခမ်းနားထည်ဝါခဲ့သည့် မိသားစုတစ်ခုအတွက် ဤပြစ်ဒဏ်သည် အောက်ခြေအထိ ကျဆင်းသွားစေသောအခါ သေသည်ထက်ပင် ဆိုးရွားသည့် ကံကြမ္မာမျိုးပင်။ ယွမ်ဖူက ထိတ်လန့်စွာ ရှိနေပြီး ယွမ်ဝူသည် မျက်လုံးများ ရဲရဲနီ၍ စိတ်ဖောက်ပြန်သွားပုံပေါ်သည်။

"အရာရှိချင် ဘိုးဘေးတွေက ဒါကို အင်မော်တယ်သုံးပါးအတွက် လုပ်ခဲ့တာပါ။ ကျေးဇူးပြုပြီး ကူညီပေးပါဦး"

ယွမ်ကျန်းထန်သည် စိတ်ပျက်အားငယ်စွာ တွားသွား၍ အရာရှိချင်ကို တောင်းပန်လိုက်သော်လည်း ရက်စက်ကြမ်းကြုတ်စွာ ကန်ထုတ်ခံလိုက်ရပြီး ငြင်းပယ်ခံခဲ့ရသည်။

"မင်း...မင်း"

တစ်ဖက်လူ၏ အလှည့်အပြောင်းကြောင့် သွေးများ ပေကျံနေသော ယွမ်ကျန်းထန်၏ မျက်နှာသည် လုံးဝ မင်သက်နေခဲ့၏။ အရာရှိချင်နှင့် ရှေးဟောင်းအစောင့်တပ်သားများ လှည့်ထွက်သွားသောအခါ ယွမ်မိသားစုဝင် ထောင်ပေါင်းများစွာ၏ ငိုသံများသာ ကမ္ဘာပျက်မတတ် ကျန်ရစ်ခဲ့ပေသည်။

ထိုအချိန်တွင် ကြာပန်းရတနာသည် ရှေးဟောင်းကျောင်းတော်ဝင်ပေါက် အနီးတွင် ဆင်းသက်၍ ကိုယ့်အတွေးနှင့်ကိုယ် တိတ်ဆိတ်နေသည့် ယွီချန်၊ ယွမ်ရှောင်နှင့် လန်ရီတို့ ထွက်ပေါ်လာကြသည်။

"လန်ရီ ဆရာတို့ကို ခဏလောက် အချိန်ပေးပါလား"

"ဟုတ်ကဲ့"

ယွီချန်၏ တောင်းဆိုချက်ကြောင့် လန်ရီသည် ယွမ်ရှောင်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်ကာ နောက်ဆုတ်ပေးလိုက်သည်။ ကျောင်းအုပ်ယွီနှင့် ယွမ်ရှောင်သည် တစ်ပေမျှသာ ခြား၍ အကြည့်ချင်းဆုံနေကာ ဓားအိမ်ထဲမှ ထုတ်ထားသော ဓားများကဲ့သို့ ထက်ရှနေ၏။ သူမ၏ အကြည့်ကို တစ်ဖက်လူက တည်ငြိမ်စွာ ရင်ဆိုင်၍ မောက်မာခြင်းမရှိ နှိမ့်ချခြင်းမရှိသော သဘောထားကြောင့် အံ့သြသွားစေသည်။

"မင်းကို လန်ရီက မျက်နှာသာပေးတာ မဆန်းပါဘူး။ ထူးခြားတဲ့ ရုပ်ရည်အပြင် အစွမ်းအစရှိသားပဲ"

ယွီချန်က မှတ်ချက်ချလိုက်၏။

"ကျောင်းအုပ်ယွီက ကျုပ်ကို လန်ရီနဲ့ ဝေးဝေးနေစေချင်တာလား"

ယွမ်ရှောင်က အဓိကအချက်ကို မေးခွန်းထုတ်လိုက်သည်။

"အဲ့ဒါက ပျင်းစရာကောင်းလွန်းတယ်။ လန်ရီရဲ့ အမြင်ကို ငါ ယုံကြည်တယ်။ မင်းက သာမန်ကမ္ဘာရဲ့ လူတစ်ယောက်ဆိုရင်တောင် စိတ်ဝင်စားစရာ ကောင်းမှာပါ။ ဒါပေမယ့်...."

