စော်ကားမှု
Vol. 30 Ch. 387
"ကောင်းကင်ရင်းမြစ်နယ်မြေကို သွားရအောင်"
ကျောင်းအုပ်ယွီ ထွက်ခွာသွားသော်လည်း လန်ရီသည် ရှေးဟောင်းကျောင်းတော်သို့ ပြန်သွားရန် ရည်ရွယ်ချက် မရှိပေ။
"ကျန်းချင်းဝေရဲ့ အလောင်းကို လိုချင်လို့လား"
"အစ်မဝေက ငါ့ကို အများကြီး ကူညီခဲ့တယ်။ ဒါပေမယ့် ငါကတော့...."
"ကိုယ့်ကိုကိုယ် အပြစ်တင်မနေပါနဲ့။ သေသင့်တဲ့ကောင်တွေလည်း သေသွားပြီး"
ယွမ်ရှောင်က သူမကို နှစ်သိမ့်ပေးနေပြီး ယွမ်ရှန်ကျင်း၏ လုပ်ရပ်သည် လူသားများ၏ အမှောင်ဘက်ခြမ်းမှ ရုတ်တရက် ထွက်ပေါ်လာရာ သူကိုယ်တိုင်ပင် ထင်မထားသောကြောင့် လန်ရီဆိုလျှင် ပြောစရာပင်မလိုချေ။ လက်ရှိတွင် ယွမ်ရှန်ကျင်းနှင့် အပေါင်းအပါများ အဆုံးသတ်သွားပြီဖြစ်ရာ သူတို့နှင့် ထိုက်တန်ပေသည်။
"အစ်ကိုကြီးက ဓားကျင့်ကြံသူလား"
"ဟုတ်တယ်"
"ဒါဆိုရင် ညီမကို ဓားပျံနဲ့ သယ်သွားပေးနိုင်မလား"
လန်ရီက ညှင်သာစွာ တောင်းဆိုလိုက်သောအခါ ယွမ်ရှောင်သည် ခေါင်းညိတ်ပြ၍ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်ကို ဓားပျံအဖြစ် ဆင့်ခေါ်ကာ ဒူးအမြင့်တွင် ရပ်နားထားလိုက်သည်။
"လာခဲ့"
"ဟုတ်"
သူက ၎င်းအပေါ် ပထမဆုံး ခုန်တက်၍ လန်ရီ ခြေလှမ်းအနည်းငယ် တိုးလာသည်နှင့်တပြိုင်နက် ခါးသွယ်သွယ်လေးကို ဆွဲဖက်ကာ မတင်လိုက်သည်။
"ဒီဓားပျံပေါ်မှာ မိန်းကလေးတွေ အများကြီး စီးဖူးလား"
လန်ရီက ယွမ်ရှောင်၏ ရင်ခွင်အတွင်း ဖက်ထားရင်း တီးတိုးမေးလိုက်သည်။
"ဒီဓားက ပုံမှန်ဆိုရင် လူသတ်ဖို့ သုံးတာ"
ကျောက်ရန်ရန်၊ ချန်ရီနှင့် စစ်မင်းသမီးအကြောင်း တွေးလိုက်မိသော်လည်း သူက တည်ငြိမ်စွာ ငြင်းဆန်ခဲ့၏။ ထို့နောက် ရုတ်တရက် အရှိန်မြှင့်လိုက်သောအခါ ၎င်းသည် မိုးပြာရောင်အလင်းတန်း အဖြစ် ပြေးထွက်သွား၍ ဆံပင်ရှည်များနှင့် ဝတ်ရုံများ လွင့်ပျံကုန်သည်။ လန်ရီ၏ ကိုယ်သင်းနံ့သည်ပင် ချန်ရီနှင့် တစ်ထပ်တည်း တူညီနေရာ စကားပြောဆိုပုံ မကွာလျှင် ယွမ်ရှောင်ပင် ခွဲခြားနိုင်မည် မဟုတ်ချေ။
"ဒီဘက်ကို သွားရမှာ"
သူမ၏ ညွှန်ကြားချက်အတိုင်း ယွမ်ရှောင်က ဓားပျံကို မောင်းနှင်နေပြီး ရှေးဟောင်းအပျက်အစီးနယ်မြေ၏ စည်ကားသော လမ်းများအထက်မှ မြူခိုးများအကြား ထိုးဖောက်ဖြတ်သန်းသွားသည်။
