← Chapters

ယွမ်ဝူကို အပြစ်ပေးခြင်း

Vol. 30 Ch. 388

ယွမ်ဝူကို အပြစ်ပေးခြင်း

Vol. 30 Ch. 388

ဒေါသတကြီး ဖြစ်နေသော လန်ရီသည် လွတ်မြောက်လာသော သားရဲတစ်ကောင်ပမာ ယွမ်ဝူရှေ့သို့ တဟုန်ထိုး ရောက်ရှိလာကာ လက်ဝါးအထက်တွင် လျှပ်စီးနှင့် မီးတောက်များ ခြုံလွှမ်းနေသည်။

"ဘေးဖယ်စမ်း"

"သ...သခင်မလေး"

ယွမ်ကျန်းထန်သည် မီးလျှံကိုပင် အေးခဲသွားစေနိုင်လောက်သည့် အကြည့်ကြောင့် တုန်ရီသွားကာ ငြင်းခုံနေမည့်အစား နောက်ဆုတ်ပေးခဲ့သည်။

"ဘုန်း"

ဦးခေါင်းထံ လက်ဝါးချက် ကျရောက်လာပြီး ပြင်းထန်လွန်းသည့် အရှိန်အဟုန်ကြောင့် လေထုပင် အက်ကြောင်းထင်သွားသော်လည်း ယွမ်ဝူက အသက်ရှင်ရသည်မှာ ငြီးငွေ့နေပုံရကာ သေခြင်းတရားကို ပျော်ရွှင်စွာ စောင့်ဆိုင်းနေသကဲ့သို့ ထင်ရ၏။

"လန်အာ ခဏနေဦး"

ဦးခေါင်းနှင့် လက်ဝါး ထိမှန်ကာနီးတွင် စကားသံတစ်ခုက တားမြစ်လိုက်သောကြောင့် လန်ရီသည် လက်ဝါးကို မြေပြင်ထံ လမ်းကြောင်းလွှဲလိုက်သဖြင့် ဧရာမတွင်းကြီး ဖြစ်ပေါ်လာ၍ ခန်းမတစ်ခုလုံး တုန်ခါသွားသည်။

"ဟင်"

ယွမ်ဝူမှာ သေခြင်းတရားနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသောအခါ သတ္တိများ ပျောက်ကွယ်၍ တစ်ကိုယ်လုံး ချွေးများ စိုရွှဲကာ အသက်ရှူမဝ ဖြစ်နေသည်။ ယွမ်ရှောင်က စကားတစ်ခွန်းတည်းဖြင့် လန်ရီကို တားမြစ်နိုင်ခဲ့သောကြောင့် အရာရှိချင်၊ ယွမ်ကျန်းထန်နှင့် အခြားလူများကို သိချင်စိတ် ဖြစ်ပေါ်လာစေသည်။

"ဘာကြောင့်လဲ"

လန်ရီသည် လက်တစ်ဖက်ဖြင့် ယွမ်ဝူကို ဖိနှိပ်ထားရင်း ဒေါသမပြေသေးဟန်ဖြင့် ယွမ်ရှောင်ထံ လှည့်ကြည့်ကာ ကျားပေါက်လေးတစ်ကောင်ပမာ မာန်ဖီနေ၏။ သူမ ဒေါသထွက်သောအခါ အေးစက်စက်ဖြစ်သော်လည်း ကြမ်းတမ်း၍ ချစ်စရာကောင်းသော အမူအရာမှာ ဖျောက်မရချေါ

"မင်းက ငါ့ကို မသတ်ရဲဘူးလား"

ယွမ်ဝူက အထင်မှားသွားကာ လှောင်ပြောင်လိုက်ပြန်သည်။

"သေချာကိုင်ထား"

"ဟုတ်"

ယွမ်ရှောင်က အရာရာကို လျစ်လျူရှုထားပြီး ကောင်းကင်သင်္ချိုင်းဓားကို ဆွဲထုတ်ကာ လန်ရီအား ညွှန်ကြားလိုက်ရာ သူမသည်လည်း နာခံစွာ ခေါင်းညိတ်ပြခဲ့သည်။

"မင်း သိလား။ ယွမ်ကျန်းဆိုတဲ့ ကောင်က ငါ့ကို သတ်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် နားခိုရာဂိုဏ်းမှာ ငါ့လက်နဲ့ ခုတ်ထစ်ခံလိုက်ရတယ်"

"မင်း...မင်း.."