ယွီချန်က တစ်ချက်ရယ်မော၍ စကားခဏရပ်ကာ သူ့ကို အဓိပ္ပါယ်နက်ရှိုင်းစွာ စိုက်ကြည့်ပြီးမှ စကားဆက်လိုက်၏။

"ရှေးဟောင်းအပျက်အစီးနယ်မြေက ပျက်စီးကိန်း ဆိုက်နေတယ်။ လန်ရီက ဗဟိုချက်မှာ ရှိနေလို့ သူမနဲ့ နီးကပ်သူတိုင်း ပျက်စီးဖို့ အခွင့်အလမ်းများတယ်။ မင်းမှာ သတ္တိရှိလား"

ကျောင်းအုပ်ယွီ၏ နှုတ်ခမ်းနှစ်လွှာက အနည်းငယ် ကွေးညွှတ်သွား၏။

"ကျုပ်ရဲ့ မိန်းမလှလေးအတွက် သေခြင်းတရားနဲ့ ရင်ဆိုင်ရဲတယ်"

ယွမ်ရှောင်က သတ္တိအကြောင်း ပြောနေခြင်းမဟုတ်ဘဲ လန်ရီနှင့် အတူရှိရန် နောင်တရမည်မဟုတ်ကြောင်း ဖော်ပြလိုက်သောအခါ ခိုးနားထောင်နေသည့် မိန်းကလေးကို ရှက်သွေးဖြာသွားစေသည်။

"မင်းက ရိုးသားဖြူစင်နေတာ မဟုတ်လောက်ဘူး။ ကြည့်ရတာ မိန်းမကျမ်းကြေတဲ့ လူချောလေးများလား"

"မဟုတ်ပါဘူးဗျာ အဟမ်း"

ယွီချန်၏ ထူးဆန်းသောအကြည့်ကြောင့် ယွမ်ရှောင် အနေရခက်သွားပြီး ချောင်းဟန့်လိုက်၏။

"ဆရာ ဘာတွေ ပြောနေတာလဲ"

လန်ရီက အလိုမကျဟန်ဖြင့် နှုတ်ခမ်းဆူနေသည်။

"ငယ်ရွယ်သူတွေကို မနာလိုက်တာကွာ။ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံးမှာ မင်းတို့ရဲ့ အချစ်ဇာတ်လမ်းကို သဘောတူမှာက ငါတစ်ယောက်တည်း ဖြစ်မယ်။ ရှေးဟောင်းကျောင်းတော်က ရက်အနည်းငယ်အတွင်းမှာ လူသစ်စုဆောင်းတော့မယ်။ လန်ရီဘေးမှာ နေနိုင်ဖို့ ဒါက အခွင့်အရေးပဲ"

ကျောင်းအုပ်ယွီက သက်ပြင်းတစ်ချက်ချ၍ ယွမ်ရှောင်ကို အသိပေးလိုက်၏။

"ခင်ဗျားက တပည့်တစ်ယောက် လက်ခံဖို့တောင် စီစဥ်မပေးနိုင်ဘူးလား"

"ငါသာ မင်းကို မျက်နှာသာပေးလိုက်ရင် အခြားလူတွေက အထင်သေးကုန်မှာပေါ့။ လန်ရီနဲ့ ထိုက်တန်ကြောင်း ကိုယ့်ဘာသာ သက်သေပြ"

"မစိုးရိမ်ပါနဲ့။ အထင်သေးမှာကို ကျုပ် မကြောက်ပါဘူး။ မျက်နှာသာပေးလိုက်စမ်းပါ"

"လန်ရီ မင်းရဲ့ အစ်ကိုယွမ်ကို ထိန်းထားလိုက်။ မင်းတို့နှစ်ယောက်အတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်"

ယွီချန်က ရယ်မော၍ နှစ်ယောက်လုံးကို နောက်ဆုံးတစ်ချက် စိုက်ကြည့်ကာ ပျောက်ကွယ်သွားခဲ့သည်။

"ငါ့အခွင့်အရေးလေးကတော့ သွားပါပြီ"

ရှေးဟောင်းအပျက်အစီးနယ်မြေမှာ ငရဲကိုးထပ်နှင့် ကွာခြားနေသဖြင့် ယွမ်ရှောင်၏ ပိုက်ကွန်သည် ငါးကြီး ယွီချန်ထံမှ အခြားငါးတစ်ကောင်ဖြစ်သော လန်ရီထံ ဦးတည်သွားလေသည်။

All Chapters