"မင်းကို ကာကွယ်ပေးဖို့ တစ်ယောက်ယောက် ရှိလား"
သူက အခြားသူများ မကြားစေလိုဟန်ဖြင့် အနားကပ်ကာ တီးတိုးမေးသည်။
"ဟုတ်တယ်။ စောင့်ကြည့်နေတဲ့ တစ်ယောက်ယောက်ကတော့ အမြဲတမ်း ရှိတယ်"
သူမက ရှက်စိတ်ကြောင့် နားရွက်များ နီရဲကာ အနည်းငယ်နောက်တွန့်၍ ဖြေလိုက်၏။
"ဒါဆိုရင် ဒီနယ်မြေကြီးက အန္တရာယ်များတယ်မလား"
"ကျင့်ကြံသူတွေရဲ့ လောကမှာ အရင်းအမြစ်နဲ့ အကျိုးအမြတ်ကြောင့် နေရာတိုင်း တိုက်ခိုက်နေကြတယ်။ ဘယ်သူမဆို မကောင်းတဲ့ ရည်ရွယ်ချက်တွေ ဖြစ်လာနိုင်တာ ပုံမှန်ပါပဲ"
"မှန်တယ်။ ဒီလောကကြီးမှာ တခြားသူတွေ ကြင်နာတတ်လိမ့်မယ်လို့ မျှော်လင့်ထားလိုက်ရင် ကိုယ့်ကိုကိုယ် ရက်စက်လိုက်တာပဲ"
"ပတ်ဝန်းကျင်မှာ အရမ်းအန္တရာယ်များတယ်လို့ ဆရာက ပြောတယ်"
လန်ရီက မျက်လုံးချင်းဆုံ၍ စိုးရိမ်တကြီး ရေရွတ်လိုက်သည်။
"ငါ ဒီကို ရောက်နေမှတော့ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံး အန္တရာယ်ရှိပြီလေ။ ငါက အကြီးမားဆုံး မကောင်းဆိုးဝါးပဲ"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ ကိုယ့်ကိုကိုယ် ကြွားဝါနေသဖြင့် သူမမှာ မျက်ရည်များ ထွက်ကျလာသည်အထိ တခစ်ခစ် ရယ်မောမိခဲ့သည်။
"လန်အာ မင်း အစ်ကို့အကြောင်း ဘယ်လောက်သိလဲ"
ယွမ်ရှောင်က ဓားပျံကို ထိန်းချုပ်ရင်း စကားလမ်းကြောင်း ပြောင်းသည်။
"အိပ်မက်ထဲမှာ သိသလောက်ပါပဲ"
လန်ရီ၏ အဖြေစကားသံတွင် စိတ်လှုပ်ရှားဟန်များ တစ်စွန်းတစ ပါဝင်သည်။
"ကိုယ့်စိတ်ကို ပြင်ဆင်ထား။ ငါက မင်းအိပ်မက်ထဲကထက် အများကြီး ပိုရက်စက်တယ်"
"ညီမကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလား။ ဘာဖြစ်ဖြစ် အစ်ကိုကြီးကို ကာကွယ်ပေးပါ့မယ်"
သူမသည် ယွမ်ရှောင်၏ ကျင့်ကြံမှုကို အကြမ်းဖျင်း သိထားပြီး အိပ်မက်များ၌ ခွန်အားအကြောင်း မပါဝင်ချေ။ သို့ရာတွင် သူမကို သက်တောင့်သက်သာ ဖြစ်စေသော အငွေ့အသက်မျိုး ပေးစွမ်းနိုင်သူဖြစ်ရာ ကောင်းကင်ရင်းမြစ်နယ်မြေသို့ နီးကပ်လာသဖြင့် လေးနက်စွာ ကတိပေးခဲ့သည်။ ကောင်းကင်နယ်မြေတွင်လည်း ချန်ရီသည် သူ့ကို ကာကွယ်ရန် ကြိုးစားခဲ့ပြီး လန်ရီမှာလည်း တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်နေသဖြင့် ကံကြမ္မာ၏ မျက်နှာသာပေးမှုကို ယွမ်ရှောင် လက်ခံခဲ့သည်။