ယွမ်ရှောင်က အေးစက်စက် စိုက်ကြည့်၍ လှောင်ရယ်လိုက်သောအခါ ယွမ်ဝူ၏ မျက်လုံးများ ပြူးကျယ်သွားကာ သူတို့နှစ်ယောက်အနေဖြင့် ရန်သူများ မဖြစ်ခင်မှာပင် တစ်ဖက်လူသည် လှုပ်ရှားပြီးဖြစ်နေခဲ့၏။ သူက စကားတစ်ခွန်းပင်မဆိုဘဲ ဓားကို လျင်မြန်စွာ ခုတ်ပိုင်း၍ ယွမ်ဝူ၏ ခြေလက်အင်္ဂါများကို ဖြတ်တောက်လိုက်သောအခါ ဓားချက်တိုင်းတွင် သွေးများ ရေပန်းပမာ ထွက်လာသည်။ တစ်ချက်တည်းဖြင့် အသတ်ခံရလျှင် သက်သာရာဖြစ်သော်လည်း အရှင်လတ်လတ် ခုတ်ပိုင်းခံနေရခြင်းမှာ အိပ်မက်ဆိုးများထက် ကျော်လွန်သည့် ညှင်းပန်းနှိပ်စက်မှု ဖြစ်သောကြောင့် ယွမ်ဝူ၏ မျှော်လင့်ချက်မဲ့သော နာနာကျင်ကျင် အော်သံများ အသံကုန် ထွက်ပေါ်နေ၏။

"ယွမ်ရှောင် မင်းက မိန်းမအောက်ဆွဲတစ်ယောက်ပဲ။ ဘယ်လိုမှ အမြင့်တက်နိုင်မှာ မဟုတ်....."

စကားမဆုံးခင်မှာပင် ဓားသွားသည် လျှာကို ထိုးဖောက်သွားကာ အပိုင်းပိုင်းအစစ မွှေနှောက်ခံလိုက်ရသောကြောင့် ကျိန်ဆဲသံများ တိခနဲ ပျောက်ကွယ်သွား၏။ ယွမ်ဝူမှာ လျှာပြတ်ကို ထွေးထုတ်လိုက်ပြီး ဒေါသနှင့် နာကျင်မှုကြောင့် မျက်လုံးများ ပြူးကျယ်၍ ယွမ်ရှောင်က ရက်စက်လွန်းနေသည်ါ

"မင်းရဲ့ မျက်လုံးတွေကိုတော့ ချမ်းသာပေးလိုက်ဦးမယ်။ ဒီလိုမှ ငါ ဘယ်လောက်အမြင့်ထိ တက်နိုင်မယ်ဆိုတာ မြင်နိုင်မှာ။ အခုချက်ချင်းတော့ သေခွင့် မပေးနိုင်ဘူး"

ယွမ်ရှောင်က ပြောပြောဆိုဆိုနှင့် ရင်ဘတ်ကို ဆောင့်ကန်ထုတ်လိုက်ရာ သွေးထွက်လွန်နေသည့်တိုင်အောင် ယွမ်ဝူ၏ မျက်လုံးတွင် အမုန်းတရားများ ပြည့်နှက်နေသည်။

"မင်းရဲ့ နာမည် ဘယ်လိုခေါ်လဲ"

"ယွမ်ကျန်းထန်ပါ သခင်လေး"

ယွမ်ရှောင်၏ အကြည့်သည် သားဖြစ်သူ၏ အဖြစ်ဆိုးကြောင့် တစ်ဖက်လှည့်နေသော ယွမ်ကျန်းထန်ထံ ရောက်ရှိသွားကာ မေးခွန်းထုတ်လိုက်သည်။ လန်ရီ၏ ဖိအားအောက်တွင် သူ့အနေဖြင့် ခေါင်းငုံ့၍ နာခံစွာ နေရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

"ဒီကောင့်ကို အသက်ရှင်အောင်ထား။ ဒဏ်ရာအကုန်ပျောက်အောင် ဆေးကုမပေးနဲ့။ သူသေရင် မင်းလည်း သေရမယ်"