ကောင်းကင်ရင်းမြစ်နယ်မြေ၏ အကျယ်အဝန်းနှင့် ယှဥ်လျှင် ယွမ်အိမ်တော်သည် မြေကွက်တစ်ခုသာ ဖြစ်၏။ ဓားပျံပေါ်မှ ဆင်းသက်လာသော လန်ရီကြောင့် ထိပ်တန်းကျင့်ကြံသူများစွာ အကြည့်ရောက်လာပြီး အင်မော်တယ်အမိန့်ကို ထုတ်ပြန်ခဲ့သည့် အရာရှိချင်လည်း ပါဝင်နေသည်။ ထိုလူမှာ နတ်ကွန်းများတွင် အင်မော်တယ်သုံးပါးကို ကိုးကွယ်ဆည်းကပ်ရန် ဦးဆောင်သူဖြစ်ကြောင်း ယွမ်ရှောင် ချက်ချင်း မှတ်မိလိုက်သည်။
"ငါတို့က အစ်မဝေရဲ့ အကြွင်းအကျန် ခန္ဓာကိုယ်အတွက် လာခဲ့တာပဲ"
လန်ရီက အေးစက်စက် အသံဖြင့် ကြေညာလိုက်ပြီး အခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားကာ ဤနယ်မြေကို ဆန့်ကျင်ရန် ဒိုင်းတစ်ခုအလား အသုံးချနေသည်။
"ကျန်းချင်းဝေရဲ့ အလောင်း ရှိမရှိကတော့ မသေချာပါဘူး။ ဒါပေမယ့် သခင်မလေးကို လမ်းညွှန်ပေးပါမယ်"
အရာရှိချင်က ယွမ်ရှောင်အား ရှိလေဟန်ပင် သဘောမထားဘဲ လျစ်လျူရှုကာ လန်ရီကို မြှောင့်ပင် ကမ်းလှမ်းလိုက်သည်။ လူအုပ်က တီးတိုးပြောဆိုနေကြသော်လည်း သူမအတွက် လမ်းဖွင့်ပေးလိုက်စဥ် ယွမ်ရှောင်၏ အကြည့်သည် ဝမ်းနည်းပူဆွေးနေပုံရသည့် လူတစ်စုထံ ကျရောက်သွားသည်။
"သူတို့က ဘာဖြစ်နေတာလဲ"
"ယွမ်မိသားစုရဲ့ အကြီးအကဲခုနစ်ဖော်က အပြစ်ကြီး ကျူးလွန်ခဲ့တာကို နယ်မြေတစ်ခုလုံး သိသွားတယ်။ ကောင်းကင်အင်မော်တယ်က ယွမ်မိသားစုကို အဆုံးသတ်စေမယ့် အမိန့်မျိုး ချမှတ်ခဲ့ပြီးပါပြီ"
အရာရှိချင်၏ ရှင်းပြချက်ကြောင့် ယွမ်ရှောင်နှင့် လန်ရီ အကြည့်ချင်း ဖလှယ်လိုက်သည်။
"ကျန်းချင်းဝေရဲ့ အလောင်း ဘယ်မှာလဲ"
"မသိပါဘူး"
"လိုက်ရှာစမ်း"
အရာရှိချင်က အနက်ရောင် သံချပ်ကာဝတ်အစောင့်တစ်ယောက်ကို အေးစက်စက် အမိန့်ပေးကာ လန်ရီဘက်လှည့်၍ ရိုသေစွာ တင်ပြလိုက်၏။
"ယွမ်မိသားစုရဲ့ အပြစ်ဒဏ်က ရုတ်တရက်မို့ ပရမ်းပတာတွေ ဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး သည်းခံပေးပါ"
"အစ်မဝေကို တွေ့အောင် ရှာရမယ်"