တစ်ဖက်လူ၏ ကြောက်မက်ဖွယ်အမိန့်သည် ဖခင်တစ်ယောက်၏ အဆိုးဆုံးဖြစ်ရပ်ကို သရုပ်ဖော်နေသည်။ သူက မနာခံလိုဟန်ဖြင့် ဒေါသတကြီး ပြန်လည်စိုက်ကြည့်လာကာ မည်သူဖြစ်၍ အမိန့်ပေးနေရသနည်းဟူသော စိန်ခေါ်သည့် အဓိပ္ပါယ်မျိုး ပါဝင်၏။ ယွမ်မိသားစုက အပြစ်ဒဏ်ကြောင့် အဆင့်အတန်းများ နိမ့်ကျသွားသော်လည်း သာမန်ကမ္ဘာမှ လူတစ်ယောက် ခြိမ်းခြောက်နေခြင်းမှာ နားမလည်နိုင်စရာပင်။

"သူ့စကားက ငါ့အမိန့်ပဲ"

ပတ်ဝန်းကျင်က တိတ်ဆိတ်၍ တင်းမာနေချိန်တွင် လန်ရီသည် ယွမ်ရှောင်၏ လက်ကို ဆုပ်ကိုင်၍ ပြတ်သားစွာ ကြေညာပစ်လိုက်သည်။ ဤကြေညာချက်သည် ယွမ်မိသားစုဝင်များကို မယုံကြည်နိုင်ဖြစ်သွားစေကာ ဒေါသကြောင့် မျက်လုံးများ နီရဲဖောင်းကားလာသော်လည်း နောက်ဆုံးတွင် ယွမ်ကျန်းထန်က နာခံလိုက်ရပြီး အသံများပင် တုန်ရီနေ၏။

"ဟုတ်ကဲ့။ အမိန့်ကို နာခံပါမယ်"

ထို့နောက် ယွမ်ရှောင်၏ အကြည့်က ယွမ်ဖူထံ ကျရောက်သွားသောအခါ ကျန်းချင်းဝေ၏ အလောင်းတည်နေရာကို ချက်ချင်း ထုတ်ပြောလာခဲ့သည်။ အရာရှိချင်က ငယ်သားတစ်ယောက်ကို စေလွှတ်၍ အလောင်းကို ထိပ်တန်းအရည်အသွေးရှိ ခေါင်းတလားဖြင့် ထိန်းသိမ်းကြရန် ချက်ချင်း အမိန့်ပေးလိုက်၏။ ခန်းမက နောက်တစ်ကြိမ် တိတ်ဆိတ်သွားကာ ယွမ်ကျန်းထန်ရော အရာရှိချင်ပါ ယွမ်ရှောင်နှင့် လန်ရီ၏ ဆက်ဆံရေးကို အဖြေရှာမရနိုင် ဖြစ်နေကြသည်။ အချိန်တစ်ခုအကြာတွင် ကျန်းချင်းဝေ၏ အလောင်းကို ခေါင်းတလားအတွင်း ထည့်သွင်း၍ အစောင့်တပ်သားများ သယ်ဆောင်လာသောအခါ ဝမ်းနည်းပူဆွေးနေသည့် လန်ရီကို ယွမ်ရှောင်က ဖေးမထားရသည်။

"အစ်မဝေကို အိမ်ပြန်ခေါ်သွားမယ်"

သူက သက်ပြင်းတစ်ချက်ချ၍ အခေါင်းကို လက်လွှဲယူလိုက်ပြီး ကျင့်ကြံရေးလမ်းစဥ်သည် အန္တရာယ်များဖြင့် ပြည့်နှက်နေကာ သေခြင်းနှင့် ရှင်ခြင်းမှာ မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားနိုင်ပေသည်။ ယွမ်ရှောင်နှင့် လန်ရီ ပြန်လည်ထွက်ခွာသွားသောအခါ ဘေးချင်းကပ်ရပ်နေသည့် ယွမ်ကျန်းထန်နှင့် အရာရှိချင်မှာ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြပြီး ယွမ်ဝူနှင့် ယွမ်ဖူမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရ၏။

"လန်ရီက ဒီလူငယ်နဲ့ လက်ချင်းတွဲထားတယ်။ သူမက ငါတို့ ထင်ထားသလို ကပ်ဘေးသယ်ဆောင်သူ မဟုတ်ဘူးလား"

"မသေချာဘူး။ ဖြစ်နိုင်ချေအနေနဲ့ ဒီကလေးက ကပ်ဘေးတွေကို စုပ်ယူနိုင်စွမ်း ရှိလောက်တယ်။ သိပ်မကြာခင် သူကိုယ်တိုင်လည်း ပျက်စီးရလိမ့်မယ်"

ယွမ်ကျန်းထန်၏ မေးခွန်းကို အရာရှိချင်က အေးစက်စက် ဖြေလိုက်သောအခါ မဲ့ပြုံးတစ်ချက် ဖြစ်တည်လာ၏။

"ဒါဆိုရင် လန်ရီက သူ့ကို ဒိုင်းအဖြစ် အသုံးချနေတာပဲ"

"သနားစရာလူမိုက် ကပ်ဘေးက သူ့ကို မသတ်ရင်တောင် ဉာဏ်တုံးတုံး လုပ်ရပ်တွေနဲ့ သေရလိမ့်မယ်"

အရာရှိချင်က လှောင်ရယ်ရင်း ပခုံးတွန့်ပြလိုက်သည်။

"ငါတို့က နိမ့်ကျသွားရင်တောင် အစွယ်တုံးတဲ့ ကျား မဟုတ်ဘူး။ အကြောင်းအရင်းမရှိ ငါတို့နဲ့ ရန်သူဖြစ်ချင်နေမှတော့ အဆက်အသွယ်တွေနဲ့ဆိုရင် တစ်နေ့တည်းမှာ အကြိမ်ကြိမ် ရှင်းပစ်လိုက်ဖို့ လွယ်လွယ်လေးပဲ"

ယွမ်ကျန်းထန်က တစ်ချက်ပြုံး၍ ကြုံးဝါးသည်။

"ရှေးဟောင်းကျောင်းတော်က ဘယ်လိုကိုင်တွယ်မလဲ စောင့်ကြည့်ရမှာပေါ့။ ဒါပေမယ့် မင်းကော ဘယ်လိုဆုံးဖြတ်ထားလဲ။ အင်မော်တယ်သုံးပါးရဲ့ အရိပ်စစ်သည်ဖြစ်ရတာက ခမ်းနားထည်ဝါတယ်လို့ မဟုတ်ပေမယ့် လမ်းပေါ်မှာ နေရတာထက်တော့ သာပါတယ်"

အရာရှိချင်က လေးနက်စွာ ကမ်းလှမ်းလိုက်၏။

"အကြီးအကဲတွေ စဥ်းစားနေကြတယ်။ သူတို့ အကင်းပါးပါး ရွေးချယ်တတ်မှာပါ။ ဘာဖြစ်ဖြစ် ဟိုအဘိုးကြီးခုနစ်ယောက်ကသာ အပြစ်ရှိတယ်။ ငါတို့က အင်မော်တယ်သုံးပါးရဲ့ သစ္စာရှိ အမှုထမ်း ဖြစ်ခဲ့တာပဲ"

"ကြီးကျယ်ခမ်းနားတဲ့ ခေတ်တစ်ခေတ် နီးကပ်လာနေပြီ"

စကားဝိုင်းကို အဆုံးသတ်ရင်း အရာရှိချင်၏ မျက်ဝန်းများ အန္တရာယ်ရှိစွာ ကျဥ်းမြောင်းသွားခဲ့သည်။

ရှေးဟောင်းကျောင်းတော်တွင် ကျန်းချင်းဝေအတွက် စျာပနပွဲ ကျင်းပနေပြီး ခဏတာ သိကျွမ်းခဲ့ရသော မိတ်ဆွေအတွက် ယွမ်ရှောင်လည်း လေးနက်တည်ငြိမ်နေသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ အရှုပ်အထွေးများက စဥ်းစားခန်းဝင်စရာ ဖြစ်ပြီး ငရဲကိုးထပ်ကမ္ဘာ၏ နောက်လိုက်များနှင့် သာမန်ပြည်သူများ အန္တရာယ်ကင်းရေးမှာ သူ့အပေါ် မူတည်နေ၏။ အင်မော်တယ်သုံးပါးကလည်း နားခိုရာဂိုဏ်းတွင် ရှိနေဆဲဖြစ်ကာ အချိန်မရှိတော့ကြောင်း ထပ်ကာထပ်ကာ သတိပေးနေသကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် စျာပနပွဲအပြီးတွင် သူက ကျင့်စဥ်ဝင်လိုက်ပြီး ခံစားချက်များအတွက် အချိန်ဖြုန်းမနေတော့ပေ။

"ခဏထွက်ခဲ့။ ငါ နင့်ကို စကားပြောစရာ ရှိတယ်"

လေးလေးနက်နက် အာရုံစိုက်၍ ကျင့်ကြံနေသော ယွမ်ရှောင်ကို လန်ရီက မေးထောက်၍ ငေးမောနေစဥ် လျိုရင်ရင် ရောက်ရှိလာကာ အရေးတကြီး ခေါ်ထုတ်ခဲ့လေသည်။

All Chapters