သို့ရာတွင် အစောင့်က လက်ဗလာဖြင့် ပြန်ရောက်လာသောကြောင့် ယွမ်ရှောင်သည် အချိန်ဆိုင်းမနေဘဲ ယွမ်ဝူနှင့် ယွမ်ဖူကို ဆင့်ခေါ်ရန် အကြံပေးလိုက်သည်။ စိတ်တိုဒေါသထွက်နေသော လန်ရီ၏ အကြည့်အောက်တွင် အရာရှိချင်မှာ ထိတ်ထိတ်ပျာပျာ ဖြစ်ကာ ရှေးဟောင်းအစောင့်တပ်နှင့်အတူ ချီတက်သွား၏။ မကြာခင်မှာပင် သူတို့က ယွမ်ဝူနှင့် ယွမ်ဖူကို ဆွဲခေါ်လာခဲ့ကြပြီး ဖခင်ဖြစ်သူ ယွမ်ကျန်းထန်သည်လည်း ခေါင်းငိုက်စိုက်ချလျက် လိုက်ပါလာခဲ့သည်။
"ဒူးထောက်စမ်း"
အစောင့်တပ်သားများက အရာရှိချင်၏ မျက်ရိပ်ပြမှုကြောင့် ညီအစ်ကိုနှစ်ယောက်ကို အတင်းအကြပ် ဒူးထောက်စေသည်။
"ကျန်းချင်းဝေရဲ့ အလောင်း ဘယ်မှာလဲ"
ယွမ်ရှောင်က မေးခွန်းထုတ်လိုက်သောအခါ ယွမ်မိသားစု၏ ကျရှုံးမှုအားလုံးနှင့် သက်ဆိုင်သူဖြစ်နေသောကြောင့် ယွမ်ဝူကို ဒေါသတကြီး ဖြစ်သွားစေသည်။
"ငါ မင်းကို ငရဲကိုးထပ်ကမ္ဘာမှာ သတ်ခဲ့သင့်တယ်"
"ဖြန်း"
"ကျန်းချင်းဝေ ဘယ်မှာလဲ"
သူ၏ဘဝက ရွှေဘုံရွှေနန်းအထက်မှ မြောင်းထဲ ကျသွားသောကြောင့် အရူးတစ်ပိုင်း ဖြစ်နေပုံပေါ်သည်။ သို့ရာတွင် အခြေအနေကို ရိပ်စားမိသော ယွမ်ကျန်းထန်က သားဖြစ်သူ၏ ပါးကို ဖောင်းကားသွားစေသည်အထိ ဖြတ်ရိုက်ပစ်လိုက်သည်။
"မင်းက နောက်ထပ်မိန်းမတစ်ယောက်ရဲ့ အကာအကွယ်အောက်ကို ရောက်သွားပြန်ပြီလား။ ရုပ်ရည်ကလွဲလို့ ဘာမှ အသုံးမကျတဲ့ကောင်"
သို့ရာတွင် ကိုယ့်ကိုကိုယ် သေလူဟု သတ်မှတ်ထားသည့် ယွမ်ဝူက ဆက်လက် လှောင်ပြောင်နေသည်။
"ပါးစပ်ပိတ်ထားစမ်း။ ကျန်းချင်းဝေရဲ့ အလောင်း ဘယ်မှာလဲဆိုတာ ပြောလိုက်"
ယွမ်ကျန်းထန်က သူ့ကို ပါးစပ်ပိတ်သွားစေရန် နောက်တစ်ချက် ပါးရိုက်ကာ အမိန့်ပေးလိုက်၏။
"မင်းက ရှေးဟောင်းအပျက်အစီးနယ်မြေမှာ လေးစားကြည်ညိုခံရတဲ့ နတ်ဘုရားတစ်ပါးဖြစ်တာတောင် နိမ့်ကျတဲ့ ကမ္ဘာရဲ့ မစင်ကို တပ်မက်နေတယ်ပေါ့။ ဟား ဟား"
သို့သော် ယွမ်ဝူက လန်ရီဘက် လှည့်ကာ မထီမဲ့မြင် စော်ကားလိုက်သောကြောင့် အရာရီချင်ပင် တုန်တက်သွားသကဲ့သို့ ယွမ်ကျန်းထန်လည်း သူ့ကို ပါးစပ်ပိတ်ရန် အချိန်မမီတော့ပေ။
"ငါ့ကို စော်ကားတာက သည်းခံနိုင်သေးတယ်။ သူ့ကို နှိမ့်ချရဲတယ်ပေါ့။ မင်း သေရမယ်"
လန်ရီ၏ ဒေါသက ဝုန်းခနဲ တောက်လောင်လာလေသည